မနေ့ညက နွေဦးအကြောင်းစာမဟုတ် ဘာမဟုတ်ဆိုပြီး တောက်တို မယ်ရလေးတပုဒ်ရေးဖြစ်ပါတယ်။
ဖတ်သူတယောက်က ”အမေရိကန်ကို ဒုက္ခသည်အဖြစ်ရောက်သွားတဲ့ မင်းလိုဒုက္ခိတကောင်က ကိုယ့်ဝမ်း ကိုယ်ကြောင်းတွေ၊ ချွေးနှဲစာသန့်သန့်တွေလျှောက်ပြောနေတာ မရှက်ဘူးလားကွ။ အစိုးရထောက်ပံ့ကြေးကို
သူတောင်းစားလို လက်ဖြန့်တောင်းစားနေမယ့်ကောင်ကများ”ဆိုပြီး စကားကြမ်းတွေနဲ့ ပစ်ခတ်ပါတယ်။
အမှန်က ဒီမှာ ကျနော် တကယ်ဘာဖြစ်နေ၊ ဘာလုပ်နေဆိုတာကိုလည်း သူမသိ။ ဒီက လူမှုဖူလုံရေးထောက်ပံ့ကြေးစနစ်ကိုလည်းမသိပဲ တိုက်ချင်ဇောနဲ့ ထင်ရာတွေစွတ်ပြောမိတာနဲ့တူပါတယ်။ ကျနော် ဒီရောက်ပြီးမှ ဘာတွေလုပ်တယ်
ဘာတွေဖြစ်တယ်ဆိုတာ တွေထဲက ပြောလို့ကောင်းမယ်ထင်တာတွေတော့ ကျနော်ပြောပါတယ်။ တချို့ဟာတွေတော့
မပြောပဲထား ပါတယ်။ ပြောတဲ့နေရာမှာလည်း တတ်နိုင်သလောက် ကိုယ်ရည်သွေးတီးလုံးမပါအောင်
ရှောင်ပါတယ်။ ပကတိသဘောကိုပြောတဲ့အခါမှာ ချန်မရတဲ့အဖြစ်တွေရှိပါတယ်။ အတန်းထဲမှာ ပထမဆုရတာကိုချန်ထား ပြီးပြောမရပေမယ့် လက်မ မထောင်မိအောင်ဆိုတဲ့သဘောကို အမြဲနှလုံးသွင်းပါတယ်။ ထောင်မိတဲ့အခါ တိုင်းလည်း
မွန်မွန်ရည်ရည်သွန်သင်သူတွေရှိသလို ချိုးချိုးဖဲ့ဖဲ့နှိပ်ကွပ်သူတွေလည်းရှိပါတယ်။ ကျနော့်အဖို့
သူတို့ဆီက ဆည်းပူးခွင့်ရသလို သူတို့နှလုံးသားထဲဝင်ကြည့်ခွင့်လည်းရတာမို့ အကျိုးများပါတယ်။
ထားပါတော့လေ။ ကျနော် အဲ့ဒီ ဖေ့စ်ဘွတ်ခ်မိတ်ဆွေကို နည်းနည်းရှင်းပြချင်ပါတယ်။ ကျန်တာတွေမပြောပါ
ကိုယ့်ထမင်းကိုယ်ရှာစားတဲ့ကိစ္စပဲပြောပါ့မယ်။
ကျနော်ဒီရောက်ပြီး ၅ လအကြာမှာ ဗဟိုအစိုးရကခံစားခွင့်ပြုတဲ့ (Social
Supplemental Income-SSI) လို့ဆိုတဲ့ လူမှုဖူလုံရေးထောက်ပံ့ကြေးရပါတယ်။ ဒါကို (Social
Security Benefit) လူမှုလုံခြုံရေးအကျိုးခံစား ခွင့်လို့လည်းသုံးပါတယ်။ တလကို ၆၇၄ ဒေါ်လာပါ။
လူတယောက် လောက်ငှပါတယ်။ အခွန်ထမ်းပြည် သူတွေကပေးတာပါ။ အစိုးရကပေးတာမဟုတ်ပါ။ အစိုးရထောက်ပံ့ကြေးလို့သုံးလိုက်ကတည်းက” နိုင်ငံတော်၏စေတနာတို့
အစိုးရအထောက်အပံ့”တို့စတဲ့ အစိုးရကိုကျေးဇူးရှင်နဲ့သခင်နေရာပေးပြီး ပြည်သူကိုကျေးဇူးစားနဲ့
ကျွန်နေရာထားတဲ့ဝါဒဖြန့်မှုကိုလည်း သတိရမိပါတယ်။ အဲ့ဒီ SSI ခံစားခွင့်နဲ့နေနေ တုန်းမှာ ကျနော် IVY
