၉၆၉ အကြမ်းဖက်ဂိုဏ်းနှင့် စင်္ကာပူရောက်မြန်မာများ
စင်္ကာပူနိုင်ငံသည် ဗုဒ္ဓဘာသာဗမာ ပညာတတ်အမြောက်အများ လာရောက်အခြေချနေထိုင်သော နိင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုအထဲတွင် စင်္ကာပူနိုင်ငံသားကူးပြောင်းထားသူအများအပြားရှိသကဲ့သို့ လာရောက်အလုပ်လုပ်ကိုင်သူ ကျောင်းတက်နေသူများ အလွှာမျိုးစုံပါဝင်ပါသည်။ ပညာတတ်များဖြစ်သည့်အားလျော်စွာ စစ်အစိုးရကြောင့်အောက်ကျနောက်ကျဖြစ်နေသောနိုင်ငံအား အစစအရာရာ စီးပွားရေးအဆင်ပြေနေသောစင်္ကာပူနိုင်ငံနှင့်နှိုင်းယှဉ်၍ အားမလိုအားမရဖြစ်နေသူကအများအပြားဖြစ်ကြသည်။ စင်္ကာပူနိုင်ငံရောက်ဗမာများသည် အမျိုးသားရေးလွန်စွာမှနိုးကြားကြသည်။ နှစ်စဉ်နှစ်တိုင်း စင်္ကာပူတက္ကသိုလ်များ၊ ပိုလီများတွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲများကျင်းပကာ သင်္ကြန်သံချပ်များဖြင့် စစ်အစိုးရဆန့်ကျင်ရေးကို တက်ကြွစွာ ဘာသာရေးအကြောင်းပြ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ငွေရေးကြေးရေးအလုံးအရင်းနှင့်ထောက်ပံ့ပေးနေသောသူများ စုဝေးရာအရပ်ဟုဆိုလျင်လည်း မမှားပေ။ နိုင်ငံရေးအရ လူစုလူဝေးလုပ်ခွင့်လုံးဝမရှိသော စင်္ကာပူနိုင်ငံတွင် ဦးထုပ်နီလှုပ်ရှားမှုဖြင့် မြန်မာသံရုံးကိုဆန္ဒပြရဲခဲ့သည်အထိ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်ကြပါသည်။ ထိုမျှမကသေး မြစ်ဆုံအရေးအတွက် မြန်မာပြည်တွင်းမှစာရေးဆရာများ၊ အနုပညာနယ်ပယ်မှတက်ကြွလှုပ်ရှားသူများကို စင်္ကာပူသို့ကုန်ကျစရိတ်ခံပင့်ဖိတ်၍ မြစ်ဆုံအရေးကိုစာပေဟောပြောပွဲပုံစံဖြင့် ဆန္ဒထုတ်ဖေါ်နိုင်ခဲ့ကြပါသည်။ တဖက်တွင်လည်းကြည့်လိုက်လျှင် ဤသို့ စစ်အစိုးရဆန့်ကျင်ရေးကို ထောက်ခံအားပေးနေကြသော စင်္ကာပူမှစီးပွားရေးသမားအများစုသည် စစ်အစိုးရသက်တမ်းတစ်လျောက် စစ်ဗိုလ်ချုပ်ကြီးများ၏အခွင့်ထူးခံများ၊ စီးပွားဖက်မကင်းသူများဖြစ်ကာ စီးပွားရေးအမြတ်ထုတ်နေကြသောသူများသာတည်း။ ပါးစပ်က ဒီမိုကရေစီအော်နေကြသော်လည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် အပေးအယူမကင်းသောသူများပင်ဖြစ်ပေသည်။ ထိုအထဲတွင် စစ်အစိုးရလက်ဝေခံများလည်း အမြောက်အများရှိနေသည်။ စစ်အစိုးရအာဏာရှိစဉ်အချိန်ကာလက အစိုးရဆန့်ကျင်သူနှင့်အစိုးရလက်ဝေခံဟု