သောတရှင်များခင်ဗျား..တဘက်နဲ့တဖက်အပစ်အခတ်ရပ်ပြီး
ငြိမ်းချမ်းရေးဆွေးနွေးဖို့ကြားဝင်တော့မယ်ဆိုရင် ဝန်းကျင်၊ နေရာ၊ လူနဲ့အချိန်ရွေးချယ်မှုတွေရဲ့
အရေးပါပုံအကြောင်းဆက်လက်တင်ပြပါရစေ။ ဒီနေရာမှာ ကျနော်ဆိုလိုတဲ့ဝန်းကျင်ဆိုတာ တကယ့်အရပ်ဒေသ
သဘောမဟုတ်ပဲ ဆွေးနွေးမယ့်သူတွေအတွက် ခုသာခံသာရှိမယ့်အခင်းအကျင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။
တဘက်ဖက်ကစစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးစတာတွေမှာ တဘက်စောင်းနင်းဖြစ်မနေမယ့်ဝန်းကျင်မျိုးကိုဆိုလိုပါတယ်။
အောက်စီးရောက်နေသူကို ဇွတ်ဖိအားပေးနှိပ် ကွပ်ပြီး ငါ့စကားနွားရမလုပ်မိအောင်ဆင်ခြင်ရမှာဖြစ်ပါတယ်။
ဆွေးနွေးဘက်တွေမှာလည်း တန်းတူရည် တူပြောဆိုနိုင်မယ့်အခွင့်အလမ်း အပြည့်အဝရှိနေရပါလိမ့်မယ်။
တဘက်ဘက်ကို ထွက်ပေါက်ပိတ်ပြီးညှပ် မရိုက်မိဖို့ အလွန်အရေးကြီးလှပါတယ်။
တာဝန်ခံဆွေးနွေးသူတွေဟာ
ကိုယ်စားပြုသူတွေဖြစ်လို့ သူတို့စိတ်လက်ကြည်လင်နေမှလည်း အလျှော့ပေးရဦးတောင် ကြည်ကြည်ဖြူဖြူဖြစ်ပြီး
အမှားဝန်ခံရဦးတောင် ပေါ့ပေါ့ပါးပါးဖြစ်ကြမှာပါ။ မှားတဲ့ဘက်က သူ့အမှားဝန်ခံချင်ရက်နဲ့ဝန်းကျင်ကြောင့်
ဝန်ခံရခက်သွားတာတွေလည်းရှိတတ်ပါတယ်။ ပြေလည်ရေးအတွက် အမှားကိုဝန်ခံရမှာမှန်ပေမယ့် အခြေအနေအရ
ဝန်ခံရခြင်းဟာလူသိရှင်ကြားလုပ်မှာလာ၊ ကြိတ်လုပ်မှာလားဆိုတာကို သေချာချိန်ဆဖို့လိုပါတယ်။
ကြိတ်လုပ်ရမယ့်အနေအထားဆိုရင် လုပ်မယ့်သူအတွက် စိတ်ချရတဲ့ဝန်းကျင်ဖြစ်ရပါလိမ့်မယ်။ မှားသူဘက်ကဝန်ခံဝံ့မယ့်ဝန်းကျင်မျိုး
ခင်းကျင်းထားရပါလိမ့်မယ်။ “ငါ့အမှားနင်းပြီး နင်ပဲငဆအလုပ် ခံရမယ့်ဝန်းကျင်မျိုးပဲနေမှာ”လို့မှားသူဘက်ကထင်လိုက်တာနဲ့
ရှေ့ဆက်တိုးဖို့ခက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အလျှော့ပေးဝန်ခံရမယ့်ကိစ္စပါတယ်ဆိုရင်
လျှော့ပေးမယ့်သူ စိတ်ချလက်ချအလျှော့ပေး ဝန်ခံရဲမယ့် ဝန်းကျင်နဲ့အနေအထားရှိရပါလိမ့်မယ်။
သူ့စိတ်ထဲ အခုအခံလျော့ပြီးသက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်နေဖို့ အလွန်အရေးကြီးပါတယ်။
သောတရှင်များခင်ဗျား..နေရာရွေးချယ်မှုဟာလည်း
အလွန်အရေးပါပါတယ်။ ဗမာပြည်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေကိုပြန်ကြည့်ရင် ၆၃ ဆွေးနွေးပွဲတွေဟာ
ရန်ကုန်မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ပါဝင်သူတွေကလည်း အစိုးရနဲ့လက်နက်ကိုင်အင်အားစုအားလုံးဖြစ်ပါတယ်။
၈ဝ ခုနှစ်ဆွေးနွေးပွဲကျတော့ ဗကပနဲ့ကေအိုင်အိုနှစ်ဖွဲ့ထဲနဲ့လုပ်ခဲ့တာပါ။ ဗကပနဲ့ကတော့
တရုတ်ကွန်မြူနစ်ပါတီရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်ပြည်ထဲမှာဖြစ်သွားပြီး ကချင်နဲ့ကျတော့
ရန်ကုန်အထိခေါ်ပြီး လက်သိပ်ထိုးဆွေးနွေးခဲ့ကြတာပါ။ ဗကပနဲ့လုပ်တာမှာ တရုတ်ကကြားလူဖြစ်တော့
ဆွေးနွေးပွဲအတွက် နှစ်ဘက်လက်ခံနိုင်မယ့်နေရာဟာ တရုတ်ပြည်ဖြစ်ခဲ့ပါတယ်။ ကေအိုင်အေနဲ့
ပြည်တွင်းတင်လုပ်ကြလို့ ကြားလူမပါဘူးလို့ ယတိပြတ်ပြောလို့ရမယ်တော့မထင်ပါဘူး။ အဲ့ဒီတုန်းကအခြေအနေဟာ ကြားလူတရုတ်က မဆလခေါင်းဆောင်ဦးနေဝင်းကိုနားချလို့ရသလို ဗကပကိုလည်းဖျောင့်ဖြလို့ရတယ်ဆိုတဲ့သဘောလို့
ယူဆရမယ်ထင်ပါတယ်။ မဆလနဲ့တရုပ်အစိုးရတို့ကြားမှာ အစိုးရချင်းဆက်ဆံရေးထားပြီး သံခင်းတမန်ခင်း၊
စီးပွားရေးနဲ့ဒေသတွင်းကိစ္စတွေဆောင်ရွက်ကြသလို တရုတ်ကွန်မြူနစ်ပါတီနဲ့ဗကပကြားမှာလည်း
ပါတီချင်းဆက်ဆံရေးအလွန်ကောင်းမွန်နေပါတယ်။ အဲ့ဒီအခြေအနေနဲ့အနေအထားကိုသုံးပြီး တရုတ်ရဲ့ကြားဝင်ပေးမှု
အထမြောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။
ခုလည်း
ကချင်နဲ့ဖြစ်နေတဲ့အရေးမှာ ဒီအတိုင်းတပတ်ကြော့လာပြန်ပါတယ်။ ဟိုတုန်းကနဲ့မတူတာက တရုတ်ပြည်မှာကွန်မြူနစ်ပါတီ
အာဏာယူထားဆဲဆိုပေမယ့် စီးပွားရေးနဲ့နိုင်ငံရေးမှာအပြောင်းအလဲတွေ ရှိလာပါတယ်။ ဗမာပြည်နဲ့နယ်စပ်ကုန်သွယ်ရေးရှိနေတာအပြင် ဗမာပြည်ဖြတ်ပြီးသွယ်မယ့် ရေနံသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စလည်းရှိနေတော့
နယ်စပ်ဒေသအေးချမ်းရေးကို တရုတ်ဘက်ကပိုအာရုံထားလာတာ အထင်အရှားမြင်နေရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကနေ
ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်လာတော့ စီးပွားရေးနိုင်ငံရေးသြဇာလည်းတက်လာပါတယ်။ ခုဆွေးနွေးပွဲတွေမှာ
တရုတ်ကြားလူဖြစ်ဖို့ အရေးအပါဆုံးအချက်ကတော့ စစ်အစိုးရကို အားလုံးကဝိုင်းကျဉ်ထားချိန်မှာ
စီးပွားရေးအရအဓိက မဟာမိတ်ဖြစ်တဲ့အပြင် နိုင်ငံရေးအရလည်းတစုံတရာကျောထောက်နောက်ခံပေးခဲ့တာကြောင့်လည်း ပါမှာပါ။
