Monday, April 29, 2013

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၆-ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)

0 comments
လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၆-ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)
ဒီလိုရှုပ်ထွေးခက်ခဲတဲ့လက်နက်ကိုင်တိုက်ပွဲသဏ္ဍန်ကိုအဓိကထားပြီး ကျန်တိုက်ပွဲသဏ္ဍန်တွေနဲ့ပေါင်းစပ်တဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးကိုဆင်နွှဲရာမှာ အမျိုးသားအရင်းရှင်လူတန်းစားဟာ အောင်ပွဲရအောင်ခေါင်းမဆောင်နိုင်ဘူး။
ဓနရှင်ပေါက်စလူတန်းစားဟာ တော်လှန်ရေးနဲ့ခိုင်မြဲတဲ့မဟာမိတ်ဖြစ်စေကာမူ ယင်းသည်လည်း အောင်မြင်အောင် ခေါင်းမဆောင်မိုင်။ ဝိဇ္ဇာနည်းကျတော်လှန်ရေးအတွေးခေါ်ကိုကိုင်စွဲထားတဲ့ မှန်ကန်တဲ့လမ်းစဉ်ပေါ်လစီတွေရှိပြီး တင်းကျပ်တဲ့သံမဏိစည်းကမ်းကို လိုက်နာကျင့်သုံးတဲ့  ခေတ်မီအလုပ်သမားလူတန်းစားပါတီတရပ်ရဲ့ခေါင်းဆောင်မှုရှိဖို့လိုအပ်တယ်။ ဒီလိုပါတီမျိုးရဲ့ခေါင်းဆောင်မှုအောက်မှာ အလုပ်သမားလူတန်းစားနဲ့လယ်သမားလူတန်းစားရဲ့မဟာမိတ်ဖွဲ့မှု တည်ရှိဖို့လိုအပ်တယ်။
(၄) အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာ အလုပ်သမားလူတန်းစားခေါင်းဆောင်မှုအောက်မှာ အလုပ်သမားလယ်သမား မဟာမိတ်ဖွဲ့ရေးဆိုတာဟာ ဦးစွာအားဖြင့် စစ်ရေးအရမဟာမိတ်ဖွဲ့မှုကိုဆိုလိုတာဖြစ်တယ်။ အလုပ်သမားလူတန်းစားပါတီရဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုကိုခံယူတဲ့ ပြည်သူ့တပ်မတော်တရပ်ဖွဲ့စည်းပြီး စစ်အနိုင်တိုက်ဖို့ဖြစ်တယ်။ စစ်အနိုင်တိုက်ပြီး ပြည်သူ့သမ္မတနိုင်ငံတော်တရပ်ထူထောင်ဖို့ဖြစ်တယ်။
(၅) အလုပ်သမားလူတန်းစားရဲ့ခေါင်းဆောင်မှုအောက်မှာ အလုပ်သမားလယ်သမားမဟာမိတ်ဖွဲ့မှုကိုအခြေခံတဲ့ မြို့နေဓနရှင်ပေါက်စလူတန်းစား၊ အမျိုးသားအရင်းရှင်လူတန်းစားနဲ့ ဗမာပြည်ချစ်အင်အားစုမှန်သမျှကိုစည်းရုံးထားတဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်တဲ့ အကျယ်ပြန့်ဆုံးပြည်ချစ်တပ်ပေါင်းစုတရပ် ရှိဖို့လိုတယ်။ ယင်းကိုအခြေခံပြီး ဗမာပြည်ရှိလူမျိုးတိုင်းတန်းတူအခွင့်အရေးရှိတဲ့ တစည်းတလုံးတည်းဖြစ်တဲ့ ပြည်ထောင်စုပြည်သူ့သမ္မတနိုင်ငံတော်ကို ထူထောင်ဖို့ဖြစ်တယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံရဲ့အတွေ့အကြုံ သင်ခန်းစာများကိုယူပြီး ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ သခင်အောင်ဆန်းခေါင်းဆောင်၍ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်။ အလုပ်သမားလူတန်းစားပါတတီရပ်ပေါ်လာတာဟာ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုမှာ ကဏ္ဌသစ်တရပ်ဖွဲ့လိုက်တာဖြစ်တယ်။
အင်္ဂလိပ်နယ်ချဲ့သမားရဲ့အဆက်မပြတ်ဖိနှိပ်မှုကြောင့် တချို့ခေါင်းဆောင်များ နိုင်ငံခြားသို့ရောက်နေပြီး တချို့ကထောင်ထဲရောက်နေကြတဲ့အတွက် ၁၉၃၉ ခုမှ ၁၉၄၂ ခုနှစ်ကာလအတွင်း ခေါင်းဆောင်မှုလုပ်ငန်းကိုကောင်းစွာမလုပ်နိုင်ခဲ့ဘူး။ ဖြစ်ပေါ်လာတဲ့ပြဿနာများအပေါ်ရှုမြင်သုံးသပ်ရာမှာ အမြင်တညီတညွတ်တည်းမရှိခဲ့ဘူး။
ဒီကာလအတွင်း ကမ္ဘာ့အခြေအနေမှာအပြောင်းအလဲများဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ ဥရောပတိုက်မှ စတင်ပေါက်ကွဲလာခဲ့တယ်။ ဒီစစ်ပွဲကြီးဟာ စတင်ဖြစ်ပွားတဲ့ကာလမှာ နယ်ချဲ့အခြင်းခြင်းတိုက်ကြတဲ့ နယ်ချဲ့စစ်ဖြစ်တယ်။ ၁၉၄၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ဖက်ဆစ်ဂျမေဏီက ဆိုဗီယက်ယူနီယံကို ကျူးကျော်တိုက်ခိုက်လာတဲ့အခါ လက္ခဏာဟာပြောင်းလဲသွားခဲ့တယ်။ ဗမာနိုင်ငံအပါအဝင် ကိုလိုနီတိုင်းပြည်များရဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဟာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွန်မြောက်ရေးတိုက်ပွဲများရဲ့အစိပ်အပိုင်းတရပ်ဖြစ်လာခဲ့တယ်။
ဒီပြဿနာမှာ ၁၉၄၁ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့မှာကျင်းပတဲ့ တို့ဗမာအစည်းအရုံးရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအမှုဆောင်များအစည်းအဝေးမှာ တို့ဗမာအစည်းအရုံးရဲ့ခေါင်းဆောင်မှုအတွင်း အယူအဆ ၃ မျိုးပေါ်လာပြီး အစု ၃စု ကွဲသွားကြတယ်။ တို့ဗမာအစည်းအရုံး သာယာဝတီညီလာခံရဲ့ အင်္ဂလိပ်ဆန့်ကျင်ရေးသဘောထားကို ဆက်လက်ခံယူတဲ့အစု (ဒီအစုဟာ အများစုဖြစ်တယ်) ၊ သခင်ဗဟိန်းရဲ့ အင်္ဂလိပ်နဲ့ဂျပန်ကို တပြိုင်တည်းဆန့်ကျင်ရေး သဘောထားကိုခံယူသူအစု (ဒီအစုဟာ ဒုတိယအများစုဖြစ်တယ်)နဲ့ ထောင်တွင်းမှထွက်လာစဖြစ်တဲ့ သခင်သန်းမြိုင်တင်သွင်းတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မဟာမိတ်အင်အားစုများနဲ့ပူးပေါင်းရေးသဘောထားကိုခံယူသူအစု (ဒီအစုဟာ အနည်းစုဖြစ်တယ်)တို့ဖြစ်တယ်။ အများစုကြီးရဲ့သဘောထားဖြစ်တဲ့ သာယာဝတီညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်ခံယူရန်ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအစု ၃ စုဟာ နောက်ဆုံး ညှိုနှိုင်းလို့မရဘဲ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ဆက်လက်ပြီး လှုပ်ရှားခဲ့ကြတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးသခင်အောင်ဆန်းမှာ မိမိမူလရည်ရွယ်ချက်ဖြစ်တဲ့ ပါတီရဲ့ဆုံးဖြတ်ချက်ကိုဆောင်ရွက်ရာတွင်မအောင်မြင်ပဲ တရုတ်ပြည်တွင် ၁၉၄ဝ ခုနှစ်နောက်ပိုင်းတွင် ဂျပန်များဖမ်းဆီးခြင်းခံရကာ ဂျပန်ရောက်သွားပြီး လက်တွေ့အားဖြင့် ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်တိုက်ရေးဖြစ်လာခဲ့တယ်။ 
၁၉၄၄ ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစု၌ပါဝင်လာခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်တိုက်ရေးဆိုတဲ့ မှားယွင်းတဲ့လုပ်ရပ်ကိုပြင်ဆင်နိုင်ခဲ့တယ်။
တို့ဗမာအစည်းအရုံးခေါင်းဆောင်မှုဟာ အများစုကြီးရဲ့သဘောထားဆုံးဖြတ်ချက်အရ အင်္ဂလိပ်နယ်ချဲ့တိုက်ရေးအတွက် ဖက်ဆစ်ဂျပန်များနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖြစ်လာကြတယ်။ ဒီမှားယွင်းတဲ့လမ်းကြောင်းလိုက်ခဲ့တာကြောင့် ရှေ့သို့ဖြစ်ပေါ်တိုးပွားနေတဲ့ သမိုင်းလမ်းကြောင်းမှ ဘေးသို့ရောက်သွားပြီး တို့ဗမာအစည်းအရုံးရဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာပါဝင်ခဲ့တဲ့၊ တော်လှန်တိုးတက်ခဲ့တဲ့ခေါင်းဆောင်မှုအခန်းဟာ အဆုံးသတ်သွားခဲ့တယ်။

0 comments:

Post a Comment