လွတ်လပ်ရေး၊ အမျိုးသားနိုင်ငံရေးနှင့်
ကျောင်းသားလှုပ်ရှားမှု-ဦးခင်မောင်ကြီး
(ဗကသခေါင်းဆောင်ဟောင်း) ဗကသများအဖွဲ့ချုပ်နိုင်ငံခြားရေးရာကော်မတီမှထုတ်ဝေသည်။
အမှာ (ဇွန် ၂ဝဝ၄ ခုနှစ်-ထုတ်ဝေသက္ကရာဇ်သတိပြုစေချင်ပါကြောင်း)
နိုင်ငံတွင်းမှာကျောင်းသားလှုပ်ရှားမှုမပြောနဲ့
ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုပြုစုတာနဲ့တင် ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်နေပါတယ်။ ကျနော်တို့ရဲ့သားလှုပ်ရှားမှုသမိုင်းဟာ နယ်ချဲ့ဆန့်ကျင်ရေး၊
ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်လပ်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေးစတဲ့
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်နဲ့ပတ်သက်နေတာမို့ သည်လိုဂုဏ်ရောင်ပြောင်ခဲ့တဲ့
ကျောင်းသားလှုပ်ရှားမှုတွေကို စစ်အစိုးရက အကြောက်ကြီး ကြောက်ပါတယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုတွေကို
သမိုင်းကွင်းဆက်ပြတ်အောင် ဖန်တီးပါတယ်။ ကျောင်းသားအရေးနဲ့နိုင်ငံရေးဟာ မပတ်သက်သယောင်
မှိုင်းတိုက်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းသားလှုပ်ရှားမှုတွေဟာ ယနေ့အထိ ကွင်းဆက်မပြတ်ခဲ့ပါ။
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆိုတဲ့ နိုင်ငံရေးအမြင်ပေါ်မှာ
အခြေခံပြီး ကျောင်းသားလှုပ်ရှားမှုတွေရှိနေတုန်းပါ။ လွတ်လပ်တဲ့ကျောင်းသားထုညီလာခံတရပ်ကနေ
လွတ်လပ်ပြီးစစ်မှန်တဲ့ကျောင်းသားသမဂ္ဂပေါ်ထွန်းမှသာ သည်နေ့ ကျောင်းသားထုအခွင့်အရေးကိစ္စတွေ၊
ပညာရေးကိစ္စတွေကို ကျနော်တို့ စုစည်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ သည်လိုညီလာခံတရပ်ပေါ်လာဖို့ဆိုတာကလည်း
နိုင်ငံတွင်းမှာ စစ်မှန်တဲ့ဒီမိုကရေစီမရှိပဲ၊ ငြိမ်းချမ်းမှုမရှိပဲမဖြစ်နိုင်ပါ။ အမျိုးသားသွေးစည်းမှုရပြီး
စစ်အာဏာရှင်စနစ်ကို အပြီးအပျက် ဖျက်နိုင်မှသာလျှင် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးရှိမှာဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ကျောင်းသားတွေ နိုင်ငံအရေး (သို့) အမျိုးသားနိုင်ငံရေးလုပ်ပါတယ်။
“အမျိုးသားရေး”ဟာ
ဗကသများအဖွဲ့ချုပ်ရဲ့ အခြေခံမူတရပ်ဖြစ်ပါတယ်။ လွတ်လပ်ရေးမတိုင်မီ အမျိုးသားရေးဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့
အမျိုးသားလွတ်လပ်ရေးဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေးနဲ့ အမျိုးသားသွေးစည်းရေးဟာ အမျိုးသားရေးဖြစ်ပါတယ်။ အခု နောက်ပိုင်းတဆင့်တိုးလာတာက
စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဖြစ်ပါတယ်။ ဒါဟာ ဗကသများအဖွဲ့ချုပ်ရဲ့ အမျိုးသား ရေးမူဝါဒဖြစ်ပါတယ်။
ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ ဗကသများအဖွဲ့ချုပ်နဲ့သက်ဆိုင်တဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေကို ပြန်လည်ဖော်ထုတ်ဖို့ကို
ဗကသများအဖွဲ့ချုပ်-နိုင်ငံခြားရေးရာကော်မတီအနေနဲ့ လုပ်ငန်းစဉ်တရပ်အနေနဲ့ခံယူထားပါတယ်။
ပြည်တွင်းမှာ လက်ရှိလုပ်နိုင်ဖို့ခက်ခဲတဲ့အတွက် လုပ်နိုင်တဲ့နေရာကနေလုပ်ဖို့ ရည်ရွယ်ပါတယ်။
သည်ရည်ရွယ်ချက်နဲ့ ဗကသခေါင်းဆောင်ဟောင်း ဦးခင်မောင်ကြီးရဲ့စာမူကို ထုတ်ဝေပါတယ။် သည်နေရာမှာ
သူတွေ့ကြုံခဲ့တဲ့နောက်ခံအခြေအနေ၊ သမိုင်းဆိုင်ရာအမြင်နဲ့အတွေ့အအကြုံတွေပါဝင်တာမို့
လက်ရှိ ကျနော်တို့ကျောင်းသားထုအတွက်ရော၊ ဗကသလှုပ်ရှားမှုသမိုင်းအတွက်ပါ အထောက်အပံ့ဖြစ်စေမယ်ယူဆပါတယ်။
နိုင်ငံခြားရေးရာကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဇွန်လ၊ ၂ဝဝ၄ခုနှစ်
အခန်း(၁)
၁၉၄၅ ခုနှစ် မေလ(၁)ရက်နေ့တွင်
ကျနော်တို့ကျောင်းသားများအပါအဝင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်ချစ်အင်အားစုများဟာ ရန်ကုန်မြို့ကိုသိမ်းပိုက်ခဲ့ကြတယ်။ သည့်မတိုင်မီ တပြည်လုံးဒေသအသီးသီးမှာ မတ်လ ၂၇ ရက်နေ့မှစတင်ပြီး
ကျောင်းသားများဟာ ပြောက်ကျားတပ်သားများအဖြစ်လည်းကောင်း၊ တပ်မတော်သားများအဖြစ်လည်းကောင်း၊
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးစစ်ပွဲများမှာ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့ကြတယ်။
ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့
ကျနော်တို့ရဲ့နှလုံးသားတွေကို သခင်စိုးပို့ချခဲ့တဲ့ အနုပဋိလောမရုပ်ဝါဒကမ္ဘာ့အမြင်နဲ့
ဗမာ့လွတ်လပ်ရေးကြေညာစာတမ်း ၄စောင် (ဗမာ့လွတ်လပ်ရေးကြေညာစာတမ်း အမှတ် ၁၊ ၂၊ ၃၊ ၄)တို့က
ချုပ်ကိုင်ခဲ့ပြီးပြီ။ ဒီအတွေးအခေါ်လက်နက်က ကျနော်တို့ကို သူရသတ္တိနဲ့မကုန်ခမ်းနိုင်တဲ့ စွမ်းပကားတွေကို
ပေးအပ်ခဲ့တယ်။ ကျနော်တို့ဘာကြောင့်စစ်တိုက်ဖို့ လိုအပ်သလဲ၊ ဘယ်သူ့အကျိုးအတွက် စစ်တိုက်ဖို့လိုသလဲဆိုတဲ့အဖြစ်မှန်ကိုသဘောပေါက်စေခဲ့တယ်။ ကျနော်တို့ဟာ ဘာကိုမှ မကြောက်တော့ဘူး။ လွတ်လပ်ရေးအတွက်၊
ပြည်သူတွေအတွက် အရာရာကိုစွန့်လွတ်ဖို့အဆင်သင့် ဖြစ်နေခဲ့ကြတယ်။
မိုးသံလေသံတွေအကြားမှာ
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဗမာ့တပ်မတော်ရဲ့စစ်ချီတေးသံဟာ ပြန့်လွင့်လာတယ်။
“မိုးတွေကလည်း မစဘဲရွာနေတယ်၊ မြစ်ချောင်းအင်းအိုင်
ရေတွေပြည့်လို့ ငါတို့တက်ရမယ်၊ ရန်သူတွေဟာ အရှုံးကြီးရှုံးနေတယ်၊ သူတို့လောက်တော့(သူတို့အလောင်းကောင်) ကွယ်ကာပြုလို့ငါတို့တိုက်ရမယ်၊ ဒို့ဗိုလ်က ဒါးကိုဆွဲလို့ရှေ့ကတက်ပါတယ်၊ ဘယ်မှာ ကြောက်စိတ်ရှိလိမ့် ငါတို့စစ်သားရယ်”
ပြည်ချစ်တပ်မတော်ရဲ့
ဒီစစ်ချီတေးသံဟာ တပြည်လုံးမှ ပြန့်နှံ့သွားပါပကောလား။ စစ်ဝတ်ဝတ်ထားတဲ့ ကျနော်တို့ကျောင်းသားတွေဟာ
အလုပ်သမား၊ လယ်သမား လုပ်သားပြည်သူတွေနဲ့အတူ ဖက်ဆစ်ဂျပန်တွေကို အတုံးအရုံးကျဆုံးအောင်တိုက်ခဲ့ကြတယ်။
ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်ခဲ့ကြတယ်။
အခန်း(၂)
စစ်ကြီးတော့ ပြီးသွားပြီ။
အောင်ပွဲနဲ့လည်း အဆုံးသတ်ခဲ့ပြီ။ တဘက်မှာတော့ အမိနိုင်ငံရဲ့ နေရာအပြန့်အနှံ့မှာ ပြာပုံနဲ့မီးလောင်မြေ။
မောင်းထုတ်လိုက်တဲ့ဂျပန်ဖက်ဆစ်တွေရဲ့နေရာမှာ အင်္ဂလိပ်စစ်တပ်တွေပြန်ရောက်လာကြတယ်။ သူတို့ဟာ
အုပ်စိုးသူအရှင်သခင်တွေပီပီ တိုက်တာအဆောက်အဦကောင်းတွေကိုသာမက တက္ကသိုလ်ကျောင်းအဆောက်အဦတွေကိုပါ
သိမ်းပိုက်လိုက်ကြတယ်။
ကျနော်တို့ကျောင်းသားတွေဟာ
စစ်ဝတ်ကိုချွတ်ပြီး ကျောင်းစာသင်ခန်းတွေထဲပြန်ရောက်လာကြတယ်။ ၁၉၄၅ ခုနှစ် စစ်ပြီးခေတ်တက္ကသိုလ်ကျောင်းဆိုတာ ရန်ကုန်မြို့လည်ကောင် မဂိုလမ်းထဲမှာရှိတဲ့ ယခင်အခေါ် “ရန်းဒေးရီးယား”ဆိုတဲ့
ကုလားကျောင်းဖြစ်တယ်။ မဂိုလမ်းဟာ ဆမူဆာ၊ ပလာတာအနံ့တွေ ဒံပေါက်မင်းဟင်းအနံ့တွေနဲ့ သင်းပျံ့ကြိုင်လှိုင်လျှက်ရှိတယ်။
ဒီမဂိုလမ်းမှာ မရှိမဲ့ရှိမဲ့ငှားရမ်းထားရတဲ့ သုံးထပ်တိုက်ကျောင်းအဆောက်အဦမှာ အခန်းတွေဖွဲ့ပြီး
စာသင်ခန်းတွေလုပ်ထားကြတယ်။ စစ်ပြီးခေတ်တက္ကသိုလ်ဟာ သူ့ပေးထားတဲ့နာမည်နဲ့လိုက်လျောညီစွာ
“အရေးပေါ်တက္ကသိုလ်”စစ်စစ်ပါပ။ဲ ကျောင်းအုပ်ကြီး ဦးဘနဲ့ ဒေါက်တာလှဘူး အမှူးပြုတဲ့ ဆရာ/ဆရာမတွေဟာ
ဝတ္တရားကြေကြတယ်။ ကျောင်းသားတွေအပေါ် အလွန်နွေးထွေပြီး သူတို့တတ်သမျှ ထက်ထက်သန်သန် မခြွင်းမချန်
ပို့ချခဲ့ကြတယ်။ စစ်ပြီးခေတ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ စစ်မတိုင်မှီတက္ကသိုလ်ကျောင်းတော်သူ
ကျောင်းတော်သားများနဲ့ လားလားမျှမတူတော့ဘူး။ ရှေ့ယခင်ကတက္ကသိုလ်ကျောင်းသားကြီးများဟာ
ထူးခြားတဲ့အထက်လွှာတရပ်သဖွယ်ဖြစ်ခဲ့တယ်။ ဝတ်စားဆင်ယင်မှုအလွန်သပ်ရပ်ပြီး သူ့ကိုယ်ပိုင်ဟန်နဲ့သူ“မင်းကြိုက်စိုးကြိုက်၊
ကာလသားများနဲ့လားလားမျှမထိုက်” ဆိုသလို ဖြစ်ခဲ့တယ်။ ဒါနဲ့ပြောင်းပြန်ပါပဲ။ စစ်ပြီးခေတ်တက္ကသိုလ်ကျောင်းသားတွေကတော့ အထင်ကြီးစရာ
ဘာဟန်ပန်မှမရှိတော့ပါ။ ခေါင်းစုပ်ဖွား၊ အဝတ်အစားမသပ်မရပ် ခုံဖိနပ်သံတခွပ်ခွပ်တညံညံနဲ့“စစ်ပြန်”များပီသလှပါတယ်။
ကျနော်တို့ဟာ ကိုသန်း
ဥက္ကဌအဖြစ်ခေါင်းဆောင်တဲ့ “တက္ကသိုလ်ကျောင်းသားသမဂ္ဂ”ကို ပြန်လည်ဖွဲ့စည်းခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းအဆောက်အဦများပြန်ရရေး၊
ကျောင်းပရိဘောဂများ ကျောင်းသုံးပစ္စည်းများအလုံအလောက် ဖြည့်တင်းပေးရေး၊ စနစ်ကျပြီးပြည့်စုံတဲ့ရန်ကုန်တက္ကသိုလ်ပြန်ပေါ်လာရေး၊
တက္ကသိုလ်ကျောင်းသားသမဂ္ဂအခွင့်အရေး အပြည့်အဝရရှိရေးစတဲ့ ကျောင်းသားထုအခွင့်အရေးများအတွက်
တိုက်ပွဲဝင်ရန်ပြင်ဆင်ခဲ့ကြတယ်။ ကျောင်းနံရံကပ်သတင်းစာများထုတ်ပြီး ကျောင်းသားများအား
လှုံ့ဆော်စည်းရုံးခဲ့ကြတယ်။
အဲဒီအချိန်က တက္ကသိုလ်ကျောင်းသားသမဂ္ဂစည်းမျဉ်း
အခန်း(၉) အပိုဒ်(၂)ထဲမှာ “ကျောင်းသားများဟာ
အမျိုးသားနိုင်ငံရေးသာလုပ်ရမယ်၊ နိုင်ငံရေးပါတီအဖွဲ့အစည်းထဲမှာ မပါဝင်ရ၊ ပါတီနိုင်ငံရေးမလုပ်ရ”ဆိုတဲ့ ကန့်သတ်တားမြစ်ချက်တစ်ခု ပါလာတယ်။
ဒီကန့်သတ်ချက်ကို ဘယ်လို နားလည်ရမလဲ၊ အမျိုးသားနိုင်ငံရေးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ
အငြင်းပွားစရာတွေဖြစ်လာတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ အတွင်းသဘောအရ လှုပ်ရှားပြောင်းလဲနေတဲ့နိုင်ငံရေးဝေါဟာရ
(Political Category) တခုဖြစ်တယ်။ နယ်ချဲ့စနစ်တည်ရှိပြီး နယ်ချဲ့စနစ်ရဲ့ဖိနှိပ်သွေးစုပ်မှုခံနေရသမျှ
နယ်ချဲ့စနစ်ဖိနှိပ်သွေးစုပ်မှုကိုဆန့်ကျင်တဲ့အမျိုးသားနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုဆိုတာဟာ ရှိနေလိမ့်မယ်။
အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်တခုလုံးမှာအဆင့်တွေ (Stages of Development) ရှိတယ်။
ဖြစ်ပေါ်တိုးပွားမှုအဆင့်အသီးသီးမှာ ယေဘုယျတူညီချက်တွေရှိသလို မတူခြားနားတဲ့အတွင်းသရုပ်တွေ
(Content) ရှိနေတယ်။
ဗမာပြည်နိုင်ငံရေးသမိုင်းမှာပေါ်ပေါက်ခဲ့တဲ့
ဝိုင်အမ်ဘီအေ (YMBA)၊ ဂျီစီဘီအေ(GCBA) ဝံသာနုခေတ်မှာရှိခဲ့တဲ့အမျိုးသားနိုင်ငံရေးဟာ
ဆရာစံသူပုန်ကျဆုံးပြီးနောက်ပေါ်ပေါက်လာတဲ့ ဒို့ဗမာအစည်းအရုံးခေတ်ရဲ့အမျိုးသားနိုင်ငံရေးနဲ့တထပ်တည်းလား၊
မဟုတ်ပါ။ ဒို့ဗမာအစည်းအရုံးခေတ်မှာပင်လျှင် ၁၃ဝဝပြည့်မတိုင်မီကာလနဲ့ ၁၃ဝဝပြည့် နောက်ပိုင်းကာလရှိအမျိုးသားနိုင်ငံရေးတွေဟာ
တထပ်တည်းလား၊ မဟုတ်ပါ။ စစ်ပြီးခေတ် လွတ်လပ်ရေးမရမီနဲ့ရပြီးနောက်ကော၊ ဖြစ်ပေါ်တိုးပွားမှုအဆင့်တွေမှာပင်လျှင်
ကာလပိုင်းတွေ (Phases of Development)ရှိနေတယ်။ မတူတဲ့အတွင်းသရုပ်တွေနဲ့ မတူတဲ့သဏ္ဍန်တွေရှိနေတယ်။
(Different Contents and Different Forms) ဆိုလိုတာကတော့ ကျနော်တို့ဟာ ဗမာပြည်လူဦးရေရဲ့
၈ဝရာခိုင်နှုန်းကျော်ရှိတဲ့ အလုပ်သမား၊ လယ်သမား လုပ်သားပြည်သူတွေရဲ့အကျိုးစီးပွားကို သာမန်အဆင့်နေရာမှာသာထားတဲ့၊ အရေးရှိရင် လက်တဆုပ်စာကိုယ့်လူတန်းစားအကျိုးသာကြည့်ပြီး လုပ်သားပြည်သူတွေရဲ့အကျိုးကို
ပေယျာလကံ ဝကွက်ချန်လေ့ရှိတဲ့ဂျီစီဘီအေတုန်းကလိုအမျိုးသားနိုင်ငံရေးနဲ့ အလုပ်သမားလယ်သမား
လုပ်သားပြည်သူတွေရဲ့ အကျိုးကိုဦးထိပ်ထားတဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံတုန်းကလိုအမျိုးသားနိုင်ငံရေးကို
ပြတ်ပြတ်သားသားခွဲခြားထားရလိမ့်မယ်။ ခွဲခြားကြည့်မြင်ရလိမ့်မယ်။ ဂျီစီဘီအေရဲ့အမျိုးသားနိုင်ငံရေးဟာ
ဆရာစံလယ်သမားသူပုန်ကိုသစ္စာဖောက်မှုနဲ့အဆုံးသတ်ခဲ့တယ်။ ၁၃ဝဝ ပြည့်အရေးတော်ပုံကိုဖြစ်ပေါ်စေတဲ့
သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့တို့ဗမာအစည်းအရုံးရဲ့အမျိုးသားနိုင်ငံရေးဟာ သခင်အောင်ဆန်းခေါင်းဆောင်တဲ့
ဗမာပြည်ကွန်မြူနစ်ပါတီကိုမွေးထုတ်ခဲ့တယ်။
(ဆက်ပါဦးမယ်)
0 comments:
Post a Comment