Monday, March 11, 2013

“မြေသိမ်းလုယက်ပြီး အကြမ်းဖက်ခြင်းကို တွင်တွင်လုပ်လာနေတဲ့ စစ်အစိုးရ”(ရဲဘော် ဖိုးသံချောင်း)

0 comments
“မြေသိမ်းလုယက်ပြီး အကြမ်းဖက်ခြင်းကိုတွင်တွင်လုပ်လာနေတဲ့ စစ်အစိုးရ”(ရဲဘော် ဖိုးသံချောင်း) မုံရွာလက်ပံတောင်းတောင်၊ မအူပင်မလက်တိုကျေးရွာ အုပ်စု၊ ကျောက်ပန်းတောင်းနှစ်ကျပ် ခွဲကျေးရွာ၊ သုံးလအတွင်း ဗမာနိုင်ငံမှာ အစိုးရရဲ့ပလိပ်တွေရဲ့ အကြမ်းဖက်မှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကေအိုင်အေကို ဒီနေ့အထိ မပြတ်ဆက်တိုက် ထိုးစစ်ဆင်နေတာပါထည့်တွက်လိုက်ရင် ဗမာပြည်မှာ လူထုအပေါ်လက်နက်နဲ အကြမ်းဖက်ဖြေရှင်းနေတဲ့နှုန်းထားဟာ ကမ္ဘာမှာထိပ်ဆုံးထဲက ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။
ဒါကိုတခါ ထပ်အသေးစိတ်စူးစမ်းလိုက်ရင် ဗမာပြည်မှာ ဗိုလ်သိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရ တက်လာပြီးမှ၊ နောက်ပြီးဒီအစိုးရသက်တမ်းရှည်လာတာနဲ့အမျှ လူထုအပေါ်အကြမ်းဖက်မှုတွေ ပိုများလာတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီတော့ လူထုဘက်က မစဉ်းစားဘဲနေလို့မရတဲ့ ပြဿနာတွေ ပေါ်လာပါတယ်။
အဲဒါတွေက..
၁။ လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နင်းတာတွေဟာ ဘာလို့ မြို့ပြတွေမှာမဖြစ်ပွားဘဲ (အခုအခါ မြို့ပြတွေမှာ လူထုလှုပ်ရှားမှုတွေဟာလည်း မပြတ်ဖြစ်ပေါ်နေတာပါ) ကျေးလက်တွေမှာ ပိုဖြစ်ပွားနေတာလဲ။
၂။ အရင်ကတော့ ထစ်ခနဲရှိ စစ်တပ်ကိုခေါ်သွင်းလာလေ့ရှိတဲ့စစ်အာဏာပိုင်တွေဟာ ဘာဖြစ်လို့ အခုအခါမှာ ပုလိပ်ကိုချည်း လူမိုက်လုပ်ခိုင်းနေတာလဲ။
၃။ လူထုဆန့်ကျင်မှုတွေ နေရာအနှံ့မှာပေါ်နေတဲ့အကြားက လူထုရဲ့မြေတွေကိုလူထုသဘောမတူဘဲ သိမ်းယူတာတွေ ထပ်မံပေါ်ပေါက်နေ တာလဲ။(မတ်လ ၄ ရက်နေ့မှာဘဲ ရန်ကုန် သင်္ကန်းကျွန်းမှာ စစ်တပ်က မြေတွေသိမ်းလို့ လူထုဆန္ဒပြမှုတွေပေါ်ခဲ့သေးတယ်)
၎။ ဆန္ဒပြလူထုတွေကိုနှိမ်နင်းတဲ့အခါတိုင်း ပုလိပ်တွေက မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာဟာ နောက်ကနေအားပေးခွင့်ပြုထားတာရှိလို့လား။
၅။ လွှတ်တော်ကြီးရှိတယ်၊ စုံစမ်းရေးကော်မရှင်(လက်ပံတောင်းတောင်ကိစ္စ)တွေ ဖွဲ့ပါတယ်ဆိုတဲ့နောက်မှာ အကြမ်းဖက်မှုတွေ ဘာလို့ လျော့မသွားရတာလဲ။(စုံစမ်းရေးကော်မရှင်က ဘာအဖြေမှ မထုတ်နိုင်သေးတာကတော့ တပိုင်းပေါ့)ဒီမေးခွန်းတွေကိုအဖြေရှာရင်းပေါ်ထွက်လာတာက ဒီလိုနှိမ်နင်းမှုတွေဟာတိုက်ဆိုင်မှုတွေမဟုတ်ဘူး။ ပေါ်လစီအရ အစီအစဉ်တကျ လုပ်ကိုင်နေတာတွေဖြစ်တယ်ဆိုတာပါဘဲ။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ဒီနေ့ ဗမာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းနေပါတယ်၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်နေပါတယ်၊ အောင်မြင်မှုများလည်းရှိသလို စိန်ခေါ်မှုများလည်းရှိနေပါတယ်ဆိုတဲ့စကားတွေနဲ့မျက်ရည်ခံထိုးပြီး ကမ္ဘာလှည့် ပိုက်ဆံတောင်းနေချိန်မှာ ပြည်တွင်းမှာတော့ သူ့လူတွေက သူတို့ကို “အာခံ”သူတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်တာတွေ တိုးလုပ်နေပါတယ်။
