ရှေ့က
အလှည့်ကျအာဆီယံဥက္ကဌတွေက သူတို့သက်တမ်းအတွင်းမှာ တရုတ်နဲ့ငြင်းနေတဲ့ကျွန်းကိစ္စတွေကို
ရအောင်လက်ရှောင်သွားတာ ချည်းပဲ။ လက်ရှိလူကတော့ ကြေညာချက်ထဲ မပါအောင်တောင်ကြံဆောင်ခဲ့တယ်။
အဲ့ဒီ့အတွက် အနောက်ဖက်က”စိတ်ပျက်စရာ”လို့ သက်ပြင်းချသံညီညာဖျဖျ ထွက်ရလေတယ်။ ကျွန်းကိစ္စကို
အနည်းဆုံးအာဆီယံအဖွဲ့ကြီးရဲ့ပြဿနာလို့ ပေါ်စေ့ချင်တယ်။ ဒီ့ထက်ပိုရင် ဒေသတွင်းပြဿနာလို့
ဖြစ်စေ့ချင်တယ်။ ဒီ့ထက်ပိုရင်တော့ နိုင်ငံတကာ့ပြဿနာအထိ ကျယ်စေ့ချင်မယ်ထင်တယ်။ အာဆီယံအရေးလို့ဖော်နိုင်ရင် အာဆီယံနိုင်ငံအားလုံးကို ဆွဲစေ့လို့ရတယ်။ ဒါဆို အာဆီယံအဖွဲ့ကြီးနဲ့တရုတ်ပြဿနာ။
တရပ်ကွက်လုံးနဲ့တယောက်ကိစ္စ။ ဒေသတွင်းအရေးဆိုရင် တဒေသလုံးသာမက အာရှနဲ့ထိစပ်နေတဲ့တိုင်းပြည်တွေပါ
ပါလာမယ်။ ဒါဆိုရင် ဒေသကြီးတခုလုံးနဲ့တရုတ်ပြဿနာ။ တရွာလုံးနဲ့တယောက်ကိစ္စ။ နိုင်ငံတကာအရေးဆိုရင်တော့
ပြောမနေနဲ့။ တကမ္ဘာလုံးနဲ့တယောက်ဖြစ်သွားပြီ။ ဒါဆို လူစေ့တက်စေ့ ရွာလွန်ရွက်တိုက်ရုံ။
စစ်အေးခေတ်မှာ အောင့်ကာနမ်းခဲ့သူတွေ ခုလို ငြူစူကြတော့ အိမ်ရှေ့ရောအိမ်နောက်ပါ ပူရမချမ်းသာရတာများလား။
ဆားခပ်ဖို့ပြင်တာနဲ့မီးခွက်ထွန်းဇယားတွေကြည့်ပြီး အဝါးဝအရည်လည်တဲ့ ရှေ့ကဥက္ကဌတွေက“တနိုင်ငံခြင်းအရေး”လို့
ကန့်ထားခဲ့တာဖြစ်မယ်။ သူတို့အတွေးက သူတို့ရဲ့အကြီးဆုံးကုန်သွယ်ဖက်ဆီက မြက်မြက်ကလေးရရေးကိုဇောင်းပေးကြတယ်။
တပြိုင်တည်းမှာ တရုတ်ရဲ့စစ်အင်အားတိုးချဲ့တာကိုလည်း သတိကြီးကြတယ်။ လျှော့မတွက်/ပိုမတွက်ဘူး။
အာရှရဲ့လူမမာကြီးနာလံထူတာနဲ့ ဓါတ်စာလွတ်တာကိုလည်းမြင်ကြတယ်။
အရင်တုန်းက ပြည်တွင်းလာ
လူတကာအခွဲခံရတဲ့တရုတ်ဖရဲသီးက ခု ကမ္ဘာပတ်ပြီး
အလုံးလိုက်အိပ်စပို့လုပ်နေတာလည်းသိကြတယ်။
စီးပွားရေး စစ်ရေး ၂ ခုလုံးမှာအင်အားကြီးမှ
သံခင်းတမန်ခင်းနဲ့နိုင်ငံရေးသြဇာဟာ ကျွဲကူးရေပါဖြစ်ရတာကလည်းထင်ရှားတယ်။
အဲ့ဒါကို အန္တရာယ်နဲ့ခြိမ်းခြောက်မှုလို့မြင်တဲ့သူမြင်တယ်။
အခွင့်အလမ်းနဲ့အားသာချက်လို့
ရှူသူကရှူတယ်။ အန္တရာယ်နဲ့ခြိမ်းခြာက်မှုလို့မြင်သူက တခြားအင်အားကြီးတခုဆီ
