Saturday, December 12, 2015

ဘီဘီစီခေါင်းစဉ်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ(မျိုးမြင့်ချို)

0 comments
ဘီဘီစီခေါင်းစဉ်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုနားလည် သိမြင်ခံယူသလဲနဲ့ ဘယ်ပုံအဓိပ္ဗါယ်ဖွင့်သလဲ ဆိုတဲ့အပေါ်မှာတည်တာပါ။

ဗမာပြည်မှာရှိနေတဲ့အမျိုးသား(လူမျိုးစုတွေ) တစုနဲ့တစု သူတပြန်ကိုယ်တပြန် ချနေကြတာ မရှိဘူး။ နယ်စပ်ခြင်းထိစပ်နေမို့ သိတ်မပြောပလောက်တဲ့ပြဿနာတချို့ရှိခဲ့တာ ဝါဒရေးရာကိစ္စနဲ့ ကွဲကြပြဲကြတာရှိပေမယ့် တလျှောက်လုံး မပြီးနိုင်မစီးနိုင် တိုက်ခိုက် သတ်ဖြတ်နေတာမရှိ။

ဗမာပြည်တွင်းစစ်ဆိုတာလည်း ဗမာလူမျိုးနဲ့ အခြားလူမျိုးစုတွေ ဖြစ်နေကြတာမဟုတ်ပဲ ”ဘာသာရေး လူမျိုးရေးအခြေခံ ဗမာလူမျိုးကြီးဝါဒီ လက်ဝါးကြီးအုပ်စစ်အရှင်းစနစ်”ကို ကိုယ်စားပြုတဲ့ စစ်အုပ်ကတဘက် ဗမာအပါအဝင်အခြားလူမျိုးစုတွေကတဘက် ဖြစ်နေတဲ့ပြဿနာပဲ။

ဆိုတော့ မသင့်မမြတ်ဖြစ်နေကြတာ လူမျိုးစုတစုနဲ့အကြားမှမဟုတ်သလို ဗမာလူမျိုးနဲ့ အခြားလူမျိုးစုတွေကြားမှာ ဖြစ်နေတာလည်းမဟုတ်ဘူး။

ဖြစ်နေတာက ”ဘာသာရေးလူမျိုးရေးအခြေခံ ဗမာလူမျိုးကြီးဝါဒီစစ်အရင်းရှင်အုပ်စု”ကတဘက် အခြားရှိသမျှသော လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ မြေပေါ်ဒီမိုကရက်တစ် အင်အားစုများကတဘက် အဲ့သလို ဘက်ကြီး ၂ ဘက်မှာဖြစ်နေတာ။

ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ စစ်အုပ်နဲ့ အစုတစုစု ဒါမှမဟုတ် အဖွဲ့တဖွဲ့ဖွဲ့ ဒါမှမဟုတ် နိုင်ငံရေးတပါတီတီ ပြေလည်ရေး အပေးအယူတည့်ရေးမဟုတ်ဘူး။ အဲ့သလို ၂ စုကြား ၂ ဖွဲ့ကြား ၂ ပါတီကြားကိစ္စလောက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်သွင်းပြီး ပြေလည်အောင်လုပ်ရင် သူတို့ကြားမှာ သင့်မြတ်ပြေလည်ကောင်း ပြေလည်နိုင်စရာရှိပေမယ့် သမိုင်းနဲ့ချီပြီးဖိနှိပ်ခံနေရလို့ သမိုင်းနဲ့ချီပြီး တော်လှန် ခုခံနေရမှုတွေကတော့ ပျောက်သွားပြေလည်သွားဖို့ မဖြစ်နိုင်ဘူး။  ဆက်ရှိမြဲရှိနေမှာသေချာတယ်။ ဖိနှိပ်မှုတွေ တွန်းလှန်ခုခံမှုတွေ၊ စစ်တွေ သွေးထွက်သံယိုတွေ ပြဿနာတွေနဲ့ ဂျာအေး သူ့အမေရိုက် ဖြစ်နေဦးမှာပဲ။


နောက်တချက်က တရားဥပဒေစိုးမိုးရေးဆိုတာ အတိုဆုံးချုပ်ပြောရရင် ”လူဟာ သူကျူးလွန်ခဲ့တဲ့ပြစ်မှု အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်အပေး ခံကိုခံယူစေရမယ်” နောက်မှ သက်ညှာတဲ့သဘောနဲ့(အစိုးရ) အမိန့်ထုတ်ပြန်ပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတာတို့ဘာတို့ လုပ်တန်လုပ်ရမှာပဲ။

တိုင်းပြည်နဲ့ချီပြီးကြီးမားတဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေတောင် တရားအစီအရင် မခံရဘူးဆို အဲ့ဒီ တရားဥပဒေစိုးမိုးရေးမိုးကို ဘယ် သာမန်ရာဇဝတ်သားလေးကတောင် ဂရုစိုက်အလေးထားနေမယ် မဟုတ်ဘူး။ ဗမာပြည်မှာ ရာဇဝတ်မှုဒီလောက်ထူပြောပြီး ကျူးလွန်သူတွေ ဒီလောက် လွတ်မြောက်နေတာကိုပဲကြည့်။ ဘယ်နှလောင်းပြိုင်သတ်မှုကြီးတွေ လက်သည်မပေါ်တာ၊ မူးယစ်ဆေးဝါးတန်နဲ့ချီ ပြီးမြို့လည်ကောင်ကြီးမိလည်း ပိုင်ရှင်မရှိတာ၊ ရဲ ၂ ယောက် သတ်ပလိုက်တဲ့ ရာဇဝတ်ကောင်ကလည်း သေဒဏ်ကျတာများအဆန်းလိုက်လို့ လို့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကို လှောင်ပွဲဖွဲ့သွားတာတွေကိုကြည့်။

ပြစ်မှုကျူးလွန်ခဲ့သူကို တရားဥပဒေနဲ့အညီ တရားစီရင်တယ်ဆိုတာ လက်စားခြေတာမဟုတ်သလို အာဃာတထားပြီး အညှိုးနဲ့ခြေမှုန်းတာလည်းမဟုတ်ဘူး။ ကျူးလွန်ခဲ့သူအေဖို့ နောင်ကျဉ်စေရေးနဲ့ နောက်နောင် အလားတူကျူးလွန်သူတွေ ထွက်ပေါ်မလာရေးကိုရှေးရှုတဲ့ မျှတတဲ့တရားစီရင်ရေးဖြစ်ဖို့ လုပ်ရတာမျိုးပဲ။ ဒါမှ တရားဥပဒေဆိုတာလည်းတည်သလို တည်တဲ့တရားဥပဒေလည်း လူတိုင်းအပေါ် အညီအမျှစိုးမိုးမှာပဲ။

အဲ့သလိုမဟုတ်လို့ကတော့ အမျိုးသားရင်ကြားစေ့ရေးတို့ တရားဥပဒေစိုးမိုးရေးဆိုတာ စကားလုံးတွေအနေနဲ့ပဲ ပြောဖို့ကာင်းပါတယ်။ နားထောင်လို့ပဲကောင်းပါတယ်။
၁၂/၁၁/၂ဝ၁၅

0 comments:

Post a Comment