Wednesday, December 16, 2015

(စေ့စပ်ရေးပရိယာယ် နှင့် ၂၀၀၈ ဒိုင်အာခီ)

0 comments
(စေ့စပ်ရေးပရိယာယ် နှင့် ၂၀၀၈ ဒိုင်အာခီ)
စေ့စပ်ရေးဆိုတာ အောင်ပွဲနဲ့လက်နက်ချတာနှစ်ခုကြားက အခြေအနေတရပ်ဖြစ်တယ်။ မတူညီတဲ့အကျိုးစီးပွားနှစ်ရပ်ကြား ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့အနေအထားမှာ နှစ်ဖက်လက်ခံနိုင်တဲ့အနေအထားတရပ်ရအောင် စေ့စပ်ကြရတာပဲ။ ဓမ္မတာပဲ အကျိုးစီးပွားချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့အင်အားစုနှစ်ရပ်ကြား စေ့စပ်ရတာခက်ပြီး အကျိုးစီးပွားချင်းနီးစပ်တဲ့ အင်အားစုနှစ်ရပ်ကြား စေ့စပ်ရတာ
နှိုင်းယှဉ်ခြင်းအရလွယ်တယ်။ အရေးကြီးတာက အဖြေမပေါ်တဲ့စေ့စပ်ရေးဟာ ကြာရှည်မခံဘူး။
သာမန်စီးပွားရေး လူမှုရေး ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ အလျော်အစားလုပ်လို့ရတဲ့အတွက် စေ့စပ်ရတာသိပ်မခက်ဘူး။ နိုင်ငံရေးကိစ္စမှာတော့ လောင်းကစားဆန်ဆန် လုပ်လို့မရဘူး။ လူထုလူတန်းစား အကျိုးစီးပွားဆိုင်ရာ မူပြဿနာကို ညှိရတာဖြစ်တဲ့အတွက် နက်နဲသိမ်မွေ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်ရင်
ပဋိပက္ခပြင်းထန်လာပြီး စစ်ဖြစ်တာပဲ။ ဒါ့ကြောင့် စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်လို့ ပြောတာဖြစ်တယ်။

စေ့စပ်ဆွေးနွေးပွဲဆိုတာဟာ လမ်းပေါ်ကလူထုတိုက်ပွဲနဲ့ စစ်မြေပြင်ကလက်နက်ကိုင်တိုက်ပွဲကို စားပွဲဝိုင်းပေါ် ရွှေ့လာတာလည်း ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပဲမှာ NLD အပြတ်အသတ်အနိုင်ရရှိမှုက ၈ လေးလုံးဒီရေနဲ့ ၉၀ ရလဒ်ကို အသစ်တဖန် ပြန်လည်ရှင်သန်လာစေတယ်။ ဗမာပြည် ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေ အောင်သီးအောင်ပွင့်တွေကို နင်းချေပစ်လို့မရဘူး။ ၂၀၀၈ ကို လူထုက လက်မခံဘူးဆိုတာကို ဖော်ပြလိုက်ခြင်းလည်းဖြစ်တယ်။
ပြည်တွင်းစစ်ကို ဖက်တွယ်ကြီးထွားလာတဲ့ အခွင့်ထူးခံစစ်အုပ်စု (စစ်အုပ်စု စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရက်လူတန်းစား) ကတဖက် လူမျိုးပေါင်းစုံ အဖိနှိပ်ခံလူထုကြီးတရပ်လုံးက တဖက် ဖြစ်ပွားနေတဲ့ပဋိပက္ခရဲ့ လတ်တလောဆုံချက်ဟာ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဖြစ်တယ်။ ၂၀၀၈ မဖျက်သိမ်းနိင်သေးခင်ပြင်ဖို့ကြိုးစားတယ်။ ပြင်မရအောင် ၂၅ ရာခိုင်နှုန်း (တမတ်သား)နဲ့ အသာစီးယူ ပိတ်ဆို့ထားတဲ့အတွက် ၄၃၆ နဲ့ ၅၉ (စ)တို့ကို စတင်ပြင်ဖို့ ကြိုးစားတယ်။ မရဘူး။ လက်မှတ် ၅ သန်းက အဟောသိကံဖြစ်သွားတယ်။

၂၀၁၅ မဲဆွယ်ကာလမှာ လူထုကြီးက လမ်းမတွေပေါ်လျှံထွက်လာပြီး မဲရုံတွေမှာ အုံ့နဲကျင်းနဲ့ NLD ကို ထောက်ခံမဲပေးလိုက်ခြင်းက ၂၀၀၈ အခြေခံဥပဒေကို မလိုလားဘူး။ အပြောင်းအလဲကို လိုလားကြောင်း တရားဝင်ဖော်ပြလိုက်ခြင်းပဲ ဖြစ်တယ်။ လူထုဆိုတာ ဗမာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ အဖိနိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံးကို ပြောတာဖြစ်တယ်။ အလိုတော်ရိမှအပ လူထုလူတန်းစားအဖွဲ့အစည်းပေါင်းစုံ ပါတယ်။ နိုင်ငံရေးအသိနိုးကြားနေတဲ့လူထုဟာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့စစ်သည်တော်များနဲ့တူတယ်။ အဲဒီလို စစ်သည်တော်များကိုအားပြုပြီး
ဗိုလ်အောင်ဆန်းဟာ ဗြိတိသျှနယ်ချဲ့နဲ့ စေ့စပ်ခဲ့တာပဲ။ ဒီလူထုကြီးကို တစည်းတလုံးတည်းသော အင်အားစုကြီးအဖြစ် စည်းရုံးတည်ဆောက်ထားနိုင်လို့၊ လူထုလူတန်းစားနဲ့အမျိုးသားအသီးသီးပါဝင်တဲ့ တပ်ပေါင်းစုကြီးတရပ်အဖြစ် တည်ဆောက်ထားနိုင်လို့စေ့စပ်ရေးစားပွဲမှာ တဖက်အင်အားစုက တလေးတစားဆက်ဆံလာတာဖြစ်တယ်။

နယ်ချဲ့သမားက ဖဆပလကို တန်းမထားဘူး။ ဆင်းမလား (စက္ကူဖြူ) စီမံကိန်းနဲ့ ဘုရင်ခံအမှုဆောင်အဖွဲ့ အုပ်ချုပ်ရေးကို အသက်သွင်းတယ်။ ဂျပန်ဖက်ဆစ်ကို လက်နက်ကိုင်တိုက်လာခဲ့တဲ့လူထုကြီးက ၁၉၄၆ အထွေထွေသပိတ်ကြီးနဲ့တုံ့ပြန်တော့မှ ဖဆပလ ကို ဘုရင်ခံအမှုဆောင်အဖွဲ့ထဲပါဖို့ ဖိတ်တယ်။ တဖက်မှာ ဗိုလ်အောင်ဆန်းနဲ့ကွန်မြူနစ်ပါတီကိုသွေးခွဲမှု အောင်မြင်သွားတယ်။ အမျိုးသားညီညွတ်ရေး အက်ကြောင်းထင်ပြီး ဗမာပြည်နိုင်ငံရေး ကံဆိုးမိုးမှောင်ကျတာပဲ။ နှစ်ဖက်စလုံးက အချိန်မီပြင်ဖို့ ကြိုးစားတယ်။

တနှစ်အတွင်း လွတ်လပ်ရေးရဖို့လှုံ့ဆော်ချက်နဲ့ ဗိုလ်အောင်ဆန်း ဘိလပ် (လန်ဒန်)သွားပြီး စေ့စပ်ဆွေးနွေးတယ်။ ရရင်ရမရရင်ချဆိုတဲ့ကြွေးကြော်သံနဲ့ လူထုက အားပြတော့မှ အောင်ဆန်း-အက်တလီစာချုပ်နဲ့ လွတ်လပ်ရေးလမ်းပြမြေပုံတခုရလာတယ်။ နယ်ချဲ့သမားက ဒိုမီနယံ dominion အဆင့် (လက်အောက်ခံ) လွတ်လပ်ရေးကိုပေးဖို့ ရည်ရွယ်တယ်။
ရှမ်ပြည်နယ်နဲ့တောင်တန်းဒေသ frontier area တို့ မပါဘူး။ မဖွံ့ဖြိုးသေးတဲ့ဒေသများအဖြစ် နယ်ချဲ့လက်အောက်မှာပဲ ဆက်ထားဖို့ဖြစ်တယ်။ ဗိုလ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ကြိုးပမ်းမှုနဲ့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ တိုင်းပြုပြည်ပြုရွေးကောက်ပွဲမှာ ဖဆပလ အပြတ်အသတ်နိုင်တယ်။