Technology Community College မှာ တက်ပါတယ်။ (နောက်ပိုင်း စာမလိုက် နိုင်တော့တာနဲ့ ကျောင်းအတက်ရပ်လိုက်ပါတယ်)
လူမှုအကူအညီပေးရေးတွေမှာ အားသွန်ခွန်စိုက်လုပ် ပါတယ်။ (ခုလည်း လုပ်နေဆဲဖြစ်ပါတယ်)
SSI နဲ့နေရင်း English for Second Language Teacher Training-ESL Course) တခုကို (၈)ပတ်ကြာတက်ရောက်ပြီး
အဆင့်မီမီအောင်မြင်တဲ့လက်မှတ်ရပါတယ်။ ဗမာပြည်သားလူကြီးတွေကို အင်္ဂလိပ်စာကိုဒုတိယဘာသာစကားအဖြစ်
ပြန်သင်ပေးခွင့်ရတဲ့သဘောပါပဲ။ သင်လည်းသင်ပေးပါတယ်။ ခုချိန်ထိ အခမဲ့ကိုသင်ပေးနေတုန်းပါ။
သင်တန်းဆရာက အင်ဒီယားနား ပါရ်ဒျူး ယူနီဗာစတီးက ဘာသာဗေဒနှင့်ဘာသာစကားစကားဆိုင်ရာ ပရော်ဖက်ဆာဖြစ်ပါတယ်။ နောက်တော့ တခါထပ်ပြီး တရားရုံးစကားပြန် Court Interpreter Training တက်ပါတယ်။
ပြီးတော့ ဆေးဘက်ဆိုင်ရာ စကားပြန် Medical Interpreter Training ထပ်တက်ပါတယ်။ အဲ့ဒီသင်တန်းတွေက
တချို့က (၈)ပတ် တချို့က (၁၀)ပတ်အထိကြာပါတယ်။ သင်တန်းတိုင်းမှာ အဆင့်မီမီအောင်မြင်ခဲ့ပါတယ်။
ဘာသာပြန်ကတော့ အလေ့ အကျင့်နဲ့အတွေ့အကြုံ အထိုက်အလျှောက်ရှိပြီးသားမို့ သီးခြားတက်စရာမလိုပါ။
သင်တန်းတွေတက်နေရင်း က Ticket to Work လို့ဆိုတဲ့ ရုပ်ပိုင်း/စိတ်ပိုင်းမသန်မစွမ်းဖြစ်ပြီး
လူမှုဖူလုံရေးထောက်ပံ့ကြေးအပေါ် မှီခိုနေ ရသူတွေထဲက တတ်တဲပညာလေးတွေနဲ့ တဖက်တလမ်းကနေ အလုပ်လုပ်ပြီးဝင်ငွေရှာချင်သူတွေအတွက်
ပြည်နယ်အစိုးရက ချပေးတဲ့ပရိုဂရမ်ပါ။ သူနဲ့သူ သင့်တော်မယ့်အလုပ်ကလေးတွေလည်း ရှာဖွေပေးပါတယ်။ သူ့သဘောက ထောက်ပံ့ကြေးယူထားသူတွေအနေနဲ့အလုပ်လုပ်မယ်ဆိုရင်
အလုပ်ကရတဲ့ဝင်ငွေပေါ် တည်ပြီး ပေးထားတဲ့ထောက်ပံ့ကြေးကို တဖြည်းဖြည်းလျှော့ချပြီး နောက်ဆုံး
တလဝင်ငွေ ထောင့်တစ်ရာ အထိရှာနိုင်ပြီဆိုရင် အထောက်အပံ့ လုံးဝဖြတ်ချလိုက်တဲ့စနစ်ဖြစ်ပါတယ်။
ကျနော် အဲ့ဒီပရိုဂရမ်ကိုဝင်ပြီး အလုပ်လုပ်မယ်ဆိုတော့ တချို့က လူမိုက်လို့ပြောကြသလို၊
ပေးထားတာလောက်ရဲ့သားနဲ့ တော်တော်လော ဘကြီးတဲ့ကောင်လို့ ပြောသူလည်း ရှိပါတယ်။ အထင်ကြီးစရာမရှိပါဘူးကွာလို့ပြောသူလည်း
ရှိပါတယ်။ အဲ့လိုပြောသူထဲကတဦး အမှုဖြစ်ပြီး ရုံးရောက်ဂါတ်ရောက် ရောက်တော့ ကျနော့်ကို ဖုန်းခေါ်ပြီးအကူ အညီတောင်းဖူးပါတယ်။ ထားပါတော့လေ။
ပရိုဂရမ်ထဲရောက်သွားပြီးချိန်ကစ ကျနော် အလုပ်လုပ်ပါတယ်။ သွားရေးလာရေးအခက်အခဲတွေလည်း
အများကြီးပါ။ ချိုင်းထောက်နဲ့မို့ ဆောင်းတွင်းရေခဲချိန်နှင်းကျချိန်တွေဆို ဒုက္ခတော်တော်ကြီးပါတယ်။
ကားမရှိတော့ ဘစ်ကားစောင့်ရသွားရတာ၊ လက်ခြေအပြည့်အစုံမရှိလို့ ရောက်ရတဲ့ဒုက္ခတွေပြောရင်
ကျန်သူတွေ စိတ်ညစ်သွားမှာပါပဲ။ ဒီရောက်ပြီးကထဲက ထောင်၊(ကလေးထောင်လူကြီးထောင်)တရားရုံး၊
ဆေးရုံ၊ ရာဇဝတ်မှုနဲ့ဆိုင်တဲ့အေဂျင်စီတွေကို ချောင်းပေါက်မတတ်ရောက်ပြီး စေတနာ့ဝန်ထမ်းကူနေတာပါ။
တခါတလေမှာ တချို့အေဂျင်စီတွေက စကားပြန်ပေးတဲ့လို့၊ စာရွက်စာတမ်းတွေ ဘာသာပြန်ပေး၊ လေးအောက်ဒီဇိုင်းလုပ်ပေးတဲ့အတွက် လက်ဆောင်ကဒ် Gift Card လေးဘာလေး ပေးတဲ့အခါယူပါတယ်။ တောင်းတော့
ဘယ်တုန်းကမှ မတောင်းခဲ့ပါ။
ဒီလိုနဲ့
ကျနော် Ticket to Work ပရိုဂရမ်ထဲရောက်တော့
ကျနော့်ဝင်ငွေအပေါ်ကြည့်ပြီး သက်ဆိုင်ရာက တဖြည်းဖြည်း
လျှော့ချလာပါတယ်။ တလ
၆၇၄ ဒေါ်လာရနေရာကနေ
၁၁၀ အထိလျော့လာပါတယ်။ ထောက်ပံ့ကြေးလျော့လျာ့ပြီး ဝင်ငွေတိုးတိုးလာတဲ့အလျှောက် ကျနော်လည်း အားတက်လာသလို
ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း မြင့်သထက်မြင့်လာပါတယ်။
ပျော်လည်း ပိုပိုပျော်လာပါတယ်။
အသောက် အစားကိုလည်း ယတိပြတ်ဖြတ်ချလိုက်တဲ့အပြင်
ဆေးလိပ်ပါဖြတ်လိုက်ပါတယ်။ ကျန်းမာရေးသိသိသာ သာကောင်းလာပြီး လူမှုရေးအလုပ်တွေကို
အရင်ကထက်ပိုလုပ်လာနိုင်ပါတယ်။ စာတွေလည်း
ပိုပြီးရေးဖြစ် လာသလို စာဖတ်ချိန်နဲ့ အင်တာနက်အတွက်ပေးမယ့်အချိန်တွေလည်း ပိုထွက်လာပါတယ်။
အဓိကကတော့ စာဖတ်ချိန်ပိုထွက်လာတာ
ကျေနပ်စရာဖြစ်ပါတယ်။ နောက်တော့
ကျနော် တရားရုံး၊
ထောင်နဲ့ဆေးရုံဆေး ခန်းတွေမှာစကားပြန်/ဘာသာပြန်လုပ်ငန်းအေဂျင်စီမှာ
အလုပ်လျှောက်ပါတယ်။ ရပါတယ်။
အချိန်ပိုင်း အလုပ်ပါ။ ကျနော်ကလည်း
အချိန်ပြည့်လုပ်ချင်သူမဟုတ်ပါ။ စာရေးစာဖတ်ချိန်နဲ့
လူမှုကူညီရေးတွေ အတွက် အချိန်ချန်ထားရပါတယ်။
ခရီးသွားရတာဝါသနာထုံတော့ ခရီးထွက်ချိန်ကျန်အောင်လည်း
အချိန် ဖယ်ရပါသေးတယ်။ ခရီးလည်း အတန်အသင့်ထွက်ဖြစ်ပါတယ်။ ဝင်ငွေရတဲ့အလုပ်ကိုလည်း စေတနာဖြည့် ပြီးလုပ်သလို ဝင်ငွေမရတဲ့စေတနာ့ဝန်ထမ်းအလုပ်တွေလည်း
တောက်လျှောက်လုပ်နေပါတယ်။
အလုပ် သဘောက ထောင်၊
ဆေးရုံနဲ့တရားရုံးဆိုတဲ့ လူမစည်ကားအပ်တဲ့အရပ်တွေမှာရောက်နေကြတဲ့
