Monday, March 4, 2013

မေပယ်လ်ရွက်နီနှင့် စိန့်တိုင်းသားတွေအနေများတဲ့မြို့ (၄) မျိုးမြင့်ချို

0 comments
မေပယ်လ်ရွက်နီနှင့် စိန့်တိုင်းသားတွေအနေများတဲ့မြို့(၄) (မျိုးမြင့်ချို) ကောင်မလေးညွှန်သည့် John ထဲရောက်တော့ ရွှေပြည်ကြီးက ဈေးအိမ်သာတွေကိုပင် သတိရချင်စရာ။ အနံ့အသက်နှင့်သန့်ပြန့်မှု တစေ့မျှမရှိ။ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတနိုင်ငံရှိ ဓါတ်ဆီဆိုင်တဆိုင် ဤမျှညံ့ဖျင်းလှသည့် အများသုံးအိမ်သာတလုံးရှိနေသည်မှာ ယုံချင်စရာ မကောင်းလှ။ ထိုစိတ်ကြောင့်ထင်၏ ဓါတ်ပုံလည်းမရိုက်ဖြစ်။ ရိုက်ခဲ့ရကောင်းသားဟု နောက်မှတွေးမိ၏။ ယခု ဤအကြောင်းပြောတော့ မလေးရှားကမိတ်ဆွေကို အမှတ်ရမိပြန်၏။ အောက်တွင် သူနှင့်မိမိပြောဖြစ်ခဲ့ကြသည့်စကားများအား ဖော်ပြမည်တွေးမိ၏။

သူက တရက် “ခင်ဗျား အမေရိကားမှာကြိုက်တဲ့ဟာတွေထဲက (၃)ခုလောက်ပြောပြပါလား.. နိုင်ငံရေးဘာညာ အဲ့လိုအကြီးကြီးတွေမဟုတ်တဲ့ အထဲကပေါ့”ဟု မေးဖူး၏။ ကျနော်က “တစ်တခုက ရေဗျာ။ ဒီကရေက ဗမာပြည်လိုဆို ရေသန့်ချည်းပဲလို့ ပြောရမယ်မှတ်တာပဲ။ ရောက်စက တက်ရတဲ့ “အမေရိကန်မှာဘယ်လိုနေ”သင်တန်းလေးမှာ ပန်းကန်ဆေးလက်ဆေးပိုက်က လာတဲ့ရေလည်း သောက်ရေဖြစ်ကြောင်းရှင်းပြရုံတင်မကဘူးဗျ..