Thursday, March 7, 2013

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၄-(မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၄၄-(မျိုးမြင့်ချို) မတ် ၇ ရက် ၂ဝ၁၃ နေ့ကအာရ်အက်ဖ်အေမှထုတ်လွင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..နဝတနဲ့ကေအိုင်အိုတို့ရဲ့အပစ်ရပ်စာချုပ်ပါ အချက်အလက်တွေကို ဆက်လက်တင်ပြပါ့မယ်။ စာချုပ်ရဲ့အပိုဒ်ကြီး(၄)အပိုဒ်ငယ် (ဇ)မှာ ကေအိုင်အိုတပ်ဖွဲ့ဝင်ဖြစ်သောကြောင့်သော်လည်းကောင်း ထောက်ခံအားပေးမှုကြောင့်သော်လည်းကောင်း တရားဥပဒေအရ အရေးယူထားသူများအား နိုင်ငံတော်အစိုးရက သက်ညှာစွာစဉ်းစားပေးရန်လို့ဆိုထားပါတယ်။ အဲဒီမှာဆိုထားတဲ့ တရားဥပဒေအရ အရေးယူထားခံရတယ်ဆိုတဲ့လူတွေဟာ ကေအိုင်အိုတွေနဲ့ ကေအိုင်အိုကိုထောက်ခံအားပေးသူတွေကိုရည်ညွှန်းတာဖြစ်တဲ့အတွက် ရာဇဝတ်သားနဲ့ရာဇဝတ်မှုတွေလို့ ဆိုလိုတာမဟုတ်ကြောင်းထင်ရှားပါတယ်။ ဒါဆိုရင် သူတို့ကို အရေးယူထားတဲ့ဥပဒေနဲ့ ပြစ်မှုပြစ်ဒဏ်တွေအကြောင်း အကြမ်းဖျဉ်းသဘောလောက်ဖြစ်ဖြစ် သိထားရင်ကောင်းမယ်လို့ယူဆပါတယ်။

ကိုလိုနီခေတ်ဦးကာလ ၁၉ဝ၈ ခုနှစ်ထဲမှာ ဗြိတိသျှနယ်ချဲ့တို့ မြန်မာပြည်မှာ မတရားသင်းဥပဒေဆိုတာကို စပြီးပြဋ္ဌာန်းခဲ့ပါတယ်။ ပြဌာန်းရတဲ့ရည်မှန်းချက်က သူ့ကျွန်မခံချင်လို့လက်နက်ကိုင်တော်လှန်နေကြတဲ့လူမျိုးစုံပြည်သူတွေနဲ့ ထောက်ခံအားပေးသူမှန်သမျှရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို နှိပ်ကွပ်အညွန့်ချိုးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်ချဲ့အင်္ဂလိပ်ဟာ အဲဒီဥပဒေ စပြုခဲ့တဲ့ ၁၉ဝ၈ ကနေ လွတ်လပ်ရေး ပေးရတဲ့အချိန်အထိ အနှစ်လေးဆယ်နီးပါးကာလမှာ မတရားသင်းအဖြစ် သူတို့ကိုယ်တိုင် ကာယကံမြောက်ကြေညာခဲ့တဲ့နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုမှမရှိခဲ့တာကတော့ ထူးခြားချက်ဖြစ်ပါတယ်။ ဒါ့ပြင် အဲ့ဒီမတရားသင်းဥပဒေပုဒ်မတွေနဲ့ စွပ်စွဲအရေးယူခံခဲ့ရတဲ့ ပမာဏဟာလည်း လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်ကာလတွေကထက်စာရင် မပြောပလောက်ဘူးလို့ဆိုရမယ်ထင်ပါတယ်။ အမျိုးသားသွေးစည်းညီညွတ်မှုပြိုကွဲခဲ့တာနဲ့အတူ ပြည်တွင်းစစ်ဖြစ်လာတော့ အစိုးရက သူ့ကိုတိုက်နေကြတဲ့ ပါတီအဖွဲ့အစည်းမှန်သမျှကို မတရားသင်းအဖြစ်ကြေညာခဲ့ပါတယ်။ နောက်ပိုင်းအစိုးရတွေကြေညာခဲ့လို့ မတရားသင်းဖြစ်ခဲ့ရတဲ့ အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်။ မတရားသင်းအရင်အကြေညာခံရပြီးမှ တောထဲရောက်ကြသူတွေရှိသလို၊ တောထဲ အရင်ရောက်ပြီးမှ မတရားသင်းအကြေညာ ခံရတာမျိုးလည်းရှိတတ်ပါသေးတယ်။

