Sunday, March 31, 2013

အရင်းခံပြသနာအပေါ်အသိအမှတ်ပြုခြင်း (လင်းထင်)ခေတ်မောင်း အတွဲ ၂၊ အမှတ် ၃

0 comments
အရင်းခံပြသနာအပေါ် အသိအမှတ်ပြုခြင်း- လင်းထင်ခေတ်မောင်း အတွဲ ၂၊ အမှတ် () မိတ္ထီလာကစလိုက်တဲ့ ဗမာပြည်က လတ်တလောအကြမ်းဖက်မှုတွေအကြောင်း အင်္ဂလိပ်သတင်းစာတွေ ကရေးတဲ့အခါမယ် Sectarian violence ဆိုတဲ့စကားလုံးကို သုံးနှုံးနေတာသတိထားမိတယ်။ ဒီအသုံးအနှုံးဟာ လူမျိုးစုတွေကြားမှာ ဖြစ်စေ၊ လူတန်းစားအလွှာတွေကြားမှာဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုဘာသာတွေကြားမှာဖြစ်စေ (ဆွန်နီနဲ့ရှအာ၊ ကက်သလစ်နဲ့ ပရိုတက်စတင့်လို ဘာသာတစ်ခုထဲအတွင်းကကွဲပြားမှုလည်းဖြစ်နိုင်တယ်) မတူညီမှု (၀ါ) ဂိုဏ်းဂနကွဲပြားမှုအပေါ် အရင်းခံပြီးဖြစ်တဲ့ပဋိပက္ခကနေ အပြန်အလှန်အကြမ်းဖက်မှုကိုရည်ညွှန်းတယ်။ စတော့ခ်ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ ၂၀၀၈ နှစ်လည်အစီအရင်ခံစာထဲမယ် ဒီလိုအကြမ်းဖက်မှုဖြစ်စဉ်များအတွင်းမှာပါဝင်ပတ်သက်သူများကို non-state actors representing different population groups ဆိုပြီး ချည်းကပ်တယ်။ အဓိပ္ပာယ်က အရပ်သားတွေရဲ့ပဋိပက္ခလို့အမျိုးအစားခွဲခြားလိုပုံရတယ်။ 
စကားလုံးအသုံးအနှုံးတွေဆိုတာ သိပ်တာသွားတယ်၊ အဓိပ္ပာယ်ကိုသယ်ဆောင်ထားရတာကိုး။ ဖြစ်ရပ်တစ်ခုရဲ့ မြင်သာတဲ့အကြောင်းခြင်းရာတွေကိုသာမက ပြဿနာအရင်းအမြစ်ကိုထင်ဟပ် ပုံဖော်ဖို့ရာ စကားလုံးဝေါဟာရများကိုပဲအသုံးပြုကြရတယ်မဟုတ်လား။ Sectarian violence လို့ သုံးနှုံးနေခြင်းအပေါ်မှာ ကျနော် သုံးပုံနှစ်ပုံမျှမက သဘောတူနိုင်တယ် (အပြည့်မတူနိုင်တာကတော့ အကြမ်းဖက်မှုဟာ အုပ်စုနှစ်ခုအကြားအပြန်အလှန် မဟုတ်ပဲ၊ အုပ်စုတစ်ခုကသာ မတူသောဘာသာအယူ အမျိုးအနွယ်ကြောင့် တစ်ဖက်သက်ပစ်မှတ်ထားအတိုက်အခိုက် ခံနေရတာပဲ) ဖြစ်နေတဲ့အကြမ်းဖက်မှုပဿနာများဟာ sectarian လို့ သုံးနှုံးတဲ့အတိုင်း ကွဲပြားမှုအပေါ်အရင်းခံပြီးဖြစ်တာလို့ ရှင်းရှင်းသိမြင်ဖို့အရေးအကြီးဆုံးပဲ။ ဘာကွဲပြားမှုလည်းဆိုရင် ဘာသာအယူနဲ့အနွယ်ကွဲပြားမှုပဲ။ ဘာသာအယူနဲ့အနွယ်ကွဲပြားမှုသာအရင်းခံအကြောင်းလို့ ပိုင်းခြားသိမြင်ရမယ်။ 
အစိုးရထောက်ခံသူနဲ့ အတိုက်အခံအားပေးသူအကြားကနိုင်ငံရေးကွဲပြားမှု မဟုတ်ဘူး။ ဆင်းရဲချမ်းသာ လူ့အလွှာ -ရပ်ထိပ်တိုက်တိုးနေကြတဲ့ပြဿနာဟာလည်း ဒီအဖြစ်ဆိုး အကြမ်းဖက်မှုတွေမှာအကြုံး မ၀င်ဘူး။ ဘယ်ပဋိပက္ခမျိုးမဆိုမှာ နိုင်ငံရေးနဲ့လူတန်းစားရေးအမြင်ကကင်းလွတ်လို့မရဘူးလို့ ယုံကြည်ချက်ရှိသူတစ်ဦးအနေနဲ့ ဒီအကြမ်းဖက်မှုများမှာ နိုင်ငံရေးနဲ့လူတန်းစားရေးဟာ အရင်းခံအကြောင်းမဟုတ်ဘူးလို့ပြောရတဲ့အတွက် ကျနော့်အဖို့ရာ သက်သောင့်သက်သာ မရှိလှပါ။ 