သူတို့လည်းသာက်ကြတယ်။ အဲ့ဒီရေလည်း သောက်လို့ရတဲ့အဆင့်အထိသန့်ထားပြီးသားပေါ့ဗျာ။ ဒီ့ထက်ပိုသန့်တဲ့ရေ ဝယ်သောက်ချင်လည်းသောက်ပေါ့ဗျာ။ တချို့ကျတော့ အိမ်ကရေပိုက်ခေါင်းမှာ ရေသန့်စက်အသေးစားလေးတွေ တပ်တယ်တယ်ဗျ။ မြို့တွင်းန(စီးတီးလိမစ်အတွင်း) လူအများစုကတော့ ပိုက်ကရေပဲသောက်ကြတာပါ။ ရပ်ကွက်တိုင်းလိုလို ရေသန့်စနစ်နဲ့ရလှောင်ကန်ကြီးတွေရှိပြီး အဲ့ဒီကနေ ရေ ချပေးတာပေါ့။ အိမ်သာသုံးရေလည်း အဲ့ဒီကပဲဗျ။ ဆိုတော့ စိတ်သန့်ရင် အိမ်သာသုံးရေတောင် သောက်လို့ဖြစ်ပါတယ်။ တပြည်လုံး အများနဲ့ဆိုင်တဲ့နေရာတွေက သောက်ရေတွေလည်း ခုကျနော်ပြောတဲ့ရေပဲဗျ။ ဆိုတော့ ရေအတွက်စိတ်အေးရတယ်။ ဂျိုးဖြူရေလို စစ်ပြီးသောက်ဖို့မလိုသလို မြစ်ရေချောင်းရေလို ကျိုသောက်ဖို့လည်းမလိုဘူးဗျာ။ သောက်ရေကြောင့်ဖြစ်မယ့် ရောဂါဘယတွေအတွက် စိတ် သိတ်ပူနေစရာမရှိဘူးဗျ။ ရေနဲ့ပတ်သက်လို့ အဆင်အပြေတကာ့အပြေဆုံးကတော့ အပါ့တ်မင်န့်လို့ခေါ်တဲ့ အငှားအိမ်ခန်းတွေမှာနေတဲ့ ကျနော်တို့လို လူတွေအတွက်ပဲဗျ။ ကျနော်တို့က ရေဖိုးရော ရေဆိုးစွန့်ခကို သတ်သတ်ပေးစရာမလိုဘူးလေ။ စ အခန်းငှားကထဲက အပြီး ပြောပြီးသား အိမ်စာချုပ်မှာ။ အိမ်ရှင်ဘက်က ရေဖိုး(အဝင်/အထွက်)ကျခံရမည်ဆိုတာပါတယ်လေ။ ဒီနိုင်ငံမှာ ကိုယ်ပိုင်အိမ်နဲ့နေသူတွေက ရေဖိုးပေးရတယ်။ ဈေးကြီးလား မကြီးလားတော့မသိဘူးဗျာ။ ပေးတော့အများကြီး ပေးရတာဗျ။ အဝင်ရေထက် အထွက်ရေ(ရေဆိုးစွန့်ခ)က ပိုများတယ်။ အိမ်ပိုင်နဲ့နေသူတွေထဲမှာ မိသားစုလည်းကြီး ရေသုံးလည်းကြမ်းဆိုရင်တော့ တလတလရေဖိုးနဲ့တင် မချောင်ဘူးဗျ။ ဆိုတော့ ကြိုက်တာထဲကတခုမှာ သောက်ရေကိစ္စပါတယ်ဗျာ။

