Sunday, December 13, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၁၂)
ဤသတင်းကို ကျွန်တော်တို့ကြားသိရသောအခါ ကျွန်တော်နှင့်ဦးထွန်းတင်တို့နှစ်ဦး ဆရာကြီးမှိုင်းအိမ်သို့သွားရောက်ကာ ဆရာကြီးကို အကျိုးအကြောင်းတင်ပြ ခွင့်တောင်းပြီး ကျောင်းသားအရေး ဆရာကြီး၏ညွှန်ကြားချက်ဖြင့် ဝင်ရောက်ဖြန်ဖြေပေးရန် ဦးထွန်းတင်၏ ကားလေးဖြင့် ရန်ကုန်တက္ကသိုလ်သို့သွားရောက်ခဲ့ပါသည်။
မြန်မာ့အသံရှေ့ရောက်သည့်အချိန်တွင်မူ မည်သည့်ကားကိုမှဆက်သွားခွင့်မပြုဘဲ စစ်တပ်က တားဆီးပိတ်ဆို့ထားတာ တွေ့ရပါသည်။ ကျွန်တော်က ကင်းတာဝန်ခံကို ကျွန်တော်ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ ဆရာကြီးမှိုင်း၏ညွှန်ကြားချက်ဖြင့် ကျောင်းသားများထံ သွားရောက်ပြီး တံခါးများဖွင့်ပေးရန် မေတ္တာရပ်ခံဖို့သွားမှာဖြစ်ကြောင်း ပြောပြလိုက်ပါသည်။ ကင်းတာဝန်ခံစစ်ဗိုလ်လေးလည်း ကပျာကယာ မြန်မာ့အသံအဆောက်အအုံအတွင်း ပြေးဝင်သွားပါသည်။ ထိုအထဲတွင် တော်လှန်ရေးကောင်စီဝင်အချို့ ရှိနေပြီး၊ ကျောင်းသားများအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးပွဲထိုင်နေကြောင်း နောက်မှ ကျွန်တော်သိရပါသည်။

မကြာမီမှာပင် စစ်ဗိုလ်လေး ပြန်ထွက်လာပြီး ကျွန်တော်တို့ကိုသွားခွင့်ပြုလိုက်ပါသည်။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း တံခါးမကြီးရှေ့ရောက်သောအခါ တံခါးကြီးကိုပိတ်ထားပြီး ကျောင်းသား ၁၄ - ၅ ယောက် ကင်းစောင့်နေတာတွေ့ရပါသည်။ ကျွန်တော်က ဦးထွန်းတင်၏ မောရစ်မိုင်းနားကားကလေးပေါ်တက်ကာ ကျွန်တော်တို့ကားရောက်လာသံကြား၍ အဆောင်အသီးသီးမှ စုဝေးထွက်လာ ကြသောကျောင်းသားများကို ကျွန်တော်တို့လာရောက်ရသည့်အကြောင်းရင်းကိုပြောပြပြီး သူတို့၏ခေါင်းဆောင်များနှင့် ဆွေးနွေးလိုကြောင်း ပြောသော်လည်း နာမည်ကြီးကျောင်းသားခေါင်းဆောင်အတော်များများကို သူတို့ ပုန်းရှောင်ထားခိုင်းပြီး ဖြစ်သည်။ ကျွန်တော်တို့ကို ထွက်မတွေ့ပါ။ ကျောင်းသားများကတံခါးဖွင့်ဆိုလျှင် ဖွင့်ပေးမည်ဖြစ်ကြောင်း သို့သော် သူတို့တံခါးဖွင့်ပေးပြီးလျှင် ကျောင်းဝင်းထဲသို့ စစ်သားများ ဝင်မလာဖို့လိုကြောင်း၊ ကျောင်းသားများကိုလည်းမဖမ်းဆီးရန် ကတိပေးဖို့လိုကြောင်းပြောသဖြင့် ကျွန်တော်နှင့် ဦးထွန်းတင် မြန်မာ့အသံကိုတခေါက်ပြန်ကာ ကျောင်းသားများပြောဆိုချက်ကို ကျွန်တော့်အားထွက်တွေ့သည့် စစ်ဗိုလ်(ဗိုလ်ကြီးတဦး)အား ပြောပြလိုက်ပါ သည်။ မကြာမီပင် ထိုစစ်ဗိုလ်ပြန်ထွက်လာပြီး ကျောင်းသားတွေတောင်းဆိုသည့်အချက်နှစ်ချက်ကိုလက်ခံကြောင်း ပြောပါသည်။
ထို့ကြောင့် ကျွန်တော်တို့ ကျောင်းသို့ပြန်သွားကြပြီး အကျိုးအကြောင်းပြောပြကာ တံခါးများကိုဖွင့်ခိုင်းလိုက်ပါတော့သည်။ ကျွန်တော်တို့ ပြန်လာသောအခါ ကျောင်းသားခေါင်းဆောင်ကိုတင်မောင်ဝင်းဆိုသူကို ကျွန်တော်တို့ကားထဲထည့်ပေးလိုက်ကြပါသည်။ ကျွန်တော်တို့ သူ့ကို ကားနောက်ခန်းတွင်ဝှက်၍ ခေါ်လာခဲ့ရပါသည်။

ကျွန်တော်တို့ကား မြေနီကုန်းသို့ ရောက်သောအခါ လမ်းပေါ်ကလူတဦးက မျက်နှာကိုလက်ဝါးနှင့်အုပ်၍ ကားရပ်ရန်လက်ပြပါသည်။ ကျွန်တော်တို့ကားကိုရပ်ပေးသောအခါ ထိုသူသည် မျက်နှာကို လက်ဝါးနှင့်အုပ်လျက်ပင်ကားနားကပ်လာပြီး ကျွန်တော်တို့အိမ်ရှိရာ လမ်းထိပ်များတွင် စစ်တပ်က ကားများနှင့်ပိတ်၍စောင့်နေကြောင်း၊ ဆီးဖမ်းမှာဖြစ်ကြောင်းပြောဆိုကာ အမှောင်ထဲ ဝင်ရောက်ပျောက်ကွယ် သွားပါသည်။ အချိန်ကလည်း လင်းအားကြီးအချိန်နီးနေပြီဖြစ်သဖြင့် ကျွန်တော်တို့အိမ်မပြန်ကြတော့ဘဲ၊ ဆရာကြီးအိမ်ရှိရာချမ်းသာလမ်းသို့ သွားလိုက်ကာ နံနက်မိုးစင်စင်လင်းမှ ကျွန်တော်တို့အိမ်များသို့ ပြန်လာနိုင်ပါတော့သည်။ ထိုစစ်ကားများ မိုးမလင်းခင်ပင် ပြန်သိမ်းသွား ကြောင်း သတင်းရပြီးမှ ကျွန်တော်တို့အိမ်ပြန်နိုင်ခြင်း ဖြစ်ပါသည်။ နောင်မှ ကျွန်တော်တို့သိရသည်မှာ ကျွန်တော်တို့ကားထဲ ကျောင်းသား ခေါင်းဆောင်တချို့ပါသွားကြောင်း သတင်းအစအနရသွားသဖြင့် ထိုသူများကိုဖမ်းဆီးရန် စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်နှင့်ပါလာသော ကျောင်းသားခေါင်းဆောင်မှာ ကျွန်တော့်အိမ်တွင်နှစ်ရက်ခန့်နေပြီးမှ အဆက်အသွယ်ရရာ လူတချို့ လာရောက် ခေါ်ယူသွားပါသည်။ နောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရမ်းအမတ်ဦးတင်မောင်ဝင်းဖြစ်လာသူမှာ ထိုသူပင် ဖြစ်ဟန်ရှိပါသည်။ ကျွန်တော် သိပ်မသေချာပါ။