အခုကိစ္စရပ်မှာ စစ်တပ်ကအာဏပြန်သိမ်းဖို့ရာအကြောင်းပြချက်ရလာအောင် အကွက်ချဖန်တီးနေမှုလို့နိုင်ငံရေးအမြင် နိုင်ငံရေးရှူ့ထောင့်ကနေသာသုံးသပ်နေမှု သိပ်အားကောင်းနေတယ်။ ဒီလို အားကောင်းရတာလည်း အမှားတော့မဟုတ်ဘူး။ အတွေးအမြင် အယူအဆကံဆချက်သက်သက်မဟုတ်တဲ့ လက်ဆုပ်လက်ကိုင်ထောက်ပြစရာတွေ တပုံကြီးကိုး။ အကြမ်းဖက်သူများဟာ ရုတ်ချည်းဒေါသပေါက်ကွဲတဲ့လူအုပ်စုရဲ့အသွင်လက္ခဏာနဲ့စာရင် စံနစ်တကျပြင်ဆင်ထားတဲ့၊ ပစ္စည်းကိရိယာများတပ်ဆင်ထားတဲ့လူအုပ်စုဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတိုင်းက သက်သေခံကြတယ်။ ဒေသန္တရအာဏာပိုင်များနဲ့လုံခြုံရေးတပ်ဖွဲ့များရဲ့ မယုံနိုင်ဖွယ်ကောင်းလောက်အောင်မျက်ကွယ်ပြုမှု၊ တာဝန်မယူမှု၊ အဆုံးစွန်သော အခြေအနေတွေအထိအရောက်ခံမှုတွေဟာ ကြံရာပါများအဖြစ်တပ်အပ်စွပ်စွဲသူအဖို့ မရိုင်းဘူး။ 
ဒီအချက်တွေကိုသိမြင်ရက်နဲ့လည်း နိုင်ငံရေးဟာအကြောင်းခံအဖြစ် ကျနော် ဘာဖြစ်လို့ မယူဆချင်ရတာလဲ။ ကျနော်တို့ဟာ နိုင်ငံရေးအရဖိနှိပ်ခံရမှုအောက်မှာ ဘာသာရေးမုန်းတီးမှုပြဿနာကို ဘယ်တုန်းကမှ အရေးတကြီးဦးစားပေးကိစ္စအဖြစ်မပြောခဲ့ကြဘူး၊ ပျက်ကွက်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပေါ်တိုင်း စစ်အုပ်စုရဲ့ နိုင်ငံရေးအာရုံလွှဲမှုအဖြစ်နဲ့ပဲ အဖြေထုတ်သုံးသပ်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေးခွဲခြားမှုကို အာဏာသိမ်းစစ်အုပ်စုက ရာစုနှစ်ထက်ဝက်မက နိုင်ငံတော်မူဝါဒအဖြစ်ကျင့်သုံးတဲ့အခါ (နိုင်ငံတော်မူဝါဒလို့ဆိုရာမှာ ကျနော်ပြောလေ့ရှိတဲ့ဗုဒ္ဓဘာသာအခြေပြုအမျိုးသားရေးဝါဒကိုပဲ အဓိကရည်ညွှန်းပါတယ်) အဓိကရုဏ်းများကို ကြိုးကိုင်ဖန်တီးလာခဲ့တဲ့အခါ၊ အမြင်လွဲအယူမှား သတင်းအမှားများနဲ့ အမုန်းတရားမျိုးစေ့ကို မျိုးဆက်အဆင့်ဆင့်ကြဲပက်ခဲ့တဲ့အခါ လူအများကြားမှာ ဒီအမုန်းတရားဟာ အပင်မပေါက်ပဲ နေရော့မလား။ 
ဒီအယူလွဲတဲ့အမုန်းတရားရန်ကကာကွယ်ဖို့ရာ ဦးနှောက်နဲ့နှလုံးသား ကြီးမြတ်ကျယ်ပြောနိုင်အောင် လူအများမှာ လုံလောက်တဲ့ အပြိုင်ဗဟုသုတနဲ့ အပြိုင်အတွေးအခေါ်များဖြည့်တင်းဖို့ အခွင့်သာခဲ့ပါသလား။ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းနဲ့ထိတွေ့ဆက်ဆံဖူး ကျောင်းပညာရဖူးသူတွေထဲကအချို့တောင်မှ ဘာသာရေးလူမျိုးရေးမုန်းတီးမှုကို မကျော်လွန်နိုင်ကြတဲ့နောက်၊ စစ်အာဏာရှင်အောက် အနှစ်ငါးဆယ်နေရသူတွေထဲမယ် အမုန်းအယူနဲ့ခွဲခြားခြင့်ဓလေ့ တကယ်မစွဲငြိပဲနေပါ့မလား။ လူတွေမှာ သူတို့ရဲ့နိုင်ငံရေးအကြိုက် political preference အပေါ် မတည်မှီပဲ ဘာသာရေးလူမျိုးရေးမုန်းတီးခြင်း ခွဲခြားခြင်းအယူများရှိကြတာကိုလည်း သတိပြုမိစေချင်ပါတယ်။ 
တချို့ကတော့ စစ်အလိုတော်ရိများသာ ဘာသာရေး လူမျိုးရေးမုန်းတီးခွဲခြားသူများဖြစ်နေတယ်လို့ အမျိုးအစားခွဲခြားပြနေတာတွ့ရပါတယ်။ အုပ်စုခွဲခြားသတ်မှတ်နိုင်မှုဟာ ဒီလောက်လွယ်ကူ ရှင်းလင်းစွာလုပ်လို့မရနိုင်ပါဘူး။ လူမှုရေးတက်ကြွသူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ အမျိုးသားရေးပြင်းထန်သူ၊ အဲန်အယ်လ်ဒီထောက်ခံသူ၊ သမ္မတသိန်းစိန်အားကြည်ညိုသူ အစရှိသဖြင့် အုပ်စု Set တစ်ခုချင်းစီကိုက်ဝိုင်းခုချင်းစီအဖြစ်ယူဆကြည့်ပါ။ အဲ့ဒီစက်ဝိုင်းများ တစ်ခုကိုတစ်ခု Intersection ဖြစ်နေတဲ့ တူညီသောလက္ခဏာများမျှဝေပိုင်ဆိုင်မှု နယ်ပယ်အမျိုးစုံရှိနေနိုင်ပါတယ်။ ရှင်းရှင်းပြောရရင် ဗမာဒီမိုသမားများထဲမှာ စစ်တပ်အောက်ဆွဲများလိုပဲ ကုလားမုန်းအစ္စလာမ်ကြောက်များရှိနေပါတယ်။ အချို့ ဒီမိုမျိုးချစ်များရဲ့ တင်းမာတဲ့အမျိုးသားရေးစိတ်အယူဟာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီစံနှုံးများအပေါ် သက်ဝင်အဖိုးထားတတ်မှုထက် အကဲသာနေတာပါပဲ။ 
ဘာသာရေး လူမျိုးရေး မုန်းတီးခွဲခြားခြင်းပြဿနာဟာ ခေတ်အဆက်ဆက် နိုင်ငံရေးလောင်းရိပ်မိခဲ့တာဟာ အခု လတ်တလောအခြေအနေမှာလည်း ထိုနည်း၎င်း လျစ်လျှူရှုခံရဆဲပဲ။ ပိုတောင်အခြေအနေဆိုးတယ်။ အခုလွှမ်းနေတာက နောက်ကြောင်းပြန်မလှည့်ချင်ပါဘူးရယ်လို့ တိုင်းပြည်ဟာသွေးနုသားနု ဒီမိုကရေစီမီးနေသယ်ဆိုတဲ့စိတ္တဇပဲ။ ကလေးတွေအရှင်လတ်လတ်မီးအရှို့ခံရတာ ဒီမိုကရေစီမီးနေသယ်မို့လို့လား၊ ပျက်စီးခြင်းငါးပါးမကတော့တဲ့ ဖွတ်သရွတ်လိုက်အောင်ယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းဖြစ်နေလို့လား၊ ကြပ်ကြပ်ဆင်ခြင်ကြစေချင်တယ်။ 
ဒီမီးနေသယ်စိတ္တဇက ဘယ်လောက်တောင်ဖောက်ပြန်သွားစေလဲဆို သမ္မတသိန်းစိန်ဦးဆောင်တဲ့အသွင်ပြောင်းလဲမှုအပေါ် အယုံအကြည်မရှိသူတွေတောင်၊ သူတို့သံသယထားတဲ့အပြောင်းအလဲထိခိုက်မှာ ကြောက်စိတ်ဝင်လာခဲ့ပြီ။ ပြဿနာရဲ့အရင်းခံကို မစေ့ငု မပိုင်းခြားနိုင်ရင်တော့ အာရုံအမှားစိတ္တဇအယူတို့နဲ့ ကိုယ့်ရပ်တည်မှုယိုင်လဲမှာပဲ။ ပြဿနာဟာ ဘာသာရေး လူမျိုးရေးကွဲပြားမှုအပေါ်အရင်းခံတဲ့အကြမ်းဖက်မှုဖြစ်ကြောင်းအသိအမှတ်ပြု acknowledge လုပ်ပါ။ မလုပ်နိုင်ရင် Holocaust ကို ငြင်းဆန်သူတွေနဲ့ တစ်တန်းစားထဲထားပြီး ကျနော်ရှုံ့ချတယ်။ လင်းထင်

0 comments:

Post a Comment