ဒါ့ကြောင့်မို့ ဒီတကြိမ်မှာလည်း ကေအိုင်အိုနဲ့အစိုးရတို့ရဲ့ အပြီးသတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် လာမယ့်နေရာဟာ
တရုတ်ဘက်မှာဖြစ်ဖို့များမယ်လို့ထင်ရပါတယ်။ တရုတ်ကိုသက်သေထားပြီး စာချုပ်ချုပ်တဲ့အထိ
ဖြစ်လာလေမလားလည်းတွေးချင်စရာဖြစ်နေပါတယ်။ တကယ်လို့ အဲ့သလိုဖြစ်ခဲ့မယ်ဆိုရင်တော့ အရင်လိုပြန်တိုက်ကြဖို့အခွင့်အလမ်းလည်း
နည်းသွားမယ်လို့ထင်ရပါတယ်။ နှစ်ဘက်လုံးအပေါ်မှာ တရုတ်သြဇာအထိုက်အလျှောက်ညောင်းတာမို့
ပယ်လှန်ဖို့ခက်ကြမှပါ။ တရုတ်ကိုခုံသမာဓိခံပြီးတည်ရမယ့်ကတိမို့ ဖျက်ဖို့လည်းခက်ကြပါလိမ့်မယ်။
သောတရှင်များခင်ဗျား..ဆွေးနွေးမယ့်နေရာဟာ
သူ့နယ်ကိုယ့်နယ် ကြားနယ် ဘယ်နယ်ဖြစ်ဖြစ် ဆွေးနွေးမယ့်သူတွေရဲ့လုံခြုံရေးကိုတော့ တိတိကျကျအာမခံနိုင်ရပါလိမ့်မယ်။
အဖွဲ့အစည်းတွေရဲ့ လက်ရည်တူရင်နယ်ကန်တတ်တဲ့သဘာဝကို နက်နက်နဲနဲသဘောပေါက်ဖို့လိုပါတယ်။
ကြားလူပါရင်ကြားနယ်ဟာ ဆွေးနွေးဖို့သင့်ပြီး ကြားလူမပါရင်တော့ တမျိုးတွေးရမယ်လို့ထင်ပါတယ်။
ဆွေးနွေးပွဲခေါ်ပြီးလုပ်ကြံခဲ့တဲ့ဖြစ်ရပ်တွေ ကမ္ဘာနဲ့ဗမာ့သမိုင်းမှာအထင်အရှား ရှိခဲ့ပါတယ်။
ကြားလူမျက်စေ့အောက်က ကြားနယ်မှာဆိုရင်တော့ ဆွေးနွေးဘက်ကိုလုပ်ကြံဖို့ဆိုတာ မလွယ်ကူလှပါဘူး။
ယေဘုယျဆိုရရင် အဲ့သလိုအဖြစ်မျိုးတွေဟာ ကြားလူမပါတဲ့အနေအထားအောက်မှာ အဖြစ်များတတ်ပါတယ်။
အင်းဝဘုရင်မင်းခေါင်နဲ့မွန်ဘုရင်ရာဇဓိရာဇ်တို့ရဲ့
မွန်မြန်မာနှစ်လေးဆယ်စစ်ပွဲကာလမှာ နှစ်ဘက်အမတ်တွေစစ်ပြေငြိမ်းရေးစာချုပ် ချုပ်မယ်ဆိုပြီးကာမှ
ပျက်ခဲ့ရတဲ့အကြောင်း လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်။ လာပြီးဆွေးနွေးကြမယ့် နှစ်ဘက်သူရဲကောင်းအမတ်တွေ
လက်နက်ယူမလာရဆိုပြီး စည်းကမ်းသတ်မှတ်ထားခဲ့တာရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဆွေးနွေးချိန်လည်းကျရော
တဘက်လူတွေက ကန္နားထိုးထားတဲ့သဲသောင်ခုံအောက်မှာ ဓါးတွေကြိုမြှုတ်ထားပြီး လက်ဦးမှုယူလုပ်ကြံမယ်ဆိုတဲ့သတင်း
ပေါက်ကြားသွားလို့ ပျက်ခဲ့ရတာလည်းမှတ်မိနေမြှာပါ။ အဲ့ဒီဆွေးနွေးပွဲကိုအကြောင်းပြုပြီးထွက်လာတဲ့
“စစ်အတွင်းပြုသောကတိသည် အတည်မှတ်ရာ၏လော” ဆိုတဲ့ စကားတခွန်း ခုချိန်တိုင်ကျော်ကြားနေတာဟာလည်း
မှတ်သားစရာတခုလိုဖြစ်မယ်ထင်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment