Thursday, April 11, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား။ သာလွန်ဇောင်းထက်

0 comments
ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား။ သာလွန်ဇောင်းထက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁ဝ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့်ရှေ့လုပ်ငန်းစဉ်များကိုထုတ်ပြန်လိုက်ရာ မဝါဒသဘောထားများတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။
၂ဝ၁၂ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေးအပါအဝင် ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ်ကျင်းပသောညီလာခံအပြီးထုတ်ပြန်သော မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဆင်ရေးမပါဝင်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအုတ်မြတ်ခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင်အခြေခံသော ဖွံ့ဖြိုးတိုးတက်ရေးတို တည်ဆောက်မည်ဟူသော မူဝါဒများသာပါဝင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုစွန့်လွှတ်ခြင်း မဟုတ်၊ သို့ရာတွင် အဖွဲ့ချုပ်၏နိုင်ငံရေးသဘောထားနှင့်ရှ့လုပ်ငန်းစဉ်တွင် အဘယ်ကြောင့်မထည့်သွင်းထားသနည်း ဆိုသည်ကိုမူ မိမိနားမလည်ဖြစ်ရကြောင်း ဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။
“ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမပါလာတာလည်း မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းစဉ်ကို မပစ်ပယ်ဘူး။ ရိုးရိုးချွတ်ချော်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း အကြိမ်ကြိမ်ပြောနေတာပဲ။ ဒီသဘောထားပြောင်းတာမျိုး မဟုတ်ဘူး။ ကျနော်လည်း ဆွေးနွေးတဲ့အထဲမှာ မပါဘူး။ ဗဟိုအလုပ်မှုဆောင်တွေပဲဆွေးနွေးကြတာ”ဟု ဦးဝင်းတင်က ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီပြင်ဆင်ရမည်ဖြစ်ပြီး လူထုလူတန်းစားအသီးသီးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး လူထုသဘောထားထုတ်ဖော်ကာ လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်သို့အသိပေးရမည်ဖြစ်ကြောင်း ဦးဝင်းတင်ကဆိုသည်။
“အခြေခံဥပဒေပြင်ရေးကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီလုပ်ရမယ်။ ဒုတိယအချက်က လမ်းပေါ်ထွက်ရမယ်။ လမ်းပေါ်ထွက်ဆိုတာ ဆန္ဒပြဖို့မဟုတ်ဘူး။ လမ်းဘေးတွေမှာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးရှင်းလင်းပွဲတွေ လုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလည်းလုပ်ရမယ်။ ဒါမှသာလျှင် လူထုအကြံပြုချက်တွေ ပေါ်လာမယ်။ ဆုံးဖြတ်ချက် ပေါ်လာမယ်။ လူထုထောက်ခံတာတွေ ပေါ်လာမယ်။ သူတို့သဘောထားတွေ ပေါ်လာမယ်။ ဒါတွေ အကုန်လုံးက ပြည်သူ့အသံတွေပဲ။ ဒီအသံတွေကို လွှတ်တော်ထဲပို့ရမယ်။ တိုင်းပြည်ရဲ့ဆန္ဒ၊ တိုင်းပြည်ရဲ့သဘောထားတွေလွှတ်တော်ထဲရောက်သွားရင် လွှတ်တော်ကသိပ်ငြင်းလို့မရတော့ဘူး” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲပချုပ်၏ အရန်ဗဟိုအလုပ်မှုဆောင်လည်းဖြစ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖစ်သူ ဒေါ်ဖြူဖြူသင်းကလည်း အဖွဲ့ချုပ်နာယကဦးတင်ဦးကိုယ်တိုင် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလေးပေးပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် မည်သည့်အတွက်ကြောင့် မူဝါဒတရပ်အဖြစ်မပါဝင်လာမှုကို မသိရှိကြောင်းပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံနှင့်ဗဟိုအလုပ်အမှုဆောင်ဦးအုန်းကြိုင်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ရွေးကောက်ပွဲကြေညာစာတမ်းသာဖြစ်ပြီး အဖွဲ့ချုပ်၏နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့ဆက်လုပ်ငန်းစဉ်တွင်မပါဝင်သော်လည်း ထိုမူဝါဒကိုစွန့်လွှတ်ခြင်းမဟုတ်ကြောင်း ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များတွင် နိုင်ငံရေးဝါဒ၊
နိုင်ငံခြားရေး၊ တိုင်းရင်းသားလူမျိုးများ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာလုပ်ငန်း၊ အလုပ်သမား၊ ကျောင်းသားလူငယ်၊ လူထုဘဝသက်သာချောင်ချိရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော၊ ရိုးရာဓလေ့ထုံးတမ်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတို့ပါဝင်သည်။
ကာကွယ်ရေးနှင့်လုံခြုံရးအပိုင်းတွင် တပ်မတော်အပေါ် အဖွဲ့ချုပ်၏သဘောထားများရှင်းလင်းဖော်ပြထားပြီး  တပ်မတော်သည် နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သောအဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်ကိုကာကွယ်ဖြည့်ဆည်းသော အင်အားစုဖြစ်ရေး၊ ခေတ်မီတပ်မတော်ဖြစ်ရေး၊ ပြည်သူချစ်ခင်သောတပ်မတော်ဖြစ်ရေး၊ တပ်မတော်နှင့်ကာကွယ်ရေးယန္တရားတရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက်တွင်ရှိရေးတို့ကို အဖွဲ့ချုပ်၏သဘောထားအဖြစ်ထုတ်ပြန်ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နိုင်ငံလုံးဆိုင်ရာညီလာခံက ဗဟိုကော်မတီဝင် ၁၂ဝ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးတို့ကိုရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင်တို့ဖြစ်သည်။
ယူတာက ဒီကပါhttp://burma.irrawaddy.org/archives/35391

0 comments:

Post a Comment