အုပ်စု ၂ ခု ကွဲကွဲပြားပြားရှိခဲ့သော်လည်း ယခု အချိန်ကာလတွင် သူ ငါ သိပ်မကွဲကြတော့ပဲ တိုင်းပြည်ကောင်းစားရေးအတွက်ခေါင်းစဉ်ဖြင့် လက်တွဲကြသူများလည်း ရှိလာကြသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အစိုးရပြောင်းပြီးနောက်ပိုင်း ပြန်လည်အရှိန်မြင့်လာသော တိုင်းရင်းသားများ၏စစ်ပွဲများနှင့် သယံဇာတခွဲဝေမှုအပေါ် စိုးရိမ်စိတ်များကြောင့်ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင်အင်တာနက်မြန်နှုန်းအကောင်းဆုံး ၁၀ နိုင်ငံတွင်ပါဝင်နေခြင်းသည်လည်း စင်္ကာပူရောက်ဗမာများအတွက် လွန်စွာမှအထောက်အကူဖြစ်စေခဲ့ရပေသည်။ စစ်အစိုးရဆန့်ကျင်ရေးဆိုက်များ ဆိုရှယ်ဂရုပ်များ နောက်ပိုင်း ဖေ့စ်ဘွတ်ဂရုပ်များအများစုအခြေစိုက်ရာဌာနကား စင်္ကာပူနိုင်ငံဖြစ်လာပေသည်။ မြစ်ဆုံအရေးကို အင်တာနက်ပေါ်မှ လူမှုရေးကွန်ယက်များသုံး၍ ထိထိရောက်ရောက်ဝါဒဖြန့်ကာ အရှိန်တန့်ထားအောင် ပြုလုပ်လာနိုင်ခဲ့သည်။ အစိုးရကိုယ်တိုင်က အရေးတယူဆောင်ရွက်ရသည်အထိ အောင်မြင်မှုရရှိခဲ့သည်။ မြစ်ဆုံအရေးနောက်ပိုင်း ရခိုင်အရေးအခင်းမတိုင်မှီ ရိုဟင်ဂျာများကိစ္စအား စတင်ဝါဒဖြန့်သူများသည် စင်္ကာပူနိုင်ငံသားမြန်မာများကို စတင်ချည်းကပ်ခဲ့ကြသည်။ ထိုဝါဒဖြန့်သူများသည် စစ်အစိုးရနှင့်ပတ်သက်ဆက်နွယ်သူများဖြစ်ကြသော်လည်း မဟာဗမာတို့၏စိုးရိမ်မှုက ဒီမိုကရေစီရေးကြွေးကြော်နေသူများကိုယ်တိုင် ထိုသူများကိုအကူအညီပေးခဲ့ကြလောက်အောင် မဟာဝါဒအတွက် စိုးရိမ်မှုများကိုကြီးထွားစေနိုင်ခဲ့ကြပေသည်။ စင်္ကာပူနိုင်ငံရောက်ရခိုင်နွယ်ဖွားအရေအတွက်များမှုကလည်း အဆိုပါအရေး ၀ါဒဖြန့်သူများအတွက် အခွင့်ကောင်းတစ်ရပ်ရခဲ့သည်ဟုဆိုရမည်ပင်ဖြစ်သည်။ ၀ါဒဖြန့်သူများသည် စင်္ကာပူနှင့်မလေးရှားကို အကျိုးရှိစွာအသုံးချနိုင်ခဲ့သည်။ ဘက်စုံထောင့်စုံမှအုပ်စုများအတွင်းစိမ့်ဝင်ကာ စိုးရိမ်မှုများပြားလာစေရန်စည်းရုံးနိုင်ခဲ့သည်။ ရလာဒ်ကား ရခိုင်အရေးကိုအောင်မြင်စွာလုပ်ကြံနိုင်ခဲ့ခြင်းတည်း။ ထိုလှုံ့ဆော်သူများသည် ယခင်ကတည်းက အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သော စင်္ကာပူရောက်ဗမာများအား စင်္ကာပူနိုင်ငံရှိတရုတ်များနှင့်မလေးများ၏ အတိတ်ကဖြစ်ရပ်များ၊ စင်္ကာပူရီယန်းမလေးတို့၏ လက်ရှိအခြေအနေများအား အဆိုးမြင်ရှုထောင့်မှမီးမောင်းထိုးပြခဲ့ပေသည်။ ဒီလုပ်ရပ်များက ဒီမိုကရေစီရေးလှုပ်ရှားမှုတွင်အားကောင်းသော စင်္ကာပူနိုင်ငံသားဗမာများနှင့် စင်္ကာပူရောက်ဗမာများအား အမျိုးသားရေးဝတ်ရုံနက်ကို အနီးကပ်လွှမ်းခြုံပေးခဲ့ခြင်းပင်တည်း။ ပညာရှိများသတိဖြစ်ခဲသောအခြေအနေတစ်ရပ် စင်္ကာပူရောက်ဗမာများ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပေသည်။ ဒီအခြေအနေအားအရှိန်မြှင့်ပေးသောအချက် Catalyst များကတော့ နဂိုကတည်းက မုန်းတီးမှုအစွဲပြင်းထန်သောရခိုင်များ၊ ထိုရခိုင်များနှင့်နီးစပ်ဆက်နွယ်သောသူများပင်ဖြစ်သည်။ စင်္ကာပူရောက်ဗမာများသည် နိုင်ငံကိုပြန်လည်ထူထောင်ရန်အတွက်စဉ်းစားရာတွင် အနောက်တိုင်းစံချိန်စံနှုန်းများထက် စင်္ကာပူစီးပွားရေးတိုးတက်မှုကိုအားကျကြသည်။ လူနည်းစုမလေးများအပေါ် ဥပဒေများဖြင့်ချုပ်ကိုင်ထားနိုင်မှုကိုစံပြုလိုကြသည်။ တချိန်တည်းမှာပဲ မလေးရှားအစိုးရ၏ လူများစုကိုတဖက်သတ်အကာအကွယ်ပေးထားသည့်အခွင့်ထူးများလိုမျိုး ရယူလိုကြသည်။ မိမိတို့ဗမာများကို မလေးလူမျိုးများနှင့်ယှဉ်ထိုးကြည့်ကြသည်။ ဗမာများက ရောင့်ရဲတင်းတိမ်ကြပုံအား မလေးများ၏လေးဖင့်ပုံနှင့် ဥပမာပေးပြောတတ်ကြသည်။ ကုလား/တရုတ်များ၏ အလုပ်လာဘ်မြင်မှုအပေါ်အားကျကြသလို စိုးရိမ်ကြသည်ကား ရှေးဦးမဆွ နိုင်ငံရပ်ခြားသို့ စတင်လာရောက်အလုပ်လုပ်သူတိုင်းသိကြသည့်အချက်ပင်ဖြစ်သည်။ အဆိုပါစိုးရိမ်စိတ်ကိုသိသော စိတ်ဓါတ်စစ်ဆင်ရေးဆရာကြီးများကလည်း သေချာစွာသင်ပေးလိုက်သည်က တရုတ်နှင့်အိန္ဒိယ ဘင်္ဂလားဒေရှ့်တို့၏ လူဦးရေကိုမီးမောင်းထိုးပြီး ဗမာတို့၏စိုးရိမ်စိတ်ကို မြင့်တက်စေရေးဖြစ်သည်။ ဒီမိုကရေစီရေးဘုံရပ်တည်ချက်ဖြင့် စုစည်းလာခဲ့သည်ပြည်သူများအား အယောင်ပြဒီမိုကရေစီပေးကာ မူလဦးတည်ချက်ရောက်ပြီးပြီဟု ထင်ယောင်ထင်မှားလုပ်ကာ နောက်ထပ် သူတို့လိုသောဦးတည်ချက်သွင်းပေးခဲ့ခြင်းပင်ဖြစ်သည်။ လွန်စွာမှစနစ်ကျလှပေသည်။ ယခုအချိန် အားလုံး၏စိုးရိမ်မှုက ဒီမိုကရေစီမဟုတ်တော့၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားအားလုံးကိုချုပ်ကိုင်ထားနိုင်ရေးနှင့် ဗမာတို့၏အချုပ်အချာ အာဏာတည်တံ့ခိုင်မြဲရေးပင်ဖြစ်ပေသည်။ စင်္ကာပူမြန်မာများ အမျိုးသားရေးစိတ်ဓါတ်အား အဓိကပဲ့ကိုင်လျက်ရှိသောနေရာများမှာ စင်္ကာပူနိုင်ငံရှိဗမာဘုန်းတော်ကြီးကျောင်းများဖြစ်သည်ဟုဆိုက လွန်မည်မထင်ပါ။ ဗမာတို့ကား မူလကပင် နိုင်ငံရပ်ခြားသို့ထွက်လာချိန်၌ စိုးရိမ်စိတ်များလွှမ်းမိုးခဲ့သူများဖြစ်ကြပါသည်။ ဘာသာစကားအခက်အခဲ တိုးမပေါက်ခြင်းကလည်း ရောက်ကာစဗမာများအတွက် ကြီးစွာသောစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပါသည်။ အဆိုပါစိုးရိမ်မှုအား ကောင်းစွာအသုံးချခဲ့သူများမှာ စင်္ကာပူနိုင်ငံရှိဗမာဘုန်းတော်ကြီးများပင်ဖြစ်သည်။ အန္တရာယ်ကင်းစေရန်အဆောင်လည်းဖြစ် ဗမာအချင်းချင်း အကူအညီပေးလို့ရတာပေါ့ဆိုတဲ့စကားများနဲ့ပဲဖြစ်ဖြစ် ပရိတ်ကြိုးအဝါရောင်ကလေးများအား လက်ကောက်ဝတ်တွင် ပတ်စေခဲ့သည်။ ယင်းကဲ့သို့ ပရိတ်ကြိုးလက်တွင်ချည်သည့်အစဉ်အလာသည် မြန်မာပြည်တွင်းဗုဒ္ဓဘာသာဂိုဏ်းအချို့ကသာ ပြုလုပ်လေ့ရှိသော်လည်း စင်္ကာပူသို့ရောက်သူများက အန္တရာယ်ကင်းစေရန်အဆောင်သဘောနဲ့ဟုဆိုကာ ဗမာဗုဒ္ဓဘာသာဝင်အားလုံးနီးပါး ပတ်ကြပါသည်။ အမှန်ကား ယင်းသည်လည်း ဗမာဗုဒ္ဓဘာသာဝင်များကို အခြားဘာသာခြားများနှင့် တသီးတခြားစီခွဲခြားပေးလိုက်ခြင်းဖြစ်ပေသည်။ အဆိုပါ အဆောင်ဝတ်သူအနေဖြင့်လည်း မူလက အန္တရာယ်ကင်းဝတ်သော်လည်း နောက်ပိုင်း အုပ်စုဖွဲ့သူများ၏စည်းရုံးမှု မိမိကိုယ်ကို မ၀တ်ထားသူများနှင့်ကွဲပြားသည်ဟု ထင်လာကြပေသည်။ စိတ်သဘောအတွင်း ငါသည် သူများနှင့်မတူဟုထင်လာစေပါသည်။ အုပ်စုတူအချင်းချင်းသာ ချစ်ခင်မှုပိုလာခြင်း မိမိကဲ့သို့မ၀တ်သူများကို မိမိနှင့်မတူသူများဟုထင်လာခြင်း သိစိတ်ကဖြစ်စေ မသိစိတ်ကဖြစ်စေ သူဟာ ငါနှင့်မတူသူဟုခွဲခြားသည့်စိတ်များ ကိန်းအောင်လာစေခဲ့ပါသည်။ အဆိုပါအချက်များသည်လည်း စင်္ကာပူရောက်ဗမာများအား တခြားသောသူများနှင့်မတူ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လာစေရခြင်း၏ နောက်ကွယ်မှအခြေခံအချက်များဖြစ်ပါသည်။ ထိုသို့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သောသူများ၏သင်္ကေတတစ်ရပ်မှာ အားနည်းသူများအား ကိုယ်ချင်းစာနာမှု နည်းပါးလားခြင်းပင်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ဗမာစစ်တပ်နှင့်တိုက်ပွဲများပြင်းထန်လာသောအခါ မိမိတို့တိုင်းရင်းသားကချင်များကို ကိုယ်ချင်းစာစိတ်ဖြင့်သတင်းမေးခြင်းထက် ကချင်စစ်ပွဲအား