မတရားသင်းဥပဒေမှာပုဒ်မခွဲတွေနဲ့ ဥပဒေဆိုင်ရာအခြင်းအရာတွေ အမြောက်အများရှိပေမယ့် ခု ပြောနေတဲ့အကြောင်းအရာနဲ့ အဆက်အစပ်လည်းရှိတဲ့အပြင် အရေးလည်းပါတဲ့ပုဒ်မတချို့ကိုပဲဆွေးနွေးပါရစေ။ အရင်ဆုံးပြောချင်တာက ပုဒ်မ(၁၇/၂) ဖြစ်ပါတယ်။ သူ့သဘောက အစိုးရနဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတခုခုမှာ ကိုယ်တိုင်ပါဝင်ဦးဆောင်အမှုထမ်းနေသူ၊ တိုက်ရိုက်ဆန့်ကျင် တိုက်ခိုက်နေသူတွေကိုစီရင်တဲ့အခါမှာသုံးပြီး ပြစ်ဒဏ်အနေနဲ့ အနိမ့်ဆုံးထောင်ဒဏ် (၃)နှစ်ကနေ အမြင့်ဆုံး(၅)နှစ်အထိချရမယ်လို့ ဆိုထားပါတယ်။ ပုဒ်မ(၁၇/၁)က တော့ အဲ့ဒီအသင်းအဖွဲ့တွေနဲ့ဆက်သွယ်ပြီး အောက်ခြေအဆင့်မှာပံ့ပိုးကူညီပေးမှုပါ။ ပြစ်ဒဏ်အနေနဲ့က အနိမ့်ဆုံးထောင် (၂)နှစ်ကနေ (၃)နှစ်အထိ ချမှတ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အမြင့်ဆုံးထောင်ဒဏ် ကိုသာအချများပြီး ၁၉၈၈ ခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ ဥပဒေပါထက် မကတဲ့ပြစ်ဒဏ်တွေနဲ့ မတန်တဆထောင်ချ ခဲ့တာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီပုဒ်မနဲ့ အစွပ်စွဲခံခဲ့ရသူဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..တကယ်တမ်းပြန်တွေးကြည့်ရင် အဲ့သလိုဥပဒေမျိုးဟာ လွတ်လပ်တဲ့တိုင်းပြည်တပြည်မှာ ရှိကိုမရှိသင့်တာပါ။ လွတ်လပ်ရေးရပြီးနောက် အစိုးရအဆက်ဆက်ဟာ အဲ့ဒီဥပဒေကိုဖျက်သိမ်းပြစ်ရမယ့်အစား ပိုပြီးတွင်တွင်ကျယ်ကျယ်သုံးလာခဲ့တာ ခုချိန်ထိပဲ ဖြစ်ပါတယ်။ တောထဲကလူတွေကို(၁၇/၂)နဲ့ဆွဲသလို မြေပေါ်မှာရှိတဲ့ကျောင်းသား၊ ရဟန်းသံဃာ၊ နိုင်ငံရေးပါတီဝင်၊ အလုပ်သမားလယ် သမားတွေကိုလည်း သူပုန်ဆက်သွယ်မှုဆိုတဲ့(၁ရ/၁)နဲ့စွဲပြီးထောင်ချလို့ မဆီမဆိုင်ထောင်ထဲရောက်လာသူတွေ မနည်းလှပါဘူး။ နီးရာဓါးကြောက်ရလို့ တဘက်အင်အားစုတွေနဲ့ မလွဲမရှောင်သာဆက်ဆံရင်း(၁၇/၁)တပ်ပြီး ထောင်အချခံရတဲ့တောသူတောင်သား အတော်များများနဲ့ ကျနော် ထောင်ထဲမှာဆုံခဲ့ဖူးပါတယ်။ ပိုပြီးဆိုးတာက ဒီရွာသူရွာသားတွေဟာ ပညာအခြေခံနဲ့နိုင်ငံရေးရေချိန်လည်း မမြင့်မားကြလေတော့ ကိုယ့်ကိုယ်ကိုယ်နိုင်ငံရေးမှုနဲ့အဖမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားဖြစ်မှန်းကိုတောင် မသိကြရှာပါဘူး။ မသိတာကို သိအောင် သက်ဆိုင်ရာကရှင်းမပြလေတော့ ကိုယ့်ကိုယ်ကိုလည်း ဘာအကျဉ်းသားမှန်းမသိရ၊ ကိုယ့်ရပိုင်ခွင့်ဘာရှိမှန်းလည်းမသိကြ ဖြစ်ရရှာပါတယ်။ (သိတယ်ဆိုတဲ့ ကျနော်တို့လည်း သိတ်တော့မထူးပါဘူး) ဒီလိုဖြစ်နေတဲအခြေအနေကို အခွင့်ကောင်းယူပြီး အာဏာပိုင်မျိုးစုံက အမြတ်ထုတ်ဗိုလ်ကျအနိုင်ကျင့်လို့ ပြားပြားဝပ်နေနေကြရတဲ့အဖြစ်တွေကို ကျနော် ကိုယ်တွေ့အဖြစ်သိမြင်ခဲ့ရပါတယ်။