ဗမာပြည် သားတွေ(ကလေး/လူကြီး)အတွက်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ
အာရ်အက်ဖ်အေ Radio Free Asia-RFA က
အပတ်စဉ်အသံလွှင့်ဆောင်းပါးရေးဖို့ ကမ်းလှမ်းလာပါတယ်။
ကျနော် လက်ခံသဘောတူပြီး
စရေးပါ တယ်။ ဆောင်းပါးတပုဒ်ကို
၇၅ ဒေါ်လာပေးပါတယ်။
တချို့လတွေ လေးပတ်၊
တချို့လတွေငါးပတ်လွှင့်ရ ပါတယ်။
အာရ်အက်ဖ်အေကရတဲ့ အသံလွှင့်ခအပြင်
ကျနော့်အလုပ်ကရတဲ့ဝင်ငွေကြောင့် အထောက်အပံ့ ကိုလျှော့ချလာလိုက်တာ မရတော့သလောက်ဖြစ်လာချိန်မှာ
ကျနော့်နဖူးစာရွာလည်ပါတယ်။
အိမ်ထောင်ပြုရင် နှစ်ဦးဝင်ငွေနဲ့စားလောက်တာမို့
လက်ကျန်ပေးနေတာလေးအကုန်ဖြတ်မယ်ဆိုတာ ကြိုသိပါတယ်။
သွားသတင်းပို့တော့ ထင်တဲ့အတိုင်း
တပြားမကျန်ဖြတ်လိုက်ပါတယ်။ အခွန်ထမ်းပြည် သူတွေဆီက
ငွေကြေးအထောက်အပံ့ လုံးလုံးမယူတော့တာ
၃ နစ်
ပြည့်တော့မှာပါ။ အပြည့်အဝ(၆၇၄
ဒေါ်လာ) ယူခဲ့တာကလည်း
တနှစ်ကျော်လောက်ပဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ်
ကျနော့်ကိုထောက်ပံ့ကူညီပေးခဲ့ တဲ့ (ပေးတဲ့)အမေရိကန်နေ အလုပ်လုပ်အခွန်ထမ်းပြည်သူတွေအားလုံးရဲ့ကျေးဇူး
ကျနော့်အပေါ်ရှိပါတယ်။ ကျနော့်အနေနဲ့(အမေရိကန်အေဂျင်စီတွေ၊
ရဲ၊ မီးသတ်၊
ကြက်ခြေနီနဲ့ ဗမာပြည်ဖွားအမေရိကန်နေသူများ အတွက်)
စေတနာ့ဝန်ထမ်းလုပ်ရင်း ကျေးဇူးနိုင်သလောက်ဆပ်ခွင့်ရနေတော့ ပျော်ပါတယ်။ ကျနော့်မှာ
ခြေလက်အင်္ဂါမပြည့်စုံပေမယ့် ကိုယ့်ဝင်ငွေကိုယ်ရှာပြီး
ရှိနေသေးတဲ့ခြေတချောင်းပေါ်
ကိုယ့်ဘာသာရပ် နိုင်နေပြီလေ။ ကျနော်
ဒုက္ခိတမှန်ပေမယ့် ဒုက္ခတော့မရှိဘူးမဟုတ်လား။
ဒုက္ခတော့ မပေးဘူးမဟုတ်လား။
ကျနော့်ဝန်ကို လောကကထမ်းပေးဖို့ မလိုတော့ဘူးမဟုတ်လား။ ကျနော့်ဆန်ဖိုး
ကျနော်ခံသလို ကမ္ဘာမြေလည်းမလေးရဘူး
မဟုတ်လား။ ကျနော်လုပ်ချင်တဲ့
နိုင်ငံ့အရေးကိုလည်း ဘယ်ပရိုပိုဆယ်လ်
ဘယ်အင်ဂျီအိုဆီကမှ (အရင်ဘယ်တုန်းကမှလည်း
မယူခဲ့ မရခဲ့
မမှီခိုခဲ့) မမှီခိုရပဲ
ကိုယ့်ထမင်းကိုယ်ရှာ စားပြီး စိတ်သန့်သန့်
လိပ်ပြာသန့်သန့်နဲ့လုပ်ခဲ့တယ်
လုပ်နေတယ် (လုပ်နေဦးမယ်)
မဟုတ်လား။ ဒီ့ထက်ပို
လွတ်လပ်တာ အနှောင်အဖွဲ့ကင်းတာ
လိပ်ပြာသန့်တာဘာရှိဦးမလဲ။ ကဲ..ဖေ့စ်ဘွတ်ခ်ကမိတ်ဆွေကြီး
ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။
မျိုးမြင့်ချို မတ်
၁၀ ရက်
၂၀၁၀
0 comments:
Post a Comment