နောက်တခုက စာကြည့်တိုက်တွေဗျာ။ ဒီမှာ စာကြည့်တိုက်တွေကို အစိုးရနဲ့သက်ဆိုင်ရာဌာနတွေက ထောက်ပံ့ထားတာဗျ။ စာကြည့်တိုက်သွား မှတ်ပုံတင်တာ/ဝင်တာ ကဒ်လုပ်တာ ပိုက်ဆံမပေးရတဲ့အပြင် စာအုပ်တွေရုပ်ရှင်တွေလည်း အခမဲ့ငှားပေးတာဗျ။ နောက်ပြီး စာကြည့်တိုက်ကကွန်ပြူတာတွေနဲ့ အင်တာနက်အခမဲ့သုံးလို့ရသလို ကိုယ့်ကွန်ပြူတာယူသွားပြီး ဖရီးဝိုင်ဖိုင်ထိုင်သုံးလို့လည်းရတယ်ဗျာ။ စာကြည့်တိုက်ထဲဆိုတော့ လူဘယ်လောက်များများ တိတ်ဆိတ်ပြီး နားအေးပါးအေးပေါ့လေ။ တခုတော့ရှိတယ် သူတို့ကွန်ပြူတာက အချိန်အကန့်အသတ်တော့ရှိတယ်။ ကိုယ့်စက်ကိုယ်ယူသွား သုံးလို့ကတော့ စိတ်ကြိုက်ပေါ့။ နောက်တခုက ပရင့်ထုတ်တာဗျာ။ ကျနော်ရောက်စကအထိ စာကြည့်တိုက်ကဒ်ပြားရှိရင် ပရင့်တ်အခမဲ့ထုတ်လို့ရတယ်ဗျ။ ရွက်ရေအကန့်အသတ်တော့ရှိတယ်။ တကြိမ်ထုတ် ဘယ်နှရွက်ဆိုတာမျိုးပေါ့။ ခု နောက်ပိုင်း ပိုက်ဆံပေးရတယ်ဆိုပေမယ့် စတိသဘောလောက်ပါ။ ကျောင်းတွေမှာထုတ်ရင် ပေးရတဲ့နှုန်းလောက်ပဲဗျ။  စာမျက်နှာများလို့ အပြင်မှာထုတ်လို့ပေးရမှာနဲ့စာရင် ဒါမှမဟုတ် ကိုယ့်အိမ်သုံးပရင်တာမှာထုတ်လို့ ကုန်မယ့်မှင်ဖိုးနဲ့စာရင်တော့ အများကြီးသက်သာတာပေါ့။ စာကြည့်တိုက်က ငှားလာတာတွေ ရက်ထပ်တိုးချင်လည်း လူသွားစရာ/ဖုန်းဆက်စရာမလိုပဲ အွန်လိုင်းပေါ်တင်လုပ်လို့ရတယ်။ အချိန်စေ့လို့ ပြန်အပ်လည်း ကောင်တာသွား တန်းစီစရာမလိုဘူး အဆောက်အဦးအပြင်ဘက် ကားလမ်းဘေးတင် ပြန်အပ်ပစ္စည်းတွေထည့်တဲ့ မိုးလုံရေလုံပုံးကြီးတွေချပေးထားတာ။ အဲ့ဒီအထဲ ထည့်ခဲ့ရုံပဲ။ စာကြည့်တိုက်မှာလုပ်တဲ့ ပန်းချီပန်းပုအနုပညာပြပွဲ ပြိုင်ပွဲတွေတင်မကဘူး နိုင်ငံရေး လူမှုရေး ပညာရပ်ဆိုင်ရာဟောပြောပွဲတွေ အခမ်းအနားတွေလည်း အခမဲ့သွားလို့ တက်လို့ ကြည့်လို့ရတာဗျ။ ပြီးတော့ သတ်မှတ်ချိန်ရောက်တိုင်း စာကြည့်တိုက်တင်စာအုပ်တွေ အခွေတွေထဲကတချို့ကို ဈေးချပြီး ပြန်ရောင်းပေးတာလည်းရှိတယ်လေ။ ဈေးသိပ်ပေါတာ။ ဆြာအက်ဒွင် အာနိုးလ်ရဲ့ The Light of Asia ဒုတိယအကြိမ်ရိုက်ကို  ငါးမူး(ဆင့် ၅ဝ) နဲ့ရဖူးတယ်ဗျ။ စာကြည့်တိုက်လည်း အကြိုက်ထဲကတခုပေါ့နော။

အဲ့..နောက်ဆုံးတခုကတော့ အိမ်သာဗျာ။ မြို့တွင်းသွားသွား ဟိုင်းဝေးသွားသွား နေရာတိုင်းမှာ၊ ဓါတ်ဆီဆိုင်တိုင်းမှာ၊ စားသောက်ဆိုင်တိုင်း၊ အများနဲ့ဆိုင်တဲ့နေရာတိုင်းမှာ အိမ်သာထားပေးတာဗျ။ လက်ဆေးရေ၊ စက္ကူ၊ လေပူမှုတ်လက်ခြောက်ခံစက် စတာတွေအပြင် တချို့နေရာတွေဆို လက်လိမ်းပိုးသတ်ဆေးရည်ဗူးတွေပါ ထားပေးထားတာဗျ။ ကလေးတွေနဲ့မိသားစုလိုက်ကြီးဆိုရင် မိသားစုအိမ်သာခန်း ရှိတတ်ကြတယ်။ နောက်တခုက ချေးခံသေးခံမလွတ်သေးတဲ့ ကလေးတွေအတွက်ချးခံသေးခံလဲဖို့နေရာ၊ ဂျိုင်းထောက်/ဘီးတပ်ကုလားထိုင်သုံးသူတွေအဖို့ အိမ်သာထဲအထိ ပြေလျှောလမ်းနဲ့ အထိုင်အထအားပြုဖို့သံတန်းတွေလည်း နံရံပတ်လည်တပ်ပေးထားကြတာဗျ။ ဝါသနာပါရင် အိမ်သာအလကားတက်ရင်း မှန်ပါကြည့်လို့ရသေးတယ်ဗျ။ ဒီက အိမ်သာတိုင်းမှာ မှန်ရှိတယ်ဗျ။ ကိုယ့်အိမ်က အိမ်သာခန်းမှာလည်း မှန်တပ်ကြတာပဲလေ။ အများသုံးအိမ်သာတွေက နေရာတွေအလိုက် အနံ့အသက်၊ အသန့်အပြန့်၊ အကျယ်အဝန်း၊ အပြင်အဆင်နဲ့ ထားပေးပစ္စည်း စုံ/မစုံ တော့ ကွာတာပေါ့လေ။ ဒါပေမယ့် များသောအားဖြင့်တော့ အနံ့အသက်ကင်းကင်းနဲ့ သန့်သန့်ပြန့်ပြန့်ရှိကြပါတယ်။ မြို့တွင်းဓါတ်ဆီဆိုင်တွေဆိုလည်း အိမ်သာထားပေးရတာပဲ။ အဲ့ဒီအိမ်သာတွေရှိတော့ ဝင်ငွေနည်းပြီးအိမ်ထောင်ကြီးတဲ့ အမေရိကန်ဆင်းရဲသားမိသားစုအချို့အတွက် အတော့်ကိုအဆင်ပြေတာဗျ။ တအိမ်ထဲနေမိသားစုကလည်းကြီး၊ အိမ်သာကလည်းတခုထဲဆိုရင် မနက်မနက် အိမ်သာအလှည့်စောင့်ရတဲ့ဒုက္ခက နည်းတာမှတ်လို့။ ပြီးတော့ ရေဖိုးလည်းရှိသေးတယ်။ ဒီတော့ စောစောထ၊ ကားနှိုး၊ ဓါတ်ဆီဖြည့်၊ ဆေးလိပ်ဝယ်၊ အိမ်သာတက်၊ ရေဖိုးသက်သာ... ဆီဆိုင်မှာ၊ ချွေတာဖို့ရေး...ဆီဆိုင်ပြေးပေါ့လေ။ ခုပြောတာယုံရခက်ရင် ဆင်းရဲသားရပ်ကွက်ဓါတ်ဆီဆိုင်တွေမှာလုပ်တဲ့ ဗမာပြည်သားတွေ မေးသာကြည့်ဗျာ။ အမေရိကန်ဆိုပြီး နေရာတကာအထင်လည်းကြီးမနေနဲ့ဦး။ ဒါနဲ့တဆက်ထဲပြောရရင် ဟိုင်းဝေးပေါ်ရောက်တိုင်း ရွှေပြည်ကြီးကိုလွမ်းတယ်ဗျ။ ကျနော်တို့ငယ်ငယ်က ဗမာပြည်မှာ ခရီးဝေးသွားရင် လမ်းမှာ ဒရိုင်ဘာ/စပယ်ယာက ပေါက်တောရောက်ရင် ဝိတ်လျှော့ကြမယ်ဆိုတာကို သတိရရနေတယ်လေ။ သူများ ပေါက်ထားယိုထားလေးတွေမနင်းမိအောင် ကွင်းရင်းရှောင်ရင်း ချုံဖုတ်လေးတွေနာက် တယောက်နဲ့တယောက်မမြင်ချင်ယောင်ဆောင်ပြီး မြွေပါးကင်းပါး တောထိုင် ခဲ့ကြဖူးတာလည်း မမေ့ဘူးဗျ။ ဒီမှာ အိမ်သာနဲ့ပတ်သက်လို့ အဲ့ဒီဒုက္ခမျိုးတွေမရှိဘူးဗျာ။ ဆိုတော့ ဒီမှာကြိုက်တာထဲမှာ အိမ်သာလည်းပါတယ်ဗျ”

