Saturday, March 3, 2012

အမှန်တရားဘက်တော်သားနှင့်အဓမ္မဝါဒီတစ်စု သို့မဟုတ် သမိုင်းကိုပြောင်းပြန်လှန်လိုက်သည့်သတင်းတစ်ပုဒ် (ဖိုးဆွေ- သစ်လုပ်ငန်း)

0 comments

အမှန်တရားဘက်တော်သားနှင့် အဓမ္မဝါဒီတစ်စု သို့မဟုတ် သမိုင်းကိုပြောင်းပြန်လှန်လိုက်သည့်သတင်းတစ်ပုဒ် (ဖိုးဆွေ- သစ်လုပ်ငန်း)
         ၁၉၇၁ ခု၊ ဇွန်လ ၁၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံထုတ် -Sunday Times သတင်းစာတွင် သတင်းဆောင်းပါးတစ်ပုဒ် ပါလာခဲ့လေသည်။ ထိုဆောင်းပါးကိုရေးသားနိုင်ရန်အတွက် သတင်းထောက်စာရေးဆရာသည် မိမိနိုင်ငံမှ မိုင်ထောင်ချီ၍ ထွက်ပြေးခဲ့ရသည်။ ထိုဆောင်းပါးကြောင့်ပင် နိုင်ငံတစ်နိုင်ငံ၏သမိုင်းသည် တစ်ဆစ်ချိုးပြောင်းလဲကာ လွတ်လပ်ရေးရလာခဲ့သည်။ တောင်အာရှစာနယ်ဇင်းလောကတွင်  ဖိန့်ဖိန့်တုန်ကာ သမိုင်းဝင်ဖြစ်ခဲ့ရသောဆောင်းပါးကို စာရေးသူက ဤသို့စတင်ရေးသားထားသည်။
          'ကံတရားသည် အဗ္ဗဒူဘာရီ၏ဘက်တွင် မရှိပါ။ အရှေ့ဘင်္ဂလားပြည်သူ ထောင်ပေါင်းများစွာကဲ့သို့ပင် သူသည် ကြီးမားသောအမှားကိုပြုမိပြန်သည်။ သူသည် ပါကစ္စတန်ကင်းလှည့်တပ်ဖွဲ့ရှေ့တွင် ကျားရှေ့မှောက်လျက်လဲသလိုဖြစ်သွားသည်။ အသက် ၂၄ နှစ် ရှိသော အဗ္ဗဒူဘာရီသည် စစ်သားများရှေ့မှောက်သို့ ရောက်ရှိသွားသည်။ သူသည် လွန်စွာကြောက်ရွံ့ ထိတ်လန့်တုန်လှုပ်နေသည်။ စစ်သားများက သူ့ကိုပစ်သတ်ကြတော့မည်...'
သမိုင်းကောက်ကြောင်း
          ၁၄၉၇ ခုနှစ်တွင် ဂွတ်ဟုပ်အငူကိုဖြတ်ကာ အိန္ဒိယသမုဒ္ဒရာသို့ရွက်လွှင့်ခဲ့သော ပေါ်တူဂီသင်္ဘောသား ဗတ်စကိုဒဂါးမားသည် ၁၄၉၈ ခုနှစ်၊ မေလတွင် အိန္ဒိယနိုင်ငံ၊ မာလဘာကမ်းခြေရှိ Calicut ဆိပ်ကမ်းသို့ရောက်လာခဲ့သည်။ ဥရောပသားတို့ အိန္ဒိယသို့စတင်ခြေချလာခြင်းပင်ဖြစ်သည်။
          ဥရောပနိုင်ငံတို့သည်အရှေ့အာရှသို့ သာသနာပြုအသွင်၊ ကုန်စည်ကူးသန်းရန်အသွင်ဖြင့် ရောက်ရှိလာကြသည်။ အပြိုင်အဆိုင် လုပ်ပိုင်ခွင့်ရယူကြသည်။ ခရစ်နှစ် ၁၆ဝဝ တွင် ဗြိတိန်၏ အရှေ့အိန္ဒိယကုမ္ပဏီသည် အိန္ဒိယ၌ တစ်ဦးတည်းကုန်သွယ်ခွင့်ရရှိခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယအား အာရှတွင်နယ်ချဲ့ရန်အတွက် ပင်မခြေကုပ်စခန်းအဖြစ် သတ်မှတ်ခဲ့သည်။ အိန္ဒိယမှ ဝါဂွမ်း၊ ပိုးထည်၊ သကြား၊ ယမ်းမှုန့်တို့ရရှိခဲ့သည်။ ဒတ်ခ်ျ၊ ပေါ်တူဂီနှင့် ပြင်သစ်တို့သည် လုပ်ပိုင်ခွင့်များလုယက်ကြရင်း အရှုပ်အထွေး ပြဿနာများစွာ ဖန်တီးကြသည်။ ထိုအချိန်က အိန္ဒိယသည် နယ်မြေအသီးသီးကွဲပြားကာ နယ်စားများက သူတစ်လူငါတစ်မင်းအုပ်ချုပ်နေကြသည်။ နယ်စားများသည် အာဏာရရှိရေး၊ နယ်မြေလုယက်ရေးတို့ အတွက် တိုက်ကြခိုက်ကြရာတွင်  နယ်ချဲ့တို့ထံမှလက်နက်များဝယ်ယူကြသည်။ အကူအညီများတောင်းကြသည်။ နယ်ချဲ့စစ်တပ်များ ရောက်ရှိလာကြသည်။ အိန္ဒိယနိုင်ငံရေးတွင် ဥရောပသားတို့ ဝင်ရောက်ခြေရှုပ်လာခဲ့သည်။ မဒရပ်သည် ဗြိတိသျှနယ်မြေဖြစ်လာခဲ့သည်။
          ဘင်္ဂလားနယ်တွင်ပုန်ကန်မှုဖြစ်ပွားကာ စစ်ပွဲသည် ခုနစ်နှစ်ကြာခဲ့သည်။ စစ်ပွဲတွင် ဗြိတိသျှစစ်တပ် ပါဝင် ပတ်သက်လာရတော့သည်။  ဥရောပစစ်တပ်တို့၏ လက်နက်ကောင်းမှု၊ စည်းကမ်းရှိမှုသည် အိန္ဒိယတွင် များစွာအရေးသာခဲ့သည်။ ဗြိတိသျှတို့သည် ၁၇၅၅ ခုနှစ်တွင် ကလိုက်အုပ်ချုပ်သောစစ်တပ်ကို မာဒရပ်သို့စေလွှတ်ခဲ့သည်။ ကလိုက်သည် မဒရပ်ကိုထိန်းချုပ်ကာ ဗြိတိသျှအာဏာစက်ကို ကောင်းစွာချဲ့ထွင်ခဲ့သည်။
