မမွေးခင်ကတည်းက
ပဒေသရာဇ်ဝိဉာဉ်နဲ့ငခင်ညိုဇာတ်အသွင်းခံရပြီး လူလားမြောက်ခဲ့ရတာခြင်းအတူ ကိုယ့်ထက်ပိုကျွန်စိတ်ပြင်း
ကျွန်နံ့သင်းပြီး ကျွန်ကင်းမသေနိုင်သူတွေတွေ့ရင် နှလုံးသားထဲနင့်ကနဲဖြစ်ရတယ်။ ပြင်သစ်မှာလို
ရုရှားမှာလို ပဒေသရာဇ်စနစ်ကို ကိုယ့်လက်နဲ့ဖုတ်ကျီးမသင်္ဂြီုခဲ့ရတာကြောင့်ပဲ ရွှေခေတ်ကြီးဆုံးရှူံးရသယောင်ခံစားမှု၊
တဇောက်ကန်းမျိုးချစ်စိတ်နဲ့အလွဲမာနတွေတငြီးငြီးတောက်ရလေသလားလည်း တခါတခါ တွေးမိပါတယ်။
လက်ခံစရာမကောင်းတဲ့ဖြစ်အင်တွေမြင်တိုင်း ဘုရားခေတ်ကတည်းကရှိခဲ့တာပဲလို့ ခေတ်တွေကိုကပ်ပြီး အပ်ပြီး ဆက်စပ်ပြတာဟာ လူရယ်စရာဖြစ်တတ်ကြောင်းသတိပြုနိုင်ကောင်းရဲ့လို့ ဝင်တွေးမိပါတယ်။
စက်ဆုပ်စရာမို့ ဖျက်ဆီးချန်ရစ်ခဲ့ရတဲ့စနစ်နဲ့ခေတ်ကိုပဲ တုနှိုင်းမမြင်ပြစ်မျိုးမှဲ့မထင်
ခေတ်ကောင်းခေတ်မြတ်ကြီးလို နှုတ်တက်ရွရွအာဂုံဆောင်နေကြတာဟာ အတွေးတိမ်ရာကျမှန်းလောက်သိရင်ကိုပဲ
ပြည့်တန်ဆာရှိခြင်း/မရှိခြင်းနဲ့ သိဒ္ဓတ္ထဖွားခဲ့တဲ့ခေတ်၊ ဗုဒ္ဓထင်ရှားခဲ့တဲ့အဖြစ်နဲ့
အဟပ်ပြုချိန်ထိုးပြစရာမဟုတ်မှန်း ဆဝါးမိမှာ အသေအချာ။ အဲ့ဒီခေတ် အိန္ဒိယတိုက်ငယ်အလယ်ပိုင်းဒေသဟာ
ပဒေသရာဇ်မြို့ပြနိုင်ငံတွေတအိအိပြိုကျပြီး ဧကရာဇ်တွေ ရာဇမာန်တဖျင်းဖျင်းနဲ့ ကြီးစိုးမင်းမူခဲ့လေတဲ့ကာလများသာဖြစ်တယ်။
နှုတ်ထွက်သမျှအမိန့်တော်ဆိုကာ စစ်တပ်ထောင်ပြီး အကောင်းဆုံးမှန်သမျှကို အနိုင်ကျင့်လူညွန့်ခူးစားသူတို့ရဲ့
စက်ဆုပ်ရွံရှာဖွယ် မသတိစရာခေတ်ယုတ်ခေတ်ညံ့မျှသာဖြစ်တယ်။ လူ့ရဲ့အသက် ဦးခေါင်း ဆံပင်ကိုပါပိုင်တယ်ဆိုပြီး
စစ်တပ်ကိုင် အနိုင်ကျင့်ရတာကိုပဲ ဘုန်းတော်ကြောင့်ဆိုကာအရသာခံရင်း သန္ဓေဆိုးဗီဇပျက်တွေ
ဓါးထက်တဲ့ခေတ် ဖြစ်တယ်။ ထမင်းလုပ်တင်မက ဘဝပါပုတ်ချသူကိုထမင်းရှင်ထင်မှ လူတော်လူကောင်းဖြစ်ရတဲ့
အငုံ့စိတ်ကာလပျက်မျှသာ ဖြစ်တယ်။ ကျွန်ပါးကိုလှလှပပ ဝပြတတ်လေသူ အုတ်လှငယ်လိုလူတွေ သူကောင်းပြုခံရတဲ့ခေတ်ဖြစ်တယ်။
ခေတ်ကို သိဖို့ပါပဲ။ ပြည့်တန်ဆာ ပပျောက်ရေးလုပ်မရတာနဲ့တင် ဘုရားခေတ်ကတည်းကရှိခဲ့တာပဲပြောတာဟာ
ထုံအရာကျတယ်လို့ သူတပါးကမြင်မှာတောင်မတွေးနိုင်ဘူး ဆိုရင်၊ ဗုဒ္ဓထွန်းတဲ့ခေတ်မို့ကောင်းလှချည့်လို့
တွေးရင်၊ စံပြုထိုက်စရာခေတ်မြတ်ကြီးလို့ တွေးရင် လူ့အရေးအရာတွေမှာဝင်မပါတာပိုကောင်းမယ်
ထင်မိတာပါပဲ။ ပြည့်တန်ဆာပပျောက်အောင်မလုပ်နိုင်သေးရင် ကာကွယ်ပေးဖို့အမှန်ကိုလိုတယ်။
ဘုရားခေတ်ကတည်းက ရှိခဲ့တဲ့အလွှာမို့လို့၊ ဆေးချက်မရှိတဲ့အနာမို့ဆိုပြီး ကာကွယ်ကူညီစောင့်ရှောက်ရမှာထက်
