Wednesday, April 10, 2013

မိတ်ဆွေဖြစ်ခြင်းအရင်းခံ (မျိုးမြင့်ချို)

0 comments
မိတ်ဆွေဖြစ်ခြင်းအရင်းခံ (မျိုးမြင့်ချို)ရခိုင်-ရိုဟင်ဂျာကိစ္စနဲ့ မိတ္ထီလာပြဿနာမတိုင်ခင်က ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ ဖေ့စ်ဘွတ်ခ်မှာ မိတ်ဆွေဖြစ်ကြပြီဆိုရင် မေးလေ့ရှိတာက “အဲ့ဒီမှာနေရတာဘယ့်နှယ်လဲ” တို့၊ “ပျော်စရာကောင်းလား”တို့၊ “ဗမာပြည်ပြန်လာဖို့ အစီအစဉ်ရှိလား”တို့၊ “ဟိုလူ့သိလား ဒီလူ့သိလား”တို့၊ “ဗမာပြည်သားတွေအများကြီးလား”တို့၊ “ငါးပိရည်ရလား”တို့၊ စတာမျိုးလေးတွေများပါတယ်။ မေးခွန်းလေးတွေလေးတွေကြည့်ရုံနဲ့ ကျနော့်စာမျက်နှာ အရင်ဝင်ဖတ်ထားမှန်းသိသာပါတယ်။ ပြီးရင် ပြောတာက“ဘယ်မြို့ကပါ” “ခုဘယ်နိုင်ငံမှာပါ” “ဘာလုပ်ပါတယ်” “ဘယ်သူနဲ့ဘယ်လိုတော်ပါတယ်”စတာမျိုးတွေဖြစ်တတ်ပါတယ်။ မေးတာပြန်ဖြေရင်း ခင်မင်သွားကြသူတွေများပါတယ်။ ပြောတာနားထောင်ရင်း စာနာစိတ်နဲ့ပိုတောင်ရင်းချာသွားရတယ်။ တချို့များဆို မိတ်ဆွေတွေရဲ့ကလေးတွေ ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ ခင်မင်သွားကြရင်း လက်ဆောင်ပစ္စည်းလေးတွေ အပြန်အလှန်ဝယ်ခြမ်းပို့ကြတဲ့အထိပါပဲ။ တခါတရံမှာ စာပေ၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့လောကီဒဿနတွေ တလေးတနက်တွေပြောပြီး တခါတလေကျ(သူတို့)ချစ်မှုရေးရာနဲ့ အချစ်ဒဿနလေးတွေ နားထောင်ပေးရပါတယ်။ နုနုညံ့ညံ့လေးတွေနဲ့ ချစ်စရာခင်စရာပါ။

ခုနောက်ပိုင်း မိတ်ဆွေဖွဲ့လာသူတချို့ အမေးများတဲ့မေးခွန်းတွေမှာ “ဘာ သာသာကိုးကွယ်လဲ”တွေများလာတာ သတိထားမိတယ်။ ပြီးရင် ပြောတာက “ဘာလူမျိုး ဘာ ဘာသာကိုးကွယ်ပါတယ်” ဖြစ်ဖြစ်နေတတ်ပြန်တယ်။ မေးတာပြန်ဖြေရင်း စကားဆက်မရတော့သူတွေများပါတယ်။ ပြောတာနားထောင်ရင်း စိုးရွံ့စိတ်နဲ့ အထိတ်တလန့်ဖြစ်ရတယ်။ စကားလုံးတိုင်းမှာ မျိုးချစ်စိတ်မွှန်ထူပြီး သွေးသံတွေသာ ပေကျံစွန်းထင်းနေတယ်။ ဘုရားပထမဆုစကားရည်လုပွဲမှာ ဉာဏ်ရည်အတိမ်အနက်ကို ချင့်တွက်မိလို့ မင်သက်မှုနဲ့သက်ပြင်းချဖြစ်တယ်။ ရှိလက်စ နှစ်လိုစိတ်ပါးလျသွာပြီး လိုင်းပေါ်တွေ့ရင် ထပ်နှုတ်မဆက်ဖြစ်တာများတယ်။ ချစ်မှုရေးရာမှာတောင် အမျိုး/ဘာသာကရှေ့ဆုံးကပါနေတယ်။ အဲဒီ ၂ ခုထပ်မှ အချစ်စစ်အချစ်မြတ်လို့မှတ်သူဟာ မေတ္တာဓါတ်ကိုသဘောပေါက်ပါ့မလားတွေးမိတယ်။ ချစ်ခြင်းတရားကို လှလှပပ သိမြင်ခံစားနိုင်ပါ့မလားတွေးရတယ်။ ကြမ်းကြမ်းရှရှတွေနဲ့ ခက်ထန်မှုသာအတိပြီးတယ်။

တယောက်ကိုတယောက်မသိပဲ ဘာ ဘာသာကိုးကွယ်လဲလို့မေးခြင်းဟာ မလျှောက်ပတ်တဲ့အပြုအမူဖြစ်ကြောင်းသိဖို့ 
အချိန်တွေဘယ်အထိကုန်ရဦးမလဲ။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရော လွတ်လပ်စွာမကိုးကွယ်မယုံကြည်ခွင့်ပါ လူသားရဲ့မွေးရာပါအခွင့်အရေးဖြစ်တယ်ဆိုတာသိမှတ်ဖို့ လူ့နှလုံးသားကို ဘယ်အထိခန္တီစနဲ့ဖွံ့ထွားစေမလဲ။ ကောင်းခြင်း၊ လှခြင်း၊ မှန်ခြင်းဟာ ဘာသာတရားထဲမှာမှရှိတာမဟုတ်ဆိုတာသိမြင်ဖို့ အတွေးစက်ဝိုင်းကို ဘယ်အထိဆန့်ထုတ်နိုင်မလဲ။ ဧကရာဇာက တဆူဘုရားကိုင်ပြီး လူသားကိုနိုင့်ထက်စီးနင်းလုပ်တဲ့ခေတ်ဟာ တောင့်တအပ်ရာမဟုတ်ကြောင်းလက်ခံဖို့ သမိုင်းအသိဘယ်အထိလေးနက်ဖို့လိုဦးမလဲ။

ကိုယ်ဘာလူမျိုးလို့အပ်ချမတ်ချပြောဖို့ အဆက်ဆက်လိုက်ရင်း အဆုံးမှာတွေ့မယ့် လူရဲ့မူလအစဘာလဲဆိုတာသိရင် ဘယ့်နှယ်ခံစားမလဲ။ သိပ္ပံဟုဆိုအပ်သောမိစ္ဆာအတတ်လို့ယိုးစွပ်ရင်း သိပ္ပံနည်းကျကြောင်းအတည်ပြုချက်ယူဖို့ အချိန်တွေ ဘယ်လောက်တောင်ပြုန်းတီးခံနေမှာလဲ။ ဗီဇနဲ့ဝန်းကျင်ရဲ့အပြုအပြင်ကြောင့် အသွင်သဏ္ဍန်ကွဲတာကလွဲလို့ သွေးမှာလူမျိုးမရှိကြောင်းသိဖို့ ဉာဏ်အရာမှာ ဘယ်လောက်ကြီးမြင့်ဖို့လိုမလဲ။ ဘာလူမျိုးဖြစ်တဲ့အတွက် ဘာလူမျိုးထက်ပိုမြတ်တယ်ဆိုသူတွေ ကမ္ဘာမြေကိုဘယ်လိုစတေးခဲ့ကြောင်းသိဖို့ လောကအမြင် ဘယ်လောက်မျှတဖို့လိုမလဲ။ လူတမျိုးကိုချစ်တဲ့စိတ်နဲ့ လူသားကိုချစ်တဲ့စိတ်ကြားမှာ ဘာခြားနားလဲသိဖို့၊ မျိုးချစ်စိတ်နဲ့ ပြည်ချစ်စိတ်၊ မျိုးချစ်ဝါဒနဲ့ပြည်ချစ်ဝါဒကြားကခြားနားမှုဘာလဲမြင်ဖို့ ဘယ်လောက်ဆည်းပူးရဦးမလဲ။

နောက်ဆုံးပြောချင်တာက ဖန်ဆင်းရှင်ရှိတယ်ဆိုတာကိုငြင်းပယ်တဲ့အဘိဓမ္မာမှာစွဲဝင်သူမိဘများကမွေးဖွားခဲ့ရုံမက အဲ့ဒီအဝန်းအဝိုင်းမှာ အဲ့ဒီအယူနဲ့ကြီးပြင်းနေသူက Atheist ပါလို့ကြွေးကြော်ပြီဆိုရင် သူဟာ သူ့အဘိဓမ္မာမှာ ထဲထဲဝင်ဝင်မရှိသူဖြစ်မှန်း ပေါ်လွင်လာတာကိုပါပဲ။ Atheism ဆိုတာ ဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့အယူသာဖြစ်တယ်။ အဲ့ဒါနဲ့ပြောင်းပြန်က ဖန်ဆင်းရှင်ရှိတယ်လို့ယုံကြည်တဲ့အယူသာ ဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ ဗုဒ္ဓဖြစ်ပြီ ဉာဏ်အလင်းပေါက်ပြီ ဓမ္မကိုကိုယ်တိုင်ထိုးထွင်းသိမြင်ပြီလို့ အနေကဇာတိရံသချီပြီး ကြွေးကြော်ခြင်းမှာ “ငါဟာ Atheist” လို့ ကြေညာတာပါမှန်းသိဖို့ ဘယ်လောက်နက်နဲဖို့လိုလေဦးမလဲ။
ဧပြီ ၁ဝ ရက် ၂ဝ၁၃

0 comments:

Post a Comment