PR စနစ်လို့အတိုကောက်ပြောဆိုနေတဲ့ရွေးကောက်ပွဲစနစ်ကို
မြန်မာလိုတော့အမျိုးမျိုးပြန်ဆို ရေးသားကြပါ တယ်။ "အချိုးကျဗဟုကိုယ်စားလှယ်ရွေးကောက် တင်မြှောက်သောစနစ်"လို့
မြန်မာမှုပြုထားတာကိုတော့ ကျနော်သဘောကျလို့
ဒီဆောင်းပါးမှာယူသုံးလိုက်ပါတယ်။
"အချိုးကျဗဟုကိုယ်စားလှယ်ရွေးကောက်တင်မြှောက်သောစနစ်"မှာ
အဓိကအားဖြင့် လက္ခဏာနှစ်ရပ်ရှိတယ်။
ပထမအချက်က ပြီးခဲ့တဲ့
မြန်မာပြည်ရွေးကောက်ပွဲတွေလို တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်နဲ့
လုံးဝမတူဘဲ၊ မဲဆန္ဒနယ်ကြီးတခုစီကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို တဦးထက်ပို၍ရွေးကောက်စေကာ
ပါတီတွေကလည်း အဲဒီဒေသကို
ကိုယ်စားပြုမယ့်ကိုယ်စားလှယ်များစာရင်းအသီးသီးကိုပြည်သူထံတင်ပြပြီး
လူထုက ရွေးကောက်ပွဲမှာ
မိမိတို့ဆန္ဒရှိတဲ့ပါတီရဲ့ကိုယ်စားလှယ်ကို မဲပေးရွေးချယ်တဲ့စနစ်ပဲဖြစ်ပါတယ်။
ဒုတိယလက္ခဏာရပ်ကတော့
ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့ပါတီတိုင်း
လူထုကိုအချိုးကျ ကိုယ်စားပြုနိုင်မယ့်အခွင့်အရေးရှိနေတာပါ။
ရှင်းအောင်ဥပမာပေးရရင်တော့ မဲဆန္ဒနယ်တခုတွင် အမတ်ဆယ်ယောက်ရွေးမယ်လို့သတ်မှတ်ထားတယ်ဆိုပါစို့။
အဲဒီဒေသမှာ ၀င်ပြိုင်မယ့်ပါတီများက ကိုယ့်ပါတီရဲ့ကိုယ်စားလှယ်ဆယ်ဦးစီပါတဲ့စာရင်းတင်ပြီး ထိုဒေသမှာ
ရွေးကောက်ပွဲဝင်တဲ့အခါ ၄၀%
ထောက်ခံမဲရရှိပါက ၄၀%
ရဲ့အချိုးကျအဖြစ် အမတ်ဆယ်နေရာတွင် အဆိုပါပါတီက လေးနေရာလွှတ်တော်မှာပါဝင်ခွင့်ရမှာဖြစ်ပါတယ်။
ထောက်ခံမဲ ၂၀%
ရတဲ့ ပါတီဆိုရင်လည်း
လွှတ်တော်မှာကိုယ်စားလှယ်နှစ်ဦးပါဝင်ခွင့်ရမှာပေါ့။
တချို့ နယ်မြေသိပ်မကျယ်ဝန်းတဲ့နိုင်ငံများမှာတော့
တနိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတခုအဖြစ်သတ်မှတ်ပြီး
အဲဒီလိုမျိုး ရွေးကောက်တင်မြှောက်လေ့ရှိတယ်။
(ဥပမာ- နယ်သာလန်၊
အစ္စရေး)
ရွေးကောက်ပုံကတော့
အကြမ်းဖျဉ်းကြည့်ရင် ရှင်းလင်းနေပေမယ့်လည်း
လက်တွေ့မှာ ကိုယ်စားလှယ်
(၁၁)ယောက်ရွေးတဲ့မဲဆန္ဒနယ်ကပါတီတခုက ၄၂
ရာခိုင်နှုန်းထောက်ခံမဲရရှိခဲ့မယ်ဆိုရင် အချိုးကျပြန်တွက်တဲ့အခါ
ကိုယ်စားလှယ် (၄.၆၂)
ဦး ကိုယ်စားပြုခွင့်ရတယ်လို့အဖြေထွက်နေပြီး
အခက်တွေ့ရနိုင်ပါတယ်။ အဲဒီလို
အခြေအနေများကိုဖြေရှင်းပုံမှာ ဒေသအသီးသီးမှ
ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားတဲ့လွှတ်တော်ရဲ့အမတ်အရေအတွက်အပြင်
အစွန်းထွက်လာမယ့် ကိန်းပြည့်မဟုတ်တဲ့အမတ်အရေအတွက်များကိုပါကာမိစေရန်နှင့် ပါတီများအသီးသီးအတွက်
အစွန်းထွက်မဲများကိုထပ်မံခွဲဝေရန်အတွက် အမတ်နေရာအချို့ကိုသီးသန့်ချန်ထားခြင်းပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် ဆွီဒင်နိုင်ငံတွင်
မဲဆန္ဒနယ် ၂၈
နယ်ရှိရာ တနယ်စီတွင်ရွေးချယ်သောလွှတ်တော်အမတ်များ၏
စုစုပေါင်း အရေအတွက်
မှာ (၃၁၀)
ဖြစ်ပေမယ့် တကယ်တမ်းလွှတ်တော်တွင်းမှာတော့
အမတ်နေရာစုစုပေါင်းကို (၃၄၉)
နေရာအဖြစ် သတ်မှတ်ထားပြီး
(၃၉)နေရာကို အစွန်းထွက်ဖြစ်လာမယ့်ရာနှုန်းများကိုပြန်ညှိရန်
သီးသန့်သတ်မှတ်ပေးထားတယ်။ အစွန်းထွက်ရာနှုန်းများ
ရှုပ်ထွေးမှုအလွန်အကျွံမဖြစ်စေဖို့အတွက် ဂျာမဏီနှင့်ပိုလန်လိုမျိုးနိုင်ငံတွေမှာတော့
အမတ်နေရာရရေးအတွက် မဲအရေအတွက်
စုစုပေါင်းရဲ့အနည်းဆုံးငါးရာခိုင်နှုန်း ရ
ရမည်လို့သတ်မှတ်ထားကြပြီး၊ ဆွီဒင်နှင့်အီတလီနိုင်ငံတို့မှာလည်း
အနည်းဆုံး မဲလေးရာခိုင်နှုန်းရရမယ်လို့
အသီးသီး သတ်မှတ်ထားကြတယ်။
အချိုးကျ ဗဟုကိုယ်စားလှယ်ရွေးကောက်ခြင်း၏အကျိုးကျေးဇူးများ
ဒီစနစ်ကြောင့် ရွေးကောက်ခံဥပဒေပြုအမတ်တွေဟာ
လူထုရဲ့ရွေးချယ်မှုရာနှုန်းနှင့် ပါတီအပေါ်
လူထုထောက်ခံမှုအတိုင်းအတာကို တိတိကျကျကိုယ်စားပြုနေတယ်လို့ဆိုနိုင်ပြီး
ဒါဟာ ဒီမိုကရေစီရဲ့အနှစ်သာရကို
တိုက်ရိုက်ထင်ဟပ်နိုင်တယ်လို့ယူဆနိုင်ပါတယ်။
အင်အားကြီးတဲ့ပါတီကြီးတစ်ခုထဲက လက်ဝါးကြီးအုပ်ထားပြီး
နိုင်ငံရေးအပေါ်ချယ်လှယ်တာမျိုး လျော့နည်းနိုင်ချေရှိပါတယ်။
ပါတီငယ်တွေကလည်း မိမိတို့ယုံကြည်တဲ့မူဝါဒများအသီးသီးကို
လွတ်လွတ်လပ်လပ်ကျင့်သုံးတဲ့အပြင် မိမိတို့ရဲ့မူဝါဒကိုထောက်ခံမှုရှိလျှင်ရှိသလောက်
လွှတ်တော်တွင်းအမတ်နေရာရနိုင်ပြီး တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်မှာလိုမျိုး
အမတ်နေရာရရှိရေးသေချာစေရန်အတွက် အဓိကပါတီကြီးတခုခုနှင့်ပေါင်းစည်းကာ
မိမိတို့ယုံကြည်ရာဝါဒကိုဈေးလျှော့ပေးရန်
မလိုတော့ပေ။ ဥပမာပြရရင်
အစ္စရေးနိုင်ငံမှာ အချို့ပါတီငယ်များက
အစ္စရေးလူဦးရေရဲ့နှစ်ရာခိုင်နှုန်းမျှသာထောက်ခံမှုရရှိပေမယ့်
ပါလီမန်ထဲမှာ အမတ်နေရာရရှိကာ
မိမိတို့ကိုထောက်ခံတဲ့ နှစ်ရာခိုင်နှုန်းမျှသောလူဦးရေရဲ့ဆန္ဒကို
တတ်စွမ်းသမျှဖြည့်ဆည်းခွင့် ရကြတာပါ။
အချိုးကျဗဟုကိုယ်စားလှယ်ရွေးကောက်ခြင်းရဲ့
ဆိုးကျိုးများ
ဒီစနစ်မှာ တိုင်းပြည်ရဲ့ကွဲပြားများပြားလှတဲ့အမြင်အမျိုးမျိုးများကြောင့်
ပါတီငယ်များ အဆမတန်ကွဲပြားမှုတွေဖြစ်လာနိုင်ပြီး နိုင်ငံတနိုင်ရဲ့နိုင်ငံရေးတည်ငြိမ်မှုကို
ထိခိုက်လာစေနိုင်ပါတယ်။ (ဥပမာ
– အစ္စရေး) ဆန့်ကျင်ဘက်အနေနဲ့
တခါတရံမှာတော့ ဒီစနစ်အသုံးပြုတဲ့နိုင်ငံများအတွင်းမှာပဲ
အဓိကနှစ်ပါတီသာကြီးစိုးပြီး
ကျန်ပါတီငယ်လေးများက ဆက်လက်ရုန်းကန်နေရတဲ့အနေအထားရောက်သွားတဲ့နိုင်ငံတွေလည်းရှိတယ်။
(ဥပမာ – ဆွီဒင်၊
စပိန်)။
နောက်ပြီး ပါတီထောင်တာတွေပေါများသွားနိုင်ပြီး
ပါတီငယ်တွေမှိုလိုပေါက်လာနိုင်ပါတယ်။ ဒီလို
အချိုးကျဗဟုကိုယ်စားလှယ်ရွေးမှုစနစ်တွင် အင်အားအကြီးဆုံးပါတီတခုဟာ
ယေဘုယျအားဖြင့် ထောက်ခံမှု
၅၀% ပတ်ဝန်းကျင်အထိ
ရရှိရန်မစွမ်းဆောင်နိုင်တဲ့အခါမျိုးတွင်
အဲဒီပါတီက ပါတီငယ်သေးသေးမွှားမွှားလေးတွေနဲ့ပေါင်းပြီး
ညွန့်ပေါင်းအစိုးရဖွဲ့ရေးကိုစည်းရုံးရတဲ့အတွက်
အစိုးရအဖြစ်တက်လာသည့်အခါတွင် ညွန့်ပေါင်းအစိုးရ
ဖြစ်နေတာကြောင့် မူဝါဒရေးရာဆုံးဖြတ်ချက်များကိုပြတ်ပြတ်သားသားမချနိုင်ပဲ နိုင်ငံရေးဖြစ်စဉ်နှောင့်နှေးမှုများနှင့်
နိုင်ငံရေးမတည်ငြိမ်မှုများကို
ကြုံတွေ့လာရနိုင်ပါတယ်။
ဒါကတော့ PR လို့ခေါ်တဲ့
ရွေးကောက်ပုံစနစ်ကို အကြမ်းဖျဉ်းဖေါ်ပြခဲ့တာပါ။
အထူးသဖြင့် ကျနော့်မိတ်ဆွေကြီး
ကိုမျိုးမြင့် ဖတ်ချင်တယ်ဆိုလို့ရေးလိုက်တာပါ။
PR စနစ်မှာ ပုံစံအမျိုးမျိုးရှိပါသေးတယ်။
လောလောဆယ် အချိန်မပေးနိုင်သေးလို့
အကုန်းလုံး မရေးနိုင်သေးပါ။
ဒါတွေကို စိတ်ဝင်စားတယ်ဆိုရင်
အင်တာနက်ပေါ်မှာလည်း
ရှာဖတ်နိုင်ပါတယ်။
ဦးဦး မှော်ဆရာ
(၂၄-
၎- ၂၀၁၃)
0 comments:
Post a Comment