ဗမာပြည်ကွန်ြမူနစ်ပါတီက လွှတ်တော်တွင်းမှာ စကားပြောစင်မြင့်ရရုံ နေရာတချို့မှာသာ ရွေးပြိုင်တယ်။
ဗိုလ်အောင်ဆန်းနဲ့ ဗမာပြည်သူလူထုလိုလားတာက လုံးဝလွတ်လပ်ရေးဖြစ်တယ်။ ဖဆပလ -ကွန်မြူနစ်ညီညွတ်ရေး ပြန်လည်တည်ဆောက်ဖို့ လုံးဝလွတ်လပ်ရေးအတွက် ရရင်ရမရရင်ချဖို့ ဗိုလ်အောင်ဆန်းနဲ့ဗမာပြည်ကွန်ြမူနစ်ပါတီတို့ ပြင်တယ်။ ဗိုလ်အောင်ဆန်း လုပ်ကြံခံရတယ်။
ဗိုလ်အောင်ဆန်း လုပ်ကြံခံရတဲ့အတွက် လူထုရဲ့ဒေါသဟာ နယ်ချဲ့သမားပေါ်မှာ စုပုံလာတယ်။ ရရင်ရမရရင်ချဆိုတာ လက်တွေ့ဖြစ်လာတော့မယ်။ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့အခါ ဖဆပလ လက်ယာဂိုဏ်းကဦးဆောင်ပြီး နယ်ချဲ့သမားနဲ့ အလျောပေးစေ့စပ်ခဲ့တဲ့အတွက် အမှီအခိုမကင်းတဲ့လွတ်လပ်ရေးကို စာချုပ်သုံးရပ်(နု-အက်တလီ၊ လက်ျာ-ဖရီးမင်း၊ မြ-ခရွန်ဘီ)နဲ့ ရရှိခဲ့ပါတယ်။ ဖဆပလ-ကွန်မြူနစ်ညီညွတ်ရေး ရေစုန်မျောသွားရုံတင်မက အမျိုးသားညီညွတ်ရေးလည်း တစတစပြိုကွဲသွားပါတော့တယ်။

ဗမာပြည်သူတွေမှာ စေ့စပ်ရေးနဲ့ပတ်သက်တဲ့ ခါးသည်းတဲ့သမိုင်းသင်ခန်းစာ ရှိခဲ့ပါတယ်။
သမိုင်းရဲ့သရော်ချက်လို့ပဲ ဆိုရမှာဖြစ်တယ်။ ဒီသင်ခန်းစာကို စစ်အုပ်စုက သူ့အကျိုးစီးပွားအရ ဆန့်ကျင်ဘက်က အသုံးချပါတယ်။ သွေးခွဲဖိနှိပ်၊ အချိုသတ် အပျော့ဆွဲ၊ လက်နဲ့ရေးခြေနဲ့ဖျက်၊ အယုံသွင်းအလစ်တိုက်လုပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ဟာ ၉၀ ရွေးကောက်ပွဲမှာကတည်းက
တရားဝင်အခွင့်အာဏာရထားတဲ့ နိုင်ငံရေးပါတီပါ။ စစ်အုပ်စုက ဒါကို ညစ်နည်းပေါင်းစုံနဲ့ ချေဖျက်ခဲ့သလို အသိအမှတ်ပြုတွေ့ဆုံဆွေးနွေးဖိ့ကိုလည်း ငြင်းဆန်နေခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုမမည်တဲ့ အထက်စီးယူ ဆက်ဆံခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေ မူဘောင်အောက်မှာသာ NLD ကို လှုပ်ရှားခွင့်ပေးခဲ့ပါတယ်။ ဒါဟာစစ်အုပ်စုခွင့်ပြုတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး သူနိုင် - ကိုယ်နိုင် ဖြစ်စဉ်ပါ။

