Saturday, March 2, 2013

ခတ္တိယဆိုတဲ့လူတန်းစားတစ်ရပ် ရှိတယ်။

0 comments
ခတ္တိယဆိုတဲ့လူတန်းစားတစ်ရပ် ရှိတယ်။ (ဒီစာစုလေးဖတ်မိတော့ ရာဟုလာသံကိစ္စည်းရဲ့ ဗော်လဂါမှ ဂင်္ဂါသို့ကို အမှတ်ရမိတာအမှန်ပဲ။ ဒီစာစုလေး ကိုတွေ့တာက https://www.facebook.com/zaw.lin.355 ဆီကပါ။ သူရေးတာလို့မပြောထားသလို ဘယ်သူရေးတာလို့လည်း ညွှန်းမထားလေတော့ သူ့ဆီကတွေ့တယ် ယူတယ် ပြန်တင်တယ်ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်)
စစတုန်းကတော့ ဒီလိုပဲ အများသူငါ သာမန်လူတွေကပေါက်ဖွားလာကြတဲ့သူတွေပါပဲ၊ တိုင်းပြည်အတွက် လိုအပ်တဲ့စစ်တွေဘာတွေမှာ ဝင်တိုက်တယ်။ ဒါပေမယ့် နောက်ပိုင်းကြတော့ ဒီလူတွေက လှေကြီးပေါ်လှေငယ်ဆင့်ပြီး လူတန်းစားအသစ်တစ်ရပ်အဖြစ် လက်ရုံးအားကိုးနဲ့ သီးသန့်ထူထောင်လိုက်ကြရော။
သီးသန့်လူတန်းစားကနေ နောက်တော့ သီးသန့်လူမျိုးစုဆိုပြီး လုပ်ချလိုက်တယ်၊ သူတို့က စစ်တိုက်မယ့် တိုင်းပြည်အုပ်ချုပ်မယ့်သူတွေပေါ့။ ဘယ်လောက်တောင်လုပ်လာသလဲဆို မျိုးဆက်သစ်လက်ထပ်ထိမ်းမြားတာတောင် သူတို့အုပ်စုထဲက အချင်းချင်းပဲလက်ဆက်ကြတဲ့အထိ။ ဗုဒ္ဓမြတ်စွာအလောင်းလျာ သိဒ္ဓတ္ထမင်းသားရဲ့သကျသာကီအမျိုးအနွယ်တွေဟာ အဲဒီ ခတ္တိယတွေပေါ့။
တိုင်းပြည်ကို သူတို့စိတ်ကြိုက်စီမံခန့်ခွဲကြိုးကိုင်မယ် ကျန်တဲ့ပြည်သူတွေက သူတို့စေတဲ့ကျွန် ထွန်သည့်နွားပဲ။
မေမြို့ဒီအက်စ်အေရဲ့မူလရည်မှန်းချက်က အာရှရဲ့ဝက်စပွိုင့်ဖြစ်ဖို့ပဲ၊ ပရော်ဖက်ရှင်နယ် စစ်အရာရှိကောင်းတွေ မွေးထုတ်ပေးဖို့။
ဒါပေမယ့် အာဏာရှင်ဦးနေဝင်းလက်ထက်မှာ ပလေတိုရဲ့သမ္မတနိုင်ငံကျမ်းထဲက ဖီလိုဆိုဖာဘုရင် သင်တန်းကျောင်းဆိုတာနဲ့ပေါင်းစပ်ပြီး အော်တိုခရက်အသစ်လေးတွေ မွေးထုတ်ရာကျောင်းတော် ဖြစ်လာတယ်။ ဒါပေမယ့် မြန်မာတွေရဲ့ထုံးစံအတိုင်း ရီပါ့ဗလစ်ကျမ်းထဲကလိုမဖြစ်ပဲ ဖားတစ်ပိုင်းငါးတစ်ပိုင်းနဲ့ မြန်မာ့နည်းမြန်မာ့ဟန်ခတ္တိယအနွယ်တွေ ဖြစ်သွားကြကုန်ရော။
