Sunday, March 25, 2012

ဆရာအိုပြဿနာ (သိန်းဖေမြင့်)

0 comments

အချိန်မှာ ကျွန်ုပ်တို့၏ရန်ကုန်တက္ကသိုလ် နွေရာသီကျောင်းပိတ်ချိန် တနေ့သောနံနက်ခင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ပင်စင်ယူရခါနီးပြီဖြစ်သော ကထိကဆရာအိုကြီးတဦးဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညတ်မီကပင် ကိုယ့်ဖာသာစည်းကမ်းသတ်မှတ်ပြီး ကျောင်းသို့ ၉ နာရီ မှန်မှန်ရောက်အောင်လာလေ့ရှိသည်။
ကျောင်းသားတွေအတွက် ကျောင်းပိတ်ပြီးဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ်သေးသောရက်များ၌ပင်လျှင် ဤအချိန်ဇယားကိုစည်းကမ်းကြီးစွာနှင့်စောင့်ထိန်းလေ့ရှိသည်။
ကျွန်ုပ်သည် နေအိမ်မှကျောင်းသို့ ခြေလျင်လျှေက်ရခြင်းကိုလည်း  နေပူမရှောင်၊ မိုးရွာမရှောင်ကျင့်သုံးသောအလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေးအခြေအနေကောင်းသည်မှာ ဤအလေ့ကြောင့် တကြောင်းဖြစ်သည်။
လူငယ်ဆရာတွေက မော့စ်ဗစ်၊ ဘဲလောက်စ်ဗစ်တာ စသော ကားကလေးများဝယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲဖြေလွှာဖျက်ခထဲမှသော်၎င်း အပတ်တကုတ်ကြိုးစား၍ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ ပင်စင်ယူလျှင် ကိုယ့်ဝင်း၊ ကိုယ့်ခြံ၊ ကိုယ့်အိမ်ကလေးနှင့်နေနိုင်အောင် စုဆောင်းနေရပေသည်။
ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာသစ်ပင်စိုက်ရင်း ရုက္ခဗေဒသုတေသနလုပ်ရန်စိတ်ကူးထားသည်။ ရုက္ခဗေဒသည် ကျွန်ုပ်သင်ကြားပြသနေရသောဘာသာရပ်ကား မဟုတ်ပါ။ ၀ါသနာအလျောက်လေ့လာနေသော အပျော်လုပ်ငန်းတခုသာဖြစ်လေသည်။
ကျွန်ုပ်သည် တက္ကသိုလ်ရိပ်သာလမ်းမကြီးကိုဖြတ်ပြီး ပုဂံလမ်းထဲသို့ဝင်လာလေသည်။ ၀င်လာမိသည်နှင့်တပြိုင်နက် ပုဂံလမ်းတွင်နေထိုင်ကြသော ဘူမိဗေဒပါမောက္ခ ဒေါက်တာသာလှ၊ မြန်မာစာပါမောက္ခ ဦးအေးမောင်၊ ရူပဗေဒ ပါမောက္ခ ဒေါက်တာမောင်မောင်ခ၊ ပိဋကတ်တိုက်မှုး ဦးသိန်းဟန် (ဇော်ဂျီ)၊ မော်ကွန်းထိန်းအရာရှိ ဦးယုခင်နှင့် ဘာသာပြန်နှင့်ထုတ်ဝေရေး ဦးဝန်(မင်းသုဝဏ်)တို့သည်အားလုံးပင် ကျွန်ုပ်ထက်ငယ်သူများဖြစ်ကြောင်း ဗြုံးကနဲသတိရသွားလေသည်။