ရာစုတစုရဲ့တစိတ်ကြာ (၂၅ နှစ်) စစ်အုပ်စုရဲ့ သဲသဲမဲမဲဖိနိပ်မှုကို လူထုကြီးနဲ့တကွ
သူရဲကောင်းရာထောင်တို့ဟာ သွေးချွေးအသက်ပေါင်းများစွာရင်းနှီးပြီး ခုခံအန်တု ခဲ့ကြပါတယ်။ NLD ကိုယ်၌ကလည်း ငုံ့ခံနေတာတော့ မဟုတ်ပါဘူး။ ဖောက်ထွက်ဖို့ ကြိုးစားတာတွေလည်း တွေ့ရပါတယ်။ လက်ခုပ်ထဲကရေ မဟုတ်ဘူး။ အာလူးပူပူတလုံးဖြစ်တယ်ဆိုတာကို ယခုရွေးကောက်ပွဲဖြစ်ရပ်က ပြသလိုက်တာပါပဲ။

သမိုင်းက တပတ်ပြန်လည်လာတယ်။ ထပ်တူတော့ မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့စစ်အုပ်စု တရားဝင်တွေ့ဆုံဆွေးနွေးမှုကို ဗမာပြည်သူတရပ်လုံးတင်မက နိုင်ငံတကာကပါ စောင့်ကြည့်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာလောကရဲ့ အာရုံကျရာသတင်း ဖြစ်နေတယ်။

စစ်အုပ်စုဘက်က တရားဝင်ကိုယ်စားပြုသူက (လွှတ်တော်နာယကကို ဖယ်ထား) ကြံ့ဖွံ့ဥက္ကဋ္ဌလည်းဖြစ် သမ္မတလည်းဖြစ်တဲ့ဦးသိန်းစိန်နဲ့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှစ်ဦး ဖြစ်တယ်။ ဦးသိန်းစိန်က ရွေးကောက်ပွဲပြုတ် lame duck ဖြစ်တယ်။ အာဏာအလွှဲအပြောင်း ချောမွေ့ရေးအတွက် ထုံးတမ်းစဉ်လာအရ courtesy သဘော တွေ့တာပဲ။ ပိုအရေးပါတာက၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့သစ္စာခံထားတဲ့ တပ်ချုပ်မင်းအောင်လှိုင်ဖြစ်တယ်။ ၂၀၀၈ အောက်မှာ ရှေ့လျှောက် စခန်းသွားရမှာက တပ်ချုပ်မင်းအောင်လှိုင်နဲ့ဖြစ်တယ်။ ဒါပေမယ့် တပ်ချုပ်ကလေးက နံပါတ်ဝမ်း မဟုတ်သေးဘူး (၉၀ တုန်းက တပ်ချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်စောမောင်ကိုသတိရစရာပါ) ။ စစ်သုံးစစ်ဆိုတဲ့ ရေခဲကျွန်းမျောကြီးရဲ့ ရေပေါ်ပေါ်နေတဲ့အပိုင်းပဲ ရှိသေးတယ်။
ကန့်လန့်ကာနောက်ကွယ်က တွေ့ဆုံမှုတွေ၊ စကားပါးမှုတွေ၊ သံခင်းတမန်ခင်း ဘေးတီးမှုတွေ၊ ခြေပုန်းခုတ်မှုတွေ စတဲ့စတဲ့ ထဲထဲဝင်ဝင်ကြိတ်ဝိုင်းတွေနဲ့ ပွဲစည်နေဦးမယ့် ကာလပါပဲ။ နောက် ၄ လအကြာ တရားဝင်အာဏာမလွှဲပြောင်းခင်ကာလကြား အချိန်မရွေး အချိုးပြောင်းနိင်သေးတယ်။

အိုဘားမားက ပွဲမဖျက်ဖို့သတိပေးတဲ့သဘောနဲ့ ‘အောင်မြင်တဲ့ရွေးကောက်ပွဲ သမိုင်းတွင်မယ့်ရွေးကောက်ပွဲ’ လို့ ဦးသိန်းစိန်ကိုကော ဒေါ်စုကိုပါ ဖုန်းဆက်ချီးကျုးစကားဆိုတယ်။ သူ့ရဲ့ ဒုတ်နဲ့မုန့်ပ်ါလစီကို ထပ် ရှင်းပြချင်တဲ့သဘောပဲ။ လူကိုယ်တိုင် လာဦးမယ်လို့လည်း ဆိုတယ်။

ဘာတွေ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို နှစ်ဖက်စလုံးကထုတ်မပြောဘူး။ ဦီးသိန်းစိန်က
‘အေးချမ်းစွာအာဏာလွှဲပြောင်းတဲ့အစဉ်အလာကောင်း’လို့ ပြောတယ်။ တပ်ချုပ်မင်းအောင်လှိုင်က ‘ကောင်းမွန်တယ် တိုင်းပြည်အကျိုးရှိမယ့်ကိစ္စ ပူးပေါင်းဆောင်ရွက်မယ်’ လို့ပြောတယ်။ ကာချုပ်ရုံးက တည်ငြိမ်အေးချမ်း တရားဥပဒေစိုးမိုး စည်းလုံးညီညွတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်ညှိနှိုင်းပူပေါင်းဆောင်ရွက်ကြရန်သဘောတူတယ်’ လို့ သတင်းထုတ်ပြန်တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဘက်က တရားဝင်ထုတ်ပြန်တာ မရှိဘူး။ ဒီဇင်လာ ၄ ရက်နေ့  က ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)တို့ လျှို့ဝှက်တွေ့ဆုံကြောင်း သတင်းထွက်လာတယ်။
ရှူံးနေတဲ့မြင်းလည်း ဆက်လောင်းလို့မရ၊ အာဏာသိမ်းဖို့ရာ မင်းမဲ့စရိုက်တွေလည်းဖန်တီးလို့မရတဲ့အတွက် ကန့်လန့်ကာနောက်ကွယ်ကအဘ ရှေ့ပြန်ထွက်လာရတဲ့ သဘောပါပဲ။

‘စု - သန်း’ သဘောတူညီချက်ဟာ (ကြိတ်ဝိုင်းပင် ဖြစ်ပါစေ) ဗမာပြည်အနာဂတ်ကို ပုံဖော်မယ့်သဘောပဲ။ သူ့အရပ်နဲ့သူ့ဇာတ်လို့သဘောထားပြီး စောင့်ကြည့်နေခဲ့ပါတယ်။

-၂၀၀၈ ပြင်-ဖျက်ရေးကို အဓိကထားဆွေးနွေးစေချင်ပါတယ်။
- NLD ဦးဆောင်ဖွဲ့စည်းမယ့်အစိုးရသစ်ဟာ အားကောင်းတဲ့အစိုးရ၊ လုပ်ခွင့်ကိုင်ခွင့်ရှိတဲ့အစိုးရဖြစ်ဖို့လည်း လိုပါတယ်။
- ငြိမ်းချမ်းရေးနဲ့လုံခြုံရေးပြဿနာ၊ တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးပြဿနာ၊ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ်ပြဿနာများကို တိုင်းရင်းသားပေါင်းစုံ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ ညှိနှိုင်းတိုင်ပင်ဖြေရှင်းသွားမှသာ အာမခံချက်ရှိနိုင်ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထက်ပါမူတွေကိုင်ပြီး ဆွေးနွေးဖို့၊ ပြည်သူကိုချပြ အသိပေးဖို့လိုပါမယ်။
နိုင်ငံရေးအရနိုးကြားနေပြီး အသင့်ဖြစ်နေတဲ့ လူထုကြီးရဲ့ထောက်ခံအားပေးမှုနဲ့သာ အောင်မြင်တဲ့တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါတယ်။

နယ်ချဲံဗိတိသျှအောက်က ဒိုင်အာခီ diarchy အုပ်ချုပ်ရေးလို၊ ဂျပန်ခေတ်က ဒေါက်တာဗမော် ရုပ်သေးအစိုးရလိုမျိုး ညွန့်ပေါင်းအစိုးရမျိုးကိုတော့ လူထုက လက်မခံဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
(ဗမာပြည် ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)

0 comments:

Post a Comment