Tuesday, April 16, 2013

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၂-ဦးခင်မောင်ကြီး(ဗကသ ခေါင်းဆောင်ဟောင်း)

0 comments
လူ့အဖွဲ့အစည်းအချင်းအရာတွေကို အချိန်ကာလ၊ နေရာဒေသ၊ အခိုင်အမာအခြေ အနေ(Time, Space, Concrete condition)အရ ခွဲခြမ်းစိတ်ဖြာတာ မလုပ်ဘဲ ယေဘူယျဘောင်ထဲမှာထဲ့ပြီး ခြားနားနေတဲ့အခြင်းအရာတွေကို တူသယောင်ယောင် ဗလုံးဗထွေးရောမွှေပြီးပြောဆိုနေကြမယ်ဆိုရင် ဘာမှအဓိပ္ပါယ်ရှိမည်မဟုတ်ပါ။ နောက်ဆုံး အယူအဆရေးရာကပ်ဆိုက်မှု (Ideological Crisis) နဲ့လူ့အဖွဲ့အစည်းသမိုင်းဖြစ်ပေါ်တိုးပွားမှု လှည်းဘီးကို နောက်ပြန်ဆွဲတဲ့အကျိုးသက်ရောက်မှုတွင်သာ အဆုံးသတ်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ဟာ မရှောင်မလွှဲသာဘဲ တက္ကသိုလ်ကျောင်းသားသမဂ္ဂစည်းမျဉ်း အခန်း (၉) အပိုဒ်(၂)ပါ ကန့်သတ်တားမြစ်ချက်ကို ဆန့်ကျင်ခဲ့ပါတယ်။ ဒီအယူအဆကို အနိုင်တိုက်ခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုကို အလုပ်သမားလယ်သမားတွေနဲ့ပေါင်းစပ်တဲ့ဦးတည်ချက်အရ ကျယ်ပြန့်သထက်ကျယ်ပြန့်အောင် တွန်းဆော်ပေးခဲ့ပါတယ်။
အရေးပေါ်တက္ကသိုလ်ကကျောင်းသားတွေကို နောက်ထပ်လက်မခံနိုင်တော့တာကြောင့် ဆရာဦးသာထိုက ဦးစီးပြီး ၁၉၄၅ ခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာပဲ “အကြိုတက္ကသိုလ်” ((Pre-University) ကိုဖွင့်ခဲ့တယ်။ အကြိုတက္ကသိုလ်မှာလည်း ကျောင်းသားသမဂ္ဂပေါ်ထွန်းလာပြီး ကိုညီညီ (နောင်တွင် စာရေးဆရာလင်းယုန်နီ)ဟာ ထင်ရှားတဲ့ကျောင်းသားသမဂ္ဂခေါင်းဆောင်ဖြစ်လာတယ်။
တက္ကသိုလ်ကျာင်းသားသမဂ္ဂ၊ အကြိုတက္ကသိုလ်ကျာင်းသားသမဂ္ဂတွေနဲ့ တပြိုင်တည်းလိုလိုပဲ(သို့မဟုတ်စောကောင်းစောမယ်) အထက်ဗမာပြည်မှာ ကိုအေးမောင်(ဦးနုစိုးရလက်ထက် သမဝါယမမင်းကြီးဖြစ်လာသူဦးအေးမောင်) ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ “အထက်ဗမာပြည်ကျောင်းသားများသမဂ္ဂ” (အထဗကသ) ပေါ်ထွက်ခဲ့တယ်။ ၁၉၄၅ ခုနှစ်အတွင်းမှာပဲ ရန်ကုန်မြို့ထဲမှာ ကျောင်းသားသမဂ္ဂတွေ တခုပြီးတခုပေါ်လာပြီး ကိုသန်းထွန်း(ယခုသမိုင်းပါမောက္ခဟောင်း ဒေါက်တာသန်းထွန်း) ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ “ရန်ကုန်မြို့လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ” (ရကသ)ကိုဖွဲ့စည်းနိုင်ခဲ့တယ်။ တဆင့်ပြီးတဆင့်တက်လာတဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးဒီရေဟာ အထွတ်အထိပ်ရောက်လာပါပြီ။ ၁၉၄၅ ခုနှစ် နှစ်ကုန်ခါနီးမှာ တပြည်လုံးအတိုင်းအတာရှိတဲ့ ကျောင်းသားသမဂ္ဂညီလာခံတရပ်ကို ရွှေတိဂုံကုန်းပေါ်မှာခေါ်ယူနိုင်ခဲ့ပါတယ်။ တကသ၊ အထဗကသ၊ အကတကသနဲ့ရကသတို့ကိုအခြေခံပီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗ- က- သ)ကို ဖွဲ့စည်းနိုင်ခဲ့သည်။ စစ်ပြီးခေတ်ပထမဆုံးဗကသရဲ့ဥက္ကဌအဖြစ် ရကသဥက္ကဌကိုသန်းထွန်း(ယခု သမိုင်းပါမောက္ခဟောင်း ဒေါက်တာသန်းထွန်း) ကို အားလုံးသဘောတူရွေးချယ်တင်မြှောက်ခဲ့ကြတယ်။ စစ်ပြီးခေတ်မှာ ပြန်လည်ပေါ်ပေါက်လာတဲ့ဗကသဟာ ၁၃ဝဝပြည့်အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ ဗကသရဲ့အစဉ်အလာကောင်းကိုအမွေဆက်ခံခဲ့တယ်။ အလုပ်သမားလူတန်းစားခေါင်းဆောင်တဲ့ အလုပ်သမားလယ်သမား မဟာမိတ်ဖွဲ့မှုပေါ်မှာအခြေခံတဲ့ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုရဲ့ထွန်းပြောင်တဲ့ မုန်တိုင်းတပ်ဖွဲ့အခန်းကို စတင်ထမ်းဆောင်နိုင်ခဲ့တယ်။

သမိုင်းအရကြည့်ရင် ကျောင်းသားလှုပ်ရှားမှုဟာ ဘယ်တုန်းကမှ သူ့ဖာသာသူ သီးခြားကင်းကွာလှုပ်ရှားနေတဲ့ အချင်းအရာမဟုတ်ပါ။ အဆင့်အသီးသီးကာလအသီးသီးမှာ ဗမာပြည်အမျိုးသားလှုပ်ရှားမှုနဲ့ မကွဲမကွာဆက်စပ်နေတဲ့ အပြန်အလှန်သြဇာသက်ရောက်နေတဲ့ ပါဝင်ပေါင်းစပ်ရာအစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ တဖန် ဗမာပြည်အမျိုးသားလှုပ်ရှားမှုဆိုတာဟာ သီးခြားကင်းကွာစွာရပ်တည်လှုပ်ရှားနေတဲ့ အချင်းအရာမဟုတ်ပါ။ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်(ဝါ)နယ်ချဲ့စနစ်ဖြစ်ပေါ်တိုးပွားမှုမှပေါ်ထွက်လာတဲ့ သမိုင်းဆိုင်ရာတိမ်းညွှတ်မှု (Historical Tendency) ရဲ့ ဖော်ပြချက်တရပ်ဖြစ်ပြီး လက်ဝါးကြီးအုပ်အရင်းရှင်စနစ်(ဝါ)နယ်ချဲ့စနစ်ရဲ့ဖိနှိပ်သွေးစုပ်မှုကိုဆန့်ကျင်တဲ့ နိုင်ငံရေးအရ လွတ်လပ်ရေးနဲ့အမျိုးသားနိုင်ငံတော်ထူထောင်ရေးသို့ရှေ့ရှုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ နယ်ချဲ့စနစ် ကိုလိုနီစနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးရဲ့ အစိတ်အပိုင်းတရပ်လည်းဖြစ်ပါတယ်။
လိုအပ်သလောက်အကျယ်ပြောပါရစေ။
၂ဝ ရာစုနှစ်အစပိုင်းမှာ အရင်းရှင်စနစ်ဟာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်
(ဝါ)နယ်ချဲ့စနစ်အဖြစ်သို့ လုံဝပြောင်းလဲသွားခဲ့တယ်။ နယ်ချဲ့စနစ်ရဲ့ဖြစ်ပေါ်တိုးပွားမှုမှာ သမိုင်းဆိုင်ရာတိမ်းညွတ်မှု နှစ်ခုရှိတယ်။ ပထမတိမ်းညွတ်မှုက နယ်ချဲ့စနစ်ဖိနှိပ်သွေးစုပ်မှုကိုဆန့်ကျင်တဲ့အမျိုးသားနိုင်ငံရေးနဲ့ အမျိုးသားလှုပ်ရှားမှုများနိုးကြား ထကြွလာတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုများရဲ့ရည်ရွယ်ချက်က နယ်ချဲ့စနစ်ရဲ့အမျိုးသားဖိနှိပ်သွေးစုပ်မှုကို ဆန့်ကျင်တိုက်ဖျက်ပြီး အမျိုးသားနိုင်ငံတော်များ (National States)ထူထောင်လာခြင်းဖြစ်တယ်။ ဒုတိယတိမ်းညွတ်မှုကတော့ ဘက်ပေါင်းစုံကမ္ဘာ့အသွင်ပြောင်းလာခြင်း(All-embracing Globalization)ပါပဲ။ သဏ္ဍန်အမျိုးမျိုးနဲ့ နိုင်ငံတကာအပြန်အလှန် ဆက်သွယ်မှုတွေဖြစ်ပေါ်တိုးပွားလာတယ်။ တိုးတက်များပြားလာတယ်။ အမျိုးသားရေးအရကန့်သတ်ချုပ်နှောင်မှုတွေဟာ ပြိုကွဲသွားတယ်။ အရင်းစုစည်းမှုဟာ(Accumulation of capital) နိုင်ငံတကာအတိုင်းအတာဆောင်လာတယ်။ ယေဘုယျအားဖြင့် စီးပွားရေးဘဝ၊ နိုင်ငံရေးဘဝ၊ သိပ္ပံနဲ့နည်းပညာများဖြစ်ပေါ်တိုးတက်မှုတွေဟာ နိုင်ငံတကာအတိုင်းအတာအရ တညီတညွတ်တည်းစုစည်းလာတယ်။
ဒီ သမိုင်းဆိုင်ရာတိမ်းညွှတ်မှုနှစ်ခုစလုံးဟာ အရင်းရှင်စနစ်ရဲ့ပကတိဘာဝတရားများကို(Objective Laws of capitalism) ရောင်ပြန်ဟပ်ပြနေတယ်။ ပထမတိမ်းညွှတ်မှုဟာ  ယေဘုယျသဘောအရလည်းကောင်း တိုင်းပြည်တခုခြင်းတွင်လည်းကောင်း အရင်းရှင်စနစ်ဖြစ်ပေါ်တိုးပွားမှုအစောပိုင်းအဆင့်များမှာ လွှမ်းမိုးတဲ့အခန်းမှပါဝင်ခဲ့တယ်။ ဒုတိယတိမ်းညွတ်မှုကတော့ အရင်းရှင်စနစ်ရင့်မှည့်လာတဲ့အဆင့်(ဝါ)နယ်ချဲ့စနစ်အဆင့်မှာ ပေါ်လွင်ထင်ရှားစွာဖေါ်ပြလျက်ရှိတယ်။
၁၇၈၉ - ၁၈၇ဝ ခုနှစ်ကာလအတွင်းမှာ အနောက်ဥရောပနိုင်ငံများတွင် အရင်းရှင်တော်လှန်ရေးများဟာပြီးဆုံးသွားခဲ့တယ်။ ဒီနိုင်ငံတွေမှာ အမျိုးသားနိုင်ငံတော်များပေါ်ပေါက်လာတဲ့ဖြစ်စဉ်ဟာလည်း အောင်မြင်စွာပြီးမြောက်သွားခဲ့တယ်။ အမျိုးသားလှုပ်ရှားမှုဆိုတာဟာ တို့အတွက်ဆိုရင် အတိတ်ဖြစ်ရပ်တခုဖြစ်သွားခဲ့ပြီ။
အလားတူစွာပဲ အမေရိကန်ပြည်တွင်းစစ် (၁၈၆၁ - ၆၅)အပြီး အမေရိကန်ပြည်ထောင်စုနဲ့ မင်ဂျီဘုရင်ပြုပြင်ရေးများအပြီး ဂျပန်နိုင်ငံများမှာလည်း အရင်းရှင်စနစ်ဟာ အရှိန်လျှင်မြန်စွာဖြစ်ပေါ်တိုးပွားခဲ့ပြီး အမျိုးသားလှုပ်ရှားမှုဟာ ဒီနိုင်ငံတွေမှာပြီးဆုံးခဲ့တဲ့ သမိုင်းအချင်းအရာတရပ်ဖြစ်ခဲ့တယ်။ တို့နဲ့နှိုင်းစာရင် အရှေ့ဥရောပနိုင်ငံများမှာ ထိုစဉ်က အမျိုးသားလှုပ်ရှားမှုဟာ မပြီးမြောက်သေးဘူး။ တချို့နိုင်ငံတွေမှာ တိုင်းရင်းသားဘာသာစကားနဲ့စာပေ အပြည့်အဝအသုံးချနိုင်ခွင့်နဲ့နိုင်ငံရေးအရလွတ်လပ်ရေးအတွက် လူထုကအုံကြွပြီး ဖိနှိပ်တဲ့အမျိုးသားတွေကို အရေးဆိုတိုက်ပွဲဆင်ခဲ့ကြတယ်။ ယေဘုယျသဘောအနေနဲ့ပြောရရင် ၁၉၁၁-၁၂ ခုနှစ်တိုင်အောင် ဘော်လကန်တိုင်းပြည်တွေမှာ အမျိုးသားနိုင်ငံတော်များထူထောင်ရေးဖြစ်စဉ်ဟာ မပြီးဆုံးခဲ့ဘူး။ အရင်းရှင်စနစ်ဟာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်(ဝါ)နယ်ချဲ့စနစ်အဖြစ်သို့ တိုးတက်ပြောင်းလဲသွားတဲ့ကာလမှာ အမျိုးသားလှုပ်ရှားမှုများကုန်ဆုံးသွားပြီး အရင်း ရှင်နယ်ချဲ့နိုင်ငံများဖြစ်လာတဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှား၊ အမေရိကန်၊ ဂျပန်တို့ဟာ လူဦးရေသန်းပေါင်း ၅ဝဝကျော်ရှိတဲ့ ကိုလိုနီနဲ့ အမှီခိုခံနိုင်ငံများကို ပိုင်ဆိုင်ခဲ့ကြတယ်။

0 comments:

Post a Comment