Monday, April 29, 2013

လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၇-ဦးခင်မောင်ကြီး(အပြီးသတ်အခန်း)

0 comments
လွတ်လပ်ရေး၊အမျိုးသားနိုင်ငံရေးနှင့်ကျောင်းသားလှုပ်ရှားမှု-၇-ဦးခင်မောင်ကြီး(ဗကသခေါင်းဆောင်ဟောင်း)
၁၉၁၇ ခုနှစ် ရုရှားအောက်တိုဘာတော်လှန်ရေးအောင်ပွဲနဲ့ ရုရှားဆိုရှယ်လစ်နိုင်ငံပေါ်လာတာဟာ နယ်ချဲ့စနစ်က ပြိုင်ဘက်မရှိလွှမ်းမိုးနေတဲ့ ကမ္ဘာ့နိုင်ငံများရဲ့အင်အားစု အနေအထားကို ပြောင်းလဲစေခဲ့တယ်။ အရင်းရှင်စနစ်အထွေထွေကျပ်တည်းမှုကပ် (General Crisis of Capitalism) အပြုတဲ့ပထမကာလကို ဖွင့်လှစ်လိုက်တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများအောင်ပွဲရတာနဲ့ ပြည်သူ့ဒီမိုကရေစီနိုင်ငံများပ်ါပေါက်လာတာက အရင်းရှင်စနစ်အထွေထွေကျပ်တည်းမှုကပ်ကို ဒုတိယကာလသို့ ဆိုက်ရောက်သွားစေခဲ့တယ်။
နယ်ချဲ့စနစ်ရဲ့သမိုင်းဆိုင်ရာတိမ်းညွှတ်မှုတခုဖြစ်တဲ့ အမျိုးသားများနိုင်ငံရေးအရ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနဲ့ အမျိုးသားနိုင်ငံတော်များထူထောင်လှုပ်ရှားမှုမှာ လမ်းကြောင်းသစ်တခုကိုဖေါက်ပေးခဲ့တယ်။ အမျိုးသားလှုပ်ရှားမှုဟာ ယခင်က ဓနရှင်လူတန်းစားကခေါင်းဆောင်တဲ့ ဓနရှင်အမျိုးသားရေးလှုပ်ရှားမှုလက္ခဏာဆောင်ရာမှ ယခုအခါ အလုပ်သမားလူတန်းစားကခေါင်းဆောင်တဲ့ အလုပ်သမားလယ်သမား မဟာမိတ်ဖွဲ့မှုအပေါ်မှာအခြေခံတဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်တဲ့ အမျိုးသားဒီမိုကရေစီလှုပ်ရှားမှု(ဝါ)ဒီမိုကရေစီသစ်တော်လှန်ရေးနဲ့ ဒီမိုကရေစီသစ်နိုင်ငံတော်ထူထောင်ရေးလှုပ်ရှားမှု ဖြစ်လာစေခဲ့တယ်။
ဗမာပြည်မှာပေါ်ပေါက်ခဲ့တဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံရဲ့နိုင်ငံရေးအဓိပ္ပါယ်ကြီးမားမှုဟာ ရုရှားအောက်တိုဘာတော်လှန်ရေးက ညွှန်ပြလိုက်တဲ့လမ်းကြောင်းသစ်အတိုင်း တက်လှမ်းဖို့ကြိုးပမ်းချက်တရပ်ဖြစ်နေလို့ပဲ။ ဒီလမ်းကြောင်းသစ်ကိုလျှောက်ရာမှာ ဘယ်လောက်အောင်မြင်ပြီး ဘယ်လောက်လိုနေသေးတယ်ဆိုတာ အထက်မှာပြောပြခဲ့ပြီးဖြစ်ပါတယ်။
ဒီလမ်းကြောင်းသစ်ဟာ တော်လှန်ရေးအဆင့် ၂ ဆင့်ကိုဖြတ်သန်းမယ်။ ဒီမိုကရေစီသစ်တော်လှန်ရေးအဆင့်နဲ့ ဆိုရှယ်လစ်တော်လှန်ရေးအဆင့်ဖြစ်တယ်။ တဆင့်ပြီးမှ တဆင့်တက်လို့ရပါလိမ့်မယ်။ ခုန်ကူးချင်လို့ မရပါ။ ဒါပေမယ့် တဆင့်နဲ့တဆင့်ဟာ နံရံတံတိုင်းကြီးပိုးခြားနေတာလည်းမဟုတ်ပါ။ ပထမအဆင့်ပြီးသွားတာနဲ့ ဒုတိယအဆင့်သို့ ဝင်ရောက်သွားတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဗမာပြည်ရဲ့အမျိုးသားလှုပ်ရှားမှုဟာ အောက်တိုဘာတော်လှန်ရေးအောင်ပွဲကညွှန်ပြလိုက်တဲ့ သမိုင်းဖြစ်ပေါ်တိုးပွားမှုလမ်းကြောင်းသစ်အတိုင်း ဆက်လက်ချီတက်တဲ့လှုပ်ရှားမှုဖြစ်ပါတယ်။ အနောက်နိုင်ငံများမှာလို ဒီမိုကရေဟောင်းလှုပ်ရှားမှုမဟုတ်တော့ပဲ အရင်းရှင်စနစ်ထက်တဆင့်မြင့်တဲ့ လူမှုစီးပွားရေးစနစ်ဖြစ်တဲ့၊ ဆိုရှယ်လစ်စနစ်ဆီသို့ဦးတည်တဲ့ ဒီမိုကရေစီသစ်လှုပ်ရှားမှုဖြစ်တယ်။ ကျောင်းသားလှုပ်ရှားမှုဟာ ဒီမိုကရေစီသစ်လှုပ်ရှားမှုရဲ့အစိတ်အပိုင်းတရပ်အနေနဲ့ မုန်တိုင်းတပ်ဦးအခန်းက ပါမြပါခဲ့တယ်။
၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်တဲ့ဖဆပလအစိုးရဟာ ၁ဝ နှစ်ကြာမျှ ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုံပြည်သူလူထုအပေါ် ဖောက်ပြန်တဲ့ပြည်တွင်းစစ်ဆင်နွှဲရင်း နယ်ချဲ့သမားများကိုမှီခိုပြီး မြေရှင်လူတန်းစားနဲ့ ဗျူရိုကရက် ဓနရှင်လူတန်းစားများကို ကိုယ်စားပြုတဲ့အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တယ်။
ကျောင်းသားလှုပ်ရှားမှုဟာ ဒီကာလအတွင်း ဦးနုအစိုးရရဲ့အခြေခံပေါ်လစီဖြစ်တဲ့ ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုံပြည်သူလူထူအပေါ် ဖောက်ပြန်တဲ့ ပြည်တွင်းစစ်ဆင်ရေးပေါ်လစီကို ပြတ်ပြတ်သားသားဦးတည်ဆန့်ကျင်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေး အမျိုးသားညီညွတ်ရေးအတွက် မုန်တိုင်းတပ်ဦးအခန်းမှ တသမတ်တည်း တိုက်ပွဲဝင်ခဲ့တယ်။
ဒီမှားယွင်းဖောက်ပြန်တဲ့ ပြည်တွင်းစစ်ပေါ်လစီကျင့်သုံးတဲ့ အကျိုးဆက်အနေနဲ့ ပြညတ်တွင်းပဋိပက္ခတွေဟာပြင်းထန်လာပြီး  ဖဆပလဟာလည်း ကွဲထွက်သွားခဲ့တယ်။ ဖဆပလအစိုးရရဲ့အုပ်စုတခုဖြစ်တဲ့ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့စစ်အုပ်စုဟာ ဒီ ဆပလအစိုးရရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ၁၉၅၈ ခုနှစ်မှာ ပဏာမအစီအစဉ်အနေနဲ့အာဏာသိမ်းခဲ့တယ်။ ၁၉၆၂ခုနှစ် မတ် ၂ ရက်နေ့မှယ အပြီးအပိုင်အာဏာသိမ်းပြီး ဗမာပြည်မှာ ၂၆ နှစ်ကြာမျှ နမဆလပါတီအာဏာရှင်စနစ် ()စစ်ဗျူရိုကရက်အာဏာရှင်စနစ်ကိုထူထောင်ခဲ့တယ်။ ကွန်မြူနစ်ပါတနဲ့လူမျိုးစုံပြည်သူတွေအပေါ် ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကို တဆင့်တိုးပြီး မီးကုန်ယမ်းကုန်မလုပ်ခဲ့တယ်။ ဒီအရေးတော်ပုံဟာ အလွန်ကျယ်ပြန့်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးတရပ်ဖြစ်တယ်။ ဦးနေဝင်းရဲ့ဒုတိယမျိုးဆက်စစ်တပ်အုပ်စုက ဒီလှုပ်ရှားမှုကို အလွန်ရက်စက်စွာအကြမ်းဖက်နှိမ်နင်းပြီး စစ်ဗျူရိုကရက်အာဏာရှင်စနစ်ကို ဆက်လက်ထူထောင်နိုင်ခဲ့တယ်။ ဒီကာလတလျောက်လုံးမှာ ကျောင်းသားလှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားညီညွတ်ရေးအလံကို စွဲစွဲမြဲမြဆုပ်ကိုင်ခဲ့တယ်။
မျက်မှောက်မှာ ကျနော်တို့ဟာ စစ်ဗျူရိုကရက်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားညီညွတ်ရေးတွေကို မျိုးဆက်ဟောင်းမျိုးဆက်သစ် ပြည်ချစ်အင်အားစုအားလုံး သွေးစည်းညီညွှတ်ပြီး ဇွဲသတ္တိရှိစွာ အောင်ပွဲရသည်အထိ ရေရှည်ဆင်နွှဲသွားဖို့လိုပါတယ်။ ဒီတိုက်ပွဲဟာ ဒီမိုကရေစီသစ်လှုပ်ရှားမှုရဲ့ အရေးကြီးတဲ့အဆင့်တခုဇြစ်တဆယ်။ ဗမာပြည်ရဲ့ထူးခြားချက်အရ ဖြတ်သန်းနေရတဲ့အဆင့်လည်းဖြစ်တယ်။ ပြည်သူလူထုအကျိုးစီးပွားနဲ့ကိုက်ညီပြီး မှန်ကန်တဲ့အတွက် ဒီတိုက်ပွဲဟာ အောင်ပွဲနဲ့ မုချအဆုံးသတ်ပါလိမ့်မယ်။
အမျိုးသားလှုပ်ရှားမှုတလျှောက်လုံးမှာ အရေးကြီးတဲ့အစိပ်အပိုင်းတရပ်အဖြစ်ပါဝင်ခဲ့တဲ့ကျောင်းသားလှုပ်ရှားမှုနဲ့ ဗကသရဲ့ဂုဏ်ရောင်ပြောင်တဲ့သမိုင်းအစဉ်အလာဟာ ထာဝစဉ်ထွန်းပြောင်နေလိမ့်မယ်။
အမျိုးသားလှုပ်ရှားမှုအဆင့်အသီးသီးမှာ ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့ကြတဲ့ ကျောင်းသားအာဇာနည်များကို ဦးညအတ်အလေးပြုပါတယ်။
ဗကသရဲ့ဂုဏ်ပြောင်တဲ့သမိုင်းအစဉ်အလာအဓွန့်ရှည်ပါစေ။
ဆက်သွယ်ရန်လိပ်စာ
ရဲဘော်ခင်မောင်ကြီး၏ ကိုယ်ရေးသမိုင်းအကျဉ်း။

၁၉၂၈ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ စစ်ကြီးမဖြစ်မီက ရန်ကုန်မြို့ မြို့မအမျိုးသားအထက်တန်းကျောင်းတွင် ၁ဝ တန်းအထိသင်ကြားခဲ့သည်။ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်ဖြင့် ရန်ကုန်ခရိုင်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၄၅ ခုနှစ် အရေးပေါ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး၊ ၁၉၄၈ ခုနှစ် ရန်ကုန်မြို့ဆေးတက္ကသိုလ်တွင် ပညာသင်ခဲ့သည်။ စစ်ပြီးခေတ်
ဗကသဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်၏။
၁၉၄၉ ခုနှစ်တွင် လွတ်မြောက်သောနယ်မြေသို့ရောက်ရှိပြီး အနောက်တိုင်းကျောင်းသားသမဂ္ဂလုပ်ငန်းတွင် တာဝန်ယူခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံခြားသို့ရောက်ရှိပြီး မာက်စ် လီနင် ဝါဒ ပါတီကျောင်းများနှင့် လူမှုဝိဇ္ဇာပညာအကယ်ဒမီတွင် လေ့လာခဲ့သည်။
၁၉၆၈ ခုနှစ် ဗမာပြည်အရှေ့မြောက်စစ်ဒေသကို တည်ထောင်ရာ၌ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၇၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းရာ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယဥက္ကဌတဦးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ အလယ်ပိုင်းဗျူရိုလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၈၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ်ကွန်ဂရက်တွင် ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှုးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

0 comments:

Post a Comment