Thursday, April 18, 2013

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၄-ဦးခင်မောင်ကြီး

0 comments
လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၄-ဦးခင်မောင်ကြီး (ဗကသခေါင်းဆောင်ဟောင်း)၁၉၃ဝ ခုနှစ် မေလ ၃ဝ ရက်နေ့မှာ တို့ဗမာအစည်း အရုံးပေါ်ပေါက်လာပြီးနောက် ဗမာပြည်အမျိုးသားလွတ်လပ်ရေးလှုပ်ရှား မှုရဲ့ ခေါင်းဆောင်မှုအခန်းဟာ တို့ဗမာအစည်းအရုံးလက်ထဲသို့ရောက်ရှိခဲ့တယ်။ အမျိုးသားလှုပ်ရှားမှုအဆင့်ဟာ ဂျီစီဘီအေလက်ထက်ကလှုပ်ရှားမှုထက် တဆင့် မြင့်တက်လာပါတယ်။ ဒီလှုပ်ရှားမှုကိုခေါင်းဆောင်တဲ့အဓိက လူတန်းစားဟာ တော်လှန်တဲ့ဓနရှင်ပေါက်စလူတန်းစားနဲ့  ဓနရှင်ပေါက်စ ပညာတတ်များဖြစ်လာတယ်။
တို့ဗမာအစည်းအရုံးလှုပ်ရှားတဲ့ကာလကို ၂ ပိုင်း (Two Phases) ခွဲသင့်ပါတယ်။ (၁၉၃၈ ခုနှစ်) ၁၃ဝဝပြည့်အရေးတော်ပုံမတိုင်မီနဲ့ ၁၃ဝဝပြည့် အရေးတော်ပုံမှအစချီတဲ့ နောက်ပိုင်းကာလဖြစ်တယ်။ တို့ဗမာအစည်းအရုံးထဲမှာ အင်အားစု ၃ စု ပါဝင်ပါတယ်။ ဂျီစီဘီအေတုန်းကထက် အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်တဲ့အမျိုးသားဓနရှင်လူတန်းစားမှ လာသူများနဲ့ ဓနရှင်ပညာတတ်များ၊ မြို့နဲ့ ကျေးလက်နေလယ်သမားများအပါအဝင် ဓနရှင်ပေါက်စလူတန်းစားအလွှာများ၊ အလုပ်သမားလူတန်းစားမှလာသူများနဲ့ ရုရှားအောက်တိုဘာတော်လှန်ရေးဂယက်ရိုက်မှုအောက်မှာ ဆိုရှယ်လစ်ဝါဒအမြင်ရှိ သူများ စသဖြင့်ဖြစ်ခဲ့တယ်။
စောစောပိုင်းကာလမှာ တို့ဗမာအစည်းအရုံးဟာ အမျိုးသားရေးဝါဒသက်သက်ကိုသာ လက်ခံယုံကြည်ခဲ့တယ်။ ဆရာစံလယ်သမားသူပုန်ကျဆုံးပြီးနောက်မှာ အမျိုးသားစိတ်ဓါတ်ပြင်းပြကြတဲ့ ခေတ်ပညာတတ်လူငယ်များဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် နည်းလမ်းသစ်များရှာကြံနိုင်ရန် နိုင်ငံခြားတွင်ခေတ်စားနေပြီး ဗမာပြည်သို့ စတင်ရောက်ရှိလာတဲ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒစာပေများကို လေ့လာကြတယ်။ ယင်းသို့ဖြင့် တို့ဗမာအစည်းအရုံးဟာ အယူအဆရေးရာတွင် အမျိုးသားရေးဝါဒနဲ့ဆိုရှယ်လစ်အယူအဆများရောယှက်နေတဲ့ “တို့ဗမာဘုံဝါဒ” ဖြစ်ခဲ့တယ်။ စည်းရုံးရေးအရဆိုရင် ၁၉၃၈ ခုနှစ်မတိုင်မီကာလမှာ တို့ဗမာအစည်းအရုံးဟာ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲအတွက် အယူအဆမတူသူများစုစည်းထားတဲ့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးတပ်ပေါင်းစုသဖွယ်ဖြစ်နေတယ်။ အမျိုးသားရေးသက်သက်ဝါဒသမားများ၊ ပြုပြင်ရေးဝါဒသမားများ၊ ပဒေသရာဇ်အုပ်စိုးမှုကိုတမ်းတနေသူ များ၊ ဖေဘီယန်ဝါဒသမားများ၊ ဆိုရှယ်လစ်ဝါဒယုံကြည်သူများ စသဖြင့် အယူအဆအမျိုးမျိုးခြားနားနေမှုများက အမျိုးသားလွတ်လပ်ရေးရည်မှန်းချက်တွင် သဘောထားချင်းပေါင်းဆုံမိပြီးညီညွတ်နေကြတဲ့ အနေအထားဖြစ်ပါတယ်။
သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့တို့ဗမာအစည်းအရုံးဟာ ဂျီစီဘီအေနဲ့ခြားနားစွာပဲ အင်္ဂလိပ်နယ်ချဲ့စနစ်အောက်မှ လုံးဝလွတ်လပ်ရေးကိုရည်မှန်းချက်အဖြစ်ထားပြီး အခြေခံလူတန်းစားအသီးသီးကို စည်းရုံးခဲ့ကြတယ်။ ခေတ်မှီစက်မှုအလုပ်သမားလူတန်းစားကို စတင်စည်းရုံးခဲ့တယ်။ ရေနံမြေ သံလျှင်တို့မှ ဘီအိုစီအလုပ်သမားမားများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ သစ်စက်အလုပ်သမားများနဲ့ အခြားစက်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမားများကိုစည်းရုံးသိမ်းသွင်းပြီး ၁၉၃၉ခုနှစ် ဇူလိုင်လတွင်ကျင်းပသည့် ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများညီလာခံကြီးရဲ့ဆုံးဖြတ်ချက်အရ ၁၉၄ဝ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဗမာပြည်အလုပ်သမားအစည်းအရုံး ကို ထူထောင်ခဲ့ကြတယ်။ ကိုလိုနီစီးပွားရေးနဲ့ ပဒေသရာဇ်မြေရှင်လူတန်းစားရဲ့ဖိနှိပ်သွေးစုပ်မှုဒဏ်ကို မချိမဆန့်ခဲနေရတဲ့တောင်သူလယ်သမားများကိုစည်းရုံးကာ ဗမာပြည်တောင်သူလယ်သမားအစည်းအရုံးကို ဖွဲ့စည်းခဲ့ကြတယ်။ ကျောင်းသားလူငယ်များကိုလည်း စည်းရုံးခြင်းပြုခဲ့တယ်။ မြို့နေလူလတ်တန်းစားများကိုသာ မက တောင်တန်းဒေသမှတိုင်းရင်းသားလူမျိုးများကိုပါ စည်းရုံးသိမ်းသွင်းနိုင်ရန် အားထုတ်ကြိုးပမ်းခဲ့တယ်။
၁၉၃၅ - ၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသပိတ်ကြီးဟာ တို့ဗမာအစည်းအရုံးခေါင်းဆောင်မှုအရှိန်အဝါအောက်မှာ ကိုလိုနီပညာရေးစနစ်ကို ထိုးနှက်တိုက်ခိုက်လိုက်တဲ့လှုပ်ရှားမှုတရပ်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် များဖြစ်ကြတဲ့ ကိုနု၊ ကိုအောင်ဆန်းတို့ဟာ ဒီသပိတ်ကြီးအပြီး မကြာမီမှာဘဲ တို့ဗမာအစည်းအရုံးရဲ့ အရေးပါတဲ့ခေါင်းဆောင်များဖြစ်လာကြတယ်။ ဤ အချက်များက တို့ဗမာအစည်းအရုံးခေတ်ကျောင်းသားလှုပ်ရှားမှုဟာ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုနဲ့ အလွန်နီးကပ်စွာဆက်သွယ်နေပြီး အပြန်အလှန်သြဇာသက်မှု အဘယ်မျှကြီးမားတယ်ဆိုတာ ပြလျက်ရှိတယ်။
ကိုလိုနီနိုင်ငံရေးနဲ့ စီးပွားရေးဘဝများကိုအပြီးအပိုင်ဖျက်သိမ်းဖို့ဦးတည်လှုပ်ရှားလာတဲ့ တို့ဗမာအစည်းအရုံးခေါင်းဆောင်တဲ့ အမျိုးသားရေးနဲ့ဒီမိုကရေစီရေးအင်အားစုများကိုဖြိုခွဲဖို့အတွက် အင်္ဂလိပ်နယ်ချဲ့သမားများဟာ ၁၉၃၇ ခုနှစ်ဧပြီလ (၁)ရက်နေ့မှ အစပြုပြီး ဗမာနိုင်ငံအား အိန္ဒိယအင်ပါယာအတွင်းမှ ခွဲထုတ်ခဲ့တယ်။ ဒိုင်အာခီအုပ်ချုပ်ရေးကိုဖျက်သိမ်းပြီး ၉၁ ဌာန အုပ်ချုပ်ရေးကိုပေးခဲ့တယ်။ ၉၁ ဌာနအုပ်ချုပ်ရေးကပေးလာတဲ့ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ မတန်တဆအမြတ်(Super-Profit) တစိတ်တပိုင်းအကျိုးစီးပွားလောက်ကိုသာကြည့်ပြီး အမျိုးသားအကျိုးစီးပွားကိုကျောခိုင်းခဲ့ကြတဲ့ ယခင်ဝံသာနုအသင်းချုပ်ကြီးမှ အစိတ်စိတ်အမွှာမွှာကွဲနေကြတဲ့ ဦးဘဖေရဲ့ ငါးပွင့်ဆိုင်အဖွဲ့၊ ဒေါက်တာဘမော်ရဲ့ဆင်းရဲသားအဖွဲ့၊ ဦးချစ်လှိုင်ရဲပဝံသာနုအဖွဲ့ စတဲ့ အမျိုးသားအရင်းရှင် လူတန်းစားကိုကိုယ်စားပြုသူများနဲ့ အရင်းရှင်ပညာတတ်များဟာ ရွေးကောက်ပွဲတခုတည်းကိုသာ အာရုံစိုက်ခဲ့ကြတယ်။ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ ဖိနှိပ်သွေးစုပ်ရေးစီမံကိန်းကိုအလုပ်အကြွေးပြုပြီး လွှတ်တော်တွင်းဝင်ကာ ရာထူးရရေးလောက်ကိုသာ အလေးထားခဲ့ကြတယ်။ လွှတ်တော်အပ အမျိုးသားရေးလှုပ်ရှားမှုများကို နည်းနည်းလေးမှ အရေးမထားခဲ့ကြဘူး။ ဒါပေမယ့် တို့ဗမာအစည်းအရုံးဟာ ယင်းတို့နဲ့ဆန့်ကျင်စွာဘဲ ၉၁ ဌာနအုပ်ချုပ်ရေးကို လွှတ်တော်တွင်းဝင်ပြီးတိုက်ခိုက်ခဲ့ပေမယ့် လွှတ်တော်အပ လူထုနဲ့လူတန်းစားတိုက်ပွဲများကိုအဓိကထားပြီးလှုံ့ဆော်စည်းရုံး ခဲ့တယ်။
တို့ဗမာအစည်းအရုံးရဲ့ခေါင်းဆောင်မှုအောက်မှာ ၁၉၃၈ ခုနှစ်မှာ ရေနျံမြေဘီအိုစီအလုပ်သမားများရဲ့သပိတ်မှအစပြုတဲ့ သံလျှင်ရေနံချက် အလုပ်သမားများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးဌာနမှ အလုပ်သမားမားများရဲ့သပိတ်များကို ကျောင်းသားများက တနိုင်ငံလုံးဆင်နွှဲသောကျောင်းသားသပိတ်များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြတယ်။ တောင်သူလယ်သမားများကလည်း အထွေထွေသပိတ်လှုပ်ရှားမှုကြီးကို လယ်သမားတပ်များ ရန်ကုန်မြို့သို့ချီတက်မှုဖြင့် ပေါင်းစပ်ထောက်ခံခဲ့ကြတယ်။ ရန်ကုန်မြို့ရှိစက်ရုံအလုပ်သမားသပိတ်များကလည်း ဤလှုပ်ရှားမှုကြီးကို ထောက်ခံအားပေးပါဝင်ခဲ့ကြတယ်။ ယင်းသို့ဖြင့် အလုပ်သမားလယ်သမား မြို့နေဆင်းရဲသားများ၊ ကျောင်းသားများရဲ့လှုပ်ရှားမှုကြီးများ ပေါင်းဆုံသွားကြပြီး ဗမာပြည်တွင် မကြုံစဖူး အကျယ်ပြန့်နှင့်အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး ၁၃ဝဝပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ၁၃ဝဝ ပြည့်အရေးတော်ပုံကို အကြမ်းဖက်နှိပ်ကွပ်ဖျက်ဆီးခဲ့တယ်။ ထောင်ပေါင်းများစွာသော အလုပ်သမားများနှင့်ကျောင်းသားများ ဖမ်းဆီးခြင်းခံခဲ့ကြရတယ်။ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ကျောင်းသားများကို မြင်းစီးပုလိပ်များနှင့်
ရိုက်နှက်ဖြိုခွဲခဲ့သဖြင့် ကျောင်းသားကိုအောင်ကျော်ကျဆုံးခဲ့ရတယ်။ မန္တလေးမှာလည်း  ငြိမ်းချမ်းစွာဆန္ဒပြပွဲတွင် အာဏာပိုင်များကပစ်ခတ်သတ်ဖြတ်မှုကြောင့် ၁၇ ဦး ကျဆုံးခဲ့ကြရတယ်။ အလားတူပဲ အောင်လံမြို့တွင် ၁ ဦး အသတ်ခံခဲ့ရတယ်။

0 comments:

Post a Comment