ငြိမ်းချမ်းရေးပဲ့တင်သံ
အပိုင်း -၄၅ မတ် ၁၄ ရက် ၂ဝ၁၃ နေ့က အာရ်အက်ဖ်အေမှလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…ကေအိုင်အိုနဲ့နဝတတို့လုပ်ခဲ့တဲ့
အပစ်အခတ်ရပ်စဲရေးစာချုပ်ပါအချက်အလက်တွေကို ဆက်လက်တင်ပြပါရစေ။ စာချုပ်ရဲ့အပိုဒ်ကြီး
(၄) အပိုဒ်ငယ်(ဈ)မှာ ကျန်ရှိနေသေးသော အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်
နိုင်ငံတော်အေးချမ်းသာယာရေးအတွက်
aဆွးနွေးညှိနှိုင်းရန်ကြိုးပမ်းမှုများကို
aဆွးနွေးညှိနှိုင်းရန်ကြိုးပမ်းမှုများကို
ကေအိုင်အိုအဖွဲ့မှလည်း
တတ်နိုင်သည့်ဘက်မှကြိုးပမ်းဆောင်ရွက်ရန်လို့
ဖော်ပြထားပါတယ်။ သဘောကတော့ အကျိုးဆောင်တွေကြားဝင်ပေးလို့
ခုလိုအပစ်ရပ်နိုင်ခဲ့သလို အခြားသူတွေနဲ့အပစ်ရပ်နိုင်ဖို့
ကေအိုင်အိုကဝင်ကပေးပါလို့ဆိုတာပဲဖြစ်ပါတယ်။
ကေအိုင်အိုအနေနဲ့ကျတော့ ကြားဝင်ပေးချင်ဦးတောင် သူနဲ့စစ်အစိုးရအပေါ်
အခြားသူတွေရဲ့နိုင်ငံရေးအရယုံကြည်မှုနဲ့
တာဝန်ခံနိုင်မှုရှိ/မရှိပေါ်တည်နေတာမို့ လက်တွေ့လုပ်ဖို့မလွယ်သလို
သေသေချာချာချိန်ဆရမှာလည်းဖြစ်ပါတယ်။
ရှိတယ်ပဲထားဦး ကိုယ်ကကြားဝင်ပေးပြီးကာမှ ဖေါက်ကြရင်
ကြားလူမျက်နှာပျက်ရသလို နိုင်ငံရေးသိက္ခာလည်း
ထိခိုက်ရတတ်ပါတယ်။ ခု ကေအိုင်အိုနဲ့ကိစ္စကိုပဲ ကြည့်ကြပါစို့။ ဦးလဝမ်၊
ဦးဇဘွဲ့ဂျွန်နဲ့ဦးခွန်မြတ်တို့ကြားဝင်ပေးလို့
စာချုပ်နဲ့ဘာနဲ့အပစ်ရပ်ပြီးကာမှ ပြန်တိုက်ကြတာဆိုတော့
အကျိုးဆောင်ဆိုတဲ့ကြားလူပါ အစော်ကားခံရတဲ့အဖြစ်မျိုး
ဆိုက်သွားခဲ့ပါတယ်။
နိုင်ငံတကာအပစ်ရပ်နဲ့ငြိမ်းချမ်းရေးကိစ္စတချို့မှာ
ကြားလူပါလို့ပြီးပြတ်ခဲ့ရတဲ့ဖြစ်ရပ်တွေရှိခဲ့သလို
ကြားလူဝင်ပါကာမှပိုရှုပ်ထွေးကုန်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။ အလားတူပဲ
ကြားလူမပါပဲပြီးပြတ်အေးချမ်းသွားတာတွေလည်း ရှိကြပါတယ်။ အခု
ကြားလူကိစ္စပြောနေတာမို့
ကြားလူကဏ္ဍကိုနည်းနည်းဆွေးနွေးပါရစေ။
တိုင်းပြည်နဲ့ချီတဲ့ကိစ္စမျိုးတွေမပြောနဲ့ သာမန်လူမှုရေးကိစ္စလေးတွေမှာတောင်
ဝင်ပါမယ်ဆိုကြားလူရဲ့ဂုဏ်သိက္ခာ၊
သမာသမတ်ကျမှု၊ အင်အားနဲ့အရှိန်အဝါဟာ အလွန်အခရာကျပါတယ်။
ဂုဏ်သိက္ခာနဲ့သမာသမတ်ကျမှုဟာ မရှိမဖြစ်မှန်ပေမယ့်
အဲ့ဒါ ၂ ခုထဲနဲ့တော့ ပြဿနာကြီးတွေကိုပြေလည်အောင်
ရှင်းပေးလို့မရနိုင်သေးပါဘူး။ တခါတလေမှာ ကြားလူက သူ့အင်အားနဲ့အရှိန်အဝါကိုပြပြီး ဆွေးနွေးပွဲဆီဆွဲခေါ်ယူရတာမျိုးတွေလည်းရှိတတ်ပါတယ်။
တခါ ဝင်ပြောပေးလို့ရလာတဲ့ကတိတွေကို အကောင်အထည်ဖော်ရေးအတွက် နှေးကွေးနေတဲ့ဘက်ကို မြန်ဆန်လာအောင်ဖိအားပေးရတဲ့အခါ
အင်အားနဲ့အရှိန်အဝါလိုပါတယ်။ သဘောတူပြီးကာမှ ထဖေါက်တယ်ဆိုရင် စဖေါက်တဲ့ဘက်ကိုအပြစ်ပေးအရေးယူဖို့
လိုအပ်လာခဲ့ရင်လည်း အင်အားနဲ့အရှိန်အဝါသုံးမှရတတ်ပါတယ်။ တချို့ကိစ္စတွေမှာ သံခင်းတမန်ခင်းနဲ့
လူကြီးလူကောင်းဆန်ဆန်ပြီးပြတ်သွားပေမယ့် တခါတလေမှာ တုတ်တလှဲ့၊ မုန့်တလှဲ့နည်းသုံးကြတာတွေမြင်ရသလို
ကျည်းတုံးတလှဲ့ ထမ်းပိုးတလှည့်လုပ်ရတာတွေလည်း
တွေ့ရပါတယ်။
နောက်တချက်က
ကြားဝင်မယ့်သူအပေါ် နှစ်ဘက်ရဲ့လက်ခံနိုင်မှုဖြစ်ပါတယ်။ ကြားလူဆိုတာ နှစ်ဘက်အပေါ်သြဇာညောင်းတဲ့အပြင်
နှစ်ဘက်လုံးကလိုလားလက်ခံပါမှ ဝင်လို့ရတာမျိုးပါ။ အပေါ်မှာပြောခဲ့တဲ့အခြေအနေနဲ့ အချက်အလက်တွေ
ကြားလူမှာရှိပြီဆိုရင် ကြိုတင်ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ အရင်ဆုံးနဲ့အရေးအကြီးဆုံးက
ကြားလူဟာ ဖြစ်နေတဲ့ပြဿနာရဲ့ဇစ်မြစ်ကို သေချာဃဏနားလည်ပြီး ဆုပ်မိကိုင်မိရှိဖို့ပါပဲ။
အဲ့သလိုမရှိခဲ့တာကြောင့် မစခင်မှာတင် နှစ်ဘက်လုံးက
အင်ပြီး ကြားဝင်မှုအရာမထင်ဖြစ်တာတွေ ရှိခဲ့ဖူးပါတယ်။ တခါတလေမှာ ပြဿနာကို ဇစ်မြစ်ကနေစကိုင်တွယ်ဖြေရှင်းတာ
မဟုတ်ပဲ တပွဲထိုးသဘော၊ အပေါ်ယံသဘော၊ နင်တန်နင်တန်ပန်းကန်ကွဲသဘောမျိုးတွေနဲ့ရှင်းခဲ့လို့
စလယ်ဝင်ဖင်မမည်းခင်ကွဲခဲ့ကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုလည်း သင်္ခန်းစာအဖြစ်မြင်နိုင်ပါတယ်။
ပြဿနာရဲ့ဇစ်မြစ်ကိုလည်း သိ၊ အခြေခံကစပြီး ကျကျနနလည်းကိုင်တွယ်နိုင်ပါမှ ပြေလည်ရေးဆီဦးတည်မှာဖြစ်ပါတယ်။
နောက်တဆင့်မှာ
မလွဲမသွေလုပ်ရမှာတွေကတော့
ကိုယ်ပိုင်အကဲဖြတ်ချက်နဲ့ ချဉ်းကပ်ပုံ၊ ဝန်းကျင်၊ နေရာ၊ လူ၊
အချိန်ရွေးချယ်မှုစတာတွေပဲဖြစ်ပါတယ်။ အကဲဖြတ်တဲ့နေရာမှာ အဖွဲ့အစည်းအနေအထား၊
ခေါင်းဆောင်မှုနဲ့အဖွဲ့အစည်းတွင်းက
အုပ်စုတွေအပေါ် အရင်ဆုံးလုပ်ရမှာဖြပါတယ်။ အဖွဲ့အစည်းမှာ
အင်အားဘယ်လောက်တောင့်တင်းဆိုတာအပြင်
စိတ်ဓါတ်နဲ့အတွေးအခေါ်အရ ဘယ်လောက်ခိုင်ခိုင်မာမာ တည်ဆောက်ထားသလဲဆိုတာ
အကဲဖြတ်နိုင်ဖို့အရေးကြီးပါတယ်။ အဖွဲ့အစည်းအနေနဲ့အင်အားကြီးတာမှန်ပေမယ့်