ကနေဒါက အိမ်သာလေးအကြောင်းပြောတော့ မလေးကမိတ်ဆွေကိုသတိရမိသလို မောင်ကိုယုကိုလည်း အောက်မေ့မိ၏။ မောင်ကိုယုဟု ဆိုလျှင် လူတွေက (ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်များ)ကိုတန်းကနဲမြင်တတ်ကြ၏။ ကျနော် မောင်ကိုယု၊ မောင်သော်ကတို့နှင့်အတူ ၁၉၈၉ ကာလက အင်းစိန်ထောင် (၂ တိုက်၊ ရင်ခွဲတိုက်ဟုလည်းခေါ်သည့်) ကြိုးတိုက်တွင် ကာလတိုတခု အတူနေခဲ့ဖူး၏။ (မှတ်ချက်-မောင်သော်ကနှင့် (၁၉၉ဝ/စက်တင်ဘာ ၂၅)အပြီးတွင် ကြိုးတိုက်တွင် တကြိမ်ပြန်ဆုံသေး၏။ ထိုအချိန်တွင် မောင်ကိုယု ကြိုးတိုက်တွင် မရှိတော့ဟုထင်၏) သည်တုန်းက သူက အင်န်အယ်လ်ဒီက လူကြီး၊ တတ်သိပညာရှင်။ ဥပဒေသမား၊ စာရေးဆရာ။ မောင်ကိုယုတွင် မောင်သစ်အမည်နှင့် ကလောင်ခွဲတခုလည်းရှိသေး၏။ ၁၉၈၅ လောက်က နံမည်ကြီးလစဉ်ထုတ်မဂ္ဂဇင်းအချို့တွင် မောင်သစ်ကလောင်နှင့် သရော်စာနှင့် အက်ဆေးလေးတွေရေး၏။ သူ့အက်ဆေးတွေထဲ ဖတ်ဖူးသည့်အက်ဆေးတပုဒ်၏အမည်က “အိမ်သာ”။ သူ့အက်ဆေးတွင် အိမ်သာမှအစချီကာ အိမ်သာ၏အသုံးဝင်မှု၊ အိမ်သာအမျိုးအစားများ၊ အိမ်သာအမည် စသည်ဖြင့်ရှေ့ပိုင်းတလျှောက်လုံး အိမ်သာဋီကာချည်းဖွဲ့လာရာမှ အဆုံးသတ်ခါနီးမှ ပြောချင်သည့်ဆီရောက်လာ၏။ ယင်းဝေါဟာရ မည်မျှလှပကြောင်း စကားနည်းနည်းခံပြီး “အကယ်၍ အိမ်သာဆိုသည့်ဝေါဟာရအား အိမ်သာတွင်မသုံးခဲ့ပါမူ မိမိကလောင်အမည်အား မောင်အိမ်သာဟုပင် ပြောင်းလိုက်ချင်ပါသည်” ဟုဆိုကာ အဆုံးသတ်ထား၏။ ဖတ်ရင်းပြုံးမိသလို ဟုတ်သားပဲဟုလည်း ထင်၏။ (စကားလုံးလွဲနိုင်ပါမည်) ကျနော် ငြိခဲ့ဖူးသည့် စာတပုဒ်ပင်။ ယခုကနေဒါက အိမ်သာသည်လည်း မိမိဘဝတွင် အမှတ်ရစရာတွေထဲကတခုအဖြစ် စာရင်းပေါက်ချေပြီ။

ဆက်ပါဦးမယ်။

မျိုးမြင့်ချို

မတ် ၄ ရက် ၂ဝ၁၃

0 comments:

Post a Comment