တိုင်းပြည်မှာ အမျိုးသားရင်ကြားစေ့ရေးလုပ်တယ်ဆိုတာ အထက်ပိုင်းကလူတွေရဲ့အကျိုးစီးပွားတွေ အတွက်ဘဲ ရော့နင်တဖဲ့၊ ရော့ငါတဖဲ့။ နင်ကဘာတာဝန်ယူ၊ ငါကဘာတာဝန်ယူမယ် ဆိုတာမျိုး ဝေခြမ်းစားသောက်နေလို့နဲ့မရပါဘူး။
အောက်ခြေပြည်သူလူထုပါ ပါဝင်ခံစားရတဲ့စေ့စပ်မှုမျိုး ဖြစ်ရပါမယ်။ အခုဖြစ်နေတာက အထက်မှာ နှစ်ပါးကြည်လုပ်နေကြပြီး အောက်ခြေပည်သူလူထုအပေါ်မှာတော့ မစေ့စပ်စတမ်းအကြမ်းနည်းနဲ့ချည်း ဖြေရှင်းနေပါတယ်။ နောက်ပြီး အထက်ပိုင်းမှာ စည်းစိမ်တွေတိုးသထက်တိုးလာပြီး အောက်ခြေပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာနဲ့အကျိုးစီးပွားတွေကတော့
လျော့ပါးရင်းလျော့ပါးဖြစ်လာနေပါတယ်။ လယ်မြေတွေ ခြံမြေတွေ အသိမ်းခံရတာဟာ အဆိုးဆုံးအဆင့်ကိုရောက်နေပါပြီ။ တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားပိုင်ဓားမဦးချမြေတွေကို စစ်တပ်၊ အစိုးရဌာန၊ ကုမ္ပဏီစတာတွေက ပံ့သကူပစ္စည်းကောက်ယူသလို ထင်တိုင်းသိမ်းယူနေကြပါတယ်။ တနေ့ကဆိုရင် သမ္မတရဲ့အကြံပေးဆိုတဲ့လူကတောင် မြေသိမ်းတယ်ဆိုတာတွ့လိုက်ရပါတယ်။ တကယ့်ကို ကျားချေးလည်းကြောက်ရတဲ့ဘဝမျိုးပါ။
ဒါနဲ့တဆက်တည်း ဒီရက်ပိုင်းမှာ တွေ့လာရတဲ့တခုက ပုံနှိပ်ဥပဒေကြမ်းကိုထုတ်လာတာဖြစ်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်စကားတွေ ဖောင်ဖောင်ပြောနေတဲ့ကြားကထွက်လာတဲ့ဒီဥပဒေကြမ်းကို
ပြည်တွင်းပြည်ပမှာ ဆန့်ကျင်တုန့်ပြန်ကြတာတွေ ချက်ချင်းကြားလာရတာကို အားလုံးသတိပြုမိကြပါတယ်။ ဝက်အူတွေ တင်းတာကတော့ အသေအချာပါဘဲ။
ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးသိန်းစိန်ရဲ့အစိုးရဟာ ၂ နှစ်ကျော်သက်တမ်းအတွင်းမှာဘဲ အခုလို ကိုယ့်ဇာတ်ကိုယ်မနိုင်ဘဲ ဘီလူးထွက် ထွက်နေတာကိုကြည့်ရင် သူတို့ရဲ့စိတ်ရင်းကို အတိုင်းသားမြင်နိုင်ပါတယ်လို့ယူဆပါတယ်။ သူတို့ရဲ့ ပြည်သူလူထုအပေါ်အထင်သေး ရန်ညှိုးထားမှု၊ သူတို့ရဲ့အကျိုး(နိုင်ငံရေး - စီးပွားရေး)အတွက်ဆိုရင် တပြားဖိုးမှအလျှော့မပေးလိုမှု စတာတွေက ပေါ်ပေါက်လာတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာကြံ့ဖွတ်အစိုးရ နောက်ကြောင်းပြန်လှည့်တာ မဟုတ်ပါဘူး။ ဇာတိပြတာပါ။ ရဲဘော် ဖိုးသံချောင်း
၁၁ - ၃ - ၂၀၁၃
တကူးတကန့်စာရိုက်ပြီးဖေ့စ်ဘွတ်ခ်မှာတင်ပေးတာက ကိုအောင်မျိုးထွန်းပါ။ ကျနော်ကပြန်ကူးပြီး ပြန်ဝေမျှပေးရုံလောက်သာပါပဲ။

https://www.facebook.com/aungmyo.tun.52

0 comments:

Post a Comment