ကျွန်ုပ်ကူးဖြတ်ခဲ့ရသော တက္ကသိုလ်ရိပ်သာလမ်းမကြီးနှင့်ပုဂံလမ်းမှာ ခြားနားလှသည်။ ပုဂံလမ်းထဲဝင်လိုက်သည်နှင့်တပြိုင်နက် ငြိမ်သက်အေးချမ်းခြင်းအရသာကို ထူးထူးခြားခြားခံစားလိုက်ရ၏။ နဂါးဘစ်ကားနှင့်ပရိုက်ဗိတ်ကားသံများသည် ပျောက်ကွယ်သွားသည်။ ပူရှိန်ကောင်းစ တောက်ပ၀င်းထိန်နေသောနေခြည်များမှကင်းလွတ်ခဲ့ပြီး ပုဂံလမ်းပေါ်သို့ဖြာဆင်းနေသော သစ်ပင်ရိပ်ကြီးများအောက်သို့ အေးခနဲဝင်ရောက်လာခဲ့လေသည်။
လမ်း၏ဟိုဘက်သည်ဘက်မှ ထင်းရူးပင်ကြီးများသည် ကျွန်ုပ်အား ထီးမိုးပေးနေသည်နှင့်တူ၏။ ခြံစည်းရိုးများပေါ်မှကျော်ထွက်နေကြသော တရုတ်စကားအကိုင်းအခက်များသည် ငွေဖြူစကားပန်းရိပ်များဖြင့် ကျွန်ုပ်အား လက်ဝှေ့ရမ်းကာ နှုတ်ဆက်နေကြသည်နှင့်တူ၏။
ကျွန်ုပ်သည် အစပထမ၌ ထင်းရူးပင်ကြီးများကို ရုက္ခဗေဒအမြင်ဖြင့်လေ့လာကြည့်မိ၏။ မျိုးစေ့ကိုလျှို့ဝှက်သိုလှောင်သောအပင်မျိုးနှင့် မျိုးစေ့ကိုတမင်ဖော်ပေးထားသောအပင် နှစ်မျိုးရှိရာ ထင်းရူပင်မှာ ဒုတိယအပင်မျိုးဖြစ်ကြောင်းနှင့် ရန်ကုန်သည် ထင်းရူးပင်၏မူလပေါက်ဖွားရာ အရပ်မဟုတ်ကြောင်းသတိရနေလေသည်။
တရုတ်စကားပင်၏ မျိုးစု၊ မျိုးခွဲ၊ မျိုးစပ် စသော ရုက္ခဗေဒဇယားကို သူ့အခေါ်အဝေါ်နှင့်တကွမှတ်မိအောင် လေ့လာကြည့်သည်။ ကျွန်ုပ်မှာ လူငယ်များလိုမှတ်ဥာဏ်မကောင်းတော့ချေ။ သို့သော် ထိုးထွင်းဥာဏ် တီထွင်ဥာဏ်တို့ကား ပိုမိုထက်မြက်လာသည်ဟု ထင်ပါ၏။
အချို့အပင်များသည် ပုဂံလမ်းပေါ်၌ ရွှေဝါပန်းကုံးများကိုသွယ်ချထားကြပြီး အချို့အပင်များကမူ နီလာပန်းကုံးများသွယ်ချထားကြ၏။ ကျွန်ုပ်သည် ငုရွှေဝါ၊ ငုနီလာတို့ကိုကား ရုက္ခဗေဒအမြင်ဖြင့် ကြည့်၍မရတော့ပါ၊ အလှကြည့်သာ ကြည့်မိပါတော့၏။  စိန်ပန်းပင်များသည်လည်း ပင်လုံးကျွတ်ပွင့်ကုန်ကြလေပြီ။ နီရဲဝင်းထိန်သော ပတ္တမြားပန်းများပေတည်း။
ကျွန်ုပ်သည် နွေဦးပန်းများ၏အလှတွင်ကြည်နူးနေရာမှ အတန်ကြာတော့ယစ်မူးသွားလေပြီ။ စကားပန်းငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့်စိန်ပန်းပတ္တမြားတို့သည် ကျွန်ုပ်၏ မနောအကြည်ဓါတ်တွင် ရောင်စုံရိုက်ခတ်ပြီး တဖျတ်ဖျတ်နေကြလေပြီ။
ပုဂံလမ်းသည် အခါတိုင်းလိုပင် ယာဉ်အသွားအလာနည်းသည်။ ယနေ့မူ လူသူလေးပါးပင် အသွားအလာမရှိ။ ထို့