Saturday, March 16, 2013

စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူရဲ့တိုက်ပွဲမှာ ကြားချဖို့ပြောနေသူအားလုံးအတွက် ရည်ညွှန်းတဲ့စာ (ငြိမ်းချမ်းအေး)

0 comments
လက်ပံတောင်းတောင်အစီရင်ခံစာအပေါ် ဆရာကျော်ဝင်းအမြင် ဆောင်းပါးကို မိုးမခမှာတင်လို့ ဖတ်လိုက်ရတယ်။ ပြန်ပြောစရာတွေ ရှိလာတယ်။
ရိုးရိုးလေး.. တွေးကြည့်ပါ..။ ခု ကော်မရှင်ကကြံပြုထားတဲ့ ဒေသခံတွေအတွက်လုပ်ပေးရမယ့်ကိစ္စဆိုတာ မူလအခွင့်အရေးနဲ့ရပိုင်ခွင့်ပါ။ သူတို့မြေတွေကိုသွားသိမ်းရင်၊ သူတို့ဒေသမှာစီးပွားသွားလုပ်ရင်၊ သူတို့ဒေသရဲ့လူမှု၊စီးပွား၊ သဘာဝနဲ့ရိုးရာဓလေ့ကိုထိခိုက်ရင် ဒီလို နစ်နာကြေးမျိုး၊ လျော်ကြေးမျိုး၊ လူမှုဘဝတိုးတက်ရေးအစီအစဉ်မျိုးဆိုတာ ရင်းနှီးမြှုပ်နှံသူစီးပွားရှင်က မဖြစ်မနေပြန်လုပ်ပေးရမယ့် ကုလသမဂ္ဂကချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကျင့်ဝတ် တွေပါ။ ထပ်ဆောင်း အပိုစေတနာနဲ့လုပ်ပေးရမှာမဟုတ်ပါဘူး။ ဝမ်ပေါင်+ဦးပိုင်က ကြီးစွာသော စေတနာ မေတ္တာဗလပွထား လုပ်ပေးရမှာမဟုတ်ပါဘူး။ သူတို့ရဲ့တာဝန်ဝတ္တရား၊ သူတို့ရဲ့အလုပ်ကိုပဲ အနည်းဆုံး တာဝန်ကျေလုပ်ပေးရမယ်ဆိုတဲ့ သဘောပါ။ ဘဝတွေ၊ အနာဂတ်တွေဆုံးရှုံးရတဲ့လူတွေအတွက် ဒီအခွင့်အရေးဟာ အနည်းဆုံး ရရှိသင့်တဲ့အရာပါ..။ အပို ဆုကြေးမဟုတ်ပါဘူး..။

ကောင်းပြီ..။ ဆိုတော့ ဆရာကျော်ဝင်းပြောတဲ့ "better off" က ဘယ်သူ့အတွက် ပို "better off" သွားသလဲ..။ ‘နက်(ချ)မျှခြေ’ ရဲ့ချိန်ခွင်လျှာ မျှခြေက ဘယ်ဘက်ကို တဘက်စောင်းနင်းဖြစ်သွားသလဲဆိုတာ ဘယ်လိုသီအိုရီတွေ၊ သုခမိန် အသုံးတွေ၊ စကားလုံးအလှတွေနဲ့ဖုံးဖုံး သိသာထင်ရှားတဲ့အချက်ပါ..။

မှန်ပါတယ်..။ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ”ပါတယ်..။ ဒါပေမယ့် ရှဥ့်ခမျာ ပျားတုပ်ခံခဲ့ရ/ခံနေရ/ခံရလတံ့တွေကတော့ သေလုမြောပါး ပါပဲ..။ ဒါကိုတော့ ထည့်မပြောတော့ဘူးလား..ခင်ဗျာ။

“သူမနာ၊ ကိုယ်မနာ”တော့ မဟုတ်ဘူးခင်ဗျာ..။ “သူမနာ၊ ကိုယ်မသာ” အခြေအနေမျိုးဆိုတာ အတွေးရှင်း၊ အမြင်ရှင်း၊ အဂတိကင်းရင် လူတိုင်းမြင်နိုင်ပါတယ်..။

မုန်းသူ ရှိ/မရှိ တော့ မသိဘူးခင်ဗျာ..။ ဒါပေမယ့် ချစ်သူတွေတော့ ဘိုးဘိုးအောင်တန်ခိုးနဲ့ နှစ်ဆတိုးပွားလာမှာတော့ အသေအချာပဲ ..။ ဘယ်သူတွေကချစ်တာ ခံရမလဲဆိုတော့ ပြည်သူ့မေတ္တာခံယူနေကျ ဘဘ.. စစ်ဗိုလ်ချုပ်ကြီးများ၊ မောင်တော်ခရိုနီကြီးများက နှမတော် ဒီမိုကရေစီမင်းသမီးလေးကို ဆထက်တိုးပြီးမေတ္တာသက်ဝင် ယုံကြည်မှုပိုသွားမှာတော့အသေအချာပါပဲ..။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောင်ရေးအတွက် လက်ပံတောင်းတောင်က မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင် ထိုးကျွေးခံဖြစ်ရော့လား..။ သူကြီးအလှူအတွက် ရွာသားကောင်းမှု ဖြစ်ရတော့မှာလား။ လက်ပံတောင်းတောင် လူထုက နိုင်ငံရေးအသုံးချခံသက်သက် စစ်အုပ်စုနဲ့ ခရိုနီအကျိုးအတွက် အနစ်နာခံပေးရမတဲ့လား..။ ဒီလိုကြေးဆိုရင်.. အင်းလျားကန်စောင်းမှာ ရွှေထွက်မှပဲ သဘောထားကြီးကြောင်း သက်သေပြု၊ ယုံကြည်မှုတည်ဆောက် အနစ်နာခံပြဖို့ကြိုးစားပါတော့..။

“နိုင်ငံတော်”အတွက်၊ “အမျိုးသားအကျိုးစီးပွား”အတွက်ဆိုတာ စစ်အုပ်စုအတွက်၊ စစ်တပိုင်းအစိုးရအတွက်၊ ခရိုနီတစုအတွက် မဟုတ်ဘူး။ “နိုင်ငံတော်”ဆိုတာ “ပြည်သူလူထု”..။ “အမျိုးသားအကျိုးစီးပွား”ဆိုတာ “ပြည်သူလူထု”အများစုရဲ့အကျိုးစီးပွားကိုသာ ဆိုလိုတယ်။

ဒီပြဿနာက လက်ပံတောင်းတောင်တခုတည်းပြဿနာ မဟုတ်ဘူး.။ ဗမာ့ပြည်သူပြည်သားအားလုံးနဲ့ စစ်အုပ်စုအကျိုးစီးပွားချင်းယှဉ်လို့ ရလာတဲ့ကိစ္စ..။ အရင်ခေတ်တွေတုန်းက စစ်ဖိနပ်အောက်မှာ ဒီလိုအသံတွေဟာ တိုးတိုးလေးပဲထွက်တယ်။ အခု အထိုက်အလျောက် ခေတ်ပြောင်းလို့ ကျယ်ကျယ်ထွက်တယ်..။ အသံတိုးတာနဲ့ကျယ်တာပဲ ကွာတယ်..။ အစိုးရနဲ့စနစ်က တုန့်ပြန်ပုံကတော့ အတူတူပဲ..။ ပိုဝမ်းနည်းဖို့ကောင်းတာက ပြည်သူလူထု အဖိနှိပ်ခံချင်း၊ တုံးအောင်ကဖားချင်း အတူတူ နည်းနည်းအသက်ရှုချောင်တဲ့ဖားတွေက စားပိုးနင့်နေတဲ့စားဖားတွေဖြစ်ပြီး စစ်အုပ်စုလေသံလိုက်ထွက်တာပဲ။ ဒီလိုထွက်ကျတဲ့အထဲမှာ တချို့က အစကတည်းက စစ်အုပ်စုနဲ့ တလေသံထဲ၊ တသဘောထဲမလို့ အခုလည်းအသံတူထွက်တယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည်မျက်နှာကိုကြည့်ပြီး လေသံ လိုက်ထွက်တယ်။

ဒီမှာ.. လက်ပံတောင်းတောင်လူထုတိုက်နေတာက ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်ဘူး။ ဗိုလ်သိန်းစိန်ကိုတောင် မဟုတ်ဘူး..။ စနစ်ကို တိုက်နေတာ..။ မူကို တိုက်နေတာ..။ ခု လူတန်းစာပျက်တွေကပြန်တိုက်တော့ လူအပေါ်မှီးပြီး ဘဝတူချင်းပြန်နင်း အပြစ်တင်တယ်။ လူပုဂ္ဂိုလ်ကိုးကွယ်မှုအပြင် စနစ်က ကိုယ့်ကိုနင်းသတ်နေမှန်း မသိချင်ယောက်ဆောင်၊ ရတဲ့အခွင့်အရေးလေးနဲ့သာယာနေတာကြောင့် စနစ်ဆိုးကိုကာကွယ်ပြီး အဖောက်ပြန်ဆုံးသဘောထားတွေကို ထုတ်ပြန်ကြတယ်။ ဆရာကျော်ဝင်းတယောက်တည်း မဟုတ်ဘူး။ စာရေးသူ ရဲ့“ဦးပိုင်လူများမမြင်ချင်”ဆောင်းပါးမှာထောက်ပြခဲ့သလို စစ်အုပ်စုရဲ့ သူတို့အကျိုးစီးပွားရာသက်ပန်တည်တံ့ရေးအတွက်ပြုလုပ်ရတဲ့ ခုဖြစ်ပေါ်နေတဲ့ အထိုက်အလျောက်ပြုပြင်ပြောင်းလဲမှု Liberalization ဖြစ်စဉ်ကို ဖင်ဆီဗူးထအောင် အားတက်သရောထောက်ခံကြတဲ့ ပညာတတ်ဆိုသူ (တကယ်က ဉာဏ်ပညာ၊ အမျှော်အမြင်၊ တွေးခေါ်စဉ်းစာနိုင်မှု ဖိုးသုညတွေ)အသိုင်းအဝန်း၊ ရေပေါ်ဆီလူတန်းစား၊ လူ့အဖွဲ့အစည်းရဲ့ကပ်ပါးတွေအားလုံးက လူထုမျက်နှာမွဲကိုစော်ကားတဲ့နေရာမှာ အသံတူတယ်။

“ဂိမ်းသီအိုရီ”တွေ၊ “ဇီးရိုးဆမ်း”တွေ၊ “ဝင်း-ဝင်း”တွေတော့ လက်သမား/ယာသမားတွေက နိုင်ငံရေးသုခမိန်ပညာရှိဆရာကြီးများလို လျှာတယားယားနဲ့မပြောတတ်ဘူး၊ မသိဘူး ခင်ဗျာ..။ ဒါပေမယ့် သူတို့ရဲ့လက်တွေ့ဘဝမှာတော့ (တနိုင်ငံလုံးအတိုင်းအတာနဲ့.. လက်ပံတောင်း တောင်ဒေသ တခုတည်းမဟုတ်) လယ်တွေ၊ ယာတွေမဲ့.. “အမွဲတကာ့ထွတ်ခေါင် ဖွတ်မင်းနောင်မှာ ပြာတောင်ကြီးပေါက်ကရော”ဖြစ်ပြီး မွဲပြာကျအနာဂတ်တွေ “ဂိန်”နေတာ၊ “ဇီးရိုး”တွေ “တစ်”စွဲ.. သုညအကြွင်းရလဒ်ဘဝမှာ အမြဲမပြတ်ထွက်နေတာ၊ “ဝင်းဝင်း” ဖယောင်းတိုင်ကို နှစ်ပိုင်းဖြတ် ရေစိမ်ထွန်းရင်း မသေရုံတမယ်ရှင်သန်လှုပ်ရှားနေရတာကတော့ သူတို့သိတဲ့ ပကတိအခြေအနေ ခင်ဗျာ။

ဘဝမှာ သေရေး၊ ရှင်ရေး ဖြစ်လာရင် အရှုံး-အနိုင်ဆိုတာ ထည့်စဉ်းစားရစမြဲပါ..။ “Gain & Loss” ဆိုတာ ထည့်ကိုထည့်ရမှာပါ။

“ပေးစရာမရှိတော့..၊ မကျန်တော့တဲ့.. ဘဝတွေ” နဲ့ “ပေးစရာအလျှံပယ်ဖြစ်နေတဲ့ ဘဝတွေ” ယှဉ်ရာမှာ “အပေး-အယူ”တော့ ရှိရာမှာပေါ့..၊ “ညှိနှိုင်းမှု”တော့ လုပ်ရာမှာပေါ့.. လို့ ကြားချရွှေပြည်အေးတရားဟောတာလောက် အတွေးအခေါ်နဲ့ ကျင့်ဝတ်စာရိတ္တဖောက်ပြန်တာ လောကမှာ ရှိမယ်မထင်ပါ။

မီးလောင်ဗုံးဒဏ်ခံပြီးတိုက်ယူရတဲ့တိုက်ပွဲကို နောက်ဆုံးမှာ “အပေး-အယူ”လုပ် ညှိနှိုင်းလိုက်ပါကွာ..လို့ ပြောထွက်တာ အံ့သြမိပါရဲ့။

သူတို့အတွက် “အကုန်ရရင် ရ.. မရရင်.. ဘာမှ.. မလိုချင်ဘူး”ဆိုတာ စိတ်ကူးယဉ်အာရုံခံစားမှောက်မှားမှု မဟုတ်ဘူး။ ဘဝရှင်သန်ရေး အတွက် လက်တွေ့ကျတဲ့အဘိဓမ္မာ ပါ..။ သူတို့လိုချင်တဲ့ “အကုန်လုံး”ဆိုတာ သူတို့ဘဝတွေအတွက် မရှိမဖြစ် ဖြစ်တဲ့ အခြေခံလိုအပ်ချက် မြေ၊ရေ၊လေနဲ့ အသက်ရှင်ရပ်တည်မှု ပဲ..။ ဒါမှ မရရင် သူတို့ဘဝတွေသေ (အသက်ကလည်း ခု မသေရုံတမယ်.. နောင် သေအံ့မူမူး) ၊ ဇာတိကိုစွန့် ထွက်ပြေးဖို့သာရှိတော့တယ်။

ကိုယ့်အိမ်..၊ ကိုယ့်မြေကို သူတပါးက အဓမ္မလာသိမ်းတယ်။ ကိုယ်တန်ဖိုးထားတဲ့ဒေသနဲ့ပတ်ဝန်းကျင်ကို သူတပါးက အဓမ္မလာကျင့် ဖျက်ဆီးတယ်။ ဒါကို မခံနိုင်လို့ တန်ပြန်တယ်။ ဒီလို ခပ်မာမာပဲရပ်တည်နေတာကို နင်တို့ သဘောထားမကြီးရကောင်းလား၊ မပျော့ပြောင်း ရကောင်းလား၊ “အလျှော့-အတင်း”မလုပ်နိုင်ရကောင်းလားလို့ အပြစ်တင်ရင် အပြစ်တင်တဲ့သူဟာ လူသားစံနှုန်း၊ တရားမျှတမှုစံနှုန်းမှာ အကြီးအကျယ်လွဲမှားနေသူသာဖြစ်တယ်။