ထီးရိပ်ခိုဖို့လက်ယပ်ခေါ်တယ်။ အခွင့်အလမ်းလို့မြင်သူက
ဒေသတည်ငြိမ်ရေးခေါင်းစဉ်အောက်နေ ဝင်မပါနဲ့ ဒို့ဟာဒို့လုပ်မယ်ဆိုပြီး
ပုတ်ချတယ်။
ကျွန်းကိစ္စကို
ဘာလို့အာဆီယံကိစ္စတင်မက ဒေသတွင်းပြဿနာနဲ့ နိုင်ငံတကာပြဿနာအဖြစ်ပုံဖော်ရနိုင်သလဲဆိုတော့
အချင်းများသူတွေထဲမှာ အာဆီယံအပြင်ကလည်း ပါနေတယ်။ ဂျပန်နဲ့ဖြစ်တာက အသံအကျယ်ဆုံးထွက်လာတယ်။
ဂျပန်ဟာ အမေရိကန်နဲ့စီးပွားအရမိတ်ဖက်။ နိုင်ငံရေးအရနီးစပ်မှုရှိပြီး ကာကွယ်ရေးအရလောင်းရိပ်ခိုရတာဖြစ်တယ်။
”ဆာမူရိုင်းတွေရဲ့ဓါး အထုတ်အသွင်းမလုပ်ရလို့ သံချေးများတက်ရော့သလား..၊ မင်ဂျီခေတ်ကတည်းက
ပြင်လာလိုက်ကြတာ ဒါတွေဖြစ်ဖို့မဟုတ်ဘူး”လို့ တယောက်ကပြက်လုံးထုတ်တော့ လပ်ခုပ်တဖြောင်းဖြောင်းနဲ့ ကောင်းချီးပေးသံကစီကနဲထွက်တယ်။ ဒီကြားထဲ သူ့ရဲ့စီးပွားရေးအဆင့်နေရာကို တရုတ်လက်
”ဝ”ကွက်အပ်လိုက်ရတာကလည်း ဇာတိပုညကို ထိခိုက်စရာဖြစ်ရတယ်။ အစောင့်ရှောက်ခံဖြစ်ရတဲ့ဘဝကလည်း
ရုန်းထွက်ချင်လှပြီ။ ဟီရိုရှီးမားနဲ့နာဂါဆာကီးကို စစ်ဆန့်ကျင်ရေး၊ အနုမြူလက်နက်ဆန့်ကျင်ရေးပြယုဂ်ထက်
“နိုင်စားခံရလေခြင်း”ဆိုပြီး မချင့်မရဲနဲ့ဆင်ခြင်သူတွေရှိလာတယ်။ ရှိုးကေ့စ်ထဲက အလှပြကင်န်ဒိုကိုမြင်တိုင်း ဆာမူရိုင်းတွေလက်ယားမယ်ထင်တယ်။ ဘူရှီဒိုစိတ်ဓါတ်အပွေးသတ်သလို ခံစားရမယ်ထင်တယ်။
သိက္ခာထိပါးတော့နာကျည်းမယ်ထင်တယ်။ ဒီတင် အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေး
ရေပန်းစားလာတယ်။ ဒီ နှစ်နိုင်ငံဟာ ကျူးကျော်ခံနဲ့ကျူးကျော်သူအဖြစ် သမိုင်းမှာတိုးခဲ့ကြဖူးတယ်။
တရုတ်ဘက်ကနန်ကင်းလူသတ်ပွဲကို (လိုအပ်ရင်) အခဲမကြေပြလို့ရသလို ဆောင်ကြာမြိုင်နဲ့ကင်ပေတိုင်ကို
ပြန်ဆွဲထုတ်ပြတာနဲ့ မျိုးချစ်စိတ်တွေဟုန်းဟုန်းကြွလောက်တယ်။ ဘေးအိမ်စီးပွားအတက်ကြမ်းပုံက
နတ်မသလိုဖြစ်လေတော့ ကိုယ်စီးပွားအပျက်ကိုလက်သည်ရှာရင်း တရုတ်ကလက်ညှိုးထိုးစရာဖြစ်လာတယ်။
ကိုယ့်တပ်ပြန်ကြည့်တော့လည်း ဇာတ်ထဲကစစ်သားတွေလိုလို။ ဒီတင် တက်နေဝန်းနိုင်ငံတော်အတွက်
နေမျိုးနွယ်တွေခေါင်းဆောင်ရွေးတော့