သောတရှင်များခင်ဗျား..ခုဒီစာချုပ်မှာပြောတဲ့အတိုင်းဆိုရင်တော့ အဲ့ဒီပုဒ်မတွေနဲ့ဖမ်းထားတဲ့ကေအိုင်အိုကလူတွေနဲ့ ပတ်သက်သူတွေအပေါ် စစ်တပ်ကသက်ညှာစွာစဉ်းစားပေးရန်လို့ပဲဆိုလေတော့ အဲ့ဒီလူတွေအကုန်လုံးကို ခြွင်းချက်မရှိ အပြီးအပြတ်လွှတ်ပေးမယ့် သဘောမဟုတ် မှန်း သတိပြုမိကြမယ်ထင်ပါတယ်။ ကမ္ဘာပေါ်ကအခြားနိုင်ငံတွေမှာ တဘက်နဲ့တဘက် လောလောဆယ်အပစ်ရပ်ကြတယ် နောင်မှာငြိမ်းချမ်း ရေးစကားပြောကြမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ သူ့ဘက်ကိုယ့်ဘက်ဖမ်းထားတဲ့အကျဉ်းသားတွေကို လွှတ်ပေးရိုးထုံးစံရှိကြ ပါတယ်။ အခုဒီစာချုပ်မှာပါတဲ့ သက်ညှာစွာစဉ်းစားပေးရန်လို့ဆိုထားတဲ့အချက်ကတော့ အတော့်ကိုထူးဆန်းနေပါတယ်။ ကေအိုင်အိုဘက်ကပဲ သူ့လူတွေကို အကုန်နဲ့အပြီးအပြတ်မလွှတ်တောင် သက်သက်ညှာညှာလေးတော့စဉ်းစားပေးပါလို့ ခယဝယလုပ်ခဲ့လေသလား ဒါမှမဟုတ် ဒါလောက်ပေးလည်းဖြစ်ပါတယ်လို့ အလွယ်နဲ့ပြီးပြီးရောသဘောတူခဲ့လေသလားဆိုတာကတော့ ကာယကံရှင်တွေသာသိနိုင်မှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲမှာရှိနေတဲ့ အဖွဲ့အစည်းဝင်တွေ သက်ဆိုင်သူတွေကတော့ မိခင်အဖွဲ့အစည်းနဲ့အစိုးရ အပစ်အခတ်တော့ရပ်ကြပြီ၊ ငြိမ်းချမ်းရေးစကားပြောကြတော့မယ်၊ ဒါဆိုရင်တို့လည်း လွတ်ကြတော့မှာဆိုပြီး ဝမ်းသာရတော့မလိုဖြစ်ပြီးမှ  မျှော်လင့်ချက်နဲ့ဝေးခဲ့ရတဲ့ အဖြစ်မျိုးပါပဲ။ ပါးစပ်နားရောက်ခါမှအပုတ်ချခံလိုက်ရတဲ့ဟင်းဖတ်ကို နှမျောသလိုမျိုးဝမ်းနည်းမိကြမှာပါပဲ။ စိတ်ဓါတ်လည်းကျချင်စရာပါပဲ။ ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝမှာ အဲ့သလိုမျိုး စိတ်ထိခိုက်စရာတွေဟာ အချိန်နဲ့အမျှပြွမ်းတီးနေကြတာမို့ အလွန်ကြေကွဲစရာကောင်းလှပါတယ်။

သောတရှင်များခင်ဗျား...အခုဆွေးနွေးလက်စ အပစ်ရပ်စာချုပ်ပါအကြောင်းအရာတွေ ကျနော့်အမြင်လေးတွေကိုနောက်အပတ်တွေမှာလည်း ဆက်လက်တင်ပြပါဦးမယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment