မျက်ကြည်လွှာထွက်သွားလို့ အရေးပေါ်မျက်စိခွဲစိတ်ထားရတာ ၂၁ ရက်ရှိသွားပါပြီ။ မျက်စိအခြေအနေတိုးတက်လာပေမဲ့ ဆရာဝန်က အပြည့်အဝအနားယူဖို့၊ မျက်စိကိုအလွန်အကျွံအသုံးမချဘို့ ညွှန်ကြားထားပါတယ်။ ဒီနေ့တော့ ဒါတွေကို မလိုက်နာနိုင်ပါဘူး။ လက်ပံတောင်းတောင်အစီရင်ခံစာထွက်လာတယ်ဆိုလို့ ကျန်တဲ့မျက်စိတစ်ဖက်နဲ့ ကြိုးစားပမ်းစား ဖတ်ကြည့်မိပါတယ်။ ဖတ်ပြီးတဲ့ အခါမှာလည်း ရင်ထဲမှာတစ်ဆို့ဆို့ကြီးခံစားရလို့ ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကို ချရေးမိပါတယ်။ပထမဆုံးပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက်တွေဟာ တစ်ခုခုကိုထိန်ချန်ထားသလို ခံစားရပါတယ်။ ပြောသင့်ပြောထိုက်တာတွေကို မပြောဘဲ၊ ထိန်ချန်ပြီး မရုတ်မလွန် မြွေမသေ၊ ဒုတ်မကျိုးပြောနေသလိုမျိုးဘဲခံစားရတယ်။ စီမံကိန်းရဲ့အားနဲချက်တွေကိုပြုပြင်ပြီး စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့အကြံပြုတာကို ဘယ်လိုမှဝေဖန်အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် အောက်ဖော်ပြပါအချက်အလက်တွေနဲ့ပတ်သတ်ပြီး ပိုပြီးတိတိကျကျသုံးသပ်ဆွေးနွေး၊ အကြံပြုရင်ကောင်းမှာဘဲလို့ ထင်မိပါတယ်။
(၁) ပတ်ဝန်းကျင်ရေးရာ
ဆန်းစစ်သုံးသပ်ချက်တွေက သိပ်ပြီးထူးထူးခြားခြားမပါရှိပါဘူး။
ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးလားဆိုသလို ပါဘဲ၊ ဒေသခံပြည်သူတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေပြောတဲ့အချက်တွေကို
ပြန်ပြီးတရားဝင်ဖြစ်အောင်ပြောတဲ့သဘော ဖြစ်နေ တယ်။ ကော်မရှင်ပါ ပညာရှင်တွေအနေနဲ့
အကန့်အသတ်၊ အခက်အခဲတွေအများကြီးရှိမယ်ဆိုတာကိုနားလည်တယ်။ ဒါပေမယ့် ကျားကိုက် တဲ့အပေါက်လေးက
ဘယ်လောက်နက်လဲ၊ လူသေမှာလားဆိုတဲ့ အချက်လေးတွေပါအောင် ဆန်းစစ်သုံးသပ်ပေးနိုင်ရင်
ကောင်းမယ်လို့ထင်ပါ တယ်။ အထူးသဖြင့် စီမံကိန်းကိုဆက်မလုပ်စေလိုတဲ့ဒေသခံတွေအနေနဲ့
ဒီစီမံကိန်းကြောင့်၊ မြေပေါ်မြေအောက်ရေညစ်ညမ်းမှုကြောင့်
ချင်းတွင်းမြစ်ထိခိုက်ပြီး၊ မုံရွာမြို့ကြီးပါ ဆိုးကျိုးကြုံတွေ့ရမယ့်ကိစ္စတွေကို
စိုးရိမ်ပူပန်နေကြပါတယ်။ တနည်းအားဖြင့် ရေညစ်ညမ်းမှု ဖြစ်မယ်ဆို က
ငြင်းစရာမရှိတဲ့အချက်ပါ။ ဒါပေမယ့် ဒီညစ်ညမ်းမှုဟာ ဘယ်အတိုင်းအတာအထိဖြစ်မလဲ၊
ဖြစ်နိုင်လဲဆိုတာကို ရှင်းလင်းသုံးသပ်ဖို့ကောင်း ပါတယ်။ အခြေခံကိန်းဂဏန်းအချက်အလက်
(Baseline Data) တွေမရသေးလို့ ကံသေကံမ မပြောနိုင်သေးရင်တောင်မှ၊ ဖြစ်နိုင်ချေတွေ
ပညာရပ်ပိုင်းဆိုင်ရာရှုဒေါင့်ကနေ ရှင်းရှင်းလင်းလင်းပြောပြသင့်ပါတယ်။
ဒီရှင်းလင်းချက်မပါရင် ဒီအချက်ကို စိုးရိမ်နေသူတွေဘယ်လိုမှ ကြောင့်ကြကင်းမှာ
မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ရေးရာဆန်းစစ်ရာမှာ ဆိုးကျိုးဖြစ်မဖြစ်လေ့လာရုံတင် မကပါဘူး။
ထိခိုက်နိုင်မှု (Magnitude) နဲ့ ဆုံးရှုံးနစ်နာနိုင်မှု (Intensity)
နှစ်ခုလုံးကိုပါခြုံပြီးသုံးသပ်ဖို့လိုပါတယ်။ စာရေးသူအနေနဲ့
စီမံကိန်းစနစ်တကျ မဆောင်ရွက်ရင် ရေညစ်ညမ်းမှုရှိနိုင်တယ်။ အတိတ်ကာလ အိုင်ဗင်ဟိုးကုမ္ဗဏီလုပ်ခဲ့စဉ်ကတည်းကကို
ရေညစ်ညမ်းမှုတွေရှိခဲ့ဘူးတယ်။ ဒါကြောင့် တရုတ်ကုမ္ဗဏီတွေအနေနဲ့
ပတ်ဝန်းကျင်ကိုအလေးမထားခဲ့ရင် ရေညစ်ညမ်းမှုတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဒါပေမယ့် ဒေသခံတွေပြောနေတဲ့အချက်က စိုးရိမ်ပူပန်မှုလွန်ကဲနေတယ်လို့ ထင်မြင်မိတယ်။
တရုတ်ကုမ္ဗဏီတွေရဲ့ လုပ်ဆောင်မှုမှတ်တမ်းနဲ့ လက်ရှိဆောင်ရွက်ပုံတွေကို လေ့လာသုံးသပ်
ကြည့်ရင်၊ ပတ်ဝန်းကျင်ကိုအလေးထားမှုအားနဲတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါကြောင့်မို့
ဒေသခံတွေစိုးရိမ်ပူပန်မှုလွန်ကဲနေတာကို အပြစ် ပြောလို့မရနိုင်ဘူး။
ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုလေ့လာတိကျတဲ့အချက်တွေနဲ့ ဒေသခံတွေကို ရှင်းလင်းသင့်တယ်လို့
ထင်မြင်မိပါတယ်။ လက်ရှိ အခြေအနေမှာ လေ့လာရေးကန့်သတ်ချက်တွေ၊ အခက်အခဲတွေကြောင့်
ဒေသခံတွေစိုးရိမ်မှုကို တိကျတဲ့အဖြေမပေးနိုင်သေးရင်လည်း၊ မပေးနိုင်သေးကြောင်းအတိအလင်းဖော်ပြပြီး၊
ဘယ်လိုဆန်းစစ်လေ့လာမှုတွေလုပ်ဘို့လိုတယ်၊ ဒါမှသာ ပိုပြီးတိတိ ကျကျပြောနိုင်မယ်ဆိုတဲ့
ရှင်းလင်းချက်တွေပေးသင့်ပါတယ်။
ပတ်ဝန်းကျင်ရေးရာဆန်းစစ်တဲ့အခါမှာ တစ်ရာရာခိုင်နှုန်းပြီးပြည့်စုံ Perfect
ဖြစ်နိုင်ဘို့ မလွယ်ပါဘူး။ လေ့လာဆန်းစစ်တဲ့အခါမှာ အသုံးပြုတဲ့ယူဆချက်တွေနည်းစနစ်တွေ
တွက်ချက်မှုတွေရဲ့အားနည်းချက်၊ အားသာချက်တွေကို ကြိုတင်ဖော်ပြထားဘို့လိုပါတယ်။
ဒါမှသာ ကိုယ့်ရဲ့သုံးသပ်ချက်ဟာ ဘယ်အတိုင်းအတာ အကန့်အသတ်ဘောင်အတွင်းမှာဘဲ
မှန်နိုင်တဲ့ရာခိုင်နှုန်းဘယ်လောက်ရှိတယ်။ အများလက်ခံ နိုင်တဲ့အနေအထား
ဘယ်လောက်ရှိတယ်ကြိုတင်ပြောထားမှ သုံးသပ်ချက်၊ အကြံပြုချက်တွေဟာ ပိုပြီးထင်သာ၊
မြင်သာရှိပါတယ်။ ကော်မရှင်ရဲ့အစီရင်ခံစာမှာ လေထုညစ်ညမ်းမှုကိုစစ်ဆေးတိုင်းတာတဲ့အခါမှာ
လေထုထဲဖုန်မှုန့် (TSPM) များနေတာကိုသာထောက်ပြပြီး၊ SO2 ပမာဏကတော့
ညစ်ညမ်းမှုအဆင့်မရှိဘူးလို့ သုံးသပ်ထားပါတယ်။ စာရေးသူနားလည်ထားသလောက်ပြောရရင်
လေထုညစ်ညမ်းမှုကို ပုံမှန်ရေရှည်တိုင်းတာမှုပြုလုပ်မှသာ လေထုထဲအက်စစ်ပမာဏသတ်မှတ်ချက်ထက်
များမများသိနိုင်ပါတယ်။ လေထုထဲမှာရှိမယ့် အက်စစ် ပြင်းအားဟာ စိုစွတ်တဲ့ရာသီဥတု၊
အချိန်ကာလမှာနည်းပါးလျက်ရှိပြီး၊ ခြောက်သွေ့တဲ့ရာသီ နေ့အချိန်တွေမှာပိုများပြားတတ်ပါတယ်။
အစီရင်ခံ စာထဲမှာ အက်စစ်ပမာဏတွေဟာ လေထုထဲမှာမများဘူးလို့ဆိုတဲ့အခါ ခေါင်းထဲကိုအတွေးဝင်လာတာက၊
ကော်မရှင်ရဲ့ လေ့လာဆန်းစစ်တဲ့ နည်းစနစ်နဲ့အချိန်ကာလတွေပါပဲ။
လေထုအရည်အသွေးစစ်ဆေးဘို့ နမူနာကောက်ယူတဲ့အခါမှာ ဘယ်အချိန်ကာလတွေမှာ ကောက်တာလဲ၊
ဘယ်နေရာတွေမှာ ဘယ်နှစ်ကြိမ်ကောက်လဲ၊ ကောက်ယူတဲ့နမူတွေကကော ဒေသတစ်ခုလုံးမှာ
အက်စစ်ညစ်ညမ်းမှုမရှိဘူးလို့ ပြောလောက် အောင်ကိုယ်စားပြုနိုင်ရဲ့လား
အစရှိသဖြင့်သိချင်လာပါတယ်။ ပတ်ဝန်းကျင်ရေးရာအသေးစိတ်အစီရင်ခံစာမှာတော့ ဒီအချက်တွေပါမယ်လို့
မျှော်လင့်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကိုအစီရင်ခံတဲ့အစီရင်ခံစာမှာ
ဒီဆန်းစစ်တဲ့နည်းစနစ်တွေရဲ့ Degree of subjectivity တဖတ်သတ်
ကိုယ်သန်ရာတွေးကောက်ချက်ချယူနိုင်မှုကို ဘယ်လိုလျော့ပါးအောင်လေ့လာသုံးသပ်ထားတယ်ဆိုတဲ့အချက်တွေ
ယေဘူယျထည့်သွင်း ဖော်ပြသင့်တယ်လို့ ထင်ပါတယ်။ နို့မို့ဆိုရင် စီမံကိန်းကြောင့်အက်စစ်ဓာတ်များကြောင့်
လေထုညစ်ညမ်းမှုမရှိဘူးဆိုတဲ့ တရားသေကောက် ချက်တွေဖြစ်သွားနိုင်ပြီး၊ အရေးကြီးတဲ့အချက်တစ်ချက်
ကျန်သွားနိုင်ပါတယ်။ SO2 ဟာပေါ့ပါးပြီး လေတိုက်အားပေါ်မှာမူတည်ပြီး မိုင်ထောင် ချီပြေးနိုင်ပါတယ်။
ရာသီအလိုက် လေတိုက်ရာအရပ်ကိုလိုက်ပြီး အနောက်တောင်ဘက်နဲ့အရေ့မြောက်တွေဘက်မှာ
SO2 ရဲ့ဆိုးကျိုးဒဏ်ကို ခံရနိုင်ပါတယ်။ လေနဲ့ရေမှာပါလာတဲ့အက်စစ်ဓာတ်ကြောင့်
မြေအဆိပ်သင့်မှု (Soil contamination) နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာမှာ ဖော်ပြထားတာသိပ်မတွေ့မိသလိုပါပဲ။
မြေအဆိပ်သင့်မှုဟာ စားနပ်ရိက္ခာထုတ်လပ်ရေးနဲ့ လူအများအဟာရဖွံ့ဖြိုးရေးနဲ့ကျန်းမာရေးကိစ္စတွေမှာ
အကျိုးသက်ရောက်မှုရှိတဲ့အတွက် အရေးကြီးတဲ့အချက်တချက်ပါ။
(၂)ပတ်ဝန်းကျင်ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီး
ပိုမိုသိရှိနားလည်နိုင်ဘို့ EIA ၊ SIA လေ့လာမှုတွေ ပိုမိုလုပ်ကိုင်ဘို့
အကြံပြုထားပါတယ်။ တဆက်တည်းမှာဘဲ ပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းရေးစီမံချက် (EMP)
တွေရေးဆွဲဘို့လည်း ပါ ပါတယ်။ ဒါပေမယ့် ဒီရေးဆွဲချမှတ်တဲ့ စည်းကမ်းတွေ၊
စီမံချက်တွေကို ဘယ်လိုလက်တွေ့မှာ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဘို့
ဘယ်လိုအစီအမံတွေနဲ့ ကြီးကြပ်ကွပ်ကဲစောင့်ကြည့်မဲ့ ယန္တယား (Environmental
Monitoring Mechanism)ကိုထားရှိဘို့လိုတယ်ဆိုတဲ့အချက်ကို ဆွေးနွေးထားတာ မတွေ့ရပါဘူး။
ဥပဒေစိုးမိုးရေးပြောသလိုပါဘဲ။ လွှတ်တော်တွေက ဘယ်လောက်ကောင်းတဲ့ဥပဒေတွေ
ထုတ်ပြန်ပြဌာန်းပေမယ့်၊ လက်တွေ့ တွန်းအားပေးဆောင်ရွက်မယ့် Enforcement Mechanism
စီမံခန့်ခွဲမှုယန္တယားတွေမရှိရင် အရာမရောက်နိုင်ပါဘူး။ အထူးသဖြင့် ပြည်သူ လူထုကို
ဒီလိုစောင့်ကြပ်ကြည့်ရှုစီမံခန့်ခွဲပိုင်ခွင့်အခွင့်အာဏာ တနည်းအားဖြင့် Community
Empowerment မလုပ်ဘူးဆိုရင် ရေရှည်မှာ လက်တွေ့အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် လူထုကို ပတ်ဝန်းကျင်ရေးရာကိစ္စရပ်တွေမှာ အပြုသဘောမျိုးဆောင်
ပိုမိုပူး ပေါင်းဆောင်ရွက်လာနိုင်အောင် အမြင်ဖွင့်ပြုစုပျိုးထောင်ပေးရင်း၊
သူတို့ကိုယ်တိုင် ဘယ်လို တိုက်ရိုက်စီမံခန့်ခွဲနိုင်ခွင့် လွတ်လပ်စွာပြုမလဲ
ဆိုတာ အစီရင်ခံစာမှာအလေးပေးဆွေးနွေးသင့်ပါတယ်။ (ဒုတိယပိုင်း
ဆက်ရန်....)
0 comments:
Post a Comment