Wednesday, March 27, 2013

”အစွန်း” နဲ့ ”အစ”ထူတဲ့ပြည် (မျိုးမြင့်ချို)

0 comments
ဗမာပြည်မှာ လူမျိုးစုဘယ်နှစုရှိတယ်ဆိုတာ
ပြောတိုင်း တုတ်ထမ်းမပြောရပေမယ့် တုတ်တပြက် ဒါးတပြက် ဖြစ်ရမယ့်အပေါက်ချည်းပါပဲ။ လွတ်လပ်ရေးမတိုင်မီကကိစ္စခနထား.. ရပြီးခေတ်အာဏာရအစိုးရအဆက်ဆက်က သူနဲ့ ပလဲနံပသင့်တဲ့ ခန့်အပ်ခံရွှေဉာဏ် ရှင်တွေနဲ့ ညောင်ရေလောင်း သတ်မှတ်ပြဋ္ဌာန်းမှုတွေကြောင့် လူမျိုးစုအရေးဟာ ”အမယ်ဘုတ်ကယ်သူ့ချည်ခင်” ဖြစ်ရတယ်။ အဓိကလူမျိုးစုကြီးက ဘယ်နှစု၊ မျိုးတူစုက ဘယ်နှခု၊ သွေးတူစုကဘယ့်လောက် စတာတွေမှာ ခုချိန်ထိ တိကျပြီးအများစုလက်ခံတာမျိုးထက် အာဏာကိုင်ထားနိုင်သူတစုရဲ့ ”အများညီ ဤကျွဲဖတ်”ပြီး တည်ခဲ့ရတာချည်းပါပဲ။ တလောကပဲ လွှတ်တော်ထဲမှာဝန်တပါးက နာဂကို ချင်း အောက်ထား/မထား  စကားအမှားပေးလိုက်တော့ အသံတွေစီကနဲထွက်လာတာ သတိထားမိတယ်။ ဒီလိုနဲ့ပဲ လူမျိုးစုငယ်အချို့သူတို့ရဲ့ ပကတိသဘောဖြစ်တည်ရမှုနဲ့ သူတို့ကိုယ်ပိုင်ဥပဓိ Self Identity ကို ထိန်းဖို့အရေး အသေအလဲခုခံရင်း.. ကျားကုပ်ကျားခဲကာကွယ်ရင်း..တခါတရံမှာ ကျားနာခဲတွေဖြစ်ရတယ်။ ဒါလည်း အာဏာလက်ဆုပ်မဖြည်လိုသူတို့ရဲ့ လိုချိန်ရှို့ဖို့ချန်တဲ့ ”အစ”တစ်ခု ဖြစ်တယ်။

နောက်တချက်က ပတ်လည်ထိစပ်တိုင်းပြည်တွေက နယ်စပ်ခြင်းမို့ သူ့ဘက်ကိုယ့်ဘက် အကူးအလူးအဝင်အထွက်နဲ့ သွေးနှောဆင်းသက်လာသူတွေလည်း အနမတဂ္ဂ။ ကိုးကွယ်မှုအခံတူတဲ့အိမ်နီးခြင်းကိုကျ  ဘာသာရေးနဲ့ဖေါက်ခွဲပေးဖို့ခက်လေတော့ လူမျိုးအလိုက် သမိုင်းအမှိုက်ပုံကိုပြန်ဆွပြီး  အပုတ်နံ့ထောင်းထောင်းထစေတာ၊ သမိုင်းအနာဖေးခွာပြီး အမုန်းအာဃာတနဲ့သွေးစိမ်းရှင်စေတတ်တာလည်း အထင်အရှားရှိရဲ့။ ယိုးဒယားနဲ့တရုတ်ဟာ အဲ့သလို အိမ်နီးခြင်းတွေမို့ တချက်တချက်အစထွက်တယ်။ တခါ ကိုးကွယ်ရာအခံမတူတဲ့အိမ်နီးခြင်းကျတော့ ဘာသာရေး/လူမျိုးရေးပါသွေးထိုးသပ်လျှိုပြီး သွေးချောင်းစီးခိုင်းတာလည်း မမြင်ချင့်အဆုံး။ သွေးနှောသူကို လူလို့မသိမှတ်လိုလေတော့၊ ”လူမျိုးကိုသွေးနဲ့သတ်မှတ်တယ်”ပြောတော့ လက်ခုတ်သံဖြောက်ဖြောက် ထွက်လာတာလည်း တပြဿနာ။ လူကလူကိုလူလို့မြင်ရတာထက် ”ငါနဲ့ စကား/အသား/တရားစတာတွေ မှာမတူလို့” အခွင့်ရတိုင်း ရန်စဖော်ရ သွေးတောင်းကြတာ မကြာမကြာ။ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဟာ ဒီနေရာမှာ ဆောင်ဖို့ကောင်းတဲ့ဥဒဟာရုဏ်ပဲ။ ဒါလည်း နောက် ”အစ”တစ်ခု ဖြစ်လေတယ်။

နောက်တချက်က နယ်မြေပြဿနာ။ ဗမာပြည်ရဲ့နယ်မြေဒေသအသီးမှာ လူတွေဟာ အဝင်အထွက်နဲ့ လက်ယှက်ထိုးနေခဲ့ကြတာ ဆက်ဆံကူးလူးကြတာ ခုမှမဟုတ်ဘူး.။ ဗမာပြည်ရယ်လို့ စမပေါ်ခင်ကတည်းလို့ဆိုရင် မမှားဘူးထင်တာပဲ။ သူ့လူစုနဲ့သူ ကျင်လည်ရာအသက်မွေးကြတာပဲ။ ”မြေနဲ့မြစ်”အခြေခံကြီးပွားတဲ့ခေတ်က မြစ်ဝှမ်းကိုစီးမိပြီးကြီးထွားတော့ အများစုဆိုပြီး အလိုလိုနေရင်း လေသံကခတ်ထန်ထန်။ လူအများဆုံးအစုမို့ အကြီးဆုံးစစ်တပ်ထောင် စစ်ဘုရင်လိုင်စင်ရပြီး အခြားလူနည်းစုလူမျိုးသေးတွေကို ”ဒီနယ်မှာ မင်းတို့အများစုမို့ မင်းတို့အပိုင်စားစေ”ဆိုပြီး ကျွန်ခေါင်းလက်ကြာပွတ်အပ်ပြီး ဦးပိုင်အမည်ပေါက်ပေးတော့ ပဝေသဏီက ဓါးမဦးအတူချခဲ့ကြတဲ့၊ သူ့ထက်သေးတဲ့အနည်းစု အနေရကျုံ့ပြန်တယ်။ ကျွန်ခေါင်းရဲ့ကြာပွတ်ဒဏ်ကျောကော့အောင်ခံရင်း အစုသေးတွေဟာ လက်ဝေခံရဲ့လက်အောက်ခံ ဖြစ်ရပြန်တယ်။ ဟိုနေ့က UWSA  က ဝပြည်နယ်တောင်းတဲ့အသံ ထွက်လာတယ်။ အဲ့ဒီအသံကို စပီကာတပ်သူကတပ်ပေးတယ်။ တောင်းတာ/ မတောင်းတာ၊ ရတာ/မရတာ၊ ပေးတာ/မပေးတာ၊ ပေးသင့်တာ/မပေးသင့်တာ၊ ရခွင့်ရှိတာ/မရှိတာတွေ ခနထား။ မကြာခင်မှာ ဆွဲအထုတ်ခံရမယ့်အစနဲ့ပြဿနာအဖြစ် ထင်းလာတယ်။ ဝအမျိုးသားတွေနေကြတာက ရှမ်း ပြည်နယ်မှာ။ ရှမ်းနဲ့ဝလှည့်တိုက်ရင်း ဘယ်သူ့ဘက်ကဝင်ပင်းပြီး ဝကိုဖြိုမလဲ။ ဒါလည်း နောက်”အစ”တစ်ခု ဖြစ်လေမလား။

ပြောရရင် သပွတ်အူမျောတဲ့မြစ်ပဲ။ လှေကြီးပေါ် လှေငယ်ပဲ။ အသင့်ကွဲမယ့် ယမ်းပုံပဲ။ အချိန်စောင့် ချိန်ကိုက်ဗုံးပဲ။ အာရုံလွှဲစရာ ”အစ”တွေပဲ။ အဲဒီအစတွေဆွဲထုတ်တိုင်း လူတစုအရေးသမား၊ လူတမျိုးအရေးသမားနဲ့ လူမျိုးရေးအစွန်းသမားတွေသည်းခြေကြိုက်သမို့ အမျိုးသားရေးအလံထောင်ပြီး အလွဲမာနဇာတိပုညတွေနဲ့ ခါးတောင်းကျိုက်ကြ၊ လက်ရုံးဆန့်ကြ၊ ”တပ်မတော်နဲ့ပေါင်းတိုက်မယ်”တွေဖြစ်ကြလေတယ်။ မျိုးမြင့်ချို မတ် ၂၇၊ ၂၀၁၃


0 comments:

Post a Comment