Friday, April 12, 2013

ဘာသာရေးဟာလောကီကြောင်းမှာ စပ်ယှက် သင့်မသင့်-လင်းထင်

0 comments

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်(လင်းထင်)ဒီရက်ပိုင်းမှာ အတွေးအများမိဆုံးကတော့ ဘာသာရေးဟာလောကီကြောင်းမှာ စပ်ယှက်သင့်မသင့်ဆိုတဲ့ ကိစ္စရပ်ပဲ။ ကျနော် တစ်သက်လုံးယုံကြည်ယူဆလာခဲ့တာ ဘာသာရေးဟာလူ့အကြောင်းပြောရမယ်၊ စီးပွား လူမှုနိုင်ငံရေးရာအကြောင်းချင်းရာတွေမှာ မှတ်ချက်ပြုရမယ် ဝေဖန်ရမယ်၊ လိုရင်းကတော့ ဘာသာရေးဟာ ပလ္လင်စင်မြင့်ပေါ်မှာသာ ခွဲခြားထားရမယ့်အရာမဟုတ်ပဲ စင်ပေါ်ကဆင်းပြီ လူ့အကျိုးဆောင်ဖို့ရာပဲ။ ဒီအယူအဆဟာ နိုင်ငံရေးနဲ့ဘာသာရေးမရောထွေးပဲ Secular State အဖြစ် ပီပီပြင်ပြင်ထူထောင်ရန်အလိုရှိမှုနဲ့ ၀ိရောဓိဖြစ်စေသလား။ ကျနော့်ကိုယ်ကျနော် သေချာဖို့လိုတယ်။ ကျနော်ရှုံ့ချတဲ့ လင်္ကျာစွန်းရောက်အမျိုးသားရေးကို အမုန်းတရားများဟောကြားဖြန့်ဝေနေတဲ့ ဘာသာရေးပုဂ္ဂိုလ်များကြောင့် ဘာသာရေးဟာလူ့အရေးလုပ်ရမယ်ဆိုတဲ့ ကျနော့်ခံယူချက်ယိမ်းယိုင်ရမှာလား၊ ကျနော့်ကိုယ်ကျနော် ရှင်းဖို့လိုတယ်။
နိုင်ငံရေးနဲ့ဘာသာရေး မရောယှက်ရဘူးဆိုတာဘာလဲ။ အခုဖွဲ့စည်းပုံအရ စစ်တပ်က ဥပဒေပြုအာဏာရဲ့ ၂၅ ရာခိုင်နှုံးကို ရွေးကောက်တင်မြောက်ခြင်းခံစရာမလိုပဲ၊ အလိုအလျောက်နေရာရယူတာမျိုးလို ဘာသာရေးသာသနာပိုင်တို့ရဲ့ကိုယ်စားလှယ်များကို အုပ်ချူပ်ရေးနဲ့ဥပဒေပြုအာဏာတို့ အလိုအလျောက်အပ်နှင်းရတာမျိုးကိုမှ ဘာသာရေးဟာ နိုင်ငံရေးအပေါ်စွက်ဖက်ချယ်လှယ်မှုအနေနဲ့ ကျနော်အဓိပ္ပာယ်ဖွင့်လိုတယ်။ တရားစီရင်မှုအာဏာနဲ့စပ်လျဉ်းပြီးတော့ ဗမာနိုင်ငံရဲ့တရားစီရင်ရေးမှာ အိမ်ထောင်ခန်းနဲ့အမွေမှုတို့လို ကိစ္စခြင်းရာများမှာ သက်ဆိုင်ရာဘာသာတရားရဲ့ဓမ္မသတ်များနဲ့ဆုံးဖြတ်ဖို့ရာ ဓလေ့ထုံးထမ်းစဉ်လာဥပဒေသများကို အသိအမှတ်ပြုထားတယ်။ ဒါဟာ parallel jurisdiction to the civil law ဖြစ်စေတယ် မဖြစ်စေဘူးဆိုတာ ဆိုင်ရာပညာရှင်များဆွေးနွေးသုံးသပ်ကြဖို့ပဲဖြစ်တယ်။
ဗမာပြည်ဟာ Secular State ဖြစ်နေနှင့်ပြီလား။ ၄၇- ဖွဲ့စည်းပုံအတိုင်းပဲ လက်ရှိအခြေခံဥပဒေဟာ ဗုဒ္ဓဘာသာကို လူအများစုကိုးကွယ်တဲ့ ၀ိသေသထူးကဲတဲ့ဘာသာကြီးအဖြစ် အသိအမှတ်ပြုသကဲ့သို့ ကျန်ဘာသာကြီးများနှင့်တကွ ရိုးရာနတ်ကိုးကွယ်မှုဓလေ့များကိုပါ တည်ရှိကြောင်းအသိအမှတ်ပြုတယ်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံတယ်။ ဒီနေရာမှာ သမိုင်းကြောင်းနည်းနည်းပြန်လှန်ရမယ်။ အခုလည်း အခြေခံဥပဒေထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအနေနဲ့ထည့်ဖို့ရာကိစ္စနဲ့စပ်လျဉ်းပြီးသဘောမတူတဲ့ ဗိုလ်ချူပ်အောင်ဆန်းက ဦးဘချိုကို ဘယ်လိုပြောတယ်ဆိုတာ ဟိုလူဒီလူတွေ လက်ဆင့်ကမ်းနေကြတာတွေ့ရတယ်။
ဦးနုက သူ့ရဲ့ တာတေစနေသားထဲမှာ ဒီလိုရေးတယ်။ ”ဗိုလ်ချုပ်အောင်ဆန်းဟာ အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဘာသာရေးပါလာမှာကို မူအားဖြင့်မကြိုက်ဘူး။ တချို့အမတ်တွေက ဘာသာရေးကို တနည်းနည်းဖြင့်ထည့်ပေးစေချင်တယ်။ တချို့ကျတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ထည့်ပေးစေချင်တယ်။ အဲဒီလိုရှိနေပေတဲ့ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ်ဟာ အင်မတန် ပြင်းပြင်းထန်ထန်ကြီးဆန့်ကျင်နေတဲ့အတွက် ဘယ်အမတ်ကမှ အမတ်ပေါင်းစုံညီလာခံမှာ ဒီကိစ္စကိုမပြောရဲကြဘူး။ ဒါပေမယ့် အမတ်ပေါင်းစုံညီလာခံကျင်းပတဲ့နေ့ရက်အတွင်းမှာ ရဟန်းတော်အချို့နဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်အချို့ အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဗုဒ္ဓသာသနာကိုနိုင်ငံတော်ဘာသာအဖြစ်ထည့်ပေးဘို့ သတင်းစာထဲမှာတောင်းဆိုလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ့ အမတ်ပေါင်းစုံညီလာခံရဲ့နေ့တနေ့မှာ စကားပြောနေတုန်း သတင်းစာတွေထဲကတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ”ခွေးဟောင်တိုင်း ထကြည့်မနေနိုင်ဘူး”လို့ လွှတ်ကနဲပြောလိုက်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ သတင်းစာတွေကိုပြောတာပါဘဲ။ ဒါပေမယ့် သတင်းစာတွေက ဗိုလ်ချုပ်အောင်ဆန်းဟာ ရဟန်းတော်တွေကိုပုပ်ခတ်သလို လှည့်ပြီးရေးကြတဲ့အတွက် ဗုဒ္ဓဘာသာလောကမှာ အတော်ကလေးစိတ်မချမ်းမသာဖြစ်သွားတယ်။ အဲဒါကြောင့် စိတ်ပူသွားတဲ့ဘုရင်ခံဆာဟူးဘတ်ရန်စ့်က သခင်နုကို ချက်ချင်းခေါ်လိုက်တယ်။ တွေ့လျှင်တွေ့ချင်း ဆာဟူးဘတ်ရန်စ့်က အမတ်ပေါင်းစုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောလိုက်တဲ့စကားကြောင့် ရဟန်းတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတော်စိတ်မချမ်းမသာဖြစ်နေတယ်လို့ ကျနော်သတင်းကြားရတယ်။ ခင်ဗျားလည်း ဒီသတင်းကိုကြားပြီးရောပေါ့ လို့သခင်နုကို ပြောလိုက်တယ်။ ကျနော် မကြားရသေးဘူးလို့ သခင်နုကဖြေတယ်။ (သခင်နုဟာ သတင်းစာတွေကို အင်မတန်ဖတ်ခဲတယ်) ရဟန်းတွေနဲ့ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ အတော်စိတ်မချမ်းမသာဖြစ်နေတယ်လို့ ကျနော် အစီရင်ခံစာဖတ်ရတယ်။ အဲဒီတော့ ဒီကိစ္စကို ခင်ဗျားဝင်ဦးမှပဲ။ အခုလို လျစ်လျူရှုထားလို့မဖြစ်ဘူးလို့ပြောပြီး ဆာဟူးဘတ်ရန်စ့်က သခင်နုကို စားပွဲခုံပေါ်က အိုင်ယာလန်နိုင်ငံရဲ့ အခြေခံအုပ်ချုပ်ရေးဥပဒေစာအုပ် ပေးလိုက်တယ်။ အဲဒီ့ဥပဒေရဲ့တနေရာမှာ ဘာသာရေးကဏ္ဍကိုတွေ့ရတယ်။ အဲဒီ့ကဏ္ဍအောက်မှာ ကက်လသစ်ဂိုဏ်းဟာ အိုင်ယာလန်တွင် အများဆုံးလက်ခံသောဂိုဏ်းဖြစ်တယ်။ ပရိုတက်စတင့် ဂိုဏ်းဝင်များလည်း အိုင်ယာလန်မှာရှိကြတယ်လို့ အဓိပ္ပါယ်ပါတဲ့စာပိုဒ်တွေကိ သခင်နုတွေ့ရတယ်။ အဲဒီတော့ ဆာဟူးဘတ်ရန်စ့်က ဆက်ပြီး အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဘာသာရေးလုံးဝမပါဘူးဆိုရင်တော့ ရဟန်းတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ထဲ အတော်ထိခိုက်လိမ့်မယ်။ အိုင်ယာလန်အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာလို ဗမာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ လူအများဆုံး ကိုးကွယ်တဲ့ဘာသာဖြစ်တယ်။ တခြားဘာသာတွေလည်းရှိတယ်ဆိုတာလောက်တော့ ထည့်ပေးသင့်တယ်။ အမတ်တွေထဲကတော့ ဘယ်သူမှ ဗိုလ်ချုပ်အောင်ဆန်းကိုပြောရဲမှာမဟုတ်ဘူး ပြောရင်လည်း ဗိုလ်ချုပ်အောင်ဆန်းက နားထောင်မှာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို သခင်နုပြောမှရမှာဘဲလို့ ဆာဟူးဘတ်ရန်စ့်က စိုးရိမ်နေတဲ့စိတ်တွေနဲ့ သခင်နုကိုပြောပြတယ်။ သခင်နုလဲ အိုင်ယာလန်အခြေခံအုပ်ချုပ်ရေး ဥပဒေစာအုပ်ကိုယူပြီး ဗိုလ်ချုပ်အောင်ဆန်းအိမ် တန်းသွားတယ်။ မြန်မာနိုင်ငံတော်အခြေခံအုပ်ချုပ်ရေးဥပဒေထဲမှာ ဘာသာရေးကဏ္ဍပါလာတာတွေ့တော့ ဖဆပလအမတ်တွေဟာ အတော်အံ့အားသင့်နေကြတယ်”

ဦးနုဝန်ကြီးချူပ်လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်တဲ့ လွှတ်တော်ဥပဒေပြဌာန်းခဲ့ပေသိ၊ ဆိုရှယ်လစ်တော်လှန်ရေးအသွင်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဆလ ၇၄ ဖွဲ့စည်းပုံအရ ဗမာပြည်ဟာ secular state အသွင် စာရွက်ပေါ်မှာရှိတယ်။ စာရွက်ပေါ်မှာရှိတယ်လို့ပြောရချင်းဟာ ဗိုလ်နေ၀င်းနဲ့အပေါင်းအပါတသိုက်တီထွင်သမျှ မြန်မာ့နည်းမြန်မာ့ဟန်တွေထဲမှာ ဗမာနည်းဆိုရှယ်လစ်စံနစ်နဲ့တကွ ဘုံအမျိုးသားရေးဝါဒ ပါပါတယ်။ အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံရေးအနှစ်သာရကိုဖျက်ဖို့၊ ပလပ်ဖို့၊ တိုင်းရင်းသားအခွင့်အရေးကိုဖိနှိပ်ဖို့ရာ ခေတ်သစ်ဗမာပြည်ဟာ ရှေးဗမာဘုရင်များရဲ့လက်နက်နိုင်ငံများအသွင် ပြည်ထောင်ကိုစုစည်းမိခြင်းအသွင်အဖြစ် ခံယူတော့တာပဲ။ ဗိုလ်ချူပ်အောင်ဆန်းကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားအသွင်ပုံဖော်တော့တာပဲ။ ဒီ ဘုံအမျိုးသားရေးဝါဒဟာ အောင်မြင်တယ်။ ဘာလို့အောင်မြင်သလဲဆို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအတွက် စုစည်းနိုးကြားခဲ့ရတဲ့အမျိုးသားရေးစိတ် နမိတ်ပုံကိုလည်း စစ်အာဏာရှင်က ကောင်းကောင်းအသုံးချနိုင်ခဲ့လို့ပဲ။  စစ်အာဏာရှင်အောက်က ဘာသာရေးကဏ္ဍအကြောင်း နည်းနည်းကြည့်ကြရအောင်။ စစ်အာဏာရှင်အောက် ဘာသာမရွေးလူမျိုးမရွေး နိုင်ငံရေးအရဆန့်ကျင်လာရင် နှိပ်ကွပ်ခံရတာပဲဆိုတာမမှားဘူးဆိုပေသိ ဘယ်အချက်တွေကြောင့် ဘာသာကြီးလူမျိုးကြီးစိတ်ဖြစ်ပေါ်လာအောင် တွန်းအားပေးစေခဲ့တာလဲ။ ကျနော်ပြောလေ့ရှိတဲ့ ၈၀ ပြည့်နှစ် ထေရ်ရ၀ါဒဂိုဏ်းပေါင်းစုံညီလာခံရဲ့အကျိုးဆက်ဟာ အတော်သက်ရောက်ခဲ့တယ်ထင်တယ်။ ညီလာခံရဲ့အဆုံးအဖြတ်တွေက အသိအမှတ်ပြုဂိုဏ်းတွေကအပ ဂိုဏ်းသစ်မထောင်ရ၊ ပိဋကတ်၃-ပုံနဲ့ သွေဖီမဟောရ။ ၆၂ ပုံနှိပ်ဥပဒေနဲ့စာပေစီစစ်ရေး ပေါ်လာကတည်းက ဗမာပြည်မှာ စာပေလွတ်လပ်ခွင့်အပါအ၀င် Freedom of Expression ဟာ နှိပ်ကွပ်ခံခဲ့ရပြီးဖြစ်တာကို ဘာလို့ ၈၀-ဂိုဏ်းပေါင်းစုံညီလာခံအပေါ် လက်ညှိုးထိုးနေရသလဲဆိုတာ ရှင်းရမယ်။ ဘာသာရေးစာပေလွတ်လပ်မှုဟာ ဗုဒ္ဓဘာသာအတွင်းမှာကိုဆုံးရှုံးသွားရတာကြောင့်ဖြစ်တယ်။ ခင်ဗျားဟာ ပေါ်ပေါ်တင်တင် မဂ္ဂဇင်း သတင်းစာ စာအုပ်တွေအပေါ်မှာ ဖန်ဆင်းခြင်းအယူကိုဝေဖန်နိုင်တယ်၊ ဗြဟ္မာဏ၀ါဒကို ရှုံ့ချနိုင်တယ်၊ ငါတို့က အနတ္တကျန်တာအကုန် အတ္တ၀ါဒတွေလွဲတဲ့လမ်း မှားတဲ့အယူ ဆိုပြီးရေးနိုင်တယ် ပြောနိုင်တယ်။ ဦးဆန်းလွင်ရဲ့ ”ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတယောက်အကြောင်း”စာအုပ်ကို ထုတ်ဝေဖြန့်ချိနိုင်တယ်၊ ဒီလို ဘာသာရေးအရဝေဖန်ခွင့်စမ်းစစ်ခွင့်ဟာ တစ်လမ်းသွားပဲ။

ဒီ့ပြင့်ဘာသာတွေမပြောနဲ့ ဗုဒ္ဓဘာသာအတွင်းမှာကို မူရင်းမှ သွေဖီသူ၊ မတူသောအယူအဆနဲ့ ချည်းကပ်မှုအသစ်တို့ကို အကြံပြုသူတွေပေါ်လာရင်တော့ သည်းမခံ၊ မှားကြောင်းဝန်ခံရတယ်၊ အကြိမ်ကြိမ် အခါခါထောင်ချတဲ့အထိအပြစ်ယူတယ်။ ဒီလို ပြစ်ဒဏ်ချနိုင်အောင် ၈၀ ညီလာခံမှာ မဆလပြည်ထဲရေးနဲ့ သာသနာရေးက ဓမ္မစက်နဲ့မရရင အာဏာစက်နဲ့ကူညီပါ့မယ်ဆိုပြီး ပဋိဥာဉ်ပြုခဲ့ပြီးဖြစ်တယ်။ န၀တ နအဖ စစ်အစိုးရအဆက်ဆက်ကလည်း ၈၀ ညီလာခံရဲ့ရလာဒ် သံဃမဟာနာယကအဖွဲ့အပေါ်အသိအမှတ်ပြု ဆရာဒကာဆက်ဆံရေးကိုထိန်းသိမ်းတယ်။ ၂၀၀၇ ရွှေဝါရောင်အလွန်ကာလတွေမှာ နိုင်ငံတကာမှာ သံဃအစုအဝေးပေါ်ပေါက်လာတဲ့ အခါမှာလည်း နအဖဟာ မဟနနဲ့တွေ့ဆုံတိုင်း မဟနသာ တစ်ခုတည်းသောသံဃအပေါင်းအစုဖြစ်ပါကြောင်း အကြိမ်ကြိမ်ပြောခဲ့တယ်။ ဗမာပြည်ရဲ့သာသနာရေးဝန်ကြီးဌာနကရော ဘာသာအားလုံးကိုကိုယ်စားပြုပါသလား။ မေရီချပ်မင်မှာ ဆန်အိတ်လှူပြီး တစ်နှစ်တစ်ခါ ဟာ့ဂ်ျလုပ်ဖို့ လွှတ်ရုံကလွဲလို့ သာသနာထွန်းကားပြန့်ပွားရေးဟာ သာသနာရေးဝန်ကြီးရဲ့ ဦးစီးဌာနတစ်ခုဖြစ်တယ်။

ဒီတော့ ဗမာပြည်ဟာဖွဲ့စည်းပုံကဘာပြောပြော secular state မဟုတ်ဘူး။ ဓမ္မစက်အာဏာအရှိဆုံးဆိုတဲ့ မဟနကလည်း အစိုးရမင်းများမျက်နှာကိုကြည့်လို့ လူ့အရေးကိုပြောရန် အင်မတန်ဝန်လေးသော ဘာသာရေးအဖွဲ့ကြီးအနေနဲ့သာ နေတော့တယ်။ ကျနော့်အနေနဲ့ကတော့ ရွှေဝါရောင်တော်လှန်ရေးလို လက်ပဒေါင်းတောင်အရေးလို ခေတ်အဆက်ဆက်သံဃာများ လူ့အရေးလူ့အကျိုးအတွက်ဆောင်ရွက်မှုကို အမုန်းတရားဖြန့်ဝေနေတဲ့လှုပ်ရှားမှုနဲ့ တဇာတ်ထဲမသွင်းနိုင်ဘူး။ အခုထိအောင် ဘာသာရေးသမားများ လူ့အရေးလူ့ကောင်းကျိုးကိုဆောင်သင့်ကြောင်း အခိုင်အမာယုံကြည်တယ်။ ဘာသာကြီးလူမျိုးကြီး အယူချွတ်ဖို့ကတော့ နိုင်ငံရေးဆိုင်ရာပြောင်းလဲမှုတွေ အခြေခံကစမလုပ်ပဲနဲ့တော့ ငါတို့ဟာအိမ်ရှင်ဆိုတဲ့ စိတ်ထားအပေါ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ လင်းထင်

0 comments:

Post a Comment