ခေတ်ကဖတ်တဲ့စာနဲ့ခေတ်ကိုဖတ်တဲ့စာ
(မျိုးမြင့်ချို)
မနေ့
မနက်စောစောက အွန်လိုင်းမိတ်ဆွေလေးတယောက်နဲ့ ပြည်တွင်းက လတ်တလော ကသောင်းကနင်းတွေအကြောင်း
ပြောဖြစ်တယ်ဗျ။ ကျနော်က “ကသောင်းကနင်း”လို့ပဲပြောရသေးတယ် သူက “ဦးလေးကလည်း ဘုမသိဘမသိနဲ့ပြောနေပြန်ပြီ
ဘယ်ကလာ ကသောင်းကနင်းရမှာလဲဗျ အားလုံးစနစ်တကျနဲ့ ကွက်တိဖြစ်နေတာပါ၊ ကသောင်းကနင်းတွေကိုက
စနစ်တကျဖြစ်နေတာဗျ၊ အဲ့ဒါကိုက သီအိုရီဗျ၊ ကသောင်းကနင်းသီအိုရီဆိုတာရှိတယ်လေ၊ ဦးလေးကြားဖူးလား”..တဲ့။
“အင်းကြားဖူးတယ်”ဆိုတော့ “ဦးလေးက ဘယ်ဆိုးလို့တုန်း ခေတ်မီသားပဲ”တဲ့။ ဒါနဲ့ “ဟုတ်ပါပြီ
စနစ်တကျပဲထားပါ၊ ဘာ့ကြောင့်ဖြစ်ရတယ်ထင်လဲ၊ ခင်ဗျား အမြင်လေးသိလို့ရမလား”လို့ မေးမိတယ်ဗျ။
“ဦးလေးအမြင်ကရော”တဲ့။ “ကျနော့်အမြင်ကတော့ ကျနော်ရေးတဲ့စာတွေသာ ဖတ်ကြည့်ပါဗျ”လို့ ပြောတော့
“ကျနော်တို့မှာ အလုပ်တဘက် ကျောင်းတဘက် နိုင်ငံရေးကတဘက်နဲ့ဗျ၊ အချိန်အားသိတ်မရှိဘူးလေ၊
စာဖတ်ချိန်သတ်သတ်မရှိဘူး”တဲ့။ ဒါနဲ့ ကျနော်အံ့အားသင့်ပြီး “စာမဖတ်ပဲ မလေ့လာပဲ ခင်ဗျား
နိုင်ငံရေးဘယ်လိုလုပ်လို့ရသလဲဗျ”လို့ မေးကြည့်မိတယ်။ “ဒီလိုပဲ လုပ်ရတာပေါ့ ဦးလေးရာ။
မလုပ်လို့မှ မဖြစ်တာ၊ သူများတွေအခြေအနေလည်း ကြည့်ရတာပေါ့၊ ကိုယ့်ဖာကိုယ်ကြီးတော့ စွပ်ရွတ်လုပ်တာတော့
မဟုတ်ပါဘူး၊ အွန်လိုင်းနဲ့ဖေ့စ်ဘွတ်ခ်မှာလည်း အချိန်ရသလောက် လေ့လာရတာပေါ့၊ ကျနော်ပြောတဲ့
စာဖတ်ချိန်မရှိဘူးဆိုတာ တကယ့်စာအုပ်ကြီးတွေကိုင်ပြီး ဖတ်နေချိန်မရှိဘူးလို့ပြောတာ ဦးလေးရ၊
ဒီခေတ်မှာ စာအုပ်ကိုင်ဖတ်နေဖို့က လိုလည်းမလိုဘူးလေ၊ အောက်လည်းအောက်တယ် ဦးလေးရ၊ နေရာတကာ
စာအုပ်တကိုင်ကိုင်နဲ့အလုပ်မဖြစ်ဘူး၊ စာအုပ်မှန်သမျှ အွန်လိုင်းမှာရနေတာပဲဟာ၊ ကျနော်ဆို
အင်တာနက်ရတဲ့တယ်လီဖုန်းပဲ ဆောင်ထားတာလေ၊ တခါတလေလောက်မှ ကွန်ပြူတာသုံးတာလေ၊ ဘယ်သွားသွားဘယ်နားရောက်ရောက်
ကိုယ်သိချင်တာလေး ကောက်ဖွင့်လိုက်ရနေတာပဲဟာ၊ စာအုပ်သယ်ရတာကမှ လေးဦးမယ်၊ လှန်နေရဦးမယ်၊
နောက်ပြီး မသယ်ချင်ရင် ခေါင်းထဲထည့်ထားရဦးမယ်၊ အင်တာနက်ကျတော့ အဲ့ဒါတွေမလိုဘူးလေဦးလေးရာ၊
နောက်ပြီး ခေတ်က ဦးလေးတို့လိုခေတ်မဟုတ်တော့ဘူးဗျ၊ နေရာတကာ အကုန်ခေါင်းထဲထည့်မှတ်တဲ့ခေတ်
မဟုတ်ဘူးလေ၊ မှတ်လည်း မမှတ်နိုင်တော့ဘူးဗျ၊ ခေါင်းလေးတယ်၊ ခေတ်က ခေါင်းစားစရာတွေကလည်း
များမှများပဲဟာ၊ နောက်ပြီး နိုင်ငံရေးဆိုတာကလည်း ဦးလေးတို့တုန်းကလို တခုခုက တခါဖြစ်ရင်
အကြာကြီးဖြစ်နေတာမဟုတ်ဘူးဗျ၊ ခနခန တခုပြီးတခု ပြောင်းပြောင်းဖြစ်နေတာလေ၊ တခုနဲ့ပြောင်းပြောင်းသွားတာက
ခနလေးဗျ၊ ခေတ်က ကွန်ပြူတာခေတ် အင်တာနက်ခေတ်လေဦးလေးရာ၊ သတင်းအချက်အလက်တွေ ခေါင်းဆောင်တွေပြောတာတွေက
သူတို့ပါးစပ်ကထွက်လိုက်တာနဲ့ အွန်လိုင်းပေါ်တန်းရောက် တန်းတက်လာတာလေ၊ ဘာသတင်းစာ ဘာရေဒီမှတောင်
မမီပါဘူး၊ မြန်မှမြန်ပဲ၊ တခါတခါ ကျနော်တို့တောင် လိုက်မမီဘူး၊ မျက်စေ့တော့မလည်ပါဘူး၊
ဘာကြီးဖြစ်ဖြစ် အကြာကြီးဖြစ်တာ ရှိမှမရှိတော့တာလေ၊ ကျနော်တို့က တခုခုကို ခေါင်းထဲထည့်ပြီး
အကြာကြီးအသေမှတ်ထားဖို့မှ မလိုတော့တာ၊ မှတ်ထားလို့ နောက်အသစ်ထပ်ဖြစ် အသစ်ထပ်မှတ်နဲ့သာဆို
သေဖို့ပဲရှိတယ်ဦးလေးရ၊ အဲ့ဒီတော့ မှတ်မနေတော့ဘူး၊ ဖုန်းထဲကြည့်ပြီး ပြောလိုက်လုပ်လိုက်ရုံပဲလေ”တဲ့။
သူပြောတာလေးတွေနားထောင်ရင်း ခေတ်ကိုမြင်ကြည့်နေမိတယ်။ နောက်တော့ကျနော်က “ကျနော့်စာလေးတွေလည်း
အွန်လိုင်းမှာပါ ဖေ့စ်ဘွတ်ခ်မှာပါ။ အွန်လိုင်းနဲ့ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံရေးအတွေးအခေါ်အသိအမြင်ဝမ်းစာဖြည့်ဖို့
ဘယ်လိုဟာတွေအဓိကထားပြီး လေ့လာရေးလုပ်သလဲဗျ..ပြောပြပါဦး”လို့
ထပ်မေးဖြစ်ပါတယ်။ အဓိကကတော့ ဦးလေးရာ တရားဥပဒေစိုးမိုးရေးပေါ့၊ အဲ့ဒါကို အဓိကထားလေ့လာတာဗျ၊
ကျနော်တို့တိုင်းပြည်အတွက် သိတ်အရေးကြီးတယ်လေအဲ့ဒါက၊ အခုဖြစ်နေတာတွေအားလုံးက အဲ့ဒါ(တရားဥပဒေစိုးမိုးမှု)
မရှိလို့ဖြစ်ရတွေချည်းပဲ ဦးလေးရ”တဲ့။ ဥပဒေစိုးမိုးရေးကို သူဘယ်ပုံနားလည်ထားသလဲဆိုတာသိချင်တာနဲ့ “ဆက်ပြောပါဦးဗျ၊ ခုခင်ဗျားပြောနေတဲ့ ဥပဒေစိုးမိုးရေးကိစ္စ၊ ကျနော်လည်း
စိတ်ဝင်စားတာအမှန်ပါ”လို့ မေးရင်း စကားထောက်လုပ်ပေးနေမိတယ်။ သူက အာဘောင်အာရင်းသန်သန်နဲ့
တရားဆိုတာဘာ..၊ ဥပဒေဆိုတာကဘာ..၊ တရားဥပဒေဆိုတာကဘာ..၊ တရားဥပဒေရှိတယ်/မရှိဘူးဆိုတာကဘာ..၊
တရားဥပဒေစိုးမိုးတယ်/မစိုးမိုးဘူးဆိုတာကဘာ…စသည်ဖြင့် ရှင်းပြတာများ ငယ်ငယ်ကစာမေးပွဲဖြေဖို့
စာကျက်ခဲ့တာတောင် ပြန်အောက်မေ့မိတယ်။ စကားထစ်သွားတာ ထောင့်သွားတာ အဆီမငေါ်မတည့်ဖြစ်တာ
တနေရာမှမရှိဘူးဗျာ။ ဖြူးနေတာပဲ။ ဦးဉာဏ်ဝင်းတို့ ဦးသိန်းညွန့်တို့ ဦးအောင်သိန်းတို့တောင်
သူ့လောက်ချက်ချက်ချာချာ ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်မယ့်ပုံမရှိပါဘူး။ ပြောရင်း လိုအပ်မယ်ထင်တဲ့တချို့နေရာတွေမှာ
အင်္ဂလိပ်လိုလေးတွေလည်း ညှပ်ညှပ်ပြောပါသေးတယ်။ ပြောရင်း သူ့စကားအဆုံးသတ်ပေးရင် သင့်မယ်ထင်တဲ့နေရာရောက်တော့
“ခင်ဗျား ပြောသလို တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ရတယ်ဆိုတာ ကျနော် မငြင်းပါဘူး။ ဒါပေမယ့်
အဲ့ဒီ တရားဥပဒေက ဘာ့ကြောင့်မစိုးမိုးရတာလဲ၊ စိုးမိုးဖို့ဘာအရင်လုပ်ရမလဲဗျ”လို့မေးရင်း
စကားစသတ်ပေးမိတယ်။ “ဟာ..ဦးလေးကလည်း တရားဥပဒေမစိုးမိုးလို့ ခုဟာတွေဖြစ်နေပါတယ်ဆိုမှ၊
တရားဥပဒေစိုးမိုးဖို့ဆိုတာ တရားဥပဒေစိုးမိုးမှဖြစ်မှာလေ၊ မစိုးမိုးပဲ တရားဥပဒေက ဘယ့်နှယ်လုပ်စိုးမိုးမှာလဲဗျ၊
အဲ့ဒါ အရေးအကြီးဆုံးပဲလေ၊ လေ့လာကြည့်ဦးလေးရ စိတ်ဝင်စားစရာကောင်းတယ်၊ ကျနော်လည်း လုပ်စရာရှိသေးတယ်
နောက်တော့ပြောကြတာပေါ့ဗျာ”လို့ နှုတ်ဆက်ပြီး ဆင်းသွားပါတယ်။ သူနဲ့ပြောရင်း ခေတ်တိုင်းမှာ
လူငယ်တွေရှိတယ်။ ကျနော်တို့လည်း ကျနော်တို့ခေတ်ရဲ့လူငယ်တွေဖြစ်ဖူးတာပဲ၊ ကျနော်တို့ဘာတွေ
ဖန်တီးနိုင်ခဲ့ပြီလဲလို့တွေးရင်း ခေတ်ကိုလှမ်းမြင်လိုက်တာ လား၊ ခေတ်လူငယ်ကို တွေ့လိုက်တာလား၊
ဒါမှမဟုတ် ခေတ်တခေတ်ထဲက သီးသန့်လူငယ်လေးတယောက်ကို မြင်လိုက်ရတာလား ဇဝေဇဝါနဲ့ကျန်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ခေတ်ဟာ သူတို့လက်ထဲမှာစီးဆင်းနေမှာပါ။ မျိုးမြင့်ချို ဧပြီ ၁၂ ရက် ၂ဝ၁၃
0 comments:
Post a Comment