ဒီလို စံနှုန်းလွဲနေသူတွေဟာ တရားမျှတမှုနဲ့ယှဉ်ကြည့်ရမယ့်ဘယ်ကိစ္စမှာမဆို ပြတ်ပြတ်သားသားမရပ်တည်နိုင်ကြပါဘူး။ ဥပမာ - ဒီလို လူမျိုးတွေရဲ့ပါးစပ်တွေကပဲ ကချင်စစ်ပွဲမှာ နှစ်ဘက်စလုံးကို အပစ်အခတ်ရပ်ခိုင်းတတ်ပါတယ်။ ကိုယ့်အိမ်ထဲ သေနတ်ကိုင်ဝင်လာလို့ ခုခံနေရတဲ့သူတွေရဲ့ဘဝကို မစာနာနိုင်ပါဘူး။ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုမျိုး မရှိ၊ မပြုလုပ်နိုင်လို့ဆိုတဲ့အကြောင်းပြချက်ကောင်းပေးပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို မဝေဖန်နိုင်၊ ထောက်မပြနိုင်သေးပါဘူးလို့ ဆိုတတ်ပါတယ်။

ခု လွတ်လပ်တဲ့ လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကြီးကထုတ်တဲ့ အစီရင်ခံစာကျရော ဘယ်လောက်တောင် ဘက်လိုက်မှုကင်း၊ ဒေသခံလူထုရဲ့ပကတိအခြေအနေကို ထင်ဟပ်၊ တရားမျှတမှုကို ပုံဖော်နိုင်နေလို့လဲ..။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ အပေါ် စာရေးသူရဲ့အမြင်နဲ့သုံးသပ်ချက်အကျယ်ကို အချိန်ပေးပြီးရေးနိုင်အောင် ကြိုးစားပါ့မယ်။ အခု ဒီ စာကတော့ ဆရာကျော်ဝင်းဆောင်းပါးဖတ်လိုက်ရလို့ ပြောချင်တာလေးတချို့ ပြန်ပြောရုံသက်သက်ပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာကျော်ဝင်းနဲ့သူ့အမြင်ကို အပြစ်မမြင်မိပါ..။ အပြစ်တင်စရာလည်း မလိုပါ။

အပြစ်တင်စရာက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းပါ..။ “လူတွင်ပါ၍ နွားကျားကိုက်” ခံရတာပါ..။ ဆိုတော့ ကျန်တဲ့ "အခါတော်ပေး"တွေကို ထည့်အရေးလုပ်ပြောနေစရာ၊ အပြစ်တင်နေစရာလည်း မလိုပါ..။

၂၀၀၇ နောက်ပိုင်းက စလို့ စစ်တပ်အလိုကျဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို လူတိုင်းလိုက်မမီနိုင်တဲ့ ပညာရပ်ဆိုင်ရာစကားလုံး အကြီးကြီးတွေကိုသုံး၊ ကိုယ်လိုရာအဓိပ္ပာယ်ဖွင့်ပြီး တစိုက်မတ်မတ် “အခါတော်ပေး” မ်းကြောင်းလာခဲ့တဲ့ ဆရာကျော်ဝင်းအပါအဝင် “နေစူးကျော်”ဂိုဏ်းကို စစ်အုပ်စုအလိုကျ စစ်မိုကရေစီအခြေတည်လာမှုဖြစ်စဉ်တလျှောက်လုံးအတွက် လက်သည်တရားခံစာရင်းမှာ ထည့်လို့ရပေမယ့် တကယ်တမ်းတော့ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းအပေါ်မှာပဲ လုံးလုံးမူတည်ပါတယ်။

ဦးထွေးမြင့် ရှေံ့ဖစ်ဟောခဲ့သလို စစ်အုပ်စုရဲ့လူထုဖိနှိပ်မှုအားလုံးမှာ ပူးတွဲတရားခံအဖြစ်ရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် "ဘယ်သူမပြု မိမိမှု"လုပ်ခဲ့တာပါ..။

စစ်ဖွဲ့စည်းပုံရဲ့အတုန့်အနှောင် ခြေချုပ်ကိုခံ “ဆင်ဖမ်းမယ်..၊ ကျားဖမ်းမယ်”ဆိုပြီး စစ်လွှတ်တော်နိုင်ငံရေးကို ဝင်ခဲ့တာ၊ လက်တွေ့မှာ “ဖိုးသင်းမျောက်”လုပ် “ချိုမိုင်မိုင်က”ဖြစ်နေတာ၊ “ကျွန်မတို့က မူနဲ့ပတ်သက်ရင်တော့ ဒူးခေါင်းတွေမာပါတယ်..”လို့ ပါးစပ်ကသာဆိုနိုင်ခဲ့ပြီး တကယ့်လက်တွေ့ “ဒူးခေါင်းတွေမာရမယ့် မူကိစ္စတွေမှာ”သာခွေယိုင်ဖြစ်၊ နှာစေး၊ ချောင်းဆိုး၊ အသံဝင်၊ နားအူ..၊ “ခေတ်သစ်နိုင်ငံရေး ငါးသလောက်ပေါင်းစား”ပြီး ကိုးဆယ့်ခြောက်ပါး ရောဂါစုံဝင်နေတာအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းပဲ တာဝန်ခံ၊ တာဝန်ယူရ မှာပါ။

ဗမာလူထုက ဘုန်းတော်ဘွဲ့တွေမှာသာယာတတ်တာ မှန်ပါတယ်။ အပြောကောင်း၊ ဥပတိခန့်ရင် “မင်းဟန်”အပြည့်ရှိတယ်ဟေ့..ဆိုပြီး ကြည်ညိုတတ်တာလည်း မှန်ပါတယ်။ “မင်း”ဆိုရင် ဘယ်လို “မင်း”မဆို ထိုင်ရှိခိုးဖို့ ဦးမလေးတတ်တာလည်းအမှန်ပါပဲ။ ဗိုလ်ခင်ညွှန့် အရာကျတော့ ဈေးထဲမှာရင်ဘတ်စည်တီးငိုတဲ့ ငါးစိမ်းသည်အမျိုးသမီးကြီးတွေကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗမာ့သမိုင်းမှာ၊ ဗမာ့နိုင်ငံရေးမှာ ဗမာလူထုဟာ ဘယ်တော့မှမျက်ခြေမပြတ်၊ အတွေးအခေါ် မတိမ်၊ အမြင်မလွဲ တတ်ပါဘူး။

လွတ်လပ်ရေးသမိုင်းမှာထင်ရှားကျော်ကြားခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ နောက်ပိုင်း စစ်အာဏာရှင်နောက်မြီးဆွဲ “ခွေးကတက် နိုင်ငံရေးလမ်းစဉ်”လိုက်မိတာ နောက်ဆုံး နိုင်ငံရေးသေ နာလံမထူခဲ့တဲ့ သမိုင်းဖြစ်စဉ်သင်ခန်းစာတွေ ဗမာ့နိုင်ငံရေးမှာအများကြီးပါ။ ပြည်သူလူထုနဲ့ကင်းကွာတဲ့နိုင်ငံရေးလမ်းစဉ် ရွေးမိသူ ဘယ်လို ဝေလငါးကြီးမျိုး၊ ဆင်ကြီးမျိုး၊ ဂေါ်ဇီလာကြီးမျိုးမှ နိုင်ငံရေး သက်ဆိုးမရှည် ပါဘူး။ အနားပြာ၊ ဖော်လံဖား၊ သာကူးနဲ့သာပေါင်းညာစားအုပ်စုကလည်း ကျတဲ့အချိန်ဆို စွန့်ခွာသွားကြတာပါပဲ။

ဆိုတော့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရဲ့ ရှေ့ဆောင်လမ်းပြမီးရှုးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်လို အကျင့်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ခေါင်းဆောင်ကြီးတယောက်အနေနဲ့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်ဖို့၊ လှေနံနှစ်ဘက်နင်းနေရာက ပြည်သူဆိုတဲ့ ဘက်ကိုသာ ရဲရဲကြီးနင်းချလိုက်ဖို့မျှော်လင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အနာဂတ် ဒီမိုကရေစီအင်အားစုရဲ့နိုင်ငံရေးဟာ ထန်းလျက်ခဲ ခွေးရက်သလို လုံးပါးပါးဖို့ပဲရှိတော့သလို တိုင်းပြည်ရဲ့အနာဂတ်လည်း မကောင်းနိုင်ပါ။ တိုင်းပြည်မှာ ဘယ်တုန်းကမှ အခြေမတည်ခဲ့ဖူးတဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း လောကပါလတရားတွေဟာလည်း ထာဝစဉ်သာ ဆက်လက် အလုံးစုံဆိတ်သုဉ်းဖို့ပဲ ရှိပါတော့တယ်။

သူတော့မနာတာမှန်ပါတယ်.. ကိုယ့်မှာတော့ “မသာ”ဖြစ် ကျန်ရစ်နေရှာတဲ့..၊ ကျောနောက်မှာ နံရံပဲရှိတော့တဲ့..၊ လျှော့ကြိုးကုန်နေပြီဖြစ်တဲ့..၊ သန်းခေါင်ထက်ပိုညဥ့်နက်နေပြီးတာကြာပေမယ့် အရုဏ်တက်ချိန်ကိုမမျှော်နိုင်သေးတဲ့.. နင်းပြား၊ လူထုကျောမွဲတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့၊  လူတစုခေါင်းဆောင်မဟုတ်ဘဲ လူထုခေါင်းဆောင်စစ်စစ်ဖြစ်ဖို့ ဗမာပြည်အတွက်မရှိမဖြစ်လိုပါတယ်။

ငြိမ်းချမ်းအေး
၁၆ ၊ မတ် ၊ ၂၀၁၃
(မှတ်ချက် - ဒီစာကို ၁၄ ရက်နေ့မှာ ရေးတယ်။ အကြောင်းကြောင်းကြောင့် မတင်ဖြစ်ခဲ့ပါ။ အကြောင်းကြောင်းဆိုတဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အဝေဖန်ခံရတာတွေများနေတဲ့အချိန်မှာ (သူ့အလုပ်တွေကို အမြဲတမ်းလိုလို အကျိုး/အကြောင်း ထောက်ပြ လေ့ရှိတဲ့)ကျနော့်အနေနဲ့ ထပ်နင်းပြီး မဆိုချင်လို့ဆိုတာလည်းပါတယ်။ ရေးတုန်းကတော့ ရင်ထဲ ဘယ်လိုမှမနေနိုင်လို့ ချရေးခြင်းဖြစ်တယ်။ မတင်ဖြစ်တဲ့ (၂)ရက်အတွင်းမှာ လူတွေရဲ့စာရိတ္တနဲ့ယှဉ်ရမယ့်အမြင်၊ ခံယူချက်တွေ ပိုဖောက်ပြန်လာနေကြတာကိုမြင်နေရတော့ နောက်ဆုံး တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီစာဟာ ခေါင်းစဉ်မှာဆိုထားသလိုပဲ ဆရာကျော်ဝင်းကိုတုန့်ပြန်တာလည်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်လည်းမဟုတ်၊ ခေါင်းစဉ်ပါသဘောထားမှာအကျုံးဝင်သူအားလုံးနဲ့ သက်ဆိုင်တယ်။)
https://www.facebook.com/nyeinchanaye81




0 comments:

Post a Comment