Tuesday, December 22, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂၁)
ကားသမားကိုလည်း ဆေးရုံကြီးမှဆရာဝန်တယောက် အမွေကိစ္စဖြင့် မန္တလေးသွားစရာရှိ၍ တညလုံးကားမောင်းပြီး မနက် မန္တလေး အရောက်ပို့ရန်၊ မန္တလေးမှ ညနေတွင်ပြန်ထွက်လာမည်ဟုပြောပြီး အသွားအပြန်ငှားထားခြင်း ဖြစ်ပါသည်။
ကိုအောင်က သူတို့သူငယ်ချင်း မောင်ရဲဝင်း (ယခု သြစတေးလျရောက်နေသူ)ကို အဖော်ခေါ်ခဲ့ပါသည်။ ကျွန်တော်တို့ မန္တလေးမှတဆင့် ခရီးဆက်ရာတွင် လမ်းတွင် တရက်နှစ်ရက်လောက်ကြာနိုင်သေးရာ ထိုကာလအတွင်း ကားဆရာကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ လူလိုသဖြင့် ခေါ်လာရခြင်းဖြစ်ပါသည်။ ကားမောင်းရန်လည်း လိုအပ်ကောင်းလိုအပ်နိုင်သဖြင့် ကားမောင်းတတ်သူ မောင်ရဲဝင်းကို ခေါ်လာရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အမှုနှင့်ပတ်သက်ပြီး မောင်ရဲဝင်းခမျာ အဖမ်းခံရပြီး ထောင် နှစ်အရှည်ကြီးကျသွားကြောင်း နောက်ပိုင်းတွင် ကျွန်တော်တို့ကြားရပါသည်။
ကျွန်တော်တို့ ညနေသုံးနာရီလောက်မှ ရန်ကုန်မှထွက်ရပါသည်။ ကားဆရာက ဓာတ်ဆီလုံလောက်အောင်လိုက်စုနေသဖြင့် ထိုအချိန်မှ ထွက်လာရခြင်းဖြစ်သည်။ ကားကမြင့်သဖြင့် အတော်အဆင်ပြေပါသည်။ တခုဆိုးသည်မှာ ကားရှေ့ခန်းကမှန်ပေါ်တွင် ရုပ်ရှင်ကြော်ငြာတခု ရေးကပ်ထားသဖြင့် ဖြတ်သွားဖြတ်လာများက ကြော်ငြာသာမက ကားထဲကိုပါစိတ်ဝင်တစား ကြည့်ကြည့်နေကြပါသည်။
ထိုကားဆရာမှာ အတော်-တော်သည်။ ကားကို ညလုံးပေါက်မောင်းရာတွင် သူအိပ်ချင်လာပါက ကားရပ်ပြီး ကားလမ်းပေါ်ဆင်း ဒုန်းပြေး ပါသည်။ သုံးလေးခေါက်ပြေးပြီးမှ ကားပေါ်တက်ဆက်မောင်းပါသည်။ လမ်းတွင် ပဲခူးအဝင်တွင် မှတ်ပုံတင်တချက်စစ်ပြီး ဘယ်နေရာမှာမှ ထပ်မစစ်တော့ပါ။ ကားပေါ်တွင် ကားစပယ်ရာတဦးလည်း ပါပါသည်။
ကျွန်တော်တို့ မနက်လင်းအားကြီးတွင် မန္တလေးသို့ဝင်ပါသည်။ ပါတီမှ နောက်ဆက်သားတယောက်က ကားတစီးငှားထားပြီး မန္တလေး တောင်ခြေမှစောင့်နေမည်ဟုဆိုသဖြင့် ကျွန်တော်တို့ ရန်ကုန်ကငှားလာသောကားကို မန္တလေးတောင်ခြေတနေရာတွင် ရပ်ခိုင်းပြီး ကျွန်တော်၊ လှလှ၊ ကိုအောင်နှင့် ပါတီမှ ပထမဆက်သားရဲဘော်တို့ ကားပေါ်မှဆင်းကာ ကျွန်တော်တို့ကိစ္စရှိ၍ ခဏသွားဦးမည်၊ ညနေပြန်ဆုံမည်ဟု မောင်ရဲဝင်းကိုနှုတ်ဆက်ပြီး ထွက်ခဲ့ပါသည်။ (မောင်ရဲဝင်းက ထိုကားဆရာနှင့် မခွဲမခွာနေပြီး ညနေကျမှ တယ်လီဖုန်း တနေရာမှဆက်ကာ ကျွန်တော်တို့တတွေ မလာနိုင်တော့ကြောင်း၊ ထို့ကြောင့် သူပဲ ရန်ကုန်ပြန်ရမှာ ဖြစ်ကြောင်းပြောကာ ကားဆရာနှင့်အတူ ရန်ကုန်ပြန်ရန် စီစဉ်ထားပါသည်။)
ကျွန်တော်တို့ ထိုကားပေါ်မှဆင်းပြီး၊ နည်းနည်းလေးလျှောက်သွားတော့ ထို-နောက်ဆက်သားကိုတွေ့ကာ သူငှားထားသော ဂျစ်ကားဖြင့် ကျွန်တော်တို့တောက်လျှောက် လာရှိုးသို့ဆက်တက်ခဲ့ပါသည်။ မေမြို့သို့ မနက် ၁ဝ နာရီလောက်ရောက်ရာ၊ ကားဆရာမှာ ကားကို မေမြို့ နာရီစင်ကြီးအနီးတွင် ရပ်ပြီးနေရာ ကျွန်တော်တို့မှာ ရင်တထိတ်ထိတ်နှင့် နေရပါသည်။ ကျွန်တော်သည် မေမြို့တွင် တိုင်းမှူးအတော်ကြာ လုပ်ခဲ့ရာ မေမြို့တွင် အသိမိတ်ဆွေများသဖြင့် အသိနှင့်တိုးမှာစိုးနေရခြင်း ဖြစ်သည်။ ရုတ်တရက် မျက်နှာသိနှင့်တိုးက သူတို့လာ နှုတ်ဆက်လျှင် မသိဟန်ဆောင်၍ငြင်းလွှတ်ရန် ကျွန်တော်က ကိုအောင်နှင့်လှလှကို သင်ကြားထားပါသည်။ မထင်မှတ်သည့် နေရာတွင် မထင်မှတ်သူနှင့်ဆုံတွေ့ပါက ထင်ယောင်ထင်မှားဖြစ်တတ်ကြောင်း၊ ထို့ကြောင့် ကိုယ်ကဇွတ်ငြင်းလျှင် သူတို့ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ကြောင်း ပြောပြထားရပါသည်။ လမ်းတွင် တယောက်ယောက်ကိုမိသွားလျှင် ကျန်သူက ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့၊ ဖမ်းမိသူကို ဂရုမစိုက်ဖို့ကိုလည်း မှာထားရပါသည်။
ကျွန်တော်တို့ နယ်စပ်ချောင်းကိုဖြတ်ရမည့်ကိစ္စရှိသဖြင့် ကူးတို့မရှိပါက ကိုယ့်ဟာကိုယ်ဖြတ်ရန် လူတိုင်းအတွက် လေခေါင်းအုံးတလုံးစီလည်း ဆောင်ခိုင်းထားပါသည်။
ကျွန်တော်တို့ငှားလာသောကားသည် လာရှိုးရောက်ခါနီး တနာရီခရီးခန့်အလိုတွင် ပျက်ပါတော့သည်။ ဘယ်လိုမှ ပြင်မရတော့သဖြင့် ကျွန်တော်တို့ ကြုံတဲ့ကားတားစီးပြီး ခရီးဆက်ရန် ဒရိုင်ဘာက ပြောလာပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် နှစ်သုတ်ခွဲလိုက် ပါသည်။
ကျွန်တော်၊ လှလှနှင့် ဒုတိယဆက်သားလေးက တသုတ်၊ ကိုအောင်နှင့် ပထမဆက်သားကတသုတ်ခွဲပြီး လာရှိုးမှာဆုံမည့်နေရာ အချိန်းအချက်လုပ်ကာ ကျွန်တော်တို့အသုတ်က ဝီလီဂျစ်ကားလေးတစီးကိုတားပြီး တက်စီးလာခဲ့ကြပါသည်။ ထိုကားကို မောင်းလာသူမှာ အတော်ရည်မွန်သူဖြစ်ပြီး ကားပိုင်ရှင်ကိုယ်တိုင်ပင် ဖြစ်ဟန်တူသည်။ ကားနောက်တွင်လည်း လူလတ်ပိုင်းတဦးအိပ်လိုက်လာရာ သူက ထထိုင်ပြီး ကျွန်တော်တို့အား နေရာပေးပါသည်။ ကားက လာရှိုးဂိတ်သို့ရောက်သောအခါ ဂိတ်စောင့်က ကားမောင်းလာသူအား-မနက်က အတိုင်းပဲလားဟုမေးရာ၊ ထိုသူက ဟုတ်တယ်။ မနက်က လူအတိုင်းပဲဟု ဖြေသဖြင့် ဘာမှ စစ်ဆေးဘဲ လွှတ်လိုက်ပါသည်။ ကျွန်တော်တို့ လာရှိုးအဝင်အထွက်ဂိတ် အလွန်ကျပ်သည်ဟုကြားထားသဖြင့် ရင်တမမ လာခဲ့ရာ၊ ယခုလို ချောမောသွားတော့ အတော်စိတ်အေးသွား ပါသည်။
ကားမောင်းသူမှာ ကျွန်တော်တို့အား ဘာမှမေးမြန်းစပ်စုခြင်းမရှိဘဲ လာရှိုးမြို့ထဲရောက်လာသောအခါ ဘယ်ပို့ပေးရမလည်းဟု ကျွန်တော်တို့အား မေးပါသည်။ ကျွန်တော်တို့က ကားဂိတ် (တက္ကစီဂိတ်)တခုခု ပို့ပေးပါဟုပြောတော့ သူကတနေရာတွင် ကားကိုထိုးရပ်ပြီး ဒီကနေ ရှေတည့်တည့်ဆင်းပြီးလျှောက်သွားရင် ဂိတ်တွေ့လိမ့်မယ်ဆိုကာ ကျွန်တော်တို့အား ချထားခဲ့ပါသည်။ (နောင်မှ ကျွန်တော်တို့ သိရသည်မှာ ကျွန်တော်တို့ပျောက်ဆုံးနေကြောင်း၊ တွေ့ရှိသူများကအကြောင်းကြားရန် အစိုးရက ဓာတ်ပုံများနှင့်တကွ သတင်းစာများက ကြေညာသောအခါ ကျွန်တော်တို့ ရန်ကုန်မှ မန္တလေးသို့အလာငှားလာသော ကားသမားက လက်ဦးမှုရှိရှိ အစိုးရကို အကျိုးအကြောင်း ပြောပြသဖြင့် ထိုမှတဆင့် မီးခိုးကြွက်လျှောက်လိုက်ရာတွင် ထိုကျွန်တော်တို့ လာရှိုးအဝင် ကားကြုံခေါ်တင်ခဲ့သောသူလည်း အဖမ်းခံရကာ ထောင်ကျပြီး စီးပွားတောင်ပျက်သွားရှာသည်ဟု ကြားရပါသည်။)
ကျွန်တော်တို့ တက္ကစီတစီးငှားပြီး ဟော်တယ်တခုသို့ ပို့ခိုင်းရပါသည်။ ထိုဟော်တယ် တည်းခိုခန်းတွင် အခန်းတခုငှားပြီး ကျွန်တော်နှင့် လှလှ သားအဖနှစ်ယောက်တည်းခိုပြီး၊ ကျွန်တော်တို့နှင့်ပါလာသော ဆက်သားလေးက အပြင်ထွက် စနည်းနာရန်နှင့် အစားအသောက်များဝယ်ရန် ထွက်သွားပါသည်။ သူပြန်လာတော့ ညတိုင်းတည်းခိုခန်းများကို စစ်ဆေးတတ်ကြောင်း၊ မနေ့ညကတင် ထိုတည်းခိုခန်းကို စစ်ဆေးရေး ဝင်သေးကြောင်း၊ သူနှင့်မျက်နှာသိတယောက်တိုးနေသဖြင့် သူ ကျွန်တော်တို့နှင့်အတူမတည်းခိုဘဲ တနေရာသွားတည်းမှာဖြစ်ကြောင်း၊ သူ မနက် ၈ နာရီမှ ပေါ်မလာလျှင် မိမိတို့ဘာသာ နမ့်ခမ်းကားဂိတ်သို့သွားရန် မှာကြားပါသည်။ သူပြောပြ၍ သိရသေးသည်မှာ ကျွန်တော်တို့ နောက်မှာကျန်ခဲ့သည့် ကိုအောင်နှင့် ဆက်သားတဦးမှာ ရဲကားတစီးကိုတားစီးလာကြောင်း၊ သူတို့လည်း မြို့အဝင် ဘာမှအစစ်အဆေး မရှိကြောင်း၊ ချောမောကြောင်း၊ အခုလည်း တခြားတည်းခိုခန်းတခုတွင် တည်းနေကြောင်း၊ မနက် ၈ နာရီတွင် ကားဂိတ်တွင်ဆုံရန် ချိန်းထားကြောင်းပြောပြီး ထွက်သွားပါတော့သည်။
ကျွန်တော်တို့ သားအဖ တညလုံး ကြက်အိပ်၊ ကြက်နိုး အိပ်ကြပါသည်။ မနက် ၇ နာရီခွဲလောက်တွင် ထိုဆက်သားလေးရောက်လာရာ ကျွန်တော်တို့ အတော်ဝမ်းသာသွားပါသည်။ ကျွန်တော်တို့သုံးဦး ဟော်တယ်အနီးရှိဆိုင်တဆိုင်တွင် မနက်စာစားကြပြီး တက္ကစီဖြင့်ပင် နမ့်ခမ်း ကားဆိပ်သို့ သွားရောက်ကြပါသည်။ ကားဆိပ်တွင် ကိုအောင်တို့ ရောက်နှင့်နေပြီးဖြစ်သည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ ကားလက်မှတ် ဝယ်ပြီး အသုတ်နှစ်သုတ်ခွဲ ကားနှစ်စီးပေါ်တက်ကြပါသည်။ ကျွန်တော်တို့ကားပေါ် တွင် နမ့်ခမ်းမှ လာရှိုးသို့ လာသီချင်းဆိုသည့် ရှမ်းမိန်းမပျိုလေးတအုပ် ပါလာပါသည်။ ကလေးမလေးများမှာ ရုပ်ရည်သားသားနားနားနှင့် သွက်သွက်လက်လက်ကလေးများဖြစ်ရာ လမ်းတလျှောက်တွေ့ရသည့် စစ်ဆေးရေးသမားများသည် ထိုကလေးမလေးများနှင့်သာ တရင်းတနှီးနှုတ်ဆက်ရောနှော ပြောဆိုနေသဖြင့် ကျွန်တော်တို့တတွေအတော် ကံကောင်းခဲ့ပါသည်။ ကျန်ခရီးသည်များကို မည်သူ့ကိုမျှဂရုမစိုက်လှတော့ဘဲ ဝတ်ကျေတန်းကျေသာ စစ်ဆေးတာတွေ့ရပါသည်။
ကျွန်တော်တို့ လားရှိုးကအထွက် နာမည်ကြီးလှသည့် အေဒီ (AD) ဂိတ်တွင် ကားပေါ်မှ ခရီးသည်အားလုံးဆင်းရပြီး စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံရပါသည်။ ကျွန်တော်တို့သားအဖနှစ်ယောက် စစ်ဆေးသူရှေ့ရောက်သောအခါ လှလှက သူ့လက်ကိုင်အိတ်ထဲမှ မှတ်ပုံတင် အထုတ်လိုက်တွင် အိတ်ထဲတွင်ပါသည့် ဆရာဝန်သုံးနားကြပ်ထွက်ကျလာရာ စစ်ဆေးနေသူစာရေးက မော့ကြည့်လိုက်ပြီး