မြနန္ဒာနေညိုညိုရစ်ကာသန်း၊
ပါတိတ်ကိုယ်စီနဲ့ ကမန်းကတမ်းရွှေမန်းတောင်ရိပ်ခိုသူတွေလည်း ဖတ်မိပါစေ (မျိုးမြင့်ချို)
ညအိပ်ယာမဝင်ခင်က
သင်္ကြန်နဲ့စပ်ပြီး စာလေးတပုဒ်လောက်ရေးမယ်ဆိုပြီး လက်ထဲရှိတဲ့မဂ္ဂဇင်းဟောင်းတွေ ပြန်လှန်လှောကြည့်မိတယ်။
အကြောင်းအရာအဆက်အစပ်ရှာရင်း စိတ်တိုင်းမကျတာနဲ့ မနက်မှဆက်ရှာမယ်ဆိုပြီး အိပ်ခဲ့တယ်။
မနက်ကျတော့ ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ်တက်ရင်း ဘိုဘိုလန်းစင်ကောက်နှုတ်ထုတ်ပြထားတဲ့စာသားတချို့ဖတ်မိပြီး
စိတ်ဝင်စားတာနဲ့ သူပေးတဲ့လင့်ခ်အတိုင်း ဝင်ဖတ်တော့ ဒီဆောင်းပါးကို ပီဒီအက်ဖ်ဖိုင်လ်နဲ့တွေ့တယ်။
အဆုံးထိဖတ်လည်းဖတ်လည်းပြီးရော ရာသီစာ စာတပုဒ်ကိုယ်တိုင်ရေးတာထက်အကျိုးများ အဖိုးတန်တဲ့စာမို့
ကိုယ်တိုင်ပြန်ရိုက်ပြီးပြန်တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ပီဒီအက်ဖ်ကနေ မိုက်ခရိုဆော့ဖ်ဝေါ့ဒ်ကို
ဆော့ဖ်ဝဲနဲ့ပြောင်းပြီး ဖေါင့်အရွေ့နဲ့ ဟိုတိဒီတိလေးတွေလုပ်၊ လိုတဲ့နေရာတွေပြန်ပြက်ညှိ
ခုတော့ပြီးပြီ။ တင်လိုက်ပါတယ်။ ဒီစာစုမှာ သီချင်းတပုဒ်ရဲ့ နောက်ကြောင်းနဲ့ကောက်ကြောင်းကိုသာမက
ဂီတအနုပညာမှုသမိုင်းအဖြစ်မှတ်ရမယ့်ကိစ္စပါဖြစ်လို့ အကျိုးများမှာ သေချာပါတယ်။ အမှန်ပြောရရင်တော့
ဒီစာစုကို သင်္ကြန်ရောက်တိုင်း ယူနီဖေါင်မ်းတွေချွတ် ပါတိတ်တွေကိုယ်စီဝတ်ပြီး မြန္ဒာနေညိုညိုရစ်ကာသန်း
ကမန်းကတမ်းထထလုပ်တတ်သူတွေကို ပိုဖတ်စေ့ချင်လှပါတယ်။
သူတို့ချစ်တဲ့အနုပညာကမ္ဘာ
(မြနန္ဒာသင်္ကြန်သီချင်း)
ဝင်းကိုကို
ပျော်စရာကောင်းတဲ့သင်္ကြန်တွေထဲမှာ
မန္တလေးကသင်္ကြန်ကတော့ တမူထူးလှပါတယ်။ နာမည်ကျော် မန္တလေးသင်္ကြန်မှာ အလှပြကားတွေ၊ ရေပက်မဏ္ဍပ်တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်
ပျော်စရာကောင်းခဲ့တာ ဟိုတုန်းကတည်းက အစဉ်အလာပါ။ အလှပြကားတွေပေါ်မှာ တီးဝိုင်းတွေနဲ့၊
တူညီဝတ်စုံတွေနဲ့ လက်ခုပ်သံမြိုင်မြိုင်တီးကြတဲ့အထဲမှာ ‘မြို့မ’အသင်းက နံမည်အကြီးဆုံးပါပဲ။
သူတို့ကားမှာ အသင်းအမှတ်တံဆိပ်အဖြစ်နဲ့ လှပတဲ့ငွေငန်းဖြူကြီးပုံစံကို အလှဆင်ထားတတ်ပါတယ်။
မြို့အသင်းရဲ့သီချင်းအလှအပတွေကို
အစဉ်တစိုက်ဖန်တီးခဲ့သူကတော့ ချစ်သောပေဖူးလွှာသစ်ကလေးများ ခုထက်တိုင် နားဆင်နေကြရ သေးတဲ့
သစ်ဆန်းတေးတွေရဲ့လက်ရာရှင်ဆရာမြို့မငြိမ်းပါပဲ။ ဆရာကွယ်လွန်ခဲ့ပေမယ့် ဒီနေ့ထက်ထိ ဆရာ့လက်ရာ
တေးသီချင်းတွေကတော့ ပျံ့လွင့်ရှင်သန်နေဆဲပါပဲ။ ဒီနေ့ စတီရိယိုခေတ်ရောက်လာာချိန်မှာသင်္ကြန်နီးတာနဲ့တစ်ပြိုင်နက်
သင်္ကြန်သီ ချင်းစီးရီးတွေမြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာကြစမြဲပါ။ ဒီနှစ်စီစဉ်နေကြတဲ့သင်္ကြန်စီးရီးတွေထဲမှာ
ထူးခြားတဲ့စီးစီးတစ်ခုကတော့ ‘ရေမွှန်းတောင်ရိပ်ခို’လို့အမည်ပေးထားတဲ့ စီးရီးပါပဲ။ ဒီစီးရီးကိုစီစဉ်သူက
မြို့မကိုပေါဖြစ်ပြီး ဆရာမြို့မငြိမ်းရဲ့တေးကို ရုပ်ရှင်မင်းသားသုမောင်က သီဆိုပေးထားပါတယ်။
‘ရွှေမန်းတောင်ရိပ်ခို’လို့
နံမည်ကြားတာနဲ့တစ်ပြိုင်နက် ပေဖူးလွှာသစ်များရဲ့အတွေးမှာ အဆိုကျော်ကြီးဦးအံ့ကြီးနဲ့ကွယ်လွန်သူ
စတီရိယိုအဆိုကျော် စိန်လွင်တို့ရဲ့-‘‘မြနန္ဒာရေညိုညိုရစ်ခါသန်း ရွှေမန်းတောင်ရိပ်တူတူခိုမယ်ပျိုဖြူတွေရယ်...ပျော်
ခင်းလေးသာပါဘိတယ်... နိမိတ်ကောင်းယူမယ်...နှစ်ဦးသင်္ကြန်တော်ဝယ်...”ဆိုတဲ့တေးသံကို ကြားယောင်မိကြပါလိမ့်မယ်။
ဒါပေမယ့်စီစဉ်သူမြို့မကိုပေါနဲ့
ကျွန်တော်ဆုံလိုက်မိတဲ့အခါမှာတော့ ကျွန်တော်တွေးထင်ခဲ့မိတာတွေနဲ့ တလွဲစီဖြစ်ကုန်တာမို့
တေးချစ်တဲ့ ပေဖူးလွှာသစ်များကိုယ်စား မေးမြန်းခဲ့ရတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
“ဆရာပေါ
အခုစီစဉ်တဲ့သင်္ကြန်စီးရီးခေါင်းစီးက ‘ရွှေမန်းတောင်ရိပ်ခို’ ဆိုတော့ ဆရာမြို့မငြိမ်းရေးခဲ့တဲ့သီချင်းပေါ့”
‘‘ဟုတ်ပါတယ်”
‘‘ဒီသီချင်းကို
ဦးအံ့ကြီးဆိုခဲ့ပြီးတဲ့နောက် အခုစတီရီယိုခေတ်မှာ စတီရီယိုအဆိုကျော်စိန်လွင် ပြန်ဆိုထားပြီးသားမဟုတ်လား”
‘‘မဟုတ်ဘူးခင်ဗျ”
‘‘ဘာဖြစ်လို့လဲ
ဆရာပေါ” “ဘာဖြစ်လို့လဲဆိုတော့ ဒီသီချင်းကိုဒီဘက်ခေတ်မှာ ဘယ်သူမှမဆိုရသေးလို့ပါပဲ”
‘‘ဘယ်လို...ဘယ်လို...အခုသွင်းတဲ့သီချင်းက ဦးအံ့ကြီးတို့၊ စိန်လွင်တို့ဆိုခဲ့တဲ့ သီချင်းမဟုတ်ဘူးလား...”
“မဟုတ်ပါဘူး
ကိုဝင်းကိုကိုတို့ လူငယ်တွေကြားဖူးကြတာ ဒီသီချင်းရဲ့သံပြိုင်အပိုဒ်တစ်ခုတည်းပါ။ တခြားအပိုဒ်တွေက
လုံးဝမဟုတ်ပါဘူး...”
“ဒါဆို...ကျွန်တော်တို့ကြားဖူးတဲ့မန်းတောင်ရိပ်ခိုက
အစစ်မဟုတ်ဘူးပေါ့...”
