ငြိမ်းချမ်းရေးပဲ့တင်သံ
အပိုင်း-၄၇
(မျိုးမြင့်ချို) မတ် ၂၈ ရက်၊ ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှ
ထုတ်လွှင့်ပြီး။သောတရှင်များခင်ဗျား…
အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးအတွက်
ကြားဝင်ဆောင်ရွက်မယ်ဆိုရင် အချိန်ရွေးချယ်မှုရဲ့ အရေးပါပုံအကြောင်း
အကျဉ်းလောက်ဆွေးနွေး ပါရစေ။
ပြဿနာတခုဖြစ်ထွန်းလာဖို့နဲ့ ချုပ်ငြိမ်းသွားဆိုတာ နောက်ခံအကြောင်း၊
အနီးကပ်အကြောင်းနဲ့
လတ်တလောအကြောင်းတွေရှိရပါတယ်။ အကြောင်းတရားတွေပြည့်စုံဖို့
အချိန်ကာလသတ်မှတ်ချက်ကို
ခုနှစ်သက္ကရာဇ်တွေနဲ့ကြိုတင် ပိုင်းခြားထားတာတော့မရှိပါဘူး။ အကြောင်းတရားတွေထဲမှာ အောက်ခြေထုနဲ့ခေါင်းဆောင်ပိုင်း
ဒါမှမဟုတ် အစိုးရနဲ့ပြည်သူတို့ရဲ့ အပြန်အလှန်တောင်းဆိုလိုလားမှုကအဓိကကျပါတယ်။ အကြောင်းတရားတွေရင့်မှည့်ပြည့်စုံလာတာကို
ခေါင်းဆောင်နဲ့နောက်လိုက် ဒါမှမဟုတ် အစိုးရနဲ့ပြည်သူ နှစ်ဘက်စလုံးကသိရုံတင်မကပဲ ပြောင်းမှဖြစ်တော့မယ်ဆိုတာကို သဘောပေါက်လာတဲ့အခါကျတော့မှ
တက်ညီလက်ညီဟန်ချက်ညီညီ အပြောင်းအလဲဆီရှေ့ရှူလာကြတာပါ။ ပြည်သူကသဘောပေါက်ပြီး အစိုးရကသဘောမပေါက်ရင်၊
နောက်လိုက်တွေကသဘောပေါက်ပြီး ခေါင်းဆောင်ကသဘောမပေါက်ရင် ဟန်ချက်ပျက်ပြီးအုပ်စီးမရဖြစ်တတ်တာကို
သတိပြုရပါလိမ့်မယ်။
ပြောင်းရမယ့်အချိန်ဟာ ပြောင်းမှဖြစ်တော့မယ်လို့ စသဘောပေါက်လိုက်တဲ့အချိန်ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ပြောင်းလဲရေးကိုချက်ခြင်း စရပါလိမ့်မယ်။ အခြေအနေတွေကို အချိန်မီထိန်းညှိနိုင်ရပါလိမ့်မယ်။ စတင်ပြောင်းလဲထိန်းညှိသူဟာ အစိုးရ ဒါမှမဟုတ် ခေါင်းဆောင်ပိုင်းပဲ ဖြစ်ပါတယ်။ ပြောင်းလဲနိုင်မယ့်အခွင့်အာဏာရှိနေသူတွေမို့ သူတို့ဟာဖန်တီးနိုင်သူတွေလည်းဖြစ်ကြပါတယ်။ ဖန်တီးနိုင်သူဘက်က စမပြောင်းရင် နောက်လိုက် ဒါမှမဟုတ် လူထုဘက်က အပြောင်းအလဲစဖို့ သူ့နည်းသူ့ဟန်သူ့ပုံစံနဲ့ လှုပ်ရှားထကြွလာတတ်တာ သမိုင်းမှာ အထင်အရှားရှိနေပါတယ်။ အဲ့သလိုမျိုး အုံကြွမှုတွေဖြစ်လာပြီဆိုရင်တော့ ကမောက်ကမနဲ့ဗရမ်းဗတာတွေ ဖြစ်ကုန်တော့တာပါပဲ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလူထုအုံကြွမှုကြီးနဲ့အတူ တတိုင်းပြည်လုံးကသောင်းကနင်းဖြစ်ခဲ့ရတာဟာ အဲ့ဒီအခြေခံပေါ်မှာဖြစ်တာလို့ မြင်ပါတယ်။ မဆလခေါင်းဆောင်တွေဟာ အပြောင်းအလဲလုပ်မှ ရတော့မယ်ဆိုတာကိုသိပေမယ့် ဘယ်အချိန်မှာ စပြောင်းမလဲဆိုတာကို မှန်မှန်ကန်ကန်တွက်ချက်ချိန်ညှိရမယ့်အစား အာဏာကိုကျားကုပ်ကျားခဲ ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်ကကတည်းကသာ နိုင်ငံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးပိုင်းတွေမှာ လူထုနဲ့စေ့စပ်ပြီး အလျှော့အတင်းတွေလုပ်နိုင်ခဲ့ရင် မဆလဟာ ခုလောက်ထိ အထိနာပါ့မလား လို့လည်း ပြန်တွေးမိပါတယ်။
အာဏာလက်ရှိမဟုတ်တဲ့အဖွဲ့အစည်းတခုအနေနဲ့ဆိုရင်တော့ အောက်ခြေထုရဲ့တန်ပြန်ပုန်ကန်မှုတွေပေါ်လာမျိုး၊ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ ရုတ်ချည်းဖြစ်ကုန်တာမျိုး၊ လမ်းစဉ်နဲ့ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲမျိုး စတာတွေ တမဟုတ်ခြင်းဖြစ်လာတတ်ပါတယ်။ အပြောင်းအလဲတခု ဘယ့်လောက်ပြေပြစ်ချောမွေ့ညင်သာသလဲဆိုတာကလည်း ခေါင်းဆောင်နဲ့နောက်လိုက်တွေရဲ့ အပြန်အလှန်သေဝပ် နာခံမှုနဲ့ အမြော်အမြင်ရှိမှုအပေါ်ပဲ တည်မယ်ထင်ပါတယ်။ များသောအားဖြင့် စနစ်ကျတဲ့အတွင်းပိုင်းအပြောင်းအလဲတွေဟာ အဖွဲ့အစည်းကို အင်အားတောင့်တင်းစေပြီး အတွေးအခေါ်နဲ့နိုင်ငံရေးမှာလည်း ပိုကျစ်လစ်ခိုင်မာသွားတတ်ပါတယ်။ အဲ့ဒါနဲ့ပြောင်းပြန် တချို့ အဖွဲ့အစည်းတွေမှာ ဝါးအစည်းပြေသလိုဖြစ်ခဲ့တွေကို သတိပြုမိကြမယ်ထင်ပါတယ်။ အဖွဲ့အစည်းတခုချိနဲ့ပြိုကွဲပြီဆိုရင် မဟာမိတ်ဆက်ဆံရေးလည်း ထိခိုက်သွားပါတယ်။ အဲ့သလိုအခြေအနေမှာဆိုရင် မိမိနဲ့ဖက်ပြိုင်တိုက်ခိုက်နေသူဟာ အလိုလိုနေရင်းက အသာစီးကိုရောက်သွားပါပြီ။
အဲ့လိုအနေအထားအောက်က အပစ်အခတ်ရပ်စကား ငြိမ်းချမ်းရေးစကားပြောမယ်ဆိုရင် တဘက်လူက နိုင်ငံရေးအရတန်းတူမှုမပေးပဲ ကျားစီးဖါးစီးပြောတော့မယ်လို့ တွက်လို့ရပါပြီ။ အောက်စီးကလူကလည်း သူတင်ကိုယ်တင်ပြောဖို့ မလွယ်တော့ပါဘူး။ ဒီအခါမှာ တဘက်လူပြောသမျှ လိုက်လျောရတော့မလားဆိုတာက အရေးကြီးတကြီးဆုံးဖြတ်ရမယ့်ကိစ္စလို ဖြစ်လာပါတယ်။ ယာယီသဘောအရတော့ ကိုယ့်မှာပြောအားမရှိလို့ အလျှော့ပေးသီးခံရဦးတောင် ဒါဟာ မှန်ကန်တဲ့သီးခံလိုက်လျောမှု မဟုတ်ပါဘူး။ မနိုင်၍သီးခံရခြင်းဆိုတဲ့သဘော ဆိုရင် မမှားဘူးလို့ထင်ပါတယ်။ နေသေးသပခြုံထဲက ချိုသွေးတမြမြဖြစ်မယ်နေလည်း တွေးမိပါတယ်။ အင်အားပြန်ကောင်းလာတဲ့အခါ စိန်ခေါ်ပြီးပြန်မတိုက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်တဲ့အနေအထားဖြစ်ပါတယ်။

အသာစီးရထားသူကလည်း
ပြဿနာကိုဖြေရှင်းမှာမဟုတ်ပဲ ဗိုလ်ကျအနိုင်ကျင့်တာဖြစ်လို့ ပြဿနာဟာလိပ်ခဲတည်းလည်း ကျန်နေမှာလည်း
သေချာပါတယ်။ တချိန်ချိန်မှာ တပတ်ပြန်လည်လာနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး နောက်ကျောမလုံမှုနဲ့အတူ
လက်ဦးမှုယူပြီးထချဖို့ ကြိတ်ကြံနေမှာလည်း သေချာပါတယ်။ တဘက်လူကိုလည်း နာလံမထူအောင် နည်းမျိုးစုံနဲ့ဖြိုခွဲဖိနှိပ်ထားမှာပါပဲ။
ဖိနှိပ်မှုဆိုတာမျိုးဟာ ဘယ်တော့မှ ရေရှည်မခံတတ်ပါဘူး။ စကတည်းက မှန်မှန်ကန်ကန် ဖြေရှင်းထားတာမဟုတ်လေတော့
ပြဿနာဟာအခွင့်သာတာနဲ့ ပြန်ခေါင်းထောင်ထလာမှာလည်း သေချာပါတယ်။ ဒီလိုနဲ့ပဲ ပြဿနာတွေဟာ
ဂျာအေးသူ့အမေမရိုက်နဲ့မုန့်လုံးစက္ကူကပ်ဖြစ်နေမှာပါ။ ဗမာပြည် ပြည်တွင်းစစ်ကိစ္စဟာ အဲဒီလိုနည်းနဲ့
အဆိုးကျော့သံသရာလည်နေတာလို့မြင်ပါတယ်။
သောတရှင်များခင်ဗျား…ကျနော်ဆိုလိုတဲ့အချိန်ဆိုတာ
အဲ့ဒီအချိန်မျိုးပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတခုထဲမှာ အတွင်းပဋိပက္ခတွေ သည်းသန် ပြင်းထန်နေချိန်မျိုးကို
ဆိုလိုပါတယ်။ အဲဒီအနေအထားမှာမှ ဝင်ရမှာဆိုရင် ကြားဝင်မယ့်သူဟာ တဘက်ခြင်းစီရဲ့အတွင်းထဲမှာ
ဘာဖြစ်နေချိန် ဆိုတာကိုသေသေချာချာသိရုံတင်မက အခြားတဘက်ရဲ့ အားနည်းချိန်ကိုအညှာကိုင်ပြီး
ဇွတ်မနင်းရေးဖြစ်အောင်သတိထား တည့်မတ်ပေးရ ပါလိမ့်မယ်။ တဘက်ဘက်က အခြားတဘက်ကို အောက်ကြေးနဲ့ဈေးဖြတ်တဲ့အပေးအယူမျိုးဖြစ်မသွားလို့
အလေးအနက်ထိန်းမတ်ပေးဖို့ လိုပါတယ်။ အကဲဆတ်နေချိန်မို့ အချိန်အဆလည်းပိုမှ ရမယ်ထင်ပါတယ်။
အဲ့သလိုအချိန်မျိုးမို့ ဆွေးနွေးဖို့မသင့်ဘူးလို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိစ္စတခုခုကို
တကယ့်သဘောရိုးနဲ့ဆွေးနွေးမယ်ကြဆိုရင် အချိန်တိုင်းဟာဆွေးနွေးသင့်တဲ့အချိန်တွေပါပဲ။
ကောင်းမှုပြုတယ်ဆိုရင် နေ့တိုင်းဟာ ရက်ရာဇာတွေချည်းပါပဲ။
ကျနော်မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment