Wednesday, March 13, 2013

နောက်ဖေးလမ်းကြားက အမုန်းတရား- လင်းထင်

0 comments
ဘီဘီစီပြည်တွင်းရုပ်သံ နံပါတ်(၁)လိုင်းမှာ နိုင်ငံရေး အထူးသဖင့် အစိုးရမူဝါဒရေးရာတွေအပေါ် ပရိတ်သတ်ကတိုက်ရိုက်မေးပြီး အစိုးရဝန်ကြီးအဆင့်နဲ့ ပါလီမန်အမတ်တွေ၊ အတိုက်အခံအမတ်တွေ ဘေးချင်းယှဉ်လာရောက်ငြင်းခုံ ဖြေဆိုကြတဲ့ Question Time ဆိုတဲ့ နာမည်ကြီး ပရိုဂရမ်ရှိတယ်။
၂ဝဝ၉မှာ ဘီဘီစီက အငြင်းပွားဖွယ်ရာဘာလုပ်သလဲဆို လင်္ကျာစွန်းရောက်အမျိုးသားရေးပါတီ (ဘီအဲန်ပီ)ကို လာဖြေတဲ့အထဲ ဝင်ပါပါဆိုပြီး ပထမဆုံးအကြိမ်ဖိတ်တယ်။ အဲဒီ့ဂယက်က အတော်ကြီးပြီး လူတွေဆန္ဒပြတဲ့အထိဖြစ်ကုန်တယ်။

အဲ့ဒီအချိန်ကအစိုးရ လေဘာပါတီမှာ ဘယ်လိုမူရှိသလဲဆို လေဘာဟာ ဘယ်တော့မှ ဘီအဲန်ပီနဲ့ တစ်စင်ထဲအတူမတက်ဖူးဆိုပြီး ချမှတ်ထားတယ်။ ကျန်တဲ့ အတိုက်အခံပါတီတွေဖြစ်တဲ့ ကော်န်ဇားဗတစ်ဗ်နဲ့လစ်ဘရယ်ဒီမိုခရက်ကလည်း Question Time မှာ ဘီအဲန်ပီနဲ့ အတူမထိုင်နိုင်ဘူးလို့ကန့်ကွက်တာပဲ။

ဘီဘီစီဟာ ပါလီမန်ကတဆင့် ပြည်သူ့ဘဏ္ဍာငွေ (အစိုးရဘတ်ဂျက်)ကို ရယူသုံးစွဲတာမှန်ပေမယ့် လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ အောက်မှာ လည်ပတ်တာဖြစ်တယ်။ လေဘာအစိုးရအနေနဲ့ အဲဒီ့အုပ်ချုပ်ရေးအဖွဲ့ထိအောင်တက်ပြီး ဘီအဲန်ပီ Question Time မှာ မပါရလေအောင် တောင်းဆိုအယူခံပေသိ မအောင်မြင်ဘူး။

ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးပါတီအားလုံးကို တန်းတူအခွင့်အရေ ပေးရမယ်ဆိုတဲ့မူကို ကိုင်စွဲပြီး ဘီဘီစီက ဘီအဲန်ပီကိုဖိတ်တဲ့ သူ့ဆုံးဖြတ်ချက်အပေါ် အတည်ပြုတယ်။ လွှင့်တဲ့ညမှာ ဘီအဲန်ပီခေါင်းဆောင်နဲ့အတူ လေဘာဘက်က အဲဒီ့အချိန်က တရားရေးဝန်ကြီး တက်တယ်။ ဝန်ကြီးချူပ်ဘရောင်းက ဘီအဲန်ပီနဲ့ တစင်ထဲမတက်ဖူးဆိုတဲ့လေဘာမူကိုပြင်တာ မဟုတ်ဘူး၊ နောင်လည်း အခြေအနေ အကြောင်းအရာပေါ်လိုက်ပြီး ဆုံးဖြတ်မယ်၊ အခု လူ့အဝန်းအ၀ိုင်းကိုဖျက်စီးတဲ့ သူတို့ရဲ့ ရေးဆစ် Racist မျက်ကန်းအယူကို လူပုံအလည် ဖွင့်ချဖို့အခွင့်အရေးပဲဆိုတဲ့သဘော ပြောတယ်။

ကော်န်ဇားဗတစ်ဗ်ဘက်က လာတက်တာဆို ဗြိတိသျှမွတ်ဆလင်အမျိုးသမီးပါလီမန်အမတ် သူကောင်းဘွဲ့ရ Sayeeda Hussain Warsi ဖြစ်တယ်။ အမေရိကန်-ဗြိတိသျှလူမည်းစာရေးဆရာ ပြဇာတ်ရေးဆရာ Bonnie Greer လည်း ရှိနေတယ်။

ဒါတွေ အရှည်ကြီးဇာတ်ကြောင်းပြန်ရတာ အဓိကအချက်ကတော့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ နိုင်ငံရေး လက်ဝဲလင်္ကျာမရွေး အမျိုးသားရေးအစွန်းရောက်များအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ မြင်သာစေ့ချင်တဲ့အတွက်ဖြစ်တယ်။

အမုန်းတရားကို ကိုယ်တိုင်လှုံ့ဆော်ဖြန့်ဝေဖို့နေနေသာသာ ဒီအယူရှိသူမျိုးတွေနဲ့ တစ်မိုးထဲအောက် တစ်ခဏနေဖို့တောင် သူတို့ရဲ့ စာရိတ္တကျင့်ဝတ်နဲ့ယဉ်ကျေးတဲ့စိတ်က အတော်အခက်တွေ့ရတယ်။ ကျနော့် အရင်တစ်ပို့စ်မှာဆိုခဲ့ပြီးသလို အမျိုးသားရေး အစွန်းရောက်ဝါဒဟာ မသတီစရာ ရှက်စရာကောင်းလှကြောင်း မျက်မှောက်ပြုနှင့်ပြီးဖြစ်တယ်။

အရင်းရှင်ယန္တယား ချွတ်ခြုံကျဖွတ်သရွတ်လိုက်တဲ့ဒဏ်ကြောင့် အမျိုးသားရေးအစွန်းရောက်တရားခေါင်းကြွလာသယောင် ဥရောပမှာ အနည်းငယ်တွေ့ရပေသိ လူအများကြားထဲ ဝံ့ကြွားစွာ ခေါင်းမော့ရင်ကော့နိုင်တဲ့အထိပြန်မရောက်တော့ဘူး။ အမုန်းတရားကို အမုန်းတရားပါလို့ ဝန်ခံ မဟောနိုငကြတော့ဘူး။

ဒီကမ္ဘာမှာ အမည်းမုန်း မွတ်ဆလင်မုန်းတရားတင်မက (ခင်ဗျား အမေရိကန်နဲ့အစ္စရေးလ်လူပါးဝမှုကို ကွယ်လွန်သူရဲဘော်ကြီး အူဂိုချားဗက်စ်လို ရဲစွာ ဖွင့်ချအပြစ်ဆိုနိုင်ပေသိ) အဖြူမုန်း ဂျူးမုန်းတရားကိုတော့ မည်းမှောင်ညစ်ထေးသော လူကောင်းသူကောင်းမစုစည်းသောနောက်ဖေးလမ်းကြားမှာပဲ ပြောနိုင်လိမ့်မယ်၊ ဒီခေတ် ယဉ်ကျေးသောလူ့အဖွဲ့အစည်းရဲ့အိမ်ဦးခန်းမှာတော့ နေရာမပေးတော့။ လင်းထင်
https://www.facebook.com/linayehtin

0 comments:

Post a Comment