Sunday, March 17, 2013

မေပယ်လ်ရွက်နီနဲ့ စိန့်တိုင်းသားတွေအနေများတဲ့မြို့- အပိုင်း ၅(မျိုးမြင့်ချို)

0 comments
တောဓာတ်ဆီဆိုင်လေးကနေ ဆက်ထွက်လာတော့ ထုံးစံအတိုင်း ကွင်းတွေနှင်းတွေကလွဲလို့ ကြည့်စရာဘာမှမရှိ။ တချက်တချက် လမ်းဘေးမြေစိုက်ကြော်ငြာကြီးတွေတော့ တွေ့ရတတ်၏။ ကြာတော့ငြီးငွေ့လာ၏။ စာဖတ်ရန်ပြင်ခိုက် ကားမောင်းနေသည့်ညီမထံမှ“ဟယ်-နဗေဂေ့တား က လုပ်ပြန်ပြီ”ဆိုသည့်အသံ၊ “ဆက်သာမောင်းဟ.. လမ်းကအသစ်နဲ့တူတယ်” ရဲမော်ထူးဆီကအသံတို့ကြောင့် စိတ်က Navigator ခေါ် Global Positioning System-GPS ဆီရောက်သွား၏။ အမေရိကန်ဘက်အခြမ်းမှာတုန်းကလည်း တခါဖြစ်သေး၏။ စက်ကပြသည့်လမ်းနှင့် ကားသွားနေသည့်လမ်းကတခြားစီ။ စပီကာက Recalculating!!!! Recalculating!!!! တွေတလစပ်အော်နေချိန်မှာ၊ မှန်ပြင်ကလမ်းမကြီးပေါ်မှာတော့ ကားလေးက ဂျင်ကလယ်ရိုက်နေ၏။ မောင်းနေသည့်ဟိုင်းဝေးလမ်းက တပတ်ပင်မနွမ်းတတ်နွမ်းတတ်။

စက်မှုနှင့်နည်းပညာရှေ့ရောက်နေသည့်နိုင်ငံတိုင်းလိုလိုတွင် ဂျီပီအက်စ်ပြောပြော နဗေဂိတ်တားဆိုဆို ဤနှယ်လမ်းညွှန်စက်သုံးစနစ်ရှိတတ်၏။ အရင်က စစ်ရေးစစ်ရာတွေအတွက်သီးသန့်သုံးရာက လူထုသုံးဖြစ်လာခဲ့သည့်အရာတွေထဲမှာ အင်တာနက်သာမဟုတ် ဤနည်းပညာလည်းပါ၏။ အလွန်လည်း အသုံးတည့်၏။ ထွက်မည့်လိပ်စာနှင့်သွားမည့်လိပ်စာသာ အတိအကျရိုက်ထည့် တပြည်လုံးချောင်ကြိုချောင်ကြားမကျန် လမ်းပြပေး၏။ မှန်သားပြင်လေးပေါ်မှာ လမ်းအမည်၊ မြေပုံကွက်လေးသာမက စပီကာကလည်းတစာတစာအသံထွက်ပေး၏။ အသုံး တည့်တာမှန်သော်လည်း တခါဝယ်တသက်စာတော့မဟုတ်သေး။ မြို့တွေလမ်းတွေ အိမ်ယာတွေကလည်းနေ့စဉ်နှင့်အမျှ အသစ်တည်ကြ ဖေါက်ကြဆောက်ကြသလို နည်းပညာတွေကလည်း နာရီနှင့်အမျှတိုးတက်နေသည်မဟုတ်လား။ ဆိုတော့ နည်းပညာကိုနည်းပညာနှင့်မံပေး ဖြည့်ပေးရသလို အသစ်ပေါ်လာသည့် မြို့ရွာလိပ်စာတွေလည်း စက်ဦးနှောက်ထဲထပ်ထပ်ဖြည့်ပေးရ၏။ ဤသို့လုပ်သည်ကို အင်္ဂလိပ်လိုကျ Update လုပ်သည်ဆို၏။ Update မလုပ်နိုင်လျှင် သို့မဟုတ် နောက်ဆုံးပေါ်ကိုမသုံးလျှင် ခု ကျနော်တို့ဖြစ်သလို မြေပြင်ပေါ်ရှိသည့်လမ်းက လမ်းညွှန်စက်ထဲမရှိသေးပဲ စိတ်တလည်လည် ကားတလည်လည်ဖြစ်ရတတ်၏။ နည်းပညာသဘောတွင် နောက်ကျလေသစ်လေဖြစ်ရာ နောက်ဆုံးပေါ်တို့ သက်ဇိုးရှည်ချိန်တိုတောင်းလှ၏။ “သူ့ထက်မိုက်တဲ့ကောင်ပေါ်ရင် အဲ့ကောင်..လူမိုက်မဟုတ်တော့ဘူး”ဟု ထောင်ထဲသုံး လူဆိုးစကားကလည်း နည်းပညာနှင့်ယှဉ်ပြီးသံဝေဂယူစရာ။ နည်းပညာ၊ ဒဿနနယ်ပယ်နှင့်လူ့အသိဉာဏ်တို့ အဖေထက်သားတလ ပိုပိုကြီးသွားခြင်းပင်။ ရှေ့လူပခုံးကိုတက်ကြည့်ခွင့်ရခြင်းပင်။ နောက်လူသာခြင်း တို့ဖြင့်သာ လောကသည်ရှေ့သို့ရွေ့ရ၏။ ခရီးနှင်ရ/တွင်ရ၏။ ထိုသဘောတို့အား နည်းပညာနှင့်ဟပ်ကြည့်တော့ ပို၍ပြက်ပြက်ထင်ထင်ဖြစ်ရ၏။

ဤစက်ကလေးအကြောင်းပြောရင်း ဦးအောင်သင်းကိုအမှတ်ရသလို ထိုင်းမှာ စ ခင်ခဲ့ပြီး ခုထိရင်းနှီးဆဲ ကိုချက်ကြီးကိုလည်း မြင်ပြန်၏။ ဦးအောင်သင်း အပြင်မှာ စကားပြောဘယ့်လောက်ကောင်းမှန်းမသိသော်လည်း စင်ပေါ်တက်လျှင်ကား ပရိသတ်လက်ခုတ်သံသိမ်းကြုံး ယူနိုင်မှန်းသေချာ၏။ မြန်မာစာနှင့်စကားအရာတွင်လည်း ကြွယ်ဝလှ၏။ စင်ပေါ်မှစကားပြောခြင်းအတတ်တွင် ကျင်လည်သူ၊ တဖက်ကမ်းခတ်သူဟုဆို၏။ သူ့တရားတိုင်း ကျနော်မကြိုက်သော်လည်း သူ့စကားပြောနည်းနာကိုမူအားကျ၏။ တိုက်ရိုက်စစ်အာဏာအောက်တွင်ထိုးသည့် စင်ပေါ်တက်ကာ “တိုင်းပြည်ကိုသေနတ်နဲ့တည်ဆောက်လို့မရ”ဟုဆိုတော့ ပရိသတ်ဘဝင်ခွေ့၏။ လက်ခုပ်သံ ညံ၏။ ပညာဖြင့် “ပြည်တည်” ရန်ပြောရင်း စစ်အာဏာကိုပယ်လှန်မည့်အစား ပညာဖြင့်ကြီးပွားရေးကိုတွင်တွင်ပို့ချကာ မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့ တဖွဖွတရရမှာရှာ၏။ Age of Knowledge ကိုပညာခေတ်အဖြစ် ပုံဖော်ပြ၏။ ထိုပို့ချချက်၊ အမှာစကားနှင့်ပုံဖော်မှုကို စစ်အာဏာကလည်းနှစ်ခြိုက်၏။ သောင်းသောင်းဖြဖြလည်းရှိ၏။ သို့သော် သူက ပညာမည်မျှတတ်တတ် ပြည်မည်မျှတည်ချင်ချင် ပြည်တည်ခွင့်(သို့)နိုင်ငံရေးအာဏာမရှိလျှင် ပြည်ရောပညာပါပျက်ရကြောင်း
နောက်လူတွေပြောရန် ချန်ထားပေးခဲ့ပုံပေါ်၏။ Intellectual Properties Rights ဖြင့် နည်းပညာလက်ဝါးကြီး အုပ်၍ရကြောင်းနှင့်ကိုယ်ကျိုးစီးပွားကာကွယ်ရေးသဘောတွေလည်း ပြောချင်ပုံသိတ်မရဟုထင်၏။ “ဟိုလူတွေမစားပဲစွန့်ခဲ့လို့ ဒီလူတွေမစွန့်ပဲစား”ဆိုသည့်အဟောလည်း လူထုကြားကျ၏။ သို့သော် မစွန့်ပဲစားသူကိုသရုပ်ခွဲရန် သတိဖြစ်ခဲသွားသလားတော့မပြောတတ်။ ပြောရလျှင်များလိမ့်မည်။ ပညာအကြောင်းပြောရင်း တနေရာတွင်“ခေတ်က အိပ်ထဲကမှတ်ပုံတင်နံပတ်ရှာပြီး ဒုံးကျည်နဲ့ပစ်လို့ရနေပြီ၊ ရှောင်လို့မလွတ်ဘူး”ဟုဆိုတော့ ပရိသတ်မျက်စေ့လည်ချင်စရာ။ “ရာဇဝတ်ဘေးပြေးမလွတ်”ဟုအဓိပ္ပါယ်ဖွင့်ရင်း “ဟိုလူတွေကိုစောင်းပြောတာ”လို့ တွေးသူတွေး၊ စစ်ဗိုလ်တွေကိုရုံးတင်သူတင်နှင့် စိတ်ကူးဖဲရိုက်သူတချို့ထွန်းလာ၏။ သူပြောသည့်ခေတ် ဖြစ်နေသည်မှာ မှန်၏။ 
အိမ်နံပတ်လိပ်စာသာပေးလိုက် လူမပါသည့်ပစ်မလွဲဒုံးကျည်က ရှာပစ် ပစ်သည့်ခေတ်လည်း မှန်၏။ သို့သော် ထိုခေတ်က ဘယ်ရောက်နေသနည်း။ ထိုဒုံးကျည် ဘယ်သူတွေကိုင်ထားသနည်း။ ထိုခလုပ်ခုံပေါ် မည်သူတွေခွထိုင်ထားသနည်းကိုမူ ပြောလိုစိတ်သိတ်မရှိလှဟုထင်၏။ ကျနော်တို့က ခေတ်ကိုပြောသည့်အခါ သန်ရာတူရာအလွှာအလိုက်၊ အတန်းအစားအလိုက်၊ ယုံကြည်ရာအလိုက် ခေတ်သမိုင်းတို့ကို ပိုင်းခြားပုံဖော်ကြ၏။ မီးမွှေးတတ်ခြင်းနှင့် ဘီးကိုတီထွင်ခြင်းဆိုသည့်နည်းပညာတို့၏အမွန်အစမှ ယခု ဂျီပီအက်စ်လေးအထိ နည်းပညာက လူတို့၏နေထိုင်မှုဘဝကိုပြောင်းလဲပေးသည်မှာမှန်သော်လည်း ထိနည်းပညာ၏အသီးအပွင့်တိုအား မည်သူတွေခံစားနေကြသနည်းကိုလည်း ပြောပြဖို့လိုမည်တွေး၏။ လက်ကိုင်ဖုန်းကိုင်နိုင်ခြင်းသည် နည်းပညာကိုသုံးခြင်းသာဖြစ်၍ အကျိုးအမြတ်ကိုခံစားခွင့်ရခြင်းမဟုတ်ကြောင်း သတိမူရန်လို၏။ ထို ၂ ခုကို ရောထွေးမြင်ခြင်းသည် ဉာဏ်အဖက်မပါသည့် အမြင်မျှသာဖြစ်တန်ရာ၏။ ထောင်တဲနေတုန်းက ဦးအောင်သင်း အကြောင်းစကားစပ်မိရင်း ပြောဖြစ်ခဲ့ကြတာတွေလည်းရှိ၏။ အပြင်းအထန်ငြင်းခုန်ထိုက်သည့်ကိစ္စမဟုတ်သဖြင့် မည်သူနှင့်မျှတော့ အသည်းအသန်မပြောဖြစ်ခဲ့။ လက်ကိုင်ဖုန်းတွေ၊ ကွန်ပြူတာတွေ၊ အင်တာနက်တွေ၊ ဂြိုလ်တုစလောင်းတွေနှင့်ဆရာအောင်သင်း၏မျိုးဆက်သစ်တွေ ဘယ်မျှတိုးတက်ရစ်နေကြသလဲလည်း မသေချာ။ ခုလောလောဆယ်မှာတော့ ကျနော်တို့ ဂျီပီအက်စ်လေးကို Update ထပ်လုပ်ရဦးမည်။

နောက်တယောက်က ကိုချက်ကြီး။ သူ့ကို မဲဆောက်ရောင်ခြည်ဦးရုံးမှ ကိုမောင်မောင်ဟုပြောလျှင် မည်သူမျှမသိကြ။ ချက်ကြီးဆိုလျှင်ကား လူတိုင်းသိ။ သူတို့အဖွဲ့က ပုံမှန်ဂျာနယ်လ်တစောင်ထုတ်မည်ဆိုတော့ အဖွဲ့ခေါင်းဆောင်ကိုမိုးဆွေကကျနော့်အား အကူအညီတောင်း၏။ မိုက်ခရိုဆော့ဖ်ဝါ့ဒ်ဖြင့် စာစီစာရိုက်ရုံတင်မက စာအုပ်သဘောလေးပါလုပ်ပေးဖို့ဖြစ်လာတော့ လုပ်ပေးခဲ့ရ၏။ စစခြင်းမှာ ကျနော်ပဲ စာစီစာရိုက် စာပြင်စာဖတ် အယ်ဒီတာ ရေးသူ ဘာသာပြန်သူ ရှိသမျှရာထူးတွေအကုန်ကိုင်ရ၏။ ရောင်ခြည်ဦးလှုပ်ရှားမှုသတင်းနှင့်ဓါတ်ပုံတွေလည်း
ဝေဝေဆာဆာဖော်ပြ၏။ တစ်လ တကြိမ်ထုတ်။ သိတ်တော့ လှလှပပမရှိလှ။ သို့သော် မဆိုး။ အလုပ်သမားတို့ စိတ်ဝင်စားကြ၏။ နှစ်ကြိမ်မြောက်ထုတ်လည်းပြီးရော ဂျာနယ်လ်ပုံစံကျကျ လှလှပပဖြစ်ဖို့ရှိလာတော့ ကိုဈန်၊ ကိုသီဟမောင်မောင်နှင့် ကိုထက်ရာဇာတို့ပါ ဝိုင်းဖို့ဝန်းဖို့ဖြစ်လာပြီး တကယ့်အဆင့်မှီ ပါတ်ကားဂျာနယ်လ်တစောင်အဖြစ်သို့ ရောက်ခဲ့၏။ သည်တုန်းက