ထို့နောက်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကောင်စီကကမ်းလှမ်းသဖြင့် စေ့စပ်ဆွေးနွေးရန် တောတွင်းအဖွဲ့အစည်းများ တသုတ်ပြီးတသုတ်ရောက်ရှိလာရာ၊ ရောက်ရှိသည့် အဖွဲ့တိုင်းလိုလိုကလည်း ဆရာကြီးမှိုင်းအား ဦးစွာပထမလာရောက်တွေ့ဆုံ နှုတ်ဆက် ကြရာ၊ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်များမှာ မအားမလပ်နိုင်အောင် အလုပ်များသွားပါတော့သည်။

ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ အလံနီကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး ရဲနီကျော်ဝင်းဦးဆောင်လာပါသည်။ နောက်မှ သခင်စိုး လိုက်လာခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် ငြိမ်းချမ်းရေးတောင်းဆိုသည့်လူထုလှုပ်ရှားမှုကြီးလည်းတခြိမ့်ခြိမ့် တနိုင်ငံလုံး ပေါ်ထွက်လာနေပါသည်။ ပမညတ၊ ပထစ၊ ဖဆပလ စသည့် နိုင်ငံရေးအင်အားစုအားလုံးလောက်နီးနီး ပူးပေါင်းဆောင်ရွက်ကြသဖြင့် အတော်ညီညွတ်သည့်လှုပ်ရှားမှုဟု ပြောဆို နိုင်ပါသည်။

လူမျိုးစု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်အဖွဲ့များလည်း ရောက်ရှိလာပါသည်။

ထို့နောက် ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပဏာမကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ လာပါသည်။ ရဲဘော်ဌေးဦးဆောင်ပြီး ဗိုလ်ဇေယျလည်း ပါလာပါသည်။ သြဂုတ်လ ၃၁ ရက်နေ့တွင် ဆရာကြီးအား လာရောက်ဂါရဝပြုမည်ဟု ထောက်လှမ်းရေးကအကြောင်းကြားထားသဖြင့် ကျွန်တော်နှင့်ဦးထွန်းတင်အပါအဝင် လူအချို့ ဆရာကြီးအိမ်တွင်သွားစောင့်နေကြပါသည်။ သူတို့က ဆရာကြီးအား ဦးသုံးကြိမ်ချကန်တော့ကြပြီးနောက် ကျွန်တော်တို့တတွေ ရှေးဖြစ်နှောင်းဖြစ်တွေပြောဆိုမိကြပါသည်။

ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ်က အထူးသဖြင့် ဗိုလ်ဇေယျနှင့်တွေ့ဆုံပြီး တဦးနှင့်တဦးဖက်ပြီး နှစ်ယောက်စလုံး မျက်ရည် ကျမိပါသည်။ ဤကျွန်တော်တို့နှစ်ဦး တဦးနှင့်တဦးဖက်၍မျက်ရည်ကျနေသည့်ပုံကို သတင်းထောက်တဦးက ဓာတ်ပုံရိုက်လိုက်ပြီး နောက်နေ့သတင်းစာထဲပါလာရာ တွေ့မြင်ဖတ်ရှုရသည့်လူအတော်များများလည်း မျက်ရည်ကျကြသည်ဟု ကြားရပါသည်။ နောက်ပိုင်း ငြိမ်းချမ်းရေးပျက်သွားပြီးနောက် ငြိမ်းချမ်းရေးကာလအတွင်းကရိုက်ကူးခဲ့သည့် ဓာတ်ပုံပြပွဲနှင့်ဓာတ်ပုံပြိုင်ပွဲတွင် ထိုဓာတ်ပုံသည် တတိယဆုရကြောင်း သိရပါသည်။ ပထမဆုရသည့်ပုံမှာ ငြိမ်းချမ်းရေးပျက်သွားပြီးနောက် ထိုဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ပေါက်ခေါင်းချောင်းကိုဖြတ်ကူး၍ တောတွင်းသို့ပြန်သွားသည့်ပုံဖြစ်ပြီး၊ ထိုပုံကို ပြည်သူကို ကျောခိုင်းကြလေပြီဟူသောခေါင်းစဉ်ဖြင့် ရှုဒေါင့်ဂျာနယ်က မျက်နှာဖုံးအဖြစ်ဖော်ပြခဲ့သည့်ပုံ ဖြစ်ပါသည်။

ထိုကိုယ်စားလှယ်အဖွဲ့ရန်ကုန်မှာရှိနေစဉ် ကျွန်တော်က ကျွန်တော့်အိမ်ကိုဖိတ်၍ ထမင်းတနပ်ကျွေးပါသည်။ ဥက္ကဋ္ဌသခင်သန်းထွန်း ဆီမှလည်း ကျွန်တော့်ထံ ပုဂ္ဂိုလ်ရေးစာတစောင်ပါလာရာ၊ သူတို့၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်သဘောထားများ၊ အဓိကဆွေးနွေးမည့် အကြောင်းအရာများကို ထည့်သွင်းရေးသားပြောပြထားပါသည်။ စာ၏နောက်ဆုံးပိုဒ်တွင်မူ ကျွန်တော့်ဇနီးအား နှုတ်ဆက်ကြောင်း၊ သူတို့ကြောင့် ကျွန်တော်တို့မိသားစုဒုက္ခရောက်သွားရသည့်အတွက် ကျွန်တော့်ဇနီးကိုတောင်းပန်ကြောင်း ရေးသားထားပါသည်။

တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်သည့်ရည်ရွယ်ချက်ကိုက သူတို့စစ်ဘီလူးပုံရိပ်ကို လျှော့ချသွားရန်အတွက်သာ ဖြစ်သဖြင့်တကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်သူလူထုကို တစုံတရာ လွတ်လပ်ခွင့်ပေးထားရသဖြင့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက (စစ်အာဏာရှင်စနစ်အန္တရာယ်ကို မြင်လာသဖြင့်) ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်လာနိုင်ပြီး၊ လူထုကလည်း တခဲနက်အုံကြွလာကာ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုကြီး ကျယ်ပြန့်ကြီးမား လာမှုကြောင့်တကြောင်း၊ စေ့စပ်ဆွေးနွေးပွဲကာလလတချို့ (၄ - ၅ လအတွင်း)အကြာမှာပင် တော်လှန်ရေးကောင်စီက ဆွေးနွေးပွဲများကို တဖက်သတ်ရပ်ဆိုင်းပစ်လိုက်ပါတော့သည်။

တောတွင်းမှ လာရောက်ဆွေးနွေးသည့်ကိုယ်စားလှယ်များ ပြန်သွားပြီးနောက် ထိုကာလအတွင်း တက်တက်ကြွကြွလှုပ်ရှားခဲ့သည့် နိုင်ငံရေး သမားများအားလုံးကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခဲ့ပါသည်။

ကျွန်တော်တို့ ငြိမ်းချမ်းရေးအဖွဲ့လည်း လုပ်ငန်းအားလုံးရပ်ဆိုင်းသွားပါတော့သည်။ ဆရာကြီးလည်း စိတ်အတော်ထိခိုက်သွားပြီး အိပ်ရာထဲ လဲသွားပါတော့သည်။ ထိုအချိန်မှစ၍ ဆရာကြီးသည် ထူထူထောင်ထောင်ဖြစ်မလာတော့ဘဲ တရှောင်ရှောင်ဖြစ်နေရာမှ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားပါတော့သည်။ ဤအဖြစ်အပျက်အသေးစိတ်များကို ကျွန်တော်က “ဆရာကြီးမှိုင်း၏ နောက်ဆုံးနေ့ရက်များ”ဟူသောခေါင်းစဉ်နှင့် ဆောင်းပါးတစောင် မကြာမီကပင်ရေးသားထားရာ ထိုဆောင်းပါးကိုပင် ပြန်လည်ဖော်ပြလိုက် ရပါတော့သည်။

0 comments:

Post a Comment