ရှင်ဇိုအာဘေးကိုတွေ့တယ်။ ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်တက်လာတယ်။
ဒီတကြိမ်တော့ အာရှတိုက်သားများအတွက်တို့၊ သာတူညီမျှကောင်းစားရေးတို့
ကြွေးကြော်တော့မယ်မထင်ဘူး။
ဗီယက်နမ်နဲလည်းပြောစရာကိစ္စတွေ၊ တောက်စရာမီးပွားတွေ၊ ဆွဲထုတ်စရာအစတွေများလှတယ်။ တောင်ကိုးရီးယားကျတော့
ပန်မွန်ဂျုံက ၃၈ မျဉ်းပြိုင်ကိုမြင်တိုင်း ဂန္ဓာလရာဇ်တိုင်းသားတွေဝင်ရှုပ်လို့ဆိုပြီး
ဒေါပွသူပွတယ်။ ဥတ္တရသားတွေ လေကျယ်တာ စိနတွေနောက်ကနေလို့ဆိုပြီးသဖန်းပိုးလုပ်ရင်း အာဏာရှင်ဟောင်ကြီးပတ်ချုံဟီးရဲ့သမီးတော်လေး
သမ္မတဖြစ်လာတယ်။ အိန္ဒိယနဲ့ကြပြန်တော့လည်း နယ်စပ်အရေးနဲ့နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ကြဖူးသူတွေ။
ခုလည်း စီးပွားပြိုင်ဘက် နယ်လုဘက်။ ဆင်နဲ့နဂါးက မျက်စောင်းခဲလိုက်မုန်ယိုလိုက်လည်းလုပ်လေတော့
ရှို့ပေးမယ့်သူလည်းပေါ် ခေါင်းဆောင်တွေဉာဏ်နည်းရင် အချိန်မရွေးထတောက်မယ့်မီးခဲ။ အိန္ဒိယနဲ့တရုပ်ကြားမှာ
၃ ပြည်ရှိနေတယ်။ နီပေါလ်နဲ့ဘူတန်က ကုန်းတွင်းပိတ်တွေဖြစ်တဲ့အပြင် တခြားအကျိုးစီးပွားလည်း
မက်လောက်အောင်မရှိလှဘူး။ ဗမာပြည်ကျတော့ ပင်လယ်ထွက်ပေါက်ရှိတဲ့အပြင် သယံဇာတနဲ့ နောက်ရောက်တဲ့အရင်းအနှီးရော
ရှေ့ကခြေချပြီးသူတွေနဲ့ သူတို့အကျိုးစီးပွားတွေရော၊ ပြောရရင်တခြားအကြောင်းအရာနဲ့အချက်အလက်တွေလည်း
များမှများပဲ။ အရေးအကြီးဆုံးက ကုန်းတွင်းနယ်ခြားမိုင်ထောင်ချီထိစပ်နေတာပဲဖြစ်မယ်ထင်တယ်။
မိုင်ထောင်ချီဝေးတဲ့နိုင်ငံတွေကတောင် ကျနော်တို့ဆီမှာ သူတို့လိုအုပ်ချုပ်ရေးမျိုးပေါ်စေ့ချင်တယ်ဆို
မိုင်ထောင်ချီနယ်စပ်ချင်းထိနေတဲ့ပြည်ကရော
သူ့နဲ့ကျောခြင်းကပ်နေပြီး
သူ့ကိုကပ်ဖဲ့တိုက်မယ့်အုပ်ချုပ်ရေးမျိုးလိုချင်ပါ့မလား
တွေးစရာလည်းဖြစ်ရတယ်။ အားလုံးချုပ်တွေးမိတော့ စိတ်အေးစရာသိတ်မမြင်မိသေးဘူး။
ကျနော်တို့ပြည်က ရှေ့နှစ်မှာ အလှည့်ကျအာဆီယံဥက္ကဌလုပ်ရတော့မယ်။ ဗိုက်လည်း
မငှားမိပါစေနဲ့၊
လက်လည်းဝင်မလျှိုပါနဲ့၊ မြေဇာပင်လည်းမဖြစ်ပါရစေနဲ့လို့ ဆုပဲ
နာနာတောင်းရလေမလား။ မျိုးမြင့်ချို
မတ် ၂ဝ ရက် ၂ဝ၁၃။
0 comments:
Post a Comment