သမိုင်းအရပြောရရင်
ကိုလိုနီ၊ ကိုလိုနီတပိုင်းနိုင်ငံများရဲ့ အမျိုးသားလှုပ်ရှားမှုဟာ အရှေ့ဥရောပမှာထက် သက်တမ်းနုနယ်ခဲ့ပါတယ်။
အင်္ဂလန်ရဲ့ကိုလိုနယ်တခုဖြစ်တဲ့ဗမာပြည်မှာ အင်္ဂလိပ်နယ်ချဲ့ရဲ့ဖိနှိပ်သွေးစုပ်မှုကိုဆန့်ကျင်တဲ့
အမျိုးသားလှုပ်ရှားမှုဟာ ပထမကမ္ဘာစစ်ကြီးအပြီးမှာ စတင်ပေါ်ပေါက်လာတယ်။ ဒီလှုပ်ရှားမှုကို
၁၉၂ဝ ခုနှစ် စက်တင်ဘာမှာဖွဲ့ဖစည်းခဲ့တဲ့ ဂျီစီဘီအေ ခေါ် ဝံသာနုသင်းချုပ်ကြီးက ခေါင်းဆောင်ခဲ့တယ်။
ရန်ကုန်နဲ့ ယုဒဿန်ကောလိပ်ကျောင်းသားသပိတ်ကြီးဟာ ၁၉၂ဝခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဂျီစီဘီအေရဲ့ ခေါင်းဆောင်မှုအောက်မှာပေါ်ပေါက်ခဲ့ တယ်။
ကျောင်းသားများသပိတ်ကို ပြည်သူလူထုက အားတက်သရောထောက်ခံအားပေးခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးဟာ
အမျိုးသားလှုပ်ရှားမှုကြီးတရပ်ဖြစ်လာအောင်တွန်းဆော်ပေးနိုင်ခဲ့တယ်။ ကျောင်းသားများရဲ့
ကိုလိုနီပညာရေးစနစ်ဆန့်ကျင်ရေး၊ အမျိုးသားပညာရေးစနစ်ထူထောင်ရေးလှုပ်ရှားမှုများကို ဂျီစီဘီအေကဆက်လက်ခေါင်းဆောင်ခဲ့တယ်။
ဂျီစီဘီအေကိုခေါင်းဆောင်ခဲ့တဲ့လူတန်းစားဟာ
ပင်ကိုယ်အားဖြင့် ၂ ဘက် လက္ခဏာရှိတဲ့အမျိုးသားဓနရှင်လူတန်းစားနဲ့ ၎င်းရဲ့အလွှာ
ဓနရှင်ပညာတတ်များဖြစ်တယ်။ ဗမာပြည်ရှိအမျိုးသားဓနရှင်လူတန်းစားဟာ ကိုလိုနီနိုင်ငံမှဓနရှင်လူတန်းစားဖြစ်တာကြောင့်
တဘက်မှာ ပြောရရင် အင်္ဂလိပ်နယ်ချဲ့ဖိနှိပ်မှုကိုခံကြရတယ်။ ဒါကြောင့် သူတို့ဟာ တစုံတခုသောအချိန်ကာလတွင်
တစုံတရာသောအတိုင်းအတာအထိ အ အင်္ဂလိပ်နယ်ချဲ့ကိုဆန့်ကျင်တဲ့
တော်လှန်တဲ့လက္ခဏာရှိခဲ့တယ်။ ၁၉၂ဝ ခုနှစ်နဲ့ ၁၉၂၂ ခုနှစ်အကြား ဗမာပြည်ရဲ့အမျိုးသားရေးလှုပ်ရှားမှုဟာ
တိုးတက်မြင့်မားခဲ့တာက ဒီအချက်ကိုသက်သေပြနေတယ်။ ဝံသာနုအသင်းချုပ်ကြီးက နိုင်ငံရေးတောင်းဆိုချက်ဟာ
“ဟုမ္မရူး” (ဝါ)ကိုယ်ပပိုင်အုပ်ချုပ်ရေး ရဖို့ဖြစ်တယ်။ ၎င်းရဲ့
ခေါင်းဆောင်မှုအောက်မှာ အလုပ်သမားများက ဒီမိုကရေစီအခွင့်အရေးများရရေး၊ လုပ်ခ တိုးမြှင့်ရေး၊
လုပ်ခွင်အာမခံချက်ရှိရေးစတဲ့အချက်များကိုတောင်းဆိုပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။ တောင်သူလယ်သမားများကလည်း
လက်ငုတ်လယ်ပြန်ရရေး၊ ကြွေးမြီလျှော်ပစ်ရေး၊ စပါးဈေး တိုးပေးရေး၊ သစ်ဝါး အခမဲ့ခုတ်ယူခွင့်ပေးရေး၊
လူခွန်တော်ဖျက်သိမ်းရေး စသည်တို့ကို တောင်းဆိုကာ ကျောင်းသားများကလည်း ကိုလိုနီပညာရေးစနစ်
ဆန့်ကျင်ရေးအမျိုးသားပညာရေးစနစ် ထူထောင်ရေးတို့အတွက်
တိုက်ပွဲဝင်ခဲ့ကြတယ်။
တခြားတဘက်မှာပြောရရင်
အမျိုးသားဓနရှင်လူတန်းစားဟာ စီးပွားရေးနဲ့နိုင်ငံရေးအရ လွန်စွာပြော့ညံ့ချိနဲ့ကြတာကြောင့်
နယ်ချဲ့သမားနဲ့ စေ့စပ်လိုက်လျောလိုတဲ့သဘောရှိကြတယ်။ နယ်ချဲ့သမားနဲ့ ယတိပြတ် မပြတ်စဲလိုကြဘူး။
ဒါ့ပြင် ကျေးလက်များမှာ သီးစားခဖြင့် သွေးစုပ်တဲ့အလုပ်နဲ့နီးကပ်စွာဆက်စပ်မှုရှိနေကြတယ်။
ဒီအချက်တွေကြောင့် သူတို့ဟာ နယ်ချဲ့စနစ်ကို အပြီးအပိုင်မတွန်းလှန်လိုကြဘူး။
တွန်းလှန်နိုင်စွမ်းလည်း
မရှိကြဘူး။ ပဒေသရာဇ်အင်အားစုလိုဆိုလျှင် သာလို့ပင် အပြီးအပိုင် မတွန်းလှန်လိုကြ။ တွန်းလှန်နိုင်စွမ်းလည်း
သာလို့ပင်မရှိကြတာ တွေ့မြင်နိုင်တာယ်။
ဒါကြောင့်လည်းပဲ ဝံသာနုအသင်းချုပ်ခေါင်းဆောင်တဲ့
ဗမာပြည်အမျိုးသားရေးလှုပ်ရှားမှုဟာ အင်္ဂလိပ်ကိုလိုနီဝါဒသမားများရဲ့ “ဒိုင်အာခီအုပ်ချုပ်ရေး”ဆိုတဲ့
ကျောက်ဆောင်နဲ့တိုက်ပြီး ပြိုကွဲခဲ့ရတယ်။ ၁၉၂၂
ခုနှစ်ကုန်ခါနီး ဝံသာနုအသင်းချုပ်ကြီးမှ ဦးဘဖေ၊ ဦးမောင်ကြီး၊ ဦးသိန်းမောင်နဲ့ ဦးပု
(ရမည်းသင်း)တို့ဦးဆောင်တဲ့ အမှုဆောင်လူကြီး ၂၁ ဦးဟာ ခွဲထွက်ခဲ့ကြတယ်။ သူတို့ဟာ ဒိုင်အာခီအုပ်ချုပ်ရေးကို
လက်ခံခဲ့ကြပြီး အမျိုးသားတပ်ဦးရဲ့ညီညွတ်ရေးကို စတင်ဖျက်ဆီးခဲ့ကြတယ်။
ဒိုင်အာခီအုပ်ချုပ်ရေးတည်ထောင်ပြီးနောက်ပိုင်းမှာ
ဝံသာနုအသင်းချုပ်ကြီးနဲ့ သံဃသမဂ္ဂတို့ရဲ့ခေါင်းဆောင်မှုအောက်မှာ ကိုလိုနီဆန့်ကျင်ရေး
တိုက်ပွဲများဟာ မရပ်စဲခဲ့ဘူး။ အထူးသဖြင့် လယ်သမားများရဲ့တိုက်ပွဲများဟာ ပြင်းထန်သထက်ပြင်းထန်လာခဲ့တယ်။
ဒီလိုအခြေအနေအောက်မှာ ဝံသာနုအသင်းချုပ်ကြီးရဲ့ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးချစ်လှိုင်၊
သာယာဝတီဦးပုနဲ့ ခေါင်းဆောင်အများအပြားဟာ တစတစ အမျိုးသားရေးလှုပ်ရှားမှုကြီးကိုစွန့်ခွာပြီး
အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ပူးပေါင်းသွားကြပြန်တယ်။ ဒိုင်အာခီအုပ်ချုပ်ရေးကိုလက်ခံခဲ့ကြတယ်။
အမျိုးသားတပ်ဦးကြီးဖြစ်တဲ့
ဝံသာနုအသင်းချုပ်ကြီးအစိတ်စိတ်အမွှာမွှာကွဲသွားတာနဲ့တပြိုင်နက် အင်္ဂလိပ်နယ်ချဲ့သမားဟာ
ကျန်ရှိတဲ့ဝံသာနုအသင်းချုပ်ကြီးရဲ့အင်အားစုများဖြစ်တဲ့ ဦးစိုးသိန်းခေါင်းဆောင်တဲ့
ဝံသာနုအသင်းချုပ်ကြီးရဲ့ “ဘူး” အသင်းများကို မတရားသင်းအဖြစ်ကြေညာပြီး သံဃသမဂ္ဂခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ဆရာတော်ဦးဥတ္တမနဲ့
ဦးဝိစာရတို့ကို ဖမ်းဆီးထောင်ချ ညှဉ်းပန်းခဲ့ကြတယ်။ ညှဉ်းပမ်းမှုဒဏ်ကြောင့် ဆရာတော်ဦးဥတ္တမဟာ
ရူးသွပ်သွားပြီး ဆရာတော်ဦးဝိစာရဟာ အစာငတ်ခံတိုက်ပွဲဝင်ရင်း ပျံလွန်တော်မူခဲ့ရတယ်။
၁၉၂၉ - ၃၁ ခုနှစ်
ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် ဗမာပြည်မှာ ဆန်စပါးဈေးဟာ ဒလဟောကျဆင်းလာတဲ့အခါ တောင်သူလယ်သမားများဟာ
ကုန်းခံနိုင်တဲ့အခြေအနေမရှိတော့ဘူး။ ဒါနဲ့ တဆက်တည်း လူခွန်၊ သီးစားအခွန်နဲ့ လယ်ခွန်တွေကို
အင်္ဂလိပ်အာဏာပိုင်များက အကြမ်းဖက်နိုင့်ထက်စီးနင်းလုယက်လာတဲ့အခါ လျှို့ဝှက်ဖွဲ့စည်းထားတဲ့တောင်သူလယ်သမား
ဂဠုံအဖွဲ့များဟာ ဦးစိုးသိန်းဦးဆောင်တဲ့ ဝံသာနအသင်းချုပ်ကြီးမှ ခေါင်းဆောင်တဦးဖြစ်သူ
ဆရာစံကို ခေါင်းဆောင်အဖြစ်တင်ပြီး ၁၉၃ဝခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လက်နက်ကိုင်တိုက်ပွဲကို
စတင်ဆင်နွှဲခဲ့တယ်။ ၂နှစ်ခန့်မျှကြာပြီး ရန်သူ ၂ထောင်ကျော် ကျဆုံးအောင် တိုက်ခဲ့ကြတယ်။
အမျိုးသားနိုင်ငံရေးတပ်ဦးအခန်းမှပါခဲ့တဲ့
ယခင်ဝိုင်အမ်ဘီအေနဲ့ဂျီစီဘီအေကိုခေါင်းဆောင်တဲ့အမျိုးသားအရင်းရှင်လူတန်းစားနဲ့ အရင်းရှင်ပညာတတ်ခေါင်းဆောင်များဟာ
တောင်သူလယ်သမားပုန်ကန်မှုကြီးကို ဥပက္ခာပြုထားခဲ့ကြတယ်။ ကျဉ်းမြောင်းတဲ့လက်တဆုပ်စာ မိမိလူတန်းစားအကျိုးကိုသာကြည့်ပြီး
တောင်သူလယ်သမားများရဲ့အရေးကိုသစ္စာဖောက်ကာ အင်္ဂလိပ်ကိုလိုနီဝါဒသမားများနဲ့ ပူးပေါင်းသွားခဲ့ကြတယ်။
ယင်းသို့ဖြင့် ဆရာစံလယ်သမားသူပုန်ကျဆုံးမှုက ကိုလိုစနစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင်
အမျိုးသားဓနရှင်လူတန်းစားဟာ ခေါင်းဆောင်နိုင်စွမ်းမရှိကြောင်း၊ အလုပ်သမားလယ်သမားနဲ့
ကျောင်းသားများအရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းခြင်းမရှိကြောင်း၊ ၎င်းရဲ့နေရာမှာ
ဝိဇ္ဇာနည်းကျအတွေးအခေါ်လက်နက် တပ်ဆင်ထားတဲ့ အလုပ်သမားလူတန်းစား ပါတီတရပ်ရဲ့ခေါင်းဆောင်မှုနဲ့
ယင်းခေါင်းဆောင်မှုအောက်မှာ အလုပ်သမားနဲ့လယ်သမားမဟာမိတ်ဖွဲ့မှုတရပ်ရှိဖို့လိုအပ်ကြောင်း
ညွှန်ပြခဲ့ပါတယ်။
ဆရာစံလယ်သမားသူပုန်ကျဆုံးမှုက
ဗမာပြည်အမျိုးသားလှုပ်ရှားမှုတွင် ဂျီစီဘီအေဝံသာနုအသင်းချုပ်ရဲ့ခေါင်းဆောင်မှုအခန်းဟာ
အဆုံးသတ်သွားပြီဖြစ်ကြောင်းဖော်ပြခြင်းလည်းဖြစ်ပါတယ်။
0 comments:
Post a Comment