စိတ်ဓါတ်နဲ့အတွေးအခေါ်မခိုင်မာရင်
အားကောင်းတယ်လို့ပြောဖို့ခက်သလို အင်အားနည်းပေမယ့် အတွေးအခေါ်နဲ့စိတ်ဓါတ်
ကျစ်လစ်ခိုင်မာရင်
ချိနဲ့နဲ့အဖွဲ့အစည်းလို့မြင်လို့မဖြစ်ပါဘူး။
ဦးစီးဦးဆောင်ပြုသူတွေအပေါ်
အကဲဖြတ်ရာမှာ လူပုဂ္ဂိုလ်ရဲ့စိတ်နေသဘောနဲ့ ပြဿနာပေါ်မှာစိတ်ထားပုံကိုဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေမှာ
ပြဿနာ၊ သမိုင်းကြောင်းနောက်ခံ၊ အခင်းအကျင်းနဲ့ ဝန်းကျင်တွေလည်းတူနေတယ်၊
ခေါင်းဆောင်ဖြေရှင်းမယ့်လူရဲ့ စိတ်အနေလည်းတူနေဦးတောင်၊ ပြဿနာအပေါ်၊ ဆွေးနွေးဘက်အပေါ်နဲ့ ကြားလူအပေါ်ထားတဲ့စိတ်ထားကပဲ
ရလဒ်ကောင်း/မကောင်းကို အဆုံးအဖြတ်ပေးသွားတတ်ပါတယ်။ လူတချို့ဟာ စိတ်အနေအလွန်ကောင်းကြပေမယ့်
စိတ်အထားမတတ်လို့ မိမိနဲ့ဝန်းကျင်ကိုပါ ထိခိုက်နစ်နာရတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့
ခေါင်းဆောင်တွေရဲ့ ပင်ကိုယ်စိတ်အနေနဲ့ ပြဿနာအပေါ်ထားတဲ့ စိတ်အထားကိုလည်း ကြားလူက အနီးစပ်ဆုံးမှန်အောင်အကဲဖြတ်နိုင်ဖို့လိုပါလိမ့်မယ်။
သောတရှင်များခင်ဗျား…အကဲဖြတ်ချက်တွေပြီးတဲ့အခါ
ဘယ်လိုချဉ်းကပ်မလဲဆိုတာတွေးရမယ်ထင်ပါတယ်။
နှစ်ဘက်မျက်နှာချင်းမဆိုင်နိုင်သေးခင်မှာ
နှစ်ဘက်လုံးကိုထိတွေ့ပြီး အဝင်အထွက်လုပ်ရမှာမို့ ကြားလူကို
နှစ်ဘက်လုံးကသံသယကင်းဖို့၊
အမြင်ရှင်းဖို့နဲ့ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုလို့
ဆိုလိုက်တော့
ဟိုဘက်ဒီဘက်ပြောတာမှန်သမျှကို မခြွင်းမချန်ပြန်ဖေါက်သည်ချရမယ်လို့
မဆိုလိုပါဘူး။ ဘယ်ကိစ္စကို
ဘယ်အချိန်ထိ ထိန်းထားမယ်၊ ဘယ်အချိန်မှာ ဘယ်လောက်ထုတ်ပြန်ပေးမယ်၊ ဘယ်တော့မှ
အကုန်ချပြမယ်စတဲ့ ရွေးချယ်ဆုံးဖြတ်တာတွေကို ကြားလူက ချိန်ချိန်ဆဆ
လုပ်ရမှာဖြစ်ပါတယ်။ အပြင်ကိုထုတ်ပြလို့မရသေးတဲ့ကိစ္စတွေကို
လုံးဝမပေါက်ကြားအောင် ထိန်းထားဖို့လိုသလို၊ တရားဝင်ထုတ်ပြန်ချိန်မှာလည်း
နှစ်ဘက်သဘောတူမှုပါရမှာဖြစ်ပြီး၊ တိတိကျကျနဲ့ချိန်သားကိုက်ဖြစ်ဖို့
အလွန်အရေးကြီးပါတယ်။
သောတရှင်များခင်ဗျား…နောက်အပတ်တွေမှာ
ဝန်းကျင်၊ နေရာ၊ လူနဲ့အချိန်ရွေးချယ်မှုတွေအကြောင်း ဆက်လက်တင်ပြဆွေး နွေးပါရစေ။
နောက်အပတ်ဆက်ပါဦးမယ်။ကျနော်မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment