Thursday, April 11, 2013

ဦးတည်ချက်၃ရပ်ဖြင့် “၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေး (တူမောင်ညို)

0 comments
ဦးတည်ချက် ၃ ရပ်ဖြင့် “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေး (တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဧပြီ ၁၀ ရက်) လွှတ်တော်ထဲတွင် “၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေးဆိုသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ လွှတ်တော်အမတ် “၃၉” ဦးက ပြင်ဆင်လိုသည့်ဆန္ဒရှိယုံမျှဖြင့်လည်း ပြင်ဆင်ဖို့မဖြစ်နိုင်ပါ။ လွှတ်တော်ထဲတွင်  “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးဆိုသည်မှာ ကြံ့ဖွံ့ပါတီနှင့်ဗိုလ်မင်းအောင်လှိုင်၏ စစ်သားအမတ်တွေ (ဦးဝင်းတင်စကားနဲ့ပြောရလျှင်“မရွေးအမတ်”တွေ) လက်ထဲမှာရှိနေသည့်အရာဖြစ်သည်။  
မည်သူမဆို/မည်သည့်ပါတီမဆို “၂၀၀၈အခြေခံဥပဒေ”ကို အခြေခံကျကျပြင်ဆင်မည်ဟုဆိုလျှင် ကြံ့ဖွံ့ပါတီနဲ့ အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ဗိုလ်မင်းအောင်လှိုင်နှင့်လည်း အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ထိထိမိမိပြင်ဆင်မည်ဆိုလျှင် ပီပီပြင်ပြင် ထိပ်တိုက်တွေ့ကြရလိမ့်မည်။ မည်သို့မျှ ရှောင်လွှဲ၍မရနိုင်။
“၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်သည့်အခါ အောက်ပါဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက်အောင်မြင်စေရလိမ့်မည်။  
၁။ လွှတ်တော်များကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်၊ လွှတ်တော်ကိုယ်စားလှယ်မှန်သမျှကို သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ပြည်သူများကဆန္ဒမဲပေး ရွေးချယ်ထားသူများသာဖြစ်ရမည်။ သမ္မတ၊ ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ကို  လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်။
၂။ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တန်းအာမခံနိုင်သော (ဖက်ဒရယ်)ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းကြရမည်။
၃။ လွှတ်တော်များတွင်ရှိသော“ စစ်သားအမတ်၂၅%”ကို ဖယ်ရှားရမည်။ စစ်တပ်သည် အစိုးရအဖွဲ့၏ ဝန်ကြီးဌာနများအနက် ဝန်ကြီးဌာနတစ်ခုဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်သာရှိရမည်။ ဖေါ်ပြပါအချက် ၃ ချက်မပါဝင်သောပြင်ဆင်ရေးသည် မည်ကာမတ္တပြင်ဆင်ရေး၊ အပေါ်ယံသနပ်ခါးလိမ်းသည့်ပြင်ဆင်ရေး၊ အတုအယောင်ပြင်ဆင်ရေးမျှသာလျှင် ဖြစ်ပေလိမ့်မည်။
ယခုအခါ “၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး”၊ “ ပြင်ဆင်ရေး”ဆိုသည်ကို ကြံ့ဖွံ့ပါတီအမတ်များကပြောလာကြပြီ။ သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးဆိုသည်မှာ အဘယ်နည်း။
သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးကိုသိလိုလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့စည်းမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပြင်ဆင်မှု”ကိုကြည့်လျှင် သူတို့သဘော၊ သူတို့ဆန္ဒနှင့် သူတို့၏လုပ်နည်းကိုင်နည်းကို ရှင်းလင်းစွာသိနိုင်သည်။
သူတို့သည် သူတို့လိုအပ်သည့်ပြင်ဆင်မှုကို ပြုလုပ်လိုသည့်အခါတွင် သူတို့စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မအတည်ပြုခဲ့သော “၂၀၀၈ အခြေခံဥပဒေ”ပါ ပြဋ္ဌာန်းချက်များကိုပင် သွေဖီချိုးဖောက်ရန် ဝန်မလေးသူများ၊ လက်မရွံ့သူများဖြစ်သည်။ လတ်တလောပြင်ဆင်ဖွဲ့စည်းခဲ့သောခုံရုံးအဖွဲ့ (ခုံရုံးဥက္ကဋ္ဌဦးမြသိန်းအပါအဝင် ၉ ဦး)နှင့် ခုံရုံးဥပဒေပြင်ဆင်ချက် (၂၀၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၄ ) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၉၈ ၊ ပုဒ်မခွဲ (က)ပါပြဋ္ဌာန်းချက်ကို သွေဖီချိုးဖောက်၍ ဖွဲ့စည်း/ပြင်ဆင်ထားခြင်းဖြစ်သည်။
သို့အတွက် ယခုဖွဲ့စည်းပေးခဲ့သော ခုံရုံးဥက္ကဋ္ဌဦးမြသိန်းအပါအဝင် ၉ ဦးသည် ၄င်းတို့ကို ဖွဲ့စည်းပေးခဲ့မှုနှင့် ခုံရုံးဥပဒေပြင်ဆင်မှုသည် တည်ဆဲဥပဒေတစ်ခုဖြစ်သော၊ တည်ဆဲဥပဒေအားလုံး၏ (Parent law) ဖြစ်သည်ဟုဆိုသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”နှင့် ညီညွတ်ခြင်းရှိ/မရှိ စိစစ်နိုင်မည်လော။ ခုံရုံးဥက္ကဋ္ဌသစ်ဦးမြသိန်းအပါအဝင် ၉ ဦးသည် (ဗိုလ်) ဦးရွှေမန်းစိတ်ကြိုက်ရွေးထားသူများသာဖြစ်သဖြင့် “ခုံရုံးဖွဲ့စည်းမှုနှင့် ခုံရုံးဥပဒေပြင်ဆင်မှု” ကို “၂၀၀၈အခြေခံဥပဒေနှင့်ညီညွတ်ပါသည်” ဟုသာ စိစစ်ဖွင့်ဆိုကြရပေလိမ့်မည်။ မညီညွတ်ပါဟု စိစစ်ဖွင့်ဆိုခဲ့မည်ဆို လျှင် “ခုံရုံးဥက္ကဋ္ဌဦးသိန်းစိုး အပါအဝင် ၉ ဦး” တို့သွားရာလမ်းသို့ မြန်းကြရပေလိမ့်မည်။ ဤသည်မှာ “၂၀၀၈ အခြေခံဥပဒေ”၏ သန္ဓေပါ အကြပ်အတည်းတွေထဲက တစ်ခုဖြစ်သည်။ မည်သူမဆို/မည်သည့်ပါတီမဆို “၂၀၀၈ အခြေခံဥပဒေ” ကိုပြင်ဆင်မည်ဆိုလျှင် ၂၀၀၈ အခြေခံ ဥပဒေ၊ အခန်း(၁) “နိုင်ငံတော်အခြေခံမူများ”အခန်းရှိ ပုဒ်မအားလုံး(၄၈ ခုရှိသည်)ကို အခြေခံကျကျ ပြင်ဆင်ရလိမ့်မည်။ ယင်းသို့ ပြင်ဆင်ရာတွင် ဆောင်းပါးအစ၌တင်ပြခဲ့သောဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက်အောင်မြင်စေရပေလိမ့်မည်။ သို့မှသာ အခြေခံကျကျ ပြင်ဆင်ရေးဟုခေါ်ဆိုနိုင်ပေလိမ့်မည်။ “အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်ကပါဝင်ထမ်းဆောင်ရေး”ဆိုသည်မှာ စစ်အုပ်စုက “နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးသမားများအပေါ်  ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးသာလျှင်ဖြစ်သည်။ ၂၀၀၈အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတို့သည် စစ်အုပ်စုက နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအပေါ် ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးအတွက် ယန္တယားနှင့်အစီအမံများသာဖြစ်ပေသည်။ ထိုသို့သော ယန္တယားနှင့်အစီအမံများရှိနေသ၍ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့်စစ်မှန်သောပြည်ထောင်စုဆိုသည်မှာ အမည်ခံသက်သက်၊ အတုအယောင်သက်သက်မျှသာ ဖြစ်နေပေလိမ့်ဦးမည်။ “၂၀၀၈ အခြေခံဥပဒေ”ကို တကယ်တမ်းပြင်ဆင်လိုလျှင် လွှတ်တော်ပြင်ပ ပြည်သူလူထုစွမ်းပကားကို အခြေခံကျကျ စည်းရုံးပြင်ဆင်ရလိမ့်မည်။
ညွန်း
-  ၂၀၀၈ အခြေခံဥပဒေ
-  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၃
- မြန်မာ့အလင်းသတင်းစာ ၂၆ ဖေဖေါ်ဝါရီ ၂၀၁၃ 

0 comments:

Post a Comment