ဒီအက်စ်အေ၊ အိုတီအက်စ် အကုန်အတူတူပဲ။ ခေါင်းထဲကို မြန်မာ့ခတ္တိယစိတ် အရိုက်သွင်းခံထားရတဲ့ သူတွေ။ ဒေါက်တာစိုးမင်း ပြောပြောနေတဲ့ မြန်မာနိုင်ငံရဲ့အကောင်းဆုံး လူ့အရင်းအမြစ်အစုအဖွဲ့ကြီးဆိုတာ ပေါလို့ကြောင်လို့မဟုတ်ဘူး သူ့ခေါင်းထဲ အဲသလိုအသွင်းခံထားရလို့ သူ လုံးဝယုံကြည်နေတာ။
(ဒီကနေ့) ရန်သူတွေကိုသုတ်သင်နေတဲ့တပ်မှူး (မနက်ဖြန်) ခေါင်းပေါင်ဖြူစတလွင်လွင်နဲ့လွှတ်တော်ဥက္ကဌ (သဘက်ခါ) သာသနာရေးဝန်ကြီးဆိုတာမျိုးက တော်ရုံ မိုင်းဆက် Mindset (စိတ်အခံ/အစွဲ)နဲ့ လုပ်နိုင်တာမှ မဟုတ်တာပဲ။ လေတပ်ဗိုလ်ချုပ်က ဆက်သွယ်ရေးဝန်ကြီးတက်လုပ်တာလည်း ဒီမိုင်းဆက် Mindset (စိတ်အခံ/အစွဲ)နဲ့ပဲ။
ဒီမိုင်းဆက် Mindset (စိတ်အခံ/အစွဲ)ကြီးက တော်တော်လေးကို စွဲမြဲကြီးမားနေပြီ။ ဒါကို ဘေးတီးပေးတဲ့ သတင်းစာဆရာတွေကလည်း ရှိသေးတယ်၊ အတိုက်အခံမှာ ဘာခိုင်မာတဲ့လူ့အရင်းမြစ်ရှိလို့လဲတဲ့။  စဉ်းစားကြည့်စမ်းပါဗျာ...စိုက်စရိတ်ကြွေးပြန်ဆပ်ဖို့ ထမင်းတနပ်လျှော့စားပါလို့ပြောတဲ့ဝန်ကြီးလို အရည်အချင်းမျိုးလေးလောက်တောင် အတိုက်အခံအဖွဲ့အစည်းမှာ မရှိနိုင်တော့ဘူးတဲ့လား။
အင်းဒီယားမှာ ဇာတ်ခွဲစနစ်ခိုင်မြဲနေတာ အခွဲခြားခံရတဲ့လူအများကိုက ခွဲခြားမှုကိုသက်ဝင်ယုံကြည် နေကြလို့တဲ့၊ ဥပမာ ဘက်စ်ကားပေါ်မှာ ဗြဟ္မဏတွေ ခတ္တိယတွေထဲတစ်ယောက်ယောက်ပါလာရင် ကျန်တဲ့ဇာတ်နိမ့်တွေက ထိုင်ခုံပေါ်မထိုင်ရဲကြတော့ဘူးတဲ့၊ ဇာတ်မြင့်က မထိုင်ခိုင်းတာမဟုတ်ဘူးနော် သူတို့ကိုယ်က တတန်းတည်းမထိုင်အပ်ဘူး မထိုင်ထိုက်ဘူးလို့ သက်ဝင်ယုံကြည်နေကြတာ။

စစ်တပ်ဟာ အရည်အသွေးပြည့်ဝတဲ့ လူသားအရင်းအမြစ်ကြီးလို့သက်ဝင်နေတာ စစ်သားတွေတင်မကဘူး ပြည်သူတွေပါ လိုက်ယုံနေကြတာ၊ ဒီ မိုင်းဆက်Mindset (စိတ်အခံ/အစွဲ)ကြီး ပျက်မသွားရင် နောင် (၁၀) စု နှစ် တစ်ခုနှစ်ခုလောက်ဆို မြန်မာ့ခတ္တိယအနွယ်ဆိုပြီး ဘက်စ်ကားပေါ်ကျနော်တို့ ထိုင်ခုံပေါ်ကဆင်းပေးရမယ့် လူတန်းစားတစ်ရပ်ပေါ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

0 comments:

Post a Comment