Sunday, March 24, 2013

“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း”ကိုဇောင်းထဲသွင်း ဇက်ခွံ့လိုက်သည့် “အရေးကြီးအဆို”(တူမောင်ညို)

0 comments
“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း” ကို ဇောင်းထဲသွင်းဇက်ခွံ့လိုက်သည့် “အရေးကြီးအဆို”(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်)
ယခုအခါ ကြံ့ဖွံ့အမတ်များက “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးလှုပ်ရှားမှုကို တားမြစ်ချုပ်ကိုင်နိုင်မည့်အဆို တစ်ခုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့ပြီဖြစ်သည်။ မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့သည့် သူရဦးအေးမြင့်၏ “အရေးကြီးအဆို”သည် “ဝင်- ပြင်” သမား (ဝင်-ပြင်သမား = ၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်ပြီး အခြေခံဥပဒေပြင်ဆင်မယ်လို့ ဆိုသူတွေ)တို့၏လှုပ်ရှားမှုမှန်သမျှကို တားမြစ်ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဦးဝင်းတင်စကားနဲ့ပြောရရင် “သော့ခလောက်ကြီးတန်းလန်းနဲ့လွှတ်တော်ထဲဝင်သွားတဲ့ ဒီချုပ်အမတ်တွေ”ကို နောက်ထပ် သော့ခလောက်တစ်လုံးနဲ့ထပ်ပြီး ခတ်လိုက်ခြင်းပင်ဖြစ်သည်။

ထို့အပြင်“တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းလိုရာဆွဲဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည်”ဟု ပြည်သူ့လွှတ်တော်၌ပြောဆိုခဲ့သော သူရဦးအေးမြင့်၏စကားသည် 
အဓိပ္ပါယ် ၂ ခု တစ်ပြိုင်ထဲသက်ရောက်နေပါသည်။

ပထမအဓိပ္ပါယ်မှာ“၂၀၀၈ အခြေခံဥပဒေ”ပင်ဆင်ရေးကြွေးကြော်နေသော ဒီချုပ် (NLD) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့်“၂၀၀၈ အခြေခံဥပဒေ”ကို ဥပဒေအသစ်ဖြင့်အစားထိုးရန် ရေးသားဟောပြောနေသောရှေ့နေဦးကိုနီတို့ကို တိုက်ရိုက်ခြိမ်းချောက်ပိတ်ပင်၊ တားမြစ်လိုက်သည့်သဘောပင်ဖြစ်သည်။

ဒုတိယအဓိပ္ပါယ်မှာ ၂၀၀၈ အခြေခံဥပဒေ၊ပုဒ်မ၂၀(စ)အရ “အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”ဟူသော ဗိုလ်မင်းအောင်လှိုင်နှင့်စစ်တပ်ကို မျက်စပစ်ပြလိုက်ခြင်းလည်းဖြစ်သည်။

တင်သွင်းအတည်ပြုလိုက်သည့်အဆိုကိုဖတ်ကြည့်လျှင်ပင် သူတို့၏ရည်ရွယ်ချက်က ထင်းကနဲပေါ်နေသည်။ ၂၀၀၈ အခြေခံဥပဒေတွင် မည်သည့်ပုဒ်မများပြင်ဆင်ရန်လိုအပ်/မလိုအပ်၊ မည်သည့်ပုဒ်မများပြင်ဆင်ရန်လိုအပ်သည်၊ မည်သို့ပြင်ဆင်မည်၊ မည်သည့်အချိန်အခါတွင်ပင်ဆင်မည်ဆိုသည့်လုပ်ငန်းအားလုံးကို သူတို့ဖွဲ့စည်းပေးမည့်ကော်မရှင်/ကော်မတီတွင်လေ့လာသုံးသပ်မည်ဟု အဓိပ္ပါယ်ထွက်နေသည်။ ပြင်ဆင်ရမည့်အချက်အလက်ကိုရော ပြင်ဆင်မည့်အချိန်အခါကိုပါ လက်ဦးမှုယူပြီး ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။

ဤသို့ဖြင့် ပြင်ဆင်လိုသည့်ပါတီများနှင့် ပြင်ဆင်ရေးသားဟောပြောနေသောပုဂ္ဂိုလ်များကို အဆိုပါကော်မရှင်/ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းပေလိမ့်မည်။ သို့ဖြင့် “၂၀၀၈အခြေခံ ဥပဒေပြင်ဆင်ရေးမြင်းရိုင်း”ကို ဇောင်းထဲသွင်း၍ဇက်ခွံ့လိုက်သည့်သဘော ဖြစ်သွားပေတော့မည်။ သို့ဖြင့်ဖွဲ့စည်းပေးမည့်ကော်မရှင်/ကော်မတီသည် ကျောကုန်းပေါ်ခွထိုင်ပြီး ဇက်ကိုင်ထားသူ၏စေရာခရီးသို့ ဒုန်းစိုင်းဆိုလျှင်ဒုန်းစိုင်းရပြီး၊ အသားကျပြေးဟုဆိုလျှင် အသားကျပြေးရပေတော့မည်။

