အသိတယောက်က နံမည်ဝှက်သဘောနဲ့ဖေ့စ်ဘွတ်ခ်အကောင့်တခု ဖွင့်ထားပါလားလို့အကြံပေးဖူးတယ်။ ကလောင်ဝှက်နဲ့ရေးတဲ့ သဘောမျိုးဖြစ်ဖို့ ပြောတာပါ။ ပထမတော့စဉ်းစားသေးတယ် လုပ်ရင်ကောင်းမလားလို့။
ကျနော့်လည်း တချက်တချက်ဝင်ပြီး လက်တဲ့စမ်းကြ အနှောင့်အယှက်ပေးတတ်ကြသူရှိတာကိုး။
အကောင့်ပျက်သွားရင် တင်ထားတာလေးတွေ ခက်ရချည်ရဲ့လို့လည်း ခဏခဏတွေးမိတတ်တယ်။ နောက်တခုက
ခုထက်ပို တိတိလင်းလင်း ဗြောင်ကျကျရေးလို့များ“ရမလား”လည်း စိတ်ကူးမိသေးတယ်။ တခါတလေ
မျက်နှာပူစရာကိစ္စတွေဆို နံမည်ဝှက်နဲ့ရေးတော့ မျက်နှာလည်းမပျက်ရဘူးပေါ့။
ကိုယ်ဘယ်သူမှန်းမသိတော့ မျက်နှာလည်း မနာရဘူးပေါ့။ နောက်ဆုံး ဆဲဦးတောင်
ကိုယ်ဘယ်သူဘယ်ဝါမှန်းမသိပဲ ဆဲကြပေ့စေပေါ့။ ဖေ့စ်ဘွတ်ခ်မှာ အမည်ရင်းနဲ့လူ၊
အမည်ဝှက်နဲ့လူရှိသလို အမည်ကွဲနဲ့လူတွေလည်းရှိတယ်။ ထူးထူးခြားခြား ဆရာဆယ်
https://www.facebook.com/sayar.phosal?sid=0.4326328647354031 ဆိုသူကတော့ အကောင့်
၂ ခုလုံး သူဖြစ်ကြောင်းအတိအလင်းပြောပြီး ဒီအကောင့်ကဒါပြောမှာ ဟိုအကောင့်ကဒါဆိုမှာလို့
ကြိုပြောကြေညာတာလည်း ရှိတယ်။
ဖေ့စ်ဘွတ်အကောင့်စဖွင့်စတုန်းက https://www.facebook.com/myo.myint.9404?sid=0.8552952240105925 ဒါနဲ့စဖွင့်တာပါ။ နောက်ပိုင်း ကိုယ်တိုင်ကစိတ်တိုင်းသိတ်မကျတာနဲ့ ခုသုံးနေတဲ့အကောင့်ကို ပြောင်းပြီးအသစ်ဖွင့်တယ်။ ပရိုဖိုင်းလ်ကပုံလည်းပြောင်းလိုက်တယ်။ ဟိုအကောင့်က မသုံးဖြစ်တော့တာ ခုထက်ထိပါပဲ။ အသိပြောသလို နံမည်ဝှက်နဲ့ဖွင့်ရင်ကောင်းမလားကို အချိန်ယူတွေးပြီးမှ မလုပ်ဖြစ်ပါဘူး၊ မဖွင့်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။