သြော်- အစ်မကြီးက အစိုးရအမှုထမ်းလားဟု မေးပါသည်။ လှလှက ဟုတ်ကဲ့။ ကျွန်မ နမ့်ခမ်းပြည်သူ့ဆေးရုံကြီးပြောင်းလာတဲ့ (AS) လက်ထောက် ဆရာဝန်ပါ။ ကျွန်မမှာ (Transfer Order) ရွှေ့ပြောင်းအမိန့်လည်း ပါပါတယ်။ ဒီမှာ ကြည့်ဦးမလားဟုဆိုသောအခါ ထိုစာရေးက ပျာပျာသလဲနှင့် ဟာ-မလိုပါဘူး၊ မလိုပါဘူး။ သွားပါ အစ်မကြီး ရပါတယ်ဟု ဆိုပါသည်။ လှလှက ကျွန်တော့်လက်ဆွဲပြီး ဒါကတော့ ကျွန်မကိုလိုက်ပို့တဲ့ ကျွန်မဦးလေး၊ ကျွန်မတို့သွားတော့မယ်နော်၊ ကျေးဇူးတင်ပါတယ်ဟုနှုတ်ဆက်ရာ ထိုစာရေးကလေးက အစ်မကြီး ရှေ့ကကင်းတွေမှာလည်း (Governmavt Service) အစိုးရအမှုထမ်းလို့သာ ပြောပါ။ ဘာမှ စစ်ဆေးမှာ မဟုတ်ပါဘူးဟု မှာလိုက်ရှာပါ သေးသည်။
(၁၉၈ဝ ခုနှစ်များအတွင်း ပါတီတွင်းသို့ လူသစ်ရဲဘော်အချို့ရောက်လာရာ သူတို့ AD ဂိတ်အဖြတ် အတွေ့အကြုံကို ကျွန်တော်တို့အား ပြန်ပြောပြဖူးပါသည်။ သူတို့အား ထိုဂိတ်တွင်စစ်ဆေးသူများက-ကျွန်တော်တို့ ဒီဂိတ်က သိပ်နတ်ကြီးတာ၊ ဗိုလ်ချုပ်ကျော်ဇောတို့ တမိသားစုလုံး ဒီကလွတ်ထွက်သွားတာလေ။ ဂိတ်တဂိတ်လုံးလည်း အလုပ်ပြုတ်ထွက်သွားတာပဲ။ သူတို့နဖူးမှာ စာကပ်ထားတာမှ မဟုတ်တာ၊ ကျွန်တော်တို့က ဘယ်လိုလုပ်သိနိုင်မှာလည်း။ ခင်ဗျားတို့လို ကောင်းရောင်းကောင်းဝယ်သမားတွေဆိုရင်တော့ ဘာပူစရာ ရှိသလည်းဗျာ။ ကျွန်တော်တို့က လွှတ်ပေးပါတယ်ဟု ပြောလွှတ်လိုက်သည်ဟု ဆိုပါသည်။ ကျွန်တော်တို့လည်း ဆေးရုံသို့ အလုပ်ပြောင်းလာသည့်ဆရာဝန်ဟုဆိုလိုက်သဖြင့် စေတနာဗလပွဖြင့် နတ်လမ်းညွှန်လိုက်သော ထိုစာရေးလေးအား သတိရသနားနေမိ ပါသည်။)
ကျွန်တော်တို့ လမ်းတလျှောက်လုံး တံတားတိုင်း၊ မြို့အဝင်အထွက်တိုင်း ကားပေါ်မှဆင်း လမ်းလျှောက်ရပြီး ဂိတ်တွင် ထိုင်စောင့်နေသူများ ရှေ့ကဖြတ်ကာ မှတ်ပုံတင်ပြအစစ်ဆေးခံပြီးမှ ကားပေါ်ပြန်တက်ရပါသည်။ ထိုနေ့မှာ တနင်္လာနေ့ဖြစ်သဖြင့် ရုံးပိတ်ရက် ဖွင့်စနေ့ဖြစ်သဖြင့် စစ်ဆေးသူအားလုံး Holiday Mood ဝင်ကာ၊ ပေါ့တီးပေါ့ဆစစ်ဆေးကြပါသည်။ ကျွန်တော်တို့ ကြားထားတာနဲ့မတူပါ။ နမ့်ခမ်းက အဆိုတော် ကလေးမလေးများမှာ ထိုဒေသတွင် ရေပန်းစားသူများဖြစ်ဟန်ရှိပါသည်။ သူတိုလေးတွေကြား ကျွန်တော်တို့သားအဖ မယောင်မလည် ရောလျှောက်ပါလာရာ သူတို့လေးတွေနှင့်နှုတ်ဆက်ဖို့၊ စကားစမြည်ပြောဖို့သာ စိတ်အားသန်နေကြသည့် ထိုကင်းသမားများ၊ လူဝင်မှု ကြီးကြပ်ရေးဂိတ်စောင့်များက ကျွန်တော်တို့သားအဖအား ငဲ့စောင်း၍ပင် မကြည့်ပါ။ ကျွန်တော်တို့ထုတ်ပြသော မှတ်ပုံတင်ကဒ်ပြားများ ကိုလည်း သေသေချာချာမကြည့်ပါ။ ဟိုလှည့်ဒီလှန်လုပ်ပြီး ကျွန်တော်တို့အား ပြန်ပေးပြီး၊ လက်ဖြင့် အမြန်ကားပေါ်ပြန်တက်ရန်သာ ညွှန်းနေပါသည်။ ကျွန်တော်တို့နှင့်ပါလာသောဆက်သားကလေးမှာလည်း ရှမ်းကလေးပင်ဖြစ်ရာ ထိုအဆိုတော်အုပ်နှင့် ရှမ်းလို တရင်းတနှီး ဆက်ဆံပြောဆိုနေသဖြင့် သူ့အတွက်လည်း အဆင်ပြေနေပါသည်။
ကိုအောင်တို့နှစ်ယောက်လည်း နောက်ကားနှင့်ပင်ပါလာရာ ကျွန်တော်တို့ရှေ့က စစ်ဆေးရေးတခုပြီး၍ထွက်လျှင် သူတို့ကားက နောက်က ဝင်လာတတ်ပါတော့သည်။ ဤသို့သွားနေရာက ကျွန်တော်တို့ နမ်တွန့်တံတားကိုကျော်ပြီးသောအခါ ကိုအောင်တို့နှစ်ယောက်အား တံတားတဖက်ထိပ် အပေါ်ဘက်တွင်ရှိသော တဲတန်းလျားဆီသို့ စစ်ဗိုလ်တယောက်ကခေါ်သွားတာကို တွေ့လိုက်ရပါတော့သည်။ ထိုစစ်ဗိုလ်က သူတို့နှင့် ရယ်ရယ်မောမောပြောပြောဆိုဆို စကားတပြောပြောနှင့် ခေါ်သွားနေတာ တွေ့ရသဖြင့် စိတ်ထဲအနည်းငယ်အေးရ သော်လည်း စိတ်တော့တထင့်ထင့် ဖြစ်နေပါသည်။ (နောင်မှ သိရသည်မှာ ကိုအောင့် သူငယ်ချင်း DSA ဆင်းတယောက်ဖြစ်ပြီး ကိုအောင့်ကို တွေ့သဖြင့် ဝမ်းသာအားရခေါ်သွားပြီး စကားစမြည်ပြောတာသာဖြစ်ကြောင်း၊ ကိုအောင်က အလုပ်ပြုတ်သွားသဖြင့် စိတ်ညစ်ပြီး ထွက်လည် နေကြောင်းပြောပြပြီး ပြန်ဆင်းလာခဲ့ကြောင်း သိရပါသည်။ ကိုအောင်မှာ ဘွဲ့ရပြီးခါစက ကမာရွတ်စီးကရက်စက်ရုံတရုံတွင် အလုပ်သင်အရာရှိ အဖြစ် အလုပ်လုပ်နေခဲ့ပြီး ၁၉၇၄ - ၇၅ အလုပ်သမားအရေးအခင်းအပြီးတွင် အလုပ်ပြုတ်ခဲ့ပါသည်။)
ဤလိုနှင့် ကျွန်တော်တို့ခရီးနှင်လာရာ နေ့လည်ထမင်းကို ကွတ်ခိုင်တွင်ဝယ်စားပြီး နမ့်ခမ်းသို့ရောက်ခါနီး ၁ဝ မိုင်ခန့်အလိုတွင် ကျွန်တော်တို့ ဆက်သားကလေးက ကားရပ်ခိုင်းပြီး ကျွန်တော်တို့ ဒီမှာပဲဆင်းတော့မည်ဟုပြောဆိုပြီး ကားပေါ်က ဆင်းကြပါတော့သည်။ ကျွန်တော်တို့ ဆင်းသောအခါ ကားစပယ်ယာက သြော် ခင်ဗျားတို့က ဒီလိုကိုးလို့ ဆိုလိုက်ပါသည်။ ထိုနေရာမှာ ကျွန်တော်တို့ မြေအောက်ရဲဘော်များ သုံးနေကျလမ်းဖြစ်သဖြင့် ကားစပယ်ယာလေးက ဤသည်ကိုရည်ရွယ်၍ ပြောဟန်ရှိသည်။ ကျွန်တော်တို့သုံးပြီးနောက် ထိုလမ်းကို မည်သူမျှ မသုံးတော့။ ကျွန်တော်တို့လည်း ရင်ထဲဒိတ်ကနဲဖြစ်သွားသော်လည်း ဟန်မပျက်ကားပေါ်မှဆင်းကာ ကားလမ်းဘယ်ဘက်ရှိ တောင်ကုန်း တကုန်းပေါ်ရှိ ဘုန်းကြီးကျောင်းရှိရာသွားသောလမ်းသို့ ဆင်းလျှောက်ကြပါသည်။
ကျွန်တော်တို့ စီးလာသည့်ကား မျက်စိအောက်မှပျောက်သွားမှ လာရာလမ်းပြန်လှည့်ပြီး ကားလမ်းဖြတ်ကာ ကားလမ်းညာဘက်ဘေးရှိ တောအုပ်တွင်းဝင်ကာ လူသွားလမ်းလေးအတိုင်းဆက်လျှောက်တော့ နယ်စပ်ချောင်းကိုရောက်သွားပြီး ကမ်းတွင်လည်း ကူးတို့လှေလေးတစီး ကပ်ထားတာ တွေ့ရပါသည်။ လှေသမားလည်း အဆင်သင့်ပင်တွေ့ရပါသည်။
ကျွန်တော်တို့သည် ထိုချောင်းကို ကူးတို့လှေလေးနှင့်ဖြတ်ပြီး ကမ်းပေါ်တက်ကာ တွေ့ရသည့်လမ်းကလေးအတိုင်း လျှောက်လာရာ စပါးခင်းကြီးတခုဘေး လယ်ကန်သင်းပေါ်တက်လျှောက်လိုက်စဉ် “ဖေဖေရေ၊ ဖေဖေရေ”ဟုအော်ပြီး လက်ကြီးမြှောက် ဝှေ့ယမ်းပြီး ပြေးလာသည့် ကျွန်တော့်သားအငယ်ကျော်ဇောဦးကို တွေ့လိုက်ရပါတော့သည်။ သူက ကျွန်တော်တို့ထက် တလခန့်စော၍ ပါတီသို့ ထွက်ခွာသွားသူဖြစ်ရာ သူ့ကိုတွေ့လိုက်ရသောအခါ ကျွန်တော်တို့ ပါတီသို့ ချောချောမောမောလုံခြုံစွာဆိုက်ရောက်ပြီဆိုတာကို သိလိုက်ရပါတော့သည်။
ကျွန်တော်တို့နှင့် ကျော်ဇောဦး၊ သူနှင့်အတူပါလာပြီး ကြိုစောင့်နေသော ပါတီမြေအောက်ဌာနကေဒါတဦးဖြစ်သည့် ရဲဘော်ဇော်ဝင်းတို့ အကျိုးအကြောင်းပြောနေစဉ်မှာပင် ကျွန်တော့်သားအကြီးကိုအောင်နှင့် ဆက်သားရဲဘော်တို့ ရောက်ချလာပါသည်။ ထိုနေရာသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ရှေ့တန်းစခန်းထောက်ရှိရာ မန်ဟိုင်းရွာလေး ဖြစ်ပါသည်။
ထိုနေ့သည် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ ဖြစ်ပါတော့သည်။
ကျွန်တော်သည် အခက်အခဲအမျိုးမျိုး၊ အကွေ့အကောက်အမျိုးမျိုးကိုဖြတ်ကျော်ပြီး နှစ်ရှည်လများခွဲခွာခဲ့ရသည့် “အိမ်” (ပါတီ) သို့ ပြန်လည်ရောက်ရှိခဲ့ပါတော့သည်။ ။

0 comments:

Post a Comment