“မဟုတ်ပါဘူး
ကိုအံ့ကြီးတို့ဆိုခဲ့တဲ့ မန်းတောင်ရိပ်ခိုက ဆရာငြိမ်းရဲ့သီချင်းတွေထဲက ကောင်းနိုးရာရာသံပြိုင်အပိုဒ်တွေကို
ဆက်ဆိုထားတာပါ။ အဲဒီသီချင်းရဲ့အပိုဒ်တိုင်းကို သီချင်းတစ်ပုဒ်စီက ယူထားတာပဲ။ (ချိုပြုံးရွှင်သောနှမပျိုငယ်)ဆိုတဲ့အပိုဒ်က
တစ်ပုဒ်၊ (မြနန္ဒာရေညိုညိုရစ်ကာသမ်း) က တစ်ပုဒ်၊ (ခါးသေးနွဲ့မူရာကြွယ်)က တစ်ပုဒ်ပဲ။
ဒါတွေကို ကိုအံ့ကြီးတို့က ပေါင်းဆိုခဲ့တာပါ”
“သူတို့ပေါင်းဆိုတာ
မကောင်းဘူးလားဆိုတော့လည်း ကောင်းပါတယ်၊ သူ့ဟာနဲ့သူ လိုက်ဖက်နေတာကိုး။ နောက်ပြီး ဒီသီချင်းတွေဟာလည်း
မြို့မငြိမ်းသီချင်းတွေချည်း ဖြစ်နေတာကိုး”
“ဒါပေမယ်...ကိုဝင်းကိုကိုတို့သိထားတဲ့မန်းတောင်ရိပ်ခိုနဲ့
အခုကျွန်တော်စီစဉ်ပြီးသွင်းထားတဲ့ရွှေမန်းတောင်ရိပ်ခိုက စာသားရော သံစဉ်ပါ ကွာပါတယ်။
ဒီရွှေမန်းတောင်ရိပ်ခိုက ဆရာငြိမ်းရေးပြီးတဲ့အချိန်မှာ ရန်ကုန်က ကစာရေးဆရာဆရာညှာရောက်လာပြီးတော့
ဟာ...ဆရာ့သံစဉ်လေးကောင်းလိုက်တာ စာသားပြောင်းပြီး ဓာတ်ပြားသွင်းလိုက်ရရင် ကောင်းမယ်၊
ဒီသံစဉ်ကျွန်တော့်ကိုပေးပါလို့ တောင်းတော့ ဆရာငြိမ်းကပေးလိုက်ပါတယ်။ ဒါကြောင့် ဆရာညှာက
ရန်ကုန်ရောက်တော့အဲဒီသံစဉ်ထဲမှာ“အိစက်ညက်ညောတဲ့...ဖဲမွေ့
ရာပေါ်ဝယ်...”ဆိုတဲ့စာသားထည့်ပြီး
“ချစ်ဗျူဟာ”ဆိုတဲ့ဓာတ်ပြား ထုတ်လိုက်တာပဲ။ ဒါကြောင့် ချစ်ဗျူဟာရဲ့သံစဉ်ဟာ အခု ကျွန်တော်
ပြောတဲ့ရွှေမန်းတောင်ရိပ်ခိုရဲ့သံစဉ်မူရင်းပဲ”
“အခု
ဆရာပေါပြောတဲ့အတိုင်းဆိုယင် ကျွန်တော်တို့သိထားတဲ့မန်းတောင်ရိပ်ခိုက သီချင်းသုံးပုဒ်လောက်ကသံပြိုင်တွေကို ပေါင်းထားတာဆိုတော့
ဒါတွေကို ဆရာငြိမ်းကိုယ်တိုင်ပေါင်းပေးခဲ့တာလား”
“မဟုတ်ပါဘူး၊
ကိုအံ့ကြီးတို့က ပေါင်းဆိုကြတာပါ”
“အခုသွင်းမယ့်
ရွှေမန်းတောင်ရိပ်ခို မူရင်းကဘယ်သူဆိုခဲ့တာလဲ”
“ကျွန်တော်တို့မြို့မအသင်းသားတွေပဲ
သင်္ကြန်မှာဆိုခဲ့ကြတာပါ၊ ရေသဘင်ဆိုတော့ထုံးစံအတိုင်း ကားပေါ်မှာလက်ခုပ်တီးပြီး ဝိုင်းဆိုခဲ့ကြတာပေါ့၊
ခုလိုအသံသွင်းတာတွေဘာတွေ မရှိခဲ့ဖူးပါဘူး”
“ဒါဆို
အခု ကျွန်တော်တို့ကြားရမယ့်ရွှေမန်းတောင်ရိပ်ခိုက ချစ်ဗျူဟာသံစဉ်ပဲပေါ့”
“အဲဒါကိုကျွန်တော်ပြောချင်တာပါ။
ခေတ်ကလေးတွေအနေနဲ့ ဒီမူရင်းကိုမကြားဖူးတော့၊ ဟာ...ဒါကချစ်ဗျူဟာအလိုက်ပဲလို့ ပြောကြလိမ့်မယ်၊
အမှန်ကတော့ ချစ်ဗျူဟာကသာ မန်းတောင်ရိပ်ခိုကို ယူသွားတာပါ၊ ဒီလိုပဲဖြစ်တာကို ကျွန်တော်တို့လက်တွေ့ကြုံနေရတယ်။
ဒီလိုဖြစ်တာကို ကျွန်တော်တို့လက်တွေ့ကြုံနေရတယ်။ ဆရာငြိမ်းရဲ့(စောင်းသံ)ဆိုတဲ့သီချင်းထဲက
စာသားတော်တော်များများနဲ့သံစဉ်ကို ဖြူသီဆိုတဲ့ (လွမ်းငွေ့ဝေဝေ)မှာ တွေ့ရပါတယ်၊ ဒါကို
ဆရာငြိမ်းရဲ့(စောင်းသံ)ကို ကြားဖူးခြဲ့ကသူတွေကတော့ ဒီသံစဉ်တွေဟာ (စောင်းသံ)သီချင်းရဲ့
သံစဉ်ရယ်လို့သိကြပေမယ့် အချို့ကတော့ မသိကြပါဘူး။ ဆိုသူရေးသူရဲ့သံစဉ်လို့ပဲ ယူဆကြပါတယ်”
“မြို့မအသင်းထောင်ခဲ့တာ
ဘယ်လောက်ရှိသွားပြီလဲ”
“၁၉၂၈
ခုနှစ်က ထောင်ခဲ့တာပဲ။ နှစ်ငါးဆယ်ကျော်သွားပြီပါ့”
“အဲဒီတုန်းကတော့
မြို့မအတွက် သီချင်းမှန်သမျှ ဆရာငြိမ်းပဲရေးခဲ့မှာပေါ့”
“သူပဲ
ရေးပါတယ်။ သူ ပျက်စီးသွားပြီးတဲ့နောက် ကိုဘိုခင်(အခု မိုးကေသီအဖွဲ့)က ရေးခဲ့ပါတယ်။
နောက်ပိုင်း ရေးနိုင်တဲ့လူတွေလည်း ရေးကြပါတယ်။ ဒါပေမယ့် ဆိုကြတီးကြတဲ့နေရာမှာတော့ ဆရာငြိမ်းသီချင်းတွေပဲများပါတယ်။
ဒီ့ပြင်တီးဝိုင်းတွေကလည်း မြို့မသီချင်းပဲ လိုက်တီးကြတာပဲ။ မင်္ဂလာဆောင်တို့ဘာတို့ဆိုယင်(မင်္ဂလာမောင်မယ်)ကို
ဝိုင်းတိုင်းကတီးကြတာပဲ။ ကောင်းလည်းကောင်းတာကိုး”
“အခု
ဆရာပေါ မြို့မဝိုင်းပဲလား”
“ကျွန်တော်က အခု မိုးကုတ်က တီးဝိုင်းတစ်ခုမှာ နည်းပြလုပ်နေပါတယ်။
မိုးကုတ်ဈေးဟောင်း တီးဝိုင်းမှာပါ။ ဆရာငြိမ်းမရှိတော့တဲ့နောက် ကိုဘိုခင်နဲ့ကျွန်တော်
မြို့မကို ဆက်ထိန်းခဲ့ကြပါသေးတယ်။ နောက် ကိုဘိုခင် သူ့ဝိုင်းနဲ့သူဖြစ်သွားတော့ ကျွန်တော်
ရှစ်နှစ်လောက် ဆက်ထိန်း ပါသေးတယ်။ နောက်တော့ ကျွန်တော်လည်း ဝမ်းရေးအတွက် မိုးကုတ်မှာ
သွားအလုပ်လုပ်နေရတာပါ။ ခုတော့ ဆရာငြိမ်းသားက ဆက်လုပ် နေပါတယ်။ အမှန်က ကျွန်တော့်အသက်မွေးဝမ်းကျောင်းအလုပ်က
ရုပ်ရှင်ဓာတ်ပုံဆရာပါ။ ဂီတကိုဝါသနာအလျောက်သာလုပ်တာပါ။ နောက်မန္တလေးရုပ်ရှင်က ရုပ်ရှင်ကားတွေအတွက်
ဆရာငြိမ်းက တေးဂီတစီစဉ်ပေးရာကနေ ဂီတဘက်ကိုကူးခဲ့ရတာပါ”
“ဆရာပေါအနေနဲ့ဆိုရင်
ဆရာငြိမ်းတို့ခေတ်ကိုလည်း မီခဲ့တယ်။ ဆရာငြိမ်းမရှိတော့တဲ့နောက် စတီရီယိုခေတ်မပေါ်မီ
ဂီတလောကကကို လည်း မီခဲ့တယ်။ အခုတခါ စတီရီယိုခေတ်ကိုလည်း
ဝင်လုပ်နေတယ်ဆိုတော့ ဂီတနဲ့ပတ်သက်ပြီး ခေတ်သုံးခေတ်မီတလို့ ဆိုရမှာပေါ့”
“ဟုတ်ကဲ့”
“အဲဒီခေတ်သုံးခေတ်ရဲ့ဂီတလောကအပေါ်
ဘယ်လိုမြင်ပါသလဲ”
“ပြောရင်တော့
ဂီတနဲ့ပတ်သက်ြပီး ဒီဘက်ခေတ်မှာ တိုးတက်လာတာရယ်လို့ မမြင်ပါဘူး။ ဘာကိုမက်မောလာကြသလဲဆိုတော့
တိုးတက်တာထက် အောင်မြင်ကျော်ကြားဖို့သာ ကြိုးစားလာကြတယ်။ ပေါ်ပြူလာဖြစ်ချင်လာကြတယ်။
ဒါပဲ ကြိုးးစားနေကြတယ်။ တိုင်းတစ်ပါးကလာတဲ့သီချင်းတွေနားထောင်ကြပြီး ဒီထဲကိုစာသားတွေထည့်ကြတယ်။
နားထောင်တဲ့ပရိသတ်ကသဘောကျလို့ ဝိုင်းလက်ခုပ်တီးကြရင် ဒါအောင်မြင်သွားတာပဲ။ ဒါပေမယ့်
ခဏလေးနဲ့ ပျောက်သွားတာပဲ။ ဒီလူဆင်းသွားရင် နောက်တယောက်တက် လာတာပဲ။ ဒီလိုပဲ လုပ်နေကြတာပဲ”
“ဂီတရဲ့အရသာကို
ဘယ်လိုကောင်းအောင်ဖန်တီးမယ်။ ဘယ်လိုစီစဉ်မယ်။ ဘယ်လိုခံစားမယ်ဆိုတဲ့ကြိုးစားမှုမျိုး
ကျွန်တော်တော့ တွေ့ကိုမတွေ့မိသေးဘူး”
“ဆရာပေါပြောသလိုပဲ
ဒီနေ့သီချင်းတွေကလည်း ခဏလေးပဲခံတယ်။ ဒီနေ့ နံမည်ကြီးတဲ့အဆိုကျော်တွေကလည်း ခဏလေးပဲခံတယ်။
ဆရာငြိမ်းတို့ရေးခဲ့တဲ့သီချင်းတွေကျတော့ ဒီနေ့ထက်ထိ ကောင်းနေတုန်းပဲ။ ဆိုနေကြတုန်းပဲ။
အဲဒါဘာဖြစ်လို့ပါလဲ”
“ခြားနားချက်ကတော့
သီချင်းရဲ့ရသ မမြောက်မှုပဲ။ ဆရာငြိမ်းကို ကျွန်တော်ကပြောဖူးတယ်။ ဆရာ…လို့ တစ်ချို့ သီချင်းရေးတာသိပ်မြန်တာပဲလို့၊
ဆရာကပြောတယ်။ ငါရေးတဲ့သီချင်းတွေက တစ်သက်စာရေးတာကွတဲ့။ ဒါကို မင်း အခုပြောလို့ မင်း
နားလည်မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ တကယ်လည်း ကျွန်တော်နားမလည်ခဲ့ပါဘူး။ ဘယ်လို တသက်စာလဲလို့တွေးမိတယ်။
အခု ကိုယ်တွေ့ကြုံလာတော့ သိလာတယ်။ ဆရာ့သီချင်းကို ဒီတစ်ယောက်က ဆိုပြီးပေမယ့်လည်း နောက်တစ်ယောက်က
ထပ်ဆိုနေတာပဲ။ ရိုးမှ မရိုးနိုင်ပဲကိုး။ ကျွန်တော်တို့ နှစ်ပေါင်းနှစ်ဆယ်အစိတ်တီးခြဲ့ကပြီးတဲ့
မင်္ဂလာမောင်မယ်ကိုကြည့်။ ခုထက်ထိလည်း ဆိုကြတီးကြတုန်းပဲ။
အဲဒီတော့ ဒီသီချင်းတွေဘာကြောင့်မရိုးနိုင်သလဲလို့ ပြန်ဆန်းစစ်ကြည့်ယင်သီချင်းရဲ့ရသ
Arrangement ရဲ့ရသ ပြောင်မြောက်မှုကြောင့်ပဲဆို တာတွေ့ရမယ်။ ဒီနောက်ပိုင်းမှာက ဒီလို
ရသမြောက်တာ ရှားပါးသွားလို့ပါပဲ။ “လူချွန်လူကောင်း”သီချင်းကြားဖူးမှာပေါ့။ ဒီသီချင်းဆိုရင်
၁၉၄၈ ခုနှစ်လောက်က ရေးခဲ့တာပဲ။ နောက်“ကျေးရွာဝါဒ”လည်းဒီလိုပဲ။ ဒီသီချင်းနှစ်ပုဒ်ဆိုရင်
ဒီနေ့ခေတ်စနစ်နဲ့အံကိုက်ပဲ။ ဆရာငြိမ်းသီချင်းတွေက အဲဒီလို ရသတွေကြောင့်နှစ်ပရိစ္ဆေဒကြာရှည်တဲ့အထိခံနိုင်တာပေါ့”
“ဆရာငြိမ်းက
သီချင်းသံစဉ်ရှာတဲ့အခါမှာ ဘာတူရိယာကို သုံးပါသလဲ”
“သူကျွမ်းတာကတော့ဘင်ဂျိုပဲ။
ဒါပေမယ့် သံစဉ်ကိုမယ်ဒလင်နဲ့ပဲရှာလေ့ရှိပါတယ်။ သူရေးတဲ့အခါမှာ တေးသွားနဲ့စာနဲ့ညှိရေးပါတယ်။
တေးသွားချည်းလည်း အရင်ရေးမထားပါဘူး။ စာချည်းလည်း အရင်ရေးမထားပါဘူး။ ညှိပြီးရေးပါတယ်။
ဒါကြောင့် သူ့သီချင်းတွေ ခေတ်မီ နေတယ်။ သူ့စာသားတွေက ကော့ဒ်နဲ့ကိုက်နေတယ်။ ဒီနေ့သီချင်းတွေမှာက
ဒီကော့ဒ်ပြီးရင် ဟိုကော့ဒ်တီးလို့မကောင်းဘူးဆိုတာရှိတယ်။ သူ့သီချင်းတွေမှာကျတော့ ကိုက်နေတာပဲ။
နောက်ပြီးတော့“ဘား”တွေဘာတွေကလည်း အပြည့်ပဲ။ ဗမာလို“နရည်းစည်း” တီးတီး “ဝါးလတ်” ပဲတီးတီး၊
ဝါးပြေးပဲတီးတီး ကိုက်နေတာပဲ။ တချို့သီချင်းတွေ ကျွန်တော်တို့တွေ့ရတာက ဝါးလတ်တီးလို့ရပြီး
ဝါးပြေးကျတော့ မကိုက်တော့ဘူး။ ဆရာငြိမ်းသီချင်းတွေကျတော့ တီးချင်သလိုတီးကိုက်တယ်။ ဘားလည်း
ကိုက်တယ်။ ဆရာငြိမ်းက မြူးဇစ်နုတ်စ်နဲ့ရေးတာဆိုတော့ ကြိုက်သလိုတီး ရတယ်။ တစ်ချို့က
ကိုယ့်နည်းကိုယ့်ဟန်နဲ့ရေးကြတော့ မကိုက်တာတွေရှိတယ်”
“အဲဒီခေတ်ကတည်းက
မြို့မအသင်းက မြူးဇစ်နုတ်စ်နဲ့တီးနေပြီပေါ့”
“ဟုတ်ပါတယ်။
ပတ်ကားမြူးဇစ်နုတ်စ်နဲ့တီးတာပါ။ ကျွန်တော်တို့မြန်မာပြည်မှာ မြန်မာသီချင်းကိုမြူးဇစ်နုတ်နဲ့စ်တီးတာ
မြို့မက စခဲတ့ာပါ။ အဲဒီတုန်းကတည်းက ရန်ကုန်မှာလည်း နုတ်စ်တတ်တဲ့လူတွေရှိပါတယ်။ ဒါပေမယ့်
ဗမာသီချင်းကို ဘယ်လိုလုပ်ရမှန်း မသိကြသေးဘူး။
နိုင်ငံရေးအစိုးရလက်ထက်က
ပန်တျာကျောင်းတည်ထောင်ဖို့ ယဉ်ကျေးမှုဝန်ကြီးဦးထွန်းဖေ မန္တလေးလာတော့ ဗမာသီချင်းတစ်ပုဒ်ကို
ပတ်ကားနုတ်စ်နဲ့ ဘယ်လိုတီးမှုတ်မယ်ဆိုတာ မြို့မငြိမ်းကိုလုပ်ပြခိုင်းတော့ ကျွန်တော်တို့ပဲတီးမှုတ်ပြရတယ်။
လေမှုတ်ကိရိယာတွေဖြစ်တဲ့ ဆက်ဆိုဖုန်းတို့၊ ကလဲရီနက်တို့ လေးငါးခြောက်လက်လောက်နဲ့ ‘စံရာတောင်ကျွန်း’သီချင်းကြီးကို
တီးမှုတ်ပြကြတယ်။ ဝန်ကြီးက သဘောကျသွားပြီး ရန်ကုန်မှာတည်ထောင်မယ့် ပန်တျာကျောင်းအုပ်လုပ်ဖို့ခေါ်တယ်။
ဒါပေမယ့် မြို့မငြိမ်းက ကျောင်းအုပ်မလုပ်ချင်လို့ မန္တလေးကို ပြန်လာတယ်။ အဲဒီခေတ်ကစပြီး
ဗမာသီချင်းကြီးတွေကို ပတ်ကားနုတ်စ်နဲ့စတီးကြတာပါ။ ကျွန်တော်တို့ မြို့မက စပြီးတီးတော့
သတင်းစာတွေမှာ အကျယ်တဝင့်ရေးကြပါတယ်။ သူက ဘယ်ပစ္စည်းကိရိယာတီးမှုတ်တယ်။ မြို့မက ဗမာသီချင်းတွေကို
ပတ်ကားနုတ်စ်တွေနဲ့ တီးမှုတ်နေပြီဆိုတဲ့အကြောင်း ရေးကြတယ်”
“ဆရာငြိမ်းတို့ခေတ်က
သီချင်းတစ်ပုဒ်ရေးခ ဘယ်လောက်ရကြပါသလဲ”
“ဆရာငြိမ်းကတော့
ကြေးသတ်မှတ်ချက်မရှိပါဘူး၊ သူက တောင်းလည်း မတောင်းပါဘူး။ သူက သူလုပ်ချင်တာကိုလုပ်နေရရင်
ကျေနပ်နေတဲ့ သူပဲ။ ဆရာငြိမ်းကတော့ အနုပညာအတွက်သက်သက် မွေးလာတဲ့သူပါပဲ။ သူ့ရည်ရွယ်ချက်ကဘာလဲဆိုတော့
မြန်မာတူရိယာပစ္စည်းတွေနဲ့ ‘အောခ်ကစ်ထရာ’ဝိုင်းကြီး ထူထောင်ချင်တာပဲ။ သူ့ရည်ရွယ်ချက်မပြည့်ဝခင်မှာ
ပျက်စီးခဲ့ရတာကိုး။ သူ့ကို ကူညီပေးခဲ့တဲ့သူက ဓားတန်းဦးသန့် ပါပဲ။ ဒါမျိုးကလည်း ကျွန်တော်ပြောရဲပါတယ်။
အဲဒီတုန်းကတော့ (ကျွန်တော် စကားရိုင်းရင်ခွင့်လွှတ်ပါ) မြို့မငြိမ်းနဲ့ဦးသန့်ကလွဲရင်
ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ခုတော့ဖြစ်ချင်ဖြစ်ကြမှာပေါ့။ ဟိုတုန်းကတော့ ရန်ကုန်ကလူတွေ
စိတ်မဝင်စားခဲ့ကြတာအမှန်ပဲ။ ကျွန်တော်တို့ အဖွဲတို့ ကြာမကြာရန်ကုန်လာပြီး တီးပြကြပါတယ်။
ရန်ကုန်က ဦးမောင်ကို(ဂီတလုလင်မောင်ကိုကို) ဆိုရင်လည်း ဂီတပညာရှင်တွေပါပဲ။ သူတို့လည်း
ကျွန်တော်တို့ တီးတာမှုတ်တာလာကြည့်ကြပြီး တော်ပါပေတယ်လို့ ချီးကျူးမှတ်ချက်ချခဲ့ကြပါတယ်။
ခုနောက်ပိုင်းမှာတော့ ပတ်ကားနုတ်စ်နဲ့တီးတဲ့ တီးဝိုင်းဆိုတာကလည်း မရှိတော့သလောက်ပါပဲ။
အဲဒီတော့ ဆရာငြိမ်းရည်မှန်းသလို ဝိုင်းကြီးဖြစ်လာဖို့ရာဆိုတာ မလွယ်ပါဘူး။ အခုလုပ်ကိုင်စားသောက်နေကြတဲ့ပုံစံကလည်း
ဆူလွယ်နပ်လွယ် မြန်မြန်ဆန်ဆန်ပြီးအောင်သာ တီးမှုတ်နေကြတာကိုး။ ဂီတအရသာဆိုတာ သိပ်ခံစားမှုမရှိကြတော့ပါဘူး။
နိုင်ငံခြားရုပ်ရှင်ကားတွေကိုကြည့်ရင် နောက်ခံတီးလုံးဆိုတာရှေ့အရုပ်ကို အများကြီး အထောက်အကူပြုရပါတယ်။
ကြောက်စရာပြကွက်ဆိုရင်လည်း ကြောက်အောင်၊ လန့်စရာပြကွက်ဆိုရင်လည်း လန့်အောင်၊ ကြည်နူးစရာ
ပြကွက်ဆိုယင်လည်း ကြည်နူးအောင်ဖန်တီးပေးရပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ ပိတ်ကားပေါ်ကြည့်ပြီး
ချက်ချင်းကောက်ရေး၊ ချက်ချင်းကောက်တီးဆိုတော့ ဘယ်လိုမှ ရသမမြောက်နိုင်ပါဘူး။ တခါတလေများ
ဘာမှသိပ်ရှာမနေတော့ဘူး။ ပျော်ပျော်ပါးပါး သင်္ကြန်သီချင်းတွေဘာတွေ နောက်ခံ တီးချင်တီးချလိုက်တာပဲ။
အဲဒီလိုဖြစ်နေတယ်။ ဂီတကို ရသမြောက်အောင်ဖန်တီးဖို့ရာဆိုတာ အချိန်ယူလုပ်ဖို့လိုပါတယ်။
နိုင်ငံခြားမှာ ဂီတပညာလေလ့ာခဲ့တဲ့ပညာရှင်တွေရှိပါတယ်။ ဒါကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ
Conductor နဲ့ဘာနဲ့ စနစ်တကျတီးပြနိုင်လောက်တဲ့အထိ မြင်ချင်တွေ့ချင်ပါတယ်”
“ကျေးဇူးပါပဲ
ဆရာပေါ၊ အခုစီးရီးထဲမှာ ဆရာငြိမ်းသီချင်းဘယ်နှပုဒ်သလဲ”
“ကျွန်တော်တို့
(ရွှေမန်းတောင်ရိပ်ခို)စာသားကလေးကြည့်လိုက်ရအောင်...”
ရေး-မြို့မငြိမ်း
ဆို-သုမောင်
ရွှေမန်းတောင်ရိပ်ခို
ရွှေပိတောက်တွေပွင့်ချပ်ဝင့်ကာရယ်...ယိမ်းနွဲ့ကာ
ပန်းမှုန်ဝတ်စီခြယ်...မာလာထုံ ရည်ပျံ့မွှေးရနံ့ကြူတယ်...မြို့လုံးနယ်လုံးရယ်။ သင်္ကြန်ပွင့်လန်းပါတယ်။
ပိတောက်တွေ
ဝေလို့ရယ်။ ဝင်းပပပျိုရယ်...ချစ်ရေစင်ဖျန်းမယ်...ရွှဲလို့သာစိုစေကွယ်...ငွေငန်းဖြူရယ်...ရွှေမန်းသူရယ်...ဖြစ်လေရာဘဝတိုင်း
တွေ့ချင်တယ်။
(ပက်စမ်းပါခင်ရဲ့...ရွှဲချင်တိုင်းရွှဲပေ့စေကွယ်...ဘယ်သူဘယ်ဝါ
ပက်လိုပက်ပက် မြို့မက ရယ်တယ်) (၂) နတ်ဘိုးတော်သူက မှာတယ်...ပက်ချင်တိုင်းလည်း ပက်နိုင်တယ်။
သင်္ကြန်ပျိုသက်လယ် ကိုယ်ဘာကိုယ်ပက်မယ် ...ခေါ်ဦးရေလယ်...။
မြနန္ဒာရေညိုညိုရစ်ကာသန်း...ရွှေမန်းတောင်ရိပ်
တူတူခိုမယ်...ပျိုဖြူတွေရယ်... ပျော်ခင်းလေးသာပါဘိတယ်။ နိမိတ်ကောင်းယူမယ်... နှစ်ဦးသင်္ကြန်တော်ဝယ်...။
အို...အတာတော်ကူးချိန်မို့
ရွှင်မြူးကာပျော်ပျော်လို့ရယ်...မယ်တို့တတွေမာစေ ကြောင်း ဆုတောင်းပါတယ်...မန်းမြို့သူရယ်၊
ရေကြည်ဥ ဆံနုမှာစီခြယ်...မြင်သူတွေငေး လောက်ပေတယ်...ပပဝတီ၊ ရောဟဏီ၊ ဘရဏီလြူ့ပည်မှာတုန်း
ဆုခြွေသလား...နှမများ၊ အစ်မများတို့ရယ်... ညီညာစုံကြတယ်...လှဂုဏ်များကြွယ်...။
(မြနန္ဒာ......................................နှစ်ဦးသင်္ကြန်တော်ဝယ်)
“ကျေးဇူးတင်ပါတယ်ဆရာပေါ။
ခုလိုရှားပါး လူသိနည်းတဲ့ဆရာငြိမ်းသီချင်းတစ်ပုဒ်ကိုဖော်ထုတ်ပေးတဲ့အတွက်ရော၊ ဖော်ပြမှတ်တမ်းတင်ခွင့်ရတဲ့အတွက်ပါဝမ်းသာပါတယ်
ခင်ဗျာ”
ဝင်းကိုကို
မှတ်ချက်။
။ပေဖူးလွှာမဂ္ဂဇင်း ၊၁၉၈၃-ခုနှစ် ဧပြီလ၊ အမှတ်(၂၃)၊စာမျက်နှာ(၁၈၃-မှ
၁၈၇-၁၉၃ အထိ)လာသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည။်
0 comments:
Post a Comment