မလုပ်တော့တာက ပထမစိုးရိမ်မှုအတွက် ဖျက်ခံရလို့ပျက်လည်း အကောင့်ကိုသက်ရှိလိုမြင်ပြီး သဗ္ဗေသတ္တာကံမ္မသကာပဲ သဘောထားလိုက်နိုင်လို့ပဲ။ အရေးကြီးမယ်ထင်တဲ့ ဓါတ်ပုံနဲ့စာတချို့ကိုတော့ စက်ထဲမှာ Back Up လုပ်ထားလိုက်တယ်။ ခက်ရချည်ရဲ့အတွေးကို ဘေးဖယ်လိုက်နိုင်တယ်။ ဒုတိယ”ရမလား”ဆိုတဲ့အတွေးလည်း ဖျောက်လိုက်တယ်။ ခုလည်း ကိုယ်မြင်မိတွေးမိတာ၊ ကိုယ်ဆိုချင် ပြောချင်တာတွေကို မချွင်းမချန်ရေးရတာပဲမဟုတ်လား။ ဒီ့ထက်ပိုဗြောင်ကျကျ တိတိလင်းလင်းလည်း ရေးမရတော့ဘူး/မရေးနိုင်တော့ဘူးထင်တာပါပဲ။ ခုရေးတာတွေကြောင့်လည်း မျက်နှာပူစရာနဲ့ မျက်နှာပျက်စရာမှ မရှိတာ။ တတိယ ဆဲတဲ့ကိစ္စ။ ကျနော့်ကို ဆဲသူတွေထဲမှာ အမျိုးအမည်နဲ့အမျိုးအစားခွဲရခက်တဲ့လူတွေမှ တပုံကြီးပဲ။ ဒါပေမယ့် ဆဲသူစာမျက်နှာကို တကူးတကန့်ကိုဝင်ပြီး ဖတ်တယ်။ သူ့အမြင်ကို အတွေးကို ရပ်တည်ချက်ကို သိချင်တယ်။ နိုင်ငံရေးထဲကဆိုရင် မူရှိ/မရှိ။ ကျောရိုးရှိ/မရှိနဲ့ မေးရိုးရှိ/မရှိကို ကြည့်တယ်။ ဘာသာရေးထဲကဆိုရင် စာဖတ်/မဖတ်၊ တွေးတတ်ခေါ်တတ်ရှိ/မရှိနဲ့ ဆင်ခြင်ဉာဏ်ရှိ/မရှိကို ကြည့်တယ်။ လူမှုရေးနဲ့ခင်မင်မှုသက်သက်ဆိုရင် အပြန်အလှန်လေးစားမှုဘယ်လောက်ရှိ/မရှိ၊ သိ/မသိကို ကြည့်တယ်။ ဆက်ပြီး လက်ခံ/မခံက အဲ့ဒီအပေါ်မှာတည်တယ်။ ဆဲသူကို စိတ်ထဲနည်းနည်းမျက်တယ်။ ပြောတာဆိုတာ သိတ်လွန်ကဲလာရင် တခါတည်းအပြီး Block Report လုပ်လိုက်တယ်။ ကျနော့်အတွက် တဘက်လူဟာ နံမည်ဝှက်ခြင်း/မဝှက်ခြင်းနဲ့မဆိုင်တော့ဘူး။ သူဟာ အကောင့်တခုအဖြစ်သာရှိလေတယ်။ အမည် အရေးမကြီးတော့ဘူး။ လူအရေးမပါတော့ဘူး။ နယ်ပယ်အလိုက် ကျနော်သတ်မှတ်တဲ့ နှုန်းစံတန်ဖိုး အကဲဖြတ်ချက်သာ သူ့အပေါ်အရေးပါတော့တယ်။
နောက်တဘက်ကနေလည်း ဒီလိုတွေးမိတယ်။ ဆဲသူက ကျနော်မှန်းသိလို့ ဆဲတာမဟုတ်လား။ သူဆဲမှန်း ကျနော့်လည်းသိစေချင်တယ်မဟုတ်လား။ သူဆဲတာကိုလည်း နာစေ့ချင်တယ်မဟုတ်လား။ ဒါမှလည်း သူ့အတွက်အရသာရှိမယ်မဟုတ်လား။ နံမည်ဝှက်လိုက်ရင်ရော သူဆဲပါဦးမလား။ အလကားကောင်ပါကွာဆိုပြီး ပေယျာလကံမပြုလိုက်နိုင်ဘူးလား။ ဆဲဦးတောင် အရသာရှိပါတော့မလား။ တချို့ဆို ဆဲဖို့အရေး တကူးတကန့် Friends Request လုပ်ကြတယ်မဟုတ်လား။ ဆဲဖို့အရေး ကျနော့်ပေ့ဂ်ျကို တခုတ်တရဖတ်သူရှိနိုင်တာပါပဲ။ တကယ်က ကျနော်လည်း ရေးသမျှအကုန် Public လုပ်ထားတာပဲဟာ။ ဆဲရုံလောက်နဲ့တော့ အပင်ပမ်းခံပြီးမိတ်ဆွေဖွဲ့စရာတော့ မလိုဘူးထင်တာပဲ။ ဆဲလို့လည်း သူ့အမိအဖကိုအပြစ်တင်စရာမလိုပါဘူး။ ဆဲသူဟာ ဖရုဿဝါစာကိုနှုတ်မြိန်လို့သာဖြစ်တာပဲ။ သူ့ကြောင့်ဖြင့် ဘယ်သူဘယ်ဝါမှန်းတောင်မသိတဲ့ သူ့အမိအဖများခမျာအပြစ်မရှိသင့်ပါ။ ထားပါတော့လေ အဲ့ဒီ ဆဲတဲ့ကိစ္စ။
တခါ စာရေးတဲ့ကိစ္စ။ အမည်ဝှက်နဲ့ရေးပြီဆိုကတည်းက ကျနော်မှန်း မသိအောင်ရေးရမယ်။ အဲ့ဒီမှာစ ပြဿနာကတက်ပြီ။ စာရေးတာမှာ လူတိုင်းမှာ ”ဟန်”ရှိတယ်။ စာအဖတ်နာသူဆို တန်းသိတယ် ဘယ်သူ့လက်ရာမှန်း။ ကျနော်မှန်းမသိအောင်ဆို ကိုယ့်”ဟန်”ကို ဖျက်ရတော့မယ်။ ဟန်ဆိုတာက ထွင်လို့မရဘူး။ ဖျက်လို့မရဘူး။ ဘယ်သူမှလည်း သူ့ဟန်ကို သတ်သတ်ကြီး ထွင်မရေးဘူး။ ရေးရင်းနဲ့ကိုယ့်ဟန်ဖြစ်သွားတာမျိုးချည်းပါပဲ။ ဟန်ဆိုတာ လုပ်ကြံတီထွင်လို့မရသလို ဖျက်လို့မပျက်တဲ့အရာလို့ ကျနော်ကနားလည်ထားတယ်။ (စတေးတပ်စ်ရေးတာလေးတော့ ဟန်အသစ်ထွင်လုပ်လို့ ဖြစ်လောက်တယ်ထင်တာပဲ) ဒါပေမယ့် အဲ့ဒါလေးတွေက တင်ကျန်မယ့်စာ ဟုတ်/မဟုတ်က ရှိသေးတယ်မဟုတ်လား။ တင်ကျန်မယ့်စာမဟုတ်တောင် တွေးစရာလေးကျန်အောင်တော့ ကိုယ့်အမြင်ကိုချရေးချင်တာပါပဲ။ ကိုယ့်အမြင်ကိုချရေးရင်လည်း ကိုယ်ဘယ်သူဆိုတာ တိတိလင်းလင်းပြောမှရမှာပါပဲ။
ဆိုတော့ချုပ်လိုက်ရင် အကောင့်ပျက် ခက်ရချည်သေးလည်း မစိုးရိမ်တော့ဘူး။ မျက်နှာပူ မျက်နှာပျက်အတွက်လည်း ရတက်မအေးစရာ မရှိတော့ဘူး။ ဆဲခံရတာအတွက်လည်း သက်သာရာရှိပြီ။
ဒါနဲ့နောက်ဆုံးတော့ ဒီအတိုင်းပဲကောင်းတယ် ဖြစ်ရတော့တာပါပဲ။
ဒါနဲ့နောက်ဆုံးတော့ အမည်ရင်း မျိုးမြင့်။ စာလေးဘာလေးရေးတော့ မျိုးမြင့်ချို ဆက်ဖြစ်နေရတာပါပဲဗျာ။

မျိုးမြင့်ချို
မတ် ၁၉ ရက် ၂ဝ၁၃
0 comments:
Post a Comment