          ၁၇၆၃ ခုနှစ်တွင် ဘင်္ဂလားနယ်သည် ဗြိတိသျှတို့ လက်အောက်သို့ရောက်ရှိလာသည်။ ၁၇၆၅ ခုနှစ်တွင် အိန္ဒိယသို့ ကလိုက် ဒုတိယအကြိမ်ရောက်ရှိလာမှုသည် အိန္ဒိယအား ဗြိတိသျှကိုလိုနီပြုရေး၏ အစပင်ဖြစ်သည်။ ၁၇၇၃ တွင် ဗြိတိသျှပါလီမန်သည်  အာဏာအပ်နှင်းမှုဥပဒေ Regulation Act ကို ပြဋ္ဌာန်းကာ ဗြိတိသျှဘုရင်ခံအား အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကို ပိုမိုထိန်းချုပ်ပိုင်ခွင့်ပေးခဲ့သည်။
          အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့ပိုင်းကမ်းခြေတို့တွင် အခြေချနိုင်ခဲ့သည်။ ဘုရင်ခံ ရမ်ဆေးလက်ထက်တွင် အင်ပါယာကို ပို၍ချဲ့ထွင်နိုင်ခဲ့သည်။ ၁၈၄၉ ခုတွင် ပန်ဂျပ်ပြည်နယ်ကို ဖြည့်စွက်နိုင်ခဲ့သည်။ ဘုရင်ခံ ဒါလဟိုစီလက်ထက်တွင် ဆတရ၊  ဂျိုင်ပူ၊ ဆမ်ဘာပူ၊ ဂျန်ဆီ၊ နက်ပါ ဒေသတို့ကို ဖြည့်စွက်နိုင်ခဲ့သည်။ နောက်ဆုံး ၁၈၆၅ ခုတွင် အူရဒူဒေသကိုဖြည့်စွက်နိုင်ခဲ့ သည်။ ၁၈၁၆ ခုတွင် ဆင်းမလားဒေသကို ထပ်မံရရှိခဲ့သည်။ ၈-၂-၁၈၅၈ နေ့တွင် ဗြိတိသျှပါလီမန်သည် အိန္ဒိယဥပဒေကိုပြဋ္ဌာန်းကာ အိန္ဒိယကိုသိမ်းပိုက်ခဲ့သည်။ ထိုသိမ်းပိုက်မှုတွင် ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ် တို့သည် အိန္ဒိယပိုင်နက်တွင်ပါဝင်သွားတော့သည်။
          ၁-၁-၁၈၈၆ ခုနေ့တွင်မူ မြန်မာနိုင်ငံကိုပါ အိန္ဒိယကိုလိုနီနယ်၌ ပေါင်းထည့်ခဲ့သည်။
          ဗြိတိသျှတို့သည် အိန္ဒိယပြည်သူတို့အပေါ် အခွန်အမျိုးမျိုး စည်းကြပ်ကောက်ခံသည်။ အိန္ဒိယဝါဂွမ်းများကို ဗြိတိန်ချည်စက်များအတွက် ဈေးနှိမ်၍ဝယ်သည်။ အိန္ဒိယချည်ထည်လုပ်ငန်းသည် ပျက်စီးခဲ့ရသည်။ အိန္ဒိယဓလေ့ထုံးတမ်းတို့နှင့်ဆန့်ကျင်သည့်ဥပဒေများကိုချမှတ်သည်။ ၁၈၃၅ ခုတွင် အင်္ဂလိပ်စာသည် အစိုးရသုံးဘာသာစကား ဖြစ်လာသည်။ အခွန်အမျိုးမျိုးဖိစီးကောက်ခံမှုနှင့် ဖိနှိပ်သောဥပဒေများချမှတ်မှုတို့သည် အိန္ဒိယပြည်သူများအား များစွာမကျေမနပ်ဖြစ်စေခဲ့သည်။
အိန္ဒိယ၏ လွတ်လပ်ရေးကြိုးပမ်းမှု
          ၁၈၅၇ ခုနှစ်တွင် စီပွိုင်(စစ်သားများ)ပုန်ကန်မှု - Sepoy Rebellion ပေါ်ပေါက်လာသည်။ ချောဆီသုတ်ထားသော သေနတ်ကျည်အိမ်ကို စစ်သားတို့သည် ပါးစပ်ဖြင့်ကိုက်၍ဖြုတ်ရသည်။ ထိုဆီကို နွားနှင့်ဝက်တို့၏အဆီများ ဖြင့်ပြုလုပ်ထားရာ နွားကိုအထွတ်အမြတ်ထားသော ဟိန္ဒူဘာသာဝင်နှင့် ဝက်သားကိုမသန့်စင်ဟု သတ်မှတ်ရှောင်ကြဉ်သော အစ္စလာမ်ဘာသာဝင်စစ်သားတို့သည် လွန်စွာမကျေမနပ်ဖြစ်ကာ သေနတ်ကိုင်ဖို့ ဖီဆန်ငြင်းဆိုပုန်ကန်ကြကာ မေရတ်မြို့ကိုသိမ်းပိုက်လိုက်သည်။ နယူးဒေလီသို့ချီတက်ကာ ရှားဘုရင်-၂ အား မဂိုအင်ပါယာကို ပြန်လည်ထူထောင်ရန်တိုက်တွန်းကြသည်။ ပုန်ကန်မှုသည် အူရဒူအထိကျယ်ပြန့်ခဲ့သော်လည်း ဗြိတိသျှတို့သည် ဆစ်ခ်စစ်သားများကိုစုဆောင်းကာ နှိမ်နင်းနိုင်ခဲ့သည်။ ပုန်ကန်မှုသည် နှစ်နှစ်ကျော်ကြာမြင့်ကာ ၁၈၅၉ ခုရောက်မှသာ ချုပ်ငြိမ်းခဲ့သည်။
          ၁၈၅၈ ခုတွင် ဗြိတိသျှပါလီမန်သည် အရှေ့အိန္ဒိယကုမ္ပဏီကို အစိုးရ၏လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။ ကုမ္ပဏီ၏ မဂိုဘုရင်တို့ကိုယ်စားအုပ်ချုပ်မှုအဆုံးသတ်ကာ ဗြိတိသျှအုပ်ချုပ်မှု စတင်ခဲ့သည်။ ၁၈၇၆ ခုတွင် ဝိတိုရိယ ဘုရင်မကြီးသည် အိန္ဒိယ၏ဘုရင်မဘွဲ့ သရဖူကို ဆောင်းခဲ့ပေသည်။