(ဗိုလ်)ဦးသိန်းစိန်အစိုးရဖွဲ့ပေးသောကော်မရှင်/ကော်မတီများမည်သို့သောကံကြမ္မာသို့ ဆိုက်ရောက်သွားတတ်သည်ကိုသိရှိလိုလျှင် လက်တွေ့ပူပူနွေးနွေးတွေ့ကြုံလိုက်ရသည့်“လက်ပံတောင်းစုံစမ်းရေးကော်မရှင်”ကိုသာကြည့်လျှင် သိပါလိမ့်မည်။ “၂၀၀၈အခြေခံဥပဒေ”ကို ဒီချုပ်(NLD)၊ ရှမ်းဒီချုပ်(SNLD)တို့ပြောဆိုနေသော ထိထိရောက်ရောက်ပြင်ဆင်ရေး၊ ဒီမိုကရေစီနည်းကျသော အခြေခံဥပဒေဖြစ်အောင်ပင်ဆင်ရေးနှင့် ရှေ့နေဦးကိုနီတို့ဟောပြောရေးသားနေသော အခြေခံဥပဒေအသစ်ရေးပြီး အစားထိုးရေးတို့သည် ”၂၀၀၈အခြေခံဥပဒေ”ဘောင်ထဲတွင် မည်သို့မျှမဖြစ်နိုင်ချေ။

လွှတ်တော်ထဲတွင် အမတ်ဦးရေကအဆုံးအဖြတ်ဖြစ်သည်။ ထိုအဆုံးအဖြတ်သည် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိသည်။ ဒီချုပ်ပါတီရရှိထားသောအမတ်အရေအတွက်သည် ကြံ့ဖွံ့ပါတီ၏အစွန်းထွက်မျှပင်မရှိချေ။ ယင်းသို့များသည့် အမတ်ဦးရေကဆုံးဖြတ်ခြင်းကို ဒီမိုကရေစီနည်းကျသည်ဟုလည်း ပြောကြလိမ့်မည်။

သို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုသူ/အခြေခံဥပဒေသစ်တစ်ခု ထပ်မံရေးဆွဲပြီးအစားထိုးလိုသည့်လူပုဂ္ဂိုလ်များ၊နိုင်ငံရေးပါတီများကို ကော်မရှင်သို့မဟုတ်
ကော်မတီအောက်သို့ဆွဲသွင်းပြီး ချုပ်ကိုင်တော့ပေမည်ဖြစ်သည်။

“ဝင်- ပြင်”သမားများအတွက် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”က သင်ခန်းစာများစွာ၊ အတွေ့အကြုံများစွာကို တမျိုးပြီးတမျိုးမရိုးရအောင် ပေးပါလိမ့်မည်။ တပြိုင်နက်တည်းတွင်“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”၏အရသာကိုလည်း အသေအချာစားသုံးရပါလိမ့်မည်။

၂၀၀၈ အခြေခံဥပဒေကို ထိထိရောက်ရောက်မပြင်ဆင်နိုင်လျှင်/အသစ်ရေးပြီး အစားမထိုးနိုင်လျှင် အနိမ့်ဆုံးအားဖြင့် “သမ္မတဖြစ်ရေး”မှသည် အမြင့်ဆုံးအားဖြင့် “စစ်မှန်သောဒီမိုကရေစီအရေးနှင့် ပြည်ထောင်စုစစ်စစ်ပေါ်ထွန်းရေး”တို့သည်
ဝေးနေမြဲဝေးနေဦးမည်သာဖြစ်သည်။ 

ဒီမိုကရေစီရှေ့ခရီးကို ရဲရဲချီတက်မယ်၊ “၂၀၀၈အခြေခံဥပဒေ”ကိုပယ်ဖျက်ပြီး ဒီမိုကရေစီနည်းကျတဲ့အခြေခံဥပဒေသစ်တစ်ခုရေးဆွဲပြီး အစားထိုးမယ်လို့ တကယ်တန်းရည်ရွယ်ထားတယ်ဆိုရင် လွှတ်တော်ပြင်ပလူထု၊ လမ်းမပေါ်ကလူထုလှုပ်ရှားကို မျက်နှာမူကြရပါလိမ့်မည်။ “နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်” ဆိုသည့်တစ္ဆေကိုကြာက်နေလျှင်တော့ ရှေ့ဆက်တိုးစရာမရှိဘဲ၊ သူတို့ခွင့်ပြုထားသည့် “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဘောင်”ထဲတွင် တဝဲဝဲတလည်လည် ဖြစ်နေကြရပါလိမ့်ဦးမည်။

(တူမောင်ညို)

(၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်)

0 comments:

Post a Comment