Thursday, March 14, 2013

အပြီးသတ်အစီရင်ခံစာနှင့်ပတ်သက်၍ (တူမောင်ညို)

0 comments
လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ “အပြီးသတ်အစီရင်စာ” (၁၁ - ၃ - ၂၀၁၃) ထွက်လာခဲ့ပြီ။ အစီရင်ခံစာ၏ အနှစ်ချုပ်သဘောကတော့ “လက်ပံတောင်းကြေးနီစီမံကိန်း” ဆက်လက်ဆောင်ရွက်ရန် မီးစိမ်းပြလိုက်ခြင်းပင်ဖြစ်သည်။ လက်ဝါးကြီးအုပ် စစ်ခရိုနီကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်(MEHL)ကို ပြတ်ပြတ်သားသား မင်္ဂလာရေစင်သွန်း၍ ချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် “လက်ပံတောင်းကြေးနီစီမံကိန်း”လုံးဝဖျက်သိမ်းရေးဆန္ဒပြနေသူများကိုဖြိုခွင်းရန် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် အချက်ကောင်းရသွားခြင်းဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လက်ပံတောင်းကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းလိုသော ဒေသခံပြည်သူများ၏ ဆန္ဒကိုလျစ်လျူရှုလိုက်ခြင်းလည်းဖြစ်သည်။
“မီးခိုးဗုံး”ဟုပြောသည့်အချက်ကလည်း “မီးလောင်ဗုံး”ကြောင့် ထိခိုက်ခံခဲ့ကြရသူများအသည်းကို ကျွဲခတ်ခံရသည့်နှယ်ဖြစ်ရသည်။      
ယခုဆိုလျှင် “လက်ပံတောင်းကြေးနီစီမံကိန်း” လုံးဝဖျက်သိမ်းလိုသူများနှင့် ဆက်လက်လုပ်ဆောင်လိုသူတို့ ထိပ်တိုက်တွေ့ကြဖို့ ပို၍ နီးစပ်သွားပြီ။
တိုင်းရင်းသားပြည်သူများသည် သူတို့၏လွတ်လပ်ရေးဗိသုကာကြီး/တပ်မတော်ဖခင်ကြီး၏ တစ်ဦးတည်းသောသမီးကလေးအပေါ် မေတ္တာသက်ဝင်ချစ်ခင်ကြသည်။ လေးစားကြသည်။ အလွန့်အလွန် မျှော်လင့်အားကိုးတကြီးရှိလှသည်။
ပြည်သူများသည် ရခိုင်ပြည်နယ်အတွင်း သွေးထွက်သံယိုဖြစ်ရပ်များ၊ ကချင်ပြည်နယ်အတွင်းစစ်ပွဲများ၊ လက်ပံတောင်းအရေးအခင်း မီးလောင်ဗုံးဖြင့်အကြမ်းဖက်ဖြိုခွဲမှု၊ နောက်ဆုံး မအူပင်မြိုနယ်၊ ပလောင်ကျေးရွာလယ်သမားများပဋိပက္ခအထိ ဖြစ်ရပ်များအပေါ် တုန့်ပြန်ခဲ့သော ဒီမိုကရေစီခေါင်းဆောင်၏ရပ်တည်ချက်နှင့် အေးစက်သောသဘောထားအပေါ် စိတ်ကွက်ခဲ့ကြသည်။ အားမလိုအားမရ ဖြစ်ခဲ့ကြရသည်။
ယခု “အပြီးသတ်အစီရင်ခံစာ”ထွက်လာသည့်အခါ ပြည်သူများသည် ဒီမိုကရေစီခေါင်းဆောင်အပေါ် စိတ်ကွက်နေရာမှာ စိတ်ပျက် သွားကြသည်အထိ လေသံများကိုပို၍ ကျယ်ကျယ်လောင်လောင် ကြားသိလာရပါသည်။ မည်သို့ပင်ဆိုစေကာမူ “အပြီးသတ် အစီရင်ခံစာ”ကို လုံးဝလက်မခံထုတ်ဖေါ်ပြောကြားနေကြသည်။
ဤနေရာတွင် DESERT ISLAND DISCS တွင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားအပေါ်  ဒီချုပ်နာယကကြီးဦးဝင်းတင်၏ မှတ်ချက်ကို  ကိုးကားချင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အမြဲတန်း တပ်မတော်ကို အလွန်ကို ကြင်နာတဲ့စိတ်၊ အလွန်ကို သံယောဇဉ်ရှိတဲ့စိတ်၊ အလွန်ကိုခင်မင်ရင်းနှီးတဲ့ စိတ်နဲ့ အမြဲတန်းချဉ်းကပ်တယ်။ မေတ္တာစေတနာနဲ့ချဉ်းကပ်တယ်။ သို့သော် လူထုကြားထဲမှာတော့ တခါတလေကျတော့(စစ်) တပ်နဲ့ပတ်သက်လို့ ဒီလိုစေတနာမျိုးတွေက တခါတလေကျတော့ လျော့ပါးနေတုန်းပဲရှိသေးတယ်။ ဆိုပါတော့ ကချင်တို့ဘာတို့မှာဖြစ်နေတဲ့ အနေအထားမျိုးတွေက ဒါတွေကသက်သေပါပဲလို့ ကျနော်တို့ ပြောချင်တယ်။ အဲဒီတော့ လူထုနဲ့ကင်းကွာတဲ့စိတ်ထားရှိတဲ့အခါကျတော့ တခါတလေ ဒေါ်အောင်ဆန်းစုကြည်ရဲခံစားချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးသားခံစားချက်နဲ့ လူထုရဲ့နှလုံးသားခံစားချက်ဟာ တခါတလေကျတော့ နည်းနည်းအလှမ်းလေးကွာတဲ့ဟာမျိုးတွေဖြစ်နေမယ်”
တစ်ဦးမေတ္တာတစ်ဦးမှာဆိုသကဲ့သို့ မေတ္တာသည်ရောင်ပြန်ဟပ်စမြဲဟုလည်း ပြောကြရိုးရှိသည်မဟုတ်လော။ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားခံစားချက်နှင့် လူထု၏နှလုံးသားခံစားချက်ခြားနား၊ ကွာဝေးသွားပြီဆိုသည့်အချက်မှာ ယခုထွက်လာသည့် “အပြီးသတ် အစီရင်ခံစာ” တွင် အလွန်ထင်ရှားနေပါသည်။
ဤသို့ဖြင့် လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဒီမိုကရေစီခေါင်းဆောင်နှင့်ဒီချုပ်ပါတီ၏ အေးစက်သောအရေးယူဆောင်ရွက်မှုများ /ဒေသခံ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့်၊ နှလုံးသားနှင့် ခြားနား၊ ဝေးကွာသွားစေသည့်အကြောင်းအချက်များက ဒီချုပ်ပါတီ၏ “၂၀၁၅ ရွေးကောက်ပွဲ”မျှော်မှန်းချက်များကို မုချထိခိုက်စေပါလိမ့်မည်။ 
တူမောင်ညို 
(၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်)

ညွန်း
- ဦးဝင်းတင်နှင့်အင်တာဗျူး - ဘီဘီစီ (ညပိုင်းအစီအစဉ်) ၂၇ ဇန်နဝါရီ ၂၀၁၃

0 comments:

Post a Comment