          စီပွိုင်ပုန်ကန်မှုနောက်တွင် အိန္ဒိယပြည်သူတို့၏ နယ်ချဲ့ဗြိတိသျှတို့အပေါ်မကျေနပ်မှုသည် 
ထကြွနိုးကြားလာခဲ့သည်။ ၁၈၈၅ တွင် အိန္ဒိယအမျိုးသားကွန်ဂရက်ကို ဖွဲ့စည်းခဲ့သည်။ ဟိန္ဒူလူမှုပြုပြင်ရေးအဖွဲ့လည်း ပေါ်ပေါက်လာသည်။ ဘင်္ဂလားတွင်လည်း အမျိုးသားရေးနိုးကြားလှုပ်ရှား လာခဲ့သည်။
          ၁၉ဝ၅ ခုတွင် ဘုရင်ခံ ကာဇွန်သည် ဘင်္ဂလားဒေသကို နယ်မြေငါးခုခွဲခြားလိုက်သည်။ ဟိန္ဒူတို့သည် မကျေမနပ်ဖြစ်ကာ ဆန္ဒပြကြသည်။ ၁၉၁၁ ခုတွင် နယ်မြေခွဲခြားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ရသည်။ ကာလကတ္တားသည် ဘင်္ဂလား၏မြို့တော်ဖြစ်လာသည်။ ဤအရေးအခင်းတွင် အိန္ဒိယလုံးဆိုင်ရာ မွတ်ဆလင်အဖွဲ့ပေါ်ပေါက်လာခဲ့ပြီး နောင်တွင် မွတ်ဆလင်ခေါင်းဆောင်တို့သည် ၁၉၄၇ ခု လွတ်လပ်ရေးပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နိုင်ခဲ့သည်။
          ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂန္ဒီသည် တောင်အာဖရိကမှ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် မွတ်ဆလင်ခေါင်းဆောင် အလီဂျင်းနားနှင့်တွေ့ဆုံကာ ကွန်ဂရက်နှင့်ပူးပေါင်းလှုပ်ရှားရန် ကြိုးပမ်းခဲ့သည်။ ဂန္ဒီသည် အကြမ်းမဖက်သောတော်လှန်ရေးလှုပ်ရှားမှုများကိုဖော်ဆောင်ခဲ့ရာ အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည်။ ဂန္ဒီသည် ဗြိတိသျှရုံးများ၊ ကျောင်းများ၊ စည်းကမ်းများ၊ ဘွဲ့တံဆိပ်များ၊ အသုံးအဆောင်များအား သပိတ်မှောက်ရေးကို ဆောင်ရွက်ခဲ့သည်။
          ၁၉၂ဝ ခုတွင် ဗြိတိသျှအစိုးရသည် ဖိနှိပ်သော ရိုးလတ်ဥပဒေ Rowlatt Acts ကိုပြဋ္ဌာန်းခဲ့ရာ ပြည်သူအများကကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အစိုးရက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းရာ ပြည်သူ ၄ဝဝ ကျော် သေဆုံးခဲ့ရသည်။ ပြည်သူများသည်  ပို၍ နိုင်ငံရေးနိုးကြားတက်ကြွလာခဲ့သည်။
          ဂန္ဒီသည် ၁၉၄၂ ခုတွင် အိန္ဒိယ မှ ထွက်သွားဟုကြွေးကြော်ကာ ဗြိတိသျှတို့အား အိန္ဒိယမှနှင်ထုတ်နိုင်ရေးအတွက် ပြည်လုံးအနှံ့အမိန့်များဆန့်ကျင်၍ဆန္ဒပြခဲ့ကြသည်။ ဂန္ဒီသည် ဖမ်းဆီးခံရပြန်ကာ ၁၉၄၄ ခုတွင်မှ ထောင်မှလွတ်မြောက်လာခဲ့သည်။
          မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားသည် ကွန်ဂရက်ပါတီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကာ မွတ်ဆလင်အဖွဲ့ကိုအခြေခိုင်စေရန် ကြိုးပမ်းခဲ့သည်။ ၁၆-၈-၁၉၄၆ နေ့တွင် ဂျင်းနားသည် အချက်ခြောက်ချက်ပါ  ပါကစ္စတန်ဆုံးဖြတ်ချက်ကိုချမှတ်ကာ အိန္ဒိယလွတ်လပ်ရေးရချိန်တွင် အနောက်မြောက်ဘက် မွတ်ဆလင်အများစုနေထိုင်ရာဒေသနှင့် အရှေ့ဘက်ပန်ဂျပ်ဒေသကို အိန္ဒိယမှခွဲထုတ်ပေးရန် တောင်းဆိုခဲ့သည်။
          ကြမ်းတမ်းသော ဟိန္ဒူ-မွတ်ဆလင်အဓိကရုဏ်းများ နိုင်ငံအနှံ့တွင်ဖြစ်ပွားခဲ့သည်။ ၁၉၄၆ ခု၊ 
စက်တင်ဘာလတွင် ကြားဖြတ်အစိုးရကိုဖွဲ့စည်းခဲ့ရာ နေရူးသည် အိန္ဒိယ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာ သည်။ သို့သော် ပြည်ထောင်စုအိန္ဒိယကား ဖြစ်မလာနိုင်တော့ပြီ။ ဗြိတိသျှအစိုးရသည် ၁၉၄၇ ခုတွင် အိန္ဒိယအား ၁၉၄၈ ခု၊ ဇွန်လထက် နောက်မကျစေဘဲ လွတ်လပ်ရေးပေးရန်ဆုံးဖြတ်ခဲ့သည်။ လွတ်လပ်ရေးရရန်နီးကပ်လာချိန်တွင် ဟိန္ဒူနှင့်မွတ်ဆလင်အဖွဲ့တို့သည် ဂန္ဒီ၏ဆန္ဒကိုဆန့်ကျင်လျက် တိုင်းပြည်ကိုခွဲခြား၍လွတ်လပ်ရေးယူရန် သဘောတူခဲ့ကြရသည်။ ဗြိတိသျှပါလီမန်သည်  ၁၉၄၇ ခု၊ ဇူလိုင်လတွင် အိန္ဒိယလွတ်လပ်ရေးဥပဒေကို အတည်ပြုပေးခဲ့သည်။ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် သီးခြားနိုင်ငံများအဖြစ် လွတ်လပ်ရေးရရှိခဲ့ကြသည်။ ပါကစ္စတန်သည် အရှေ့ပါကစ္စတန်နှင့်အနောက် ပါကစ္စတန်နှစ်ခုပေါင်းလျက် တစ်နိုင်ငံဖြစ်ခဲ့ရသည်။ မူလက ဒေသတစ်ခုတည်းဖြစ်သော ကက်ရှ်မီးယားသည် နှစ်ခြမ်းကွဲကာ တစ်ခြမ်းသည်အနောက်ပါကစ္စတန်နယ်မြေ၊ တစ်ခြမ်းသည်အိန္ဒိယနယ်မြေဖြစ်လာခဲ့သည်။ ပြည်တွင်းစစ်များဖြစ်စေမည့် မျိုးစေ့ချပေးရာတွင်ကျွမ်းကျင်လှသောဗြိတိသျှအစိုးရသည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မျိုးစေ့ကိုပါ ပူးတွဲလက်ဆောင်ပေးနိုင်ခဲ့သည်။ ဂန္ဒီသည် နိုင်ငံလွတ်လပ်ရေးရသော ၁၅-၈-၁၉၄၇ နေ့တွင် မပျော်ရွှင်နိုင်ဘဲ ရှိုက်ငင်ငိုကြွေးခဲ့ရလေသည်။
အရှေ့ပါကစ္စတန်၏တော်လှန်ရေး
          အရှေ့နှင့်အနောက်ပါကစ္စတန်သည် မိုင်တစ်ထောင်ကျော်ကျယ်သော အိန္ဒိယဖြင့်ခြားနားနေသည်။  ယဉ်ကျေးမှုက မတူ။ အဓိကကွဲပြားမှုက စာပေဖြစ်သည်။ အနောက်ပါကစ္စတန်က အူရဒူဘာသာကို အမျိုးသားစာပေအဖြစ် သတ်မှတ်လိုသည်။ အရှေ့ပါကစ္စတန်ဖြစ်နေသောဘင်္ဂါလီတို့က ဘင်္ဂါလီဘာသာကို အဆင့်အတန်းတူဘာသာအဖြစ် သတ်မှတ်ပေးရန်တောင်းဆိုသည်။  ဆန္ဒပြမှုများဖြစ်ပွားကာ ဒါကာတွင် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည်။ ၁၉၅၄ ခုနှစ်တွင် ဘာသာနှစ်မျိုးလုံးကို အမျိုးသားစာပေအဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အရှေ့ပါကစ္စတန်၌ အဝါမီလိဂ်ပါတီကိုဖွဲ့စည်းခဲ့သည်။
          အရှေ့ပါကစ္စတန်သည် အနောက်ပါကစ္စတန်ထက် လူဦးရေများသော်လည်း ၁၉၅၆ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း နယ်မြေတစ်ခုစီအတွက် အမတ်အရေအတွက် တူညီစွာထားရှိရန်သတ်မှတ် ခဲ့ရာ အခြားမညီမျှမှုတို့ကိုကုစားနိုင်ရန်အတွက် အရှေ့ပါကစ္စတန်ကလက်ခံပေးခဲ့သည်။ ၁၉၆၆ ခုတွင်  အဝါမီလိဂ်ပါတီခေါင်းဆောင် ရှိတ်မူဂျီဘာ Sheikh Mujibur သည် မညီမျှမှုများကိုကုစားရန်၊ စီးပွားရေးတိုးတက်စေရန်နှင့် အရှေ့ပါကစ္စတန်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ခိုင်မာစေရန်အတွက် မူခြောက်ချက်ကို ချမှတ်ထုတ်ပြန်ခဲ့သည်။
          ၁၉၆၉ ခုတွင် ဗိုလ်ချုပ် အဂ္ဂါမူဟာမက် ယာယာ- Agha Muhammd Yahya သည် သမ္မတအယွတ်ခန်ကိုဖယ်ရှားကာ နိုင်ငံ့အာဏာကိုရယူခဲ့သည်။ စစ်အုပ်ချုပ်မှုအောက်တွင် ပါကစ္စတန်သည် ဒီမိုကရေစီအလင်းရောင် ပျောက်ကွယ်ခဲ့ရသည်။ မူဟာမက်ယာယာသည် အရှေ့နှင့်အနောက်ပါကစ္စတန်အား အမတ်ဦးရေတူညီစွာသတ်မှတ်ထားမှုကိုပယ်ဖျက်ကာ လူဦးရေအချိုးအရသာ အမတ်ဦးရေသတ်မှတ်ရန်ပြင်ဆင်ခဲ့ရာ အရှေ့ပါစ္စတန်သည် အမျိုးသား လွှတ်တော်တွင် အမတ်နေရာ ၃၂ဝ ရှိသည့်အနက် ၁၆၉ နေရာ ရရှိခဲ့သည်။
          ၁၉၇ဝ ရွေးကောက်ပွဲတွင် မူဂျီဘာခေါင်းဆောင်သော အဝါမီလိဂ်ပါတီသည် အမတ်နေရာ ၁၆ဝ တွင် အနိုင်ရရှိခဲ့သည်။ မူဂျီဘာသည် ဝန်ကြီးချုပ်ဖြစ်လာကာ ပါတီ၏မူခြောက်ချက်ကို နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲမည်ဟုကြေညာလိုက်သည်။ အနောက်ပါကစ္စတန်မှ ဇူကီဖာအလီဘူတိုခေါင်းဆောင်၍ မူဂျီဘာ၏ကြေညာချက်ကိုကန့်ကွက်သည်။ အရှေ့ပါကစ္စတန်က တုံ့ပြန်ဆန္ဒပြရာ စစ်တပ်ကအင်အားသုံး၍ဖြိုခွဲသည်။ ဘင်္ဂါလီများစွာ သေဆုံးရသည်။ မူဂျီဘာအဖမ်းခံရသည်။  ပြည်တွင်းစစ်ဖြစ်လာခဲ့ရသည်။ ဘင်္ဂါလီ ဆယ်သန်းသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးကြရသည်။
          အရှေ့ပါကစ္စတန်ဆန္ဒပြမှုကိုဖြိုခွဲရာတွင် ပါကစ္စတန်စစ်တပ်သည် အင်အားအလွန်အကျွံသုံးစွဲခဲ့သဖြင့် လူများစွာသေဆုံးခဲ့ရသည်။ လူမျိုးတုံးသတ်ဖြတ်မှုအသွင်ဆောင်ခဲ့သည်။ လွတ်လပ်သောအကဲဖြတ်သူတို့က လူဦးရေသုံးသိန်းမှ ငါးသိန်းအထိသေဆုံးခဲ့ရမည်ဟု ခန့်မှန်းသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက သုံးသန်းဟုဆိုသည်။ ဤကာလတွင် Anthony Mascarehas ၏ဆောင်းပါးသည် စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကို ပထမဆုံးအကြိမ် ဖွင့်ချဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
          ဆောင်းပါးရှင် အင်သိုနီ မတ်ကာရင်ဟတ်စ် -Anthony Mascarenhas ကို ဂိုအာနယ်တွင် ၁၉၂၈ ခု၊ ဇူလိုင်လ၌မွေးဖွားခဲ့သည်။ သူသည် ကရာချိတွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၁ ခု၊ မတ်လ အရှေ့ပါကစ္စတန်စစ်ပွဲဖြစ်ချိန်တွင် မတ်သည် အောင်မြင်သောသတင်းထောက်ဖြစ်နေပြီ။ အုပ်ချုပ်သူများနှင့်  ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ သူသည် ဗွန်နီနှင့်လက်ဆက်ပြီး ကလေးငါးယောက်ရှိသည်။
          မတ်၏မိခင်က မတ်အား အမှန်တရားအတွက် ခိုင်ခိုင်မာမာရပ်တည်ရန်၊ အမှန်ကိုသာပြောရန် သွန်သင်ဆုံးမခဲ့သည်။ မတ်က ''အမှန်တရားအတွက်ဆိုရင် သူ့ရှေ့မှာ တောင်ကြီးတစ်လုံးရှိနေပါစေ နောက်မတွန့်ဘဲတက်မှာပဲလို့ ပြောလေ့ရှိတယ်'' ဟု ဗွန်နီက ပြောပြခဲ့သည်။
          ရွေးကောက်ပွဲတွင် အရှေ့ ပါကစ္စတန်၏အဝါမီလိဂ်ပါတီအနိုင်ရရှိကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို ဦးတည်လုပ်ဆောင်သောအခါ အစိုးရဖွဲ့စည်းရေးတွင် နိုင်ငံရေးပါတီနှင့်စစ်တပ်အကြား သဘောထားများကွဲ လာခဲ့သည်။ အရှေ့ပါကစ္စတန်မှဘင်္ဂါလီတို့က အနောက်ပါကစ္စတန်သည် သူတို့၏ပန်းတိုင်ကို အကြီးအကျယ်ဟန့်တားနေသည်ဟုယူဆကာ အခြေအနေများတင်းမာလာသည်။ အဝါမီလိဂ်ပါတီဝင်တို့သည် အမိန့်များကိုဖီဆန်ကာ ဘင်္ဂါလီမဟုတ်သူများကို တိုက်ခိုက်လာကြသည်။ စစ်တပ်သည် အင်အားဖြင့်ဝင်ရောက်၍ ပဋိပက္ခတို့ကိုဖြိုခွဲသည်။
          မတ်လ ၂၅ ရက်နေ့တွင် ပါကစ္စတန်စစ်တပ်သည် အဝါမီလိဂ်ပါတီ၊ အခြားအတိုက်အခံအဖွဲ့များ၊ သတင်းထောက်လှမ်းသူများနှင့်ဟိန္ဒူတို့အား ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သည်။ စစ်တပ်၏ရက်စက် ကြမ်းကြုတ်မှုများတွင် ဒါကာတက္ကသိုလ်အား ဝင်ရောက်စီးနင်းမှုသည် အထင်ရှားဆုံးနှင့်အဆိုးရွား ဆုံးဖြစ်ခဲ့သည်။ ကျောင်းသားများသာမက ပါမောက္ခများကိုပင်ဖမ်းဆီးခဲ့သည်။ ကျေးရွာများကိုလည်း သူပုန်များဟုစွပ်စွဲကာ ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့သည်။
          ပါကစ္စတန်စစ်တပ်သည် ဝါဒဖြန့်ရန်အတွက် မီဒီယာကိုအသုံးချရန်ကြံစည်သည်။ အဝါမီလိဂ်ထောက် ခံသူတို့သည် သူတို့အပေါ်သစ္စာဖောက်သူတို့ကို သုတ်သင်ခဲ့ကြသည်ဟု စစ်တပ်ကယုံကြည်နေသည်။ ဘင်္ဂလားဒေ့ရှ်တို့ကမူ ယနေ့တိုင်ငြင်းဆိုဆဲဖြစ်သည်။ စစ်တပ်သည် မတ် အပါအဝင် သတင်းထောက်ရှစ်ဦးအား အရှေ့ပါကစ္စတန်ရှိ အခင်းဖြစ်ဒေသများကို ဆယ်ရက်ကြာလှည့်လည်ပြသသည်။ မိမိတို့အလိုကျ သူတို့၏လုပ်ရပ်တို့ကိုဖုံးဖိကာ အဝါမီလိဂ်တို့ဆိုးသွမ်းသည်ဟု သတင်းရေးစေသည်။ ထိုအချိန်က ပါကစ္စတန်တွင်ဒီမိုကရေစီဆိတ်သုဉ်းနေကာ မီဒီယာကိုစစ်တပ်ကချုပ်ကိုင်ထားသည်။ စစ်တပ်ကိုထောက်ခံသောစာများသာ ရေးသားထုတ်ဝေကြရသည်။ အခြား သတင်းထောက်ခုနစ်ဦးသည် စစ်တပ်အလိုကျ သတင်းဆောင်းပါးများကို ရေးပေးကြသည်။ သို့သော် မတ်က သာသာထိုးထိုး ဖုံးဖုံးဖိဖိရေးပေးရန်ငြင်းဆိုခဲ့သည်။ သူသည် ဖြစ်ရပ်အမှန်အတိုင်းသာရေးသားလိုသည်။ ပြည်သူကို သိစေလိုသည်။
          မတ်သည် ဤခရီးမှ ပြန်အရောက်တွင် များစွာစိတ်ထိခိုက်ပင်ပန်းခဲ့ရသည်။ မတ် ဤမျှ စိတ်ဓာတ်ကျသည်ကို ယခင်ကမတွေ့ဖူးပါဟု ဇနီးသည် ဗွန်နီ- Yvonne Mascarenhas က ပြန်ပြောပြသည်။ သူသည် စစ်တပ်အလိုကျဖုံးဖိ၍ ရေးမပေးနိုင်၊ ဖြစ်ရပ်မှန်အတိုင်းသာ ပြည်သူနှင့်ကမ္ဘာကိုသိစေလိုသည်။ ပါကစ္စတန်နိုင်ငံအတွင်းတွင် ဖြစ်ရပ်အမှန်ရေးသားပါက သတင်းစာအားလုံးကို စစ်တပ်က စိစစ်ဖြတ်တောက်နေရာ မည်သို့မျှပုံနှိပ်ဖော်ပြနိုင်မည်မဟုတ်ပေ။ စာရေးသူလည်း သေနတ်ဖြင့်ပစ်သတ်ခံရမည်သာမက အပြစ်မရှိသူမိသားစုပါ အသက်အန္တရာယ်ရှိလာမည်ဖြစ်သည်။ စစ်တပ်အလိုကျလည်း ရေးမပေးနိုင်၊ အမှန်အတိုင်းလည်းရေး၍မရသဖြင့် မတ်သည် များစွာစိတ်ဆင်းရဲကျပ် တည်းခဲ့ရသည်။ ငါ ဒီဖြစ်ရပ်ကိုမရေးရလျှင် နောက်ထပ်ဘာမှရေးနိုင်မှာမဟုတ်ဘူးဟု သူကပြောခဲ့သည်။
          မတ်သည် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် မကျန်းမာသူညီမထံသွားရောက်ရန်အကြောင်းပြကာ လန်ဒန်သို့ထွက်ခွာခဲ့သည်။ လန်ဒန်ရောက်ရောက်ချင်း Sunday Times သတင်းစာတိုက်သို့သွားသည်။ အယ်ဒီတာ ဟာရိုးအီးဗင်းသည် မတ်ရောက်လာသည်ကို သတိရနေသည်။ နှုတ်ခမ်းမွေးကောင်းကောင်းနှင့်လေးထောင့်ကျကျ သူ့မျက်နှာတွင် ခံစားချက်ပြင်းပြနေသည်။ ဝမ်းနည်းညှိုးငယ်သည့်အသွင်ကိုဆောင်နေသည်။
          အီဗင်းသည်ဘင်္ဂါလီတို့၏ ပုန်ကန်မှုကိုအံ့သြခဲ့ရသည်။ သို့သော် သေနတ်ကိုတရားဝင်ကိုင်ဆောင်ခွင့် ရရှိထားသော လူသတ်ခွင့်လိုင်စင်ရရှိထားသလိုဖြစ်နေသောစစ်တပ်သည် ရက်စက်ကြမ်းကြုတ်အနိုင်ကျင့် ဖမ်းဆီးသတ်ဖြတ်မှုများကို အင်နှင့်အားနှင့်ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန်အခွင့်သာမြဲဖြစ်ပေရာ စစ်တပ်၏နှိမ်နင်းမှုတို့က ပို၍ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ ပို၍ နက်ရှိုင်းကျယ်ပြန့်လှသည်။
          မတ်သည် စစ်တပ်၏ စနစ်ကျ၍ကြီးမားသောသတ်ဖြတ်ပွဲများကို  ကိုယ်တိုင်မြင်ခဲ့ရကြောင်း၊ စစ်ဗိုလ်များသည် လူသတ်ပွဲများကို တော်လှန်ရေးအတွက်အပြီးသတ်ဖြေရှင်းချက်ဟုစွဲယူကာ သတ်ဖြတ်နေကြကြောင်း ပြောပြခဲ့သည်။ အီးဗင်းက  ဤသတင်းကို သတင်းစာတွင်ဖော်ပြရန် သဘောတူခဲ့သည်။ သို့သော် ဗွန်နီတို့မိသားစုကို ရှေးဦးစွာ ကရာချိမှခေါ်ထုတ်ရမည်။
          မတ်သည် တပ်မတော်အရာရှိများနှင့် ကျွမ်းဝင်ရင်းနှီးခင်မင်သူဖြစ်ပြီး ယုံကြည်စွာဖြင့် တပ်အတွင်းဝင်ထွက် သွားလာနေသူ၊ တပ်မတော်သားများနှင့် အချိန်များစွာကုန်လွန်ခဲ့သူဖြစ်ရာ စစ်တပ်၏လုပ်ရပ်များကို အတွင်းကျကျသိရှိခဲ့သဖြင့် သူ့ဆောင်းပါးသည်တိကျမှန်ကန်လှသည်။ အားရှိလှသည်။
         စစ်တပ်ဟာ သူပုန်တွေကိုရှင်းလင်းအပြီးမှာ ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်တာတွေ၊ အစွဲအလမ်းနဲ့လူမျိုးရေးအရ မျိုးဖြုတ်သတ်ဖြတ်တာတွေကို တပ်အပ်မြင်ခဲ့ရတယ်။ အရာရှိစားသောက်ခန်းမှာ ရဲရင့်ပြီးဂုဏ်ယူစရာကောင်းတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေဟာ တစ်နေ့တာအတွင်း သူတို့သတ်နိုင်ခဲ့တာတွေကို ဂုဏ်ယူပြီး မြိန်ရေရှက်ရေပြောနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်သတ်နိုင်ခဲ့တယ် ဆိုတာပြိုင်နေကြတယ်ဟု မတ်ကရေးသားခဲ့သည်။
          ပါကစ္စတန်စစ်တပ်အတွက်မူ မက်ကာရင်ဟတ်စ်သည် သစ္စာဖောက်ဖြစ်သည်။ သူ့အား လိမ်ညာသူ ပြည်ပသစ္စာခံသူလျှိုဟုစွပ်စွဲခဲ့သည်။ ဆောင်းပါပါအချက်များကို မမှန်ကန်၊ အိန္ဒိယ၏ဝါဒဖြန့်မှုအစီအစဉ် သာဖြစ်သည်ဟု ချေပခဲ့သည်။ မတ်သည် ပါကစ္စတန်တွင် မိတ်ဆွေများစွာကျန်ခဲ့သည်။ သူသည် ၁၉၇၉ ခုတွင် ပါကစ္စတန်၏ အနုမြူလက်နက်များထုတ်လုပ်နေမှုကို ပထမဆုံးထုတ်ဖော်ရေးသားနိုင်ခဲ့သည်။      
          မတ်၏မိသားစုသည် လန်ဒန်တွင်အခြေချနေထိုင်ခဲ့ရသည်။''လန်ဒန်မှာ လူတွေဟာ အမြဲအလုပ်များနေ၊ အရေးကြီးနေကြတယ်။ ကျွန်မတို့ကိုစကားပြောဖို့ အချိန်တောင်မရှိကြပါဘူး။ ကျွန်မတို့က ပါကစ္စတန်မှာ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနေခဲ့ကြရတာ။ ကျွန်မတို့အတွက် တကယ့်အပြောင်းအလဲပါပဲ။ ဒါပေမယ့် ကျွန်မတို့ ဘယ်တော့မှ နောင်တမရပါဘူး''ဟု ဗွန်နီက ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ထွန်းလာခြင်း
          အရှေ့ပါကစ္စတန်က လူဦးရေများသော်လည်း ပါကစ္စတန်၏ ၁၉၅၆ ခုဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရှေ့နှင့်အနောက်ပါကစ္စတန်တို့အား အမတ်နေရာညီတူညီမျှခွဲဝေပေးခဲ့သည်။
          ၁၉၅၈ ခုတွင် စစ်တပ်ကအာဏာသိမ်းခဲ့သည်။ အစိုးရအရာရှိများကို အရှေ့နှင့်အနောက်မှ အညီအမျှခန့်ထားရန် မူချမှတ်ထားသော်လည်း ၁၉၆ဝ တွင် အရှေ့မှဘင်္ဂါလီတို့မှာ သုံးပုံတစ်ပုံသာရှိသည်။ စစ်တပ်သည်လည်း အနောက်တွင်အခြေစိုက်ထားရာ အနောက်ဘင်္ဂါလီတို့သာ လွှမ်းမိုးနေသည်။ စီးပွားရေးတွင်လည်း အနောက်တွင်သာတိုးတက်ဖွံ့ဖြိုးနေသည်။ အရှေ့ဘင်္ဂါလီတို့၏မကျေနပ်ချက်သည် ကြီးမားတိုးပွားလာသည်။ အဝါမီလိဂ်ပါတီကို ထူထောင်ခဲ့သူ မူဂျီဘာရာမန်ခေါ် မူဂျစ်သည် လူကြိုက်များထင်ရှားလာသည်။ မူဂျစ်သည် အရှေ့ပါကစ္စတန် သီးခြားလွတ်လပ်ရေးကိုဖော်ကြူးသော သမိုင်းတွင်မည့်မူခြောက်ချက် တောင်းဆိုချက်ကိုထုတ်ပြန်ခဲ့သည်။
          စစ်တပ်သည် အမတ်ဦးရေကို လူဦးရေနှင့်အချိုးကျသတ်မှတ်ပေးခဲ့သည်။ ၁၉၇ဝ ခုရွေးကောက်ပွဲတွင် မူဂျစ်၏ပါတီသည် မဲဆန္ဒနယ်မြေ ၁၆၉ ခုတွင် ၁၆၇ နေရာအနိုင်ရရှိကာ အမတ် ၃၁၃ ဦးရှိသော လွှတ်တော်တွင် အမတ်နေရာအများဆုံးရရှိခဲ့သည်။ ၁၉၇၁ မတ်လတွင် ဗိုလ်ချုပ်ယာယာခန်သည် မူဂျစ်နှင့်ဆွေးနွေးခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် အရှေ့ပါကစ္စတန်သို့ တပ်ဖွဲ့အများအပြားစေ လွှတ်ကာ ၂၅ ရက်နေ့တွင် ဘင်္ဂါလားပြည်သူများ အထူးသဖြင့်ကျောင်းသားများကိုနှိမ်နင်းဖြိုခွဲခဲ့သည်။ အဝါမီလိဂ်ပါတီဝင်အများအပြားသည် ကာလကတ္တားသို့ထွက်ပြေးကာ အရှေ့ပါကစ္စတန်အား အဝေးမှလွတ်လပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်ကြေညာခဲ့သည်။  စစ်တပ်အတွင်းမှ ဘင်္ဂါလီတို့သည်လည်း ပုန်ကန်တော်လှန်ခဲ့ကြသည်။ သူတို့သည် ပထမတွင် စစ်တကောင်းကိုသိမ်းယူခဲ့ကြပြီး နောက်ပိုင်းတွင် ပြောက်ကျားအသွင်ဖြင့်တိုက်ပွဲဝင်ခဲ့ကြသည်။ တော်လှန်ရေးတိုက်ပွဲတွင် ကျောင်းသားများလည်း ပါဝင်ခဲ့ကြသည်။
          အရှေ့ပါကစ္စတန်မှ ဟိန္ဒူအများစုဖြစ်သော ဘင်္ဂါလီဆယ်သန်းခန့်သည် အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးကြသည်။ အိန္ဒိယသည် အခြေအနေကိုစောင့်ကြည့်နေသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့က စုစည်းသောပါကစ္စတန်ဖြစ်စေလိုသည်။ ရုရှားနှင့်အိန္ဒိယတို့က လွတ်လပ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာစေလိုသည်။
          ၁၃-၆-၁၉၇၁ ရက်နေ့တွင် မတ်၏ဆောင်းပါးထွက်ပေါ်လာသည်။ မတ်၏သတင်းဆောင်းပါးသည် ပါကစ္စတန်၏စစ်ပွဲပြီးဆုံးစေရန် တွန်းအားဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးအား ဘင်္ဂလားဒေ့ရှ်အပေါ် အာရုံရောက်စေခဲ့သည်။ ပါကစ္စတန်၏စစ်ပွဲပြီးဆုံးစေရန်တွန်းအားဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးအား ဘင်္ဂလားဒေ့ရှ်အပေါ် အာရုံရောက်စေခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် အင်ဒီယာဂန္ဒီက Sunday Times သတင်းစာအယ်ဒီတာ ဟာရိုးအီဗင်းအား မတ်၏ဆောင်းပါးသည် သူမအားပြင်းစွာအံ့သြတုန်လှုပ်စေ ခဲ့ကြောင်း။ ထိုဆောင်းပါးကြောင့်ပင် ဥရောပနှင့်မော်စကိုတွင် အိန္ဒိယအနေဖြင့် အင်အားဖြင့် ဝင်ရောက်ဖြေရှင်းရန် ပုဂ္ဂလိကသဘောထားများရရှိခဲ့ကြောင်း ပြောပြခဲ့သည်။
          ၃-၁၂-၁၉၇၁ ရက်နေ့တွင် အိန္ဒိယသည် အရှေ့နှင့်အနောက်နှစ်ဘက်လုံးသို့ဝင်ရောက် တိုက်ခိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပါကစ္စတန်စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်၏လွတ်လပ်ရေးကို အာမခံကာ လက်နက်ချသည်။ ဒါကာတွင် ယာယာခန်းပြုတ်ချကာ ဘူတို နိုင်ငံအာဏာရရှိလာသည်။ လွတ်မြောက်လာသော မူဂျစ်ကို ဒါကာတွင် သူရဲကောင်းအဖြစ်ကြိုဆိုခဲ့ကြသည်။
          ၁၆-၁-၁၉၇၁ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မူဂျစ်သည် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
          ဘင်္ဂလားဒေ့ရှ်တွင်မူ မတ်အား လေးစားချစ်ခင်စွာဖြင့် သူ့ဆောင်းပါးကို နိုင်ငံ၏လွတ်လပ်ရေး သမိုင်းပြတိုက်တွင် ခမ်းနားစွာပြသထားသည်။ ပြတိုက်အရာရှိ မိုဖီဒူဟပ်က ''ဒီ ဆောင်းပါးမှာ စစ်ပွဲတွေအကြောင်းကို အပြည့်စုံအထိရောက်ဆုံး ရေးသားထားတယ်။ ကျုပ်တို့နိုင်ငံ အထီးကျန်နေချိန်၊ ပြည်ပနိုင်ငံတွေက အကူအညီတွေလိုအပ်နေချိန်မှာ အချိန်ကိုက်ထွက်ပေါ်လာတယ်''  ဟု ပြောပြခဲ့သည်။ သို့သော် မတ် မိသားစုသည် မိမိနိုင်ငံမဟုတ်သော ပို၍ချမ်းအေးသော နေရာသစ် လန်ဒန်တွင် အခြေစိုက်နေထိုင်ခဲ့ရပေသည်။
ဖိုးဆွေ(သစ်လုပ်ငန်း)
(ဒီနေရာကယူပါတယ်) http://www.zaygwet.com/special_report.php?id=129
Source  :   :  1.Microsoft®Encarrta®2009.
2.Encyclopaedia Britannica Ultimate
Reference Suite, 2010.
3.The article that changed history,
By Mark Dummett, BBC News.

0 comments:

Post a Comment