ကိုချက်ကြီးက ရောင်ခြည်ဦး၏ဒုတိယတာဝန်ခံ။ ကိုမိုးဆွေခရီးထွက်ခိုက်နှင့် နော်ဝေရောက်နေချိန်များတွင် သူက ယာယီတာဝန်ခံ။ မိုးဆွေမျက်နှာလွှဲလို့ရလောက်အောင် အလုပ်နှင့်စီမံခန့် ခွဲမှုနိုင်နင်း၏။ ကျနော့်ကိုလည်း ကူရသေး၏။ သူနှင့်ခင်သော်လည်း ညနေညနေစည်တယ်လေကိစ္စကျတော့ ရောင်ခြည်ဦးဝိုင်းသားတွေထဲက အမူးအမော်ကြိုက်သူတွေပါ အတူဝိုင်းကြတာများ၏။ သည်တုန်းကအထိုင်များသည့် လမ်းကြားကရှမ်းမဆိုင်နှင့် ကိုချက်ကြီးလက်ရာတွေ အမြည်းလုပ်ခဲ့ကြတာလည်း ခုတော့ လွမ်းစရာဖြစ်နေပြီ။ ခု ကိုချက်ကြီးနှင့် သူ့ချစ်ဇနီး မငယ်။ သားတော်မောင်ချက်ဖေါင်းတို့က ရှီကားဂိုးမှာ။ ကျနော့်မြို့နှင့် ၃ နာရီသာသာမောင်းရုံသာ။ အပြန်အလှန်အလည်အပတ်လည်း ရှိ၏။ တနေ့ ဂျီပီအက်စ်အကြောင်းပြောရင်း သူတို့မြို့နေသည့် ကျနော်အသိတယောက်အကြောင်း စကားရောက်သွား၏။ ထိုသူက ကျနော်တို့လိုပင် ဒုက္ခသည်အဖြစ်ဒီကိုရောက်လာသူ။ စာမတတ်။ စာမတတ်ဟုဆိုရာတွင် ဘာစာမှမတတ်ဟုပြောမှရလိမ့်မည်။ ဗမာစကားကျင်ကျင်လည်လည်ရှိပြီး ကရင်နှင့်ထိုင်းစကားအထိုက်အလျှောက် ကျွမ်းသူ။ အင်္ဂလိပ်စကားကတော့ ကိုချက်ကြီးပြောသလို “အေနဲ့လှည်းထောက်ခွ”။ ဒါပေမယ့်သူက အမေရိကန်တလွှားခရီးအတော်သွားသည်ဆို၏။ ပြည်နယ်အတော်များများလည်း ရောက်ခဲ့ပြီးပြီဆို၏။ သွားရာတွင်လည်း လေယဉ်နှင့်မဟုတ် ကားနှင့်ဖြစ်၏။ ကားကိုလည်း ကိုယ်တိုင်မောင်းသည်ဆို၏။ ကျနော်က ကိုချက်ကြီးပြောတာတွေ ယုံဖို့ခက်နေ၏။ အင်္ဂလိပ်လိုမတတ်ပဲ “ယဉ်မောင်းလိုင်စင်ဘယ်လိုရ”က သိတ်ပြဿနာမရှိ။ လိုင်စင်ဖြေတတ်ရုံလေး လက်ပူတိုက်အင်္ဂလိပ်စာကျက်ပြီးဖြေလည်း အောင်သည်ကိုး။ ပြည်နယ်တော်တော်များများကျတော့ “ဘယ်လိုသွား”ကို တွေးမိခြင်းဖြစ်၏။ နဗေးဂေ့တားခေါ်ဂျီပီအက်စ်နဲ့သွားတာလည်း ပြဿနာမရှိ။ စက်ကအင်္ဂလိပ်ပြောတာ နားမလည်လည်းကိစ္စမရှိ။ ပေါ်နေသည့်လမ်းပြမြေပုံလေးအတိုင်း အလိုက်သင့်မောင်းသွားရုံသာ။ သို့သော် အပေါ်မှာကျနော်ပြောခဲ့သလို “စက်မှာ Update မလုပ်ရသေးတဲ့ မပေါ်တဲ့နေရာတွေ၊ လမ်းတွေ၊ အိမ်တွေကျတော့ရော”ဆိုတာ မေးမိ၏။ “ခင်ဗျား..မယုံမရှိနဲ့၊ ဒီကောင့်မှတ်ဉာဏ်က အံ့သြစရာကြီးဗျ။ တနေရာကို တခါရောက်ဖူးရင် အကုန်မှတ်မိတာဗျ။ စက်ထဲမပါတဲ့နေရာတွေဆို ဘယ်နားမှာ ဘာအပင်ကြီး၊ ဘာတံတားကြီး၊ ဘာအဆောက်အဦးကြီးဆိုပြီးမှတ်ထားတာဗျ။ အဲ့နားရောက်ရင် ဘယ်ချိုး၊ ညာချိုး ဘယ်လောက်မောင်း၊ ဘယ်ထပ်ကွေ့ ဘာညာပေါ့ဗျာ။ တခါတည်းအသေမှတ်ထားတာဗျ။ ကွန်ပြူတာကျနေတာပဲ။ ဘယ်တော့မှမလွဲဘူး”ဟု တနံတလျားရှင်းပြ၏။ ကျနော်က “ကဲ ထားပါတော့ဗျာ ဒီတခေါက်သူမှတ်ထားတဲ့သစ်ပင်ကြီး နောက်တခေါက်ကျ အခုတ်ခံလိုက်ရတယ်ဆိုပါတော့။ သူလမ်းမှားမသွားနိုင်ဘူးလား” ဟု ထပ်ကွန့်ကာမေး၏။ ကိုချက်ကြီးက “မမှားဘူးဗျ။ ဒီကောင်က လူလည်။ အတော်ပါးတဲ့ကောင် သစ်ပင်ကြီးကိုမှတ်တယ်ဆိုရင် သစ်ပင်ကြီးတင်မှတ်တာမဟုတ်ဘူးဗျ။ အဲ့သစ်ပင်ကြီးနဲ့တွဲနေတဲ့ ပျောက်ဖို့မလွယ်တဲ့ဟာ တခုခုပါတွဲမှတ်တာတာဗျ။ ဥပမာဗျာ..အဆောက်အဦးနဲ့သစ်ပင်၊ မြစ်နဲ့သစ်ပင်၊ တံတားနဲ့သစ်ပင် စတာမျိုးဗျ”ဟုဆက်ပြော၏။ သည်အထိ ကျနော် မယုံသေး။ နောက်ပိုင်း သူနှင့်ကျနော်ထပ်ဆုံမှ အကဲခတ် ကြည့်တော့ ကိုချက်ကြီးပြောသည့်အတိုင်း ကွက်တိ။ ကျနော်လည်း နည်းနည်းအံ့သြရ၏။ အမေရိကန်သည် လူတကိုယ်ကားတစီးလောက် ရှိပြီး ကားလမ်းအလွန်ထူသော တိုင်းပြည်မဟုတ်လား။ ဤနှယ်တိုင်းပြည်ကြီးတွင် ပညာအပေါ်မဟုတ်ပဲ သညာသဘောအားကိုးကာ ကားထူလမ်းထူသည့်ပြည်တွင် ဘဝခရီးနှင်နေသူကိုလည်း အံ့သြရင်းချီးမွမ်းမိပြန်၏။ လူ့ဦးနှောက်နှင့် စက်ဦးနှောက်(ကွန်ပြူတာ) အလုပ် လုပ်ပုံကြားကပြဿနာကိုလည်း ရေးရေးထင်မိ၏။
ဆက်ပါဦးမယ်။
မျိုးမြင့်ချို မတ် ၁၇ ရက် ၂ဝ၁၃


0 comments:

Post a Comment