ဆေးပညာအရ၊ ကျန်းမာရေးအရ၊ ဘဝအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ ဘဝလုံခြုံမှုအရ၊ ဝင်ငွေရှာခြင်းအရ၊
အသက်မွေးဝမ်းကြောင်းမှုအရ၊ လူ့အခွင့်အရေးအရ၊ အသိုင်းအဝိုင်းရဲ့အဖယ်အကျဉ်မခံရလေအောင်
နိုင်သမျှကူကြဖို့ပဲ။ စွမ်းသမျှ ဖေးမကြဖို့ပဲ။ အသိအမှတ်ပြုကြဖို့ပဲ။ မိန်းမကို လိင်ရောင်စားသူအဖြစ်
ပြည့်တန်ဆာပုဒ်မနဲ့ ထောင်ချဖို့လိုတဲ့အခါ အဲ့ဒီမိန်းရဲ့သွးသားနဲ့ ကိုယ့်လိင်ဆန္ဒကို
ငွေနဲ့ဝယ်ဖြည့်သူယောင်္ကျားဟာ ရုံးတော်မှာ၊ တရားသူကြီးရှေ့မှောက်မှာ ဟိုမိန်းမသားထောင်နန်းစံဖို့
သက်သေအဖြစ်မျက်နှာပြောင်တိုက်ပြီး လာထွက်စေခိုင်းတဲ့ဥပဒေမျိုး၊ တရားစီရင်မှုမျိုး၊ စနစ်မျိုး၊
တဘက်သတ် အနိုင်ကျင့်မှုမျိုးကို နာနာထောင်းပြီးအရင်ပြင်ခိုင်းရမှာပါ။ အလိုတူလို့မှ
လိင်အရောင်းအဝယ်ပြုကြတာခြင်းအတူတူ လူမိလေတော့မှ ဝယ်သူနဲ့စီရင်သူ ကြံဖော်ကြံဘက်လုပ်ကာ
ရောင်းသူကိုတရားခံစာရင်းသွင်းတရားစီရင်ခြင်းဟာ လူမိုက်ဂိုဏ်းပူးပေါင်းကြံစည်မှုမျှသာဖြစ်ကြောင်း အခွင့်ရတိုင်း လူကြားမှာချချပြနေဖို့လိုမယ်လို့ အမြဲတမ်းတွေးပါတယ်။
အချိန်နဲ့ပတ်သက်လို့တော့
ပြောပါရစေ။ နိုင်ငံရေးရာသီ/အချိန်နဲ့ပတ်သက်လို့ပါ။ ဥပဒေနဲ့ပတ်သက်လို့ပြောပါရစေ။ နိုင်ငံရေးအခံနဲ့ပတ်သက်တဲ့ဥပဒေကိုပြောတာပါ။
ခုချိန်ဟာ ကြံ့ဖွံ့လွှတ်တော်မှာ အဲ့ဒီဥပဒေပြုရေးအဆိုတင်သွင်းဖို့ ပိုအရေးကြီးနေသလား။
မရှိအပ်တဲ့ဥပဒေတွေ ပယ်ဖျက်ဖို့အဓိကလား။ မပြင်နိုင်/မဖျက်နိုင်သေးတာကို နားလည်ပေးလို့ရပေမယ့်
ဒီလိုအချိန်မှာ ဒီလိုဥပဒေကို တင်ဖို့လုပ်တာဟာ ကြောင်သူတော်လုပ်ရပ်မျှသာဖြစ်တယ်လို့ရော
ထင်စရာမဖြစ်ပေဘူးလား။ လူထုလိုအပ်ချက်နဲ့ တောင်းဆိုမှုဖြစ်တဲ့ တရားမျှတမှုကို လမ်းလွှဲခေါင်းရှောင်တဲ့လုပ်ရပ်အဖြစ်
မြင်မသွားနိုင်ဘူးလား။ မတရားတဲ့ဥပဒေတွေစိုးမိုးနေတာကို မသိကျိုးကျင်ပြုလိုစိတ်၊ ထမင်းရေပူလျှာလွှဲလုပ်လိုစိတ်အခံက
ထွက်လာတဲ့ရလဒ်အဖြစ်မြင်သွားနိုင်စရာ မဖြစ်ပေဘူးလား။ ထပ်ပြောပါရစေ ”လိုင်စင်ရပြည့်တန်ဆာလုပ်ငန်းဥပဒေ”ပေါ်ပေါက်ရေးအဆို
တင်ပြင်ခဲ့တဲ့ လွှတ်တော်အမတ်မင်းခင်ဗျား..ပြောခွင့်ပြုပါ။ ခုချိန်ဟာ ”ဥပဒေနဲ့အညီအခွန်ထမ်းပြည့်တန်ဆာလုပ်ငန်းဥပဒေ”
ပေါ်ရမယ့်အချိန် မဟုတ်ပါဘူး။ ဥပဒေအမည်ခံပြီး စစ်အာဏာရှင်ကို တရားဝင်မှုဖြစ်စေခဲ့တဲ့ ၂ဝဝ၈
ဖွဲ့စည်းပုံရဲ့သန္ဓေပါမတရားမှုတွေကို ရောက်တဲ့နေရာကနေ ရတဲ့နည်းနဲ့ တက်ညီလက်ညီတိုက်ဖျက်ဖို့
(အနည်းဆုံး ဖွင့်ချဖို့)ဖြစ်ပါတယ်။ မျိုးမြင့်ချို
0 comments:
Post a Comment