စီးပွားရေးလုသည့်စစ်ပွဲတစ်ပွဲဟု ခံယူခဲ့ကြကာ မသိကျိုးကျွန်ပြုခဲ့ကြသည်။ မြစ်ဆုံတွင်တက်ကြွစွာလှုပ်ရှားခဲ့ကြသောဗမာများ ကချင်စစ်ရပ်တန့်ရေးအတွက် အသံမထွက်ခဲ့ကြ။ ကချင်တွေခွဲထွက်ဖို့လုပ်နေကြသည်ဟု ခံယူခဲ့ကြပေသည်။ တိုင်းရင်းသားအားလုံးကို ချုပ်ကိုင်ထားနိုင်ရေးဆိုသည့်စိုးရိမ်မှုက ပိုပြီးကြီးခဲ့ကြပေသည်။ သို့နှင့် လက်ပန်းတောင်းတောင်အရေးအခင်း အစီးရင်ခံစာထွက်အပြီးတွင် မည်သူ့ကို ယိုးမယ်ဖွဲ့ရမည်မရှင်းလင်းတော့၊ စင်္ကာပူကဗမာများ ”အား”မပြင်းနိုင်ကြတော့၊ ယခုအချိန်အားလုံး၏စိတ်ထဲတွင် မဟာဗမာပြည်ကြီးအတွက် ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲမှဖြစ်မည်ဆိုသော ”မှိုင်း”က လက်ပန်းတောင်းတောင်က မီးလောင်သံဃာများကိုဖုံးလွှမ်းသွားခဲ့ကြပေသည်။ တညီတညွတ်ထဲ ဟန်ဝင်းအောင်ကို ဗီလိန်စာရင်းသွင်းလိုက်ကြသည်။ ကွန်မြူနစ်တံဆိပ် ရဲရဲဝံ့ဝံ့ကြီးကပ်လိုက်ကြသည်။ သို့နှင့် ၉၆၉ လှုပ်ရှားမှုကြီးပေါ်ပေါက်လာသောအခါ စင်္ကာပူရောက်ဗမာများ လွန်စွာမှအားရကြသည်။ ငါတို့ဘာသာကိုကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဟု ခံယူလိုက်ကြသည်။ တဆက်တည်းမှာပဲ သီရိလင်္ကာကဘုန်းကြီးများအား ချက်ခြင်း အတုယူလိုက်ကြသည်။ ဘုန်းကြီးများကသာလျင် သာသနာကိုကာကွယ်နိုင်မည်ဖြစ်သည်။ ဒါကြောင့် ထောက်ပံ့ဖို့လိုသည်ဟု လက်ခံလိုက်ကြခြင်းဖြစ်သည်။ ၀ိနည်းနှင့်မညီမှန်းသိသိနှင့် စိုးရိမ်စိတ်ကြောင့် ပုံအောထောက်ခံလိုက်ကြခြင်းပင်တည်း။ လှူလိုက်ကြသည့်ငွေ လွှဲလိုက်ကြသည်ပမာဏမှာလည်း မနည်းမနော၊ နဂိုက သာမန်သင်္ကန်းနှင့်ဦးဝိရသူ သိန်းကျော်တန်သင်္ကန်း ရုံဖြစ်သွားသည်အထိဖြစ်သည်။ သို့နှင့် တချိန်က ရိုဟင်ဂျာများကို ဘင်္ဂလီခိုးဝင်သူများဟုစွပ်စွဲပြီး ရခိုင်အရေးကိုအားပေးခဲ့ကြသည့်စင်္ကာပူဗမာများ ယနေ့ ဘင်္ဂလီသွေးတစ်စက်မှမရှိသော မိမိတို့နှင့်အတူနေလာသောမြန်မာပြည်အလည်ပိုင်းနေကုလားများကို မျိုးဖြုတ်သတ်ဖြတ်ဖို့လုပ်လာကြသောအခါ အသံမထွက်ကြတော့။ ယနေ့အခြေအနေသည် တနိုင်ငံလုံးရှိကုလားများ ကျီးလန့်စာစားဖြစ်နေရချိန် အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လှသောဗမာများ တစ်ချက်မှအသံမထွက်၊ ဒီပွဲက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရလာသည့်အမြတ်က ငါတို့လူမျိုးအတွက်ပဲဟုခံယူကာ ရေငုံနုတ်ပိတ်လျက်၊ ကိုယ်ချင်းစားတရား မထားနိုင်ခဲ့ကြ။ စင်္ကာပူရောက်ဗမာများ၏စိုးရိမ်မှုက ခေါင်ခိုက်ခဲ့ပြီဖြစ်သည်။ စင်္ကာပူရီယန်းဗမာဘိုးအေကြီးများအပါအ၀င် ကြီးကြီးသေးသေးအားလုံး စုလိုက်ကြသည်။ ဘာလုပ်ကြမည်နည်း။ ငါတို့မှမလုပ်လျှင် မဖြစ်တော့၊ လူငယ်များကိုအကြံပေးကြသည်။ ကုလားများသည် ဘာသာရေးအစွဲကြီးသည် သည်းခံနိုင်သည့်အားနည်းသည်။ ကုလားများ၏သည်းခံမှု အဆုံးတိုင်ရောက်အောင် လုပ်မှဖြစ်မည်။ ကုလားများတန်ပြန်လာလျင် ၂ ဖက်ဖြစ်သည်ဟုဆိုကြမည်။ FB ပေါ်တွင်ကုလားများကိုဆွပေးတော့ဟု ဘိုးတော်ကြီးများက ငြာသံပေးခဲ့ကြသည်။ သို့သော် ကုလားများကား အင်အားနည်းသူများဖြစ်ကြကား ထင်သလိုပြန်မတုံ့ပြန်ခဲ့ကြပဲ ဖွတ်ဖွတ်ညက်ညက်အကြေသာခံခဲ့ရပေသည်။ ဤတွင် နောက်တစ်နည်းပြောင်းရန် ကြိုးစားကြပြန်သည်၊ ကုလားပုံစံဖမ်းပြီး ဗမာများအားသတ်ဖြတ်ဟူသောဆောင်ပုဒ်များဖြင့် ၀ါဒဖြန့်ရန်တည်း။ သို့မှသာ အဆိုပါဆောင်ပုဒ်များကိုပြပြီး နိုင်ငံတကာကို အဖတ်ပြန်ဆယ်နိုင်မည်ဟု ကြိုးစားနေလျက်ရှိနေပေသည်။ တဖြည်းဖြည်းနှင့် မိတ္ထီလာလူသတ်မှုကြီးကား တိုင်းသိပြည်သိအဆင့်မှ ကမ္ဘာသိဖြစ်လာခဲ့လေပြီ၊ ဗမာပြည်ဗုဒ္ဓဘာသာနှင့် ဘုန်းကြီးများလည်း ကမ္ဘာ့အလယ် ရစရာမရှိအောင် အရှက်ဗျန်းဗျန်းကြီးကွဲကြရပြီး၊ စင်ကာပူတစ်ခုထဲတွင်ပင် Straight Time,Today, My Paper, Asia One စသည့် စင်္ကာပူသတင်းစာများက ၀က်ဝက်ကွဲဖေါ်ပြခဲ့လာပြီ။ ရခိုင်အရေးအခင်း မိတ္ထီလာအရေးအခင်းအစပိုင်းနှင့် ကုလား-ဗမာ အရေးအခင်းတိုင်း ရေငုံနုတ်ပိတ်နေသောစင်္ကာပူရောက်ဗမာများ နိုင်ငံတကာအလည်တွင် ဗျန်းဗျန်းကွဲနေသောအရှက်အား မီဒီယာဖြင့်အဖတ်ဆယ်ဖို့ ကုလားအသင်းအဖွဲ့များနှင့်အတူ ဆုတောင်းပွဲလုပ်ကာ အဖတ်ပြန်ဆယ်ဦးမည်ဟုကြားနေပေသည်။ တကယ်တန်းလုပ်ရမည်က အကြမ်းဖက်လုပ်ရပ်များအားရှုတ်ချရမည်မှန်သော်လည်း အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သောစင်္ကာပူဗမာများအတွက် ဗမာဗုဒ္ဓဘာသာအား ကမ္ဘာ့အလည်တွင် ပြန်အဖတ်ဆယ်ရေးက ယခုအချိန်တွင် သေရေးရှင်ရေးတမျှအရေးကြီးလျက်ရှိနေပေသည်။ ဘိုးသိကြားဘဘမြင့်
တွေ့တာနဲ့ယူတာက https://www.facebook.com/ohn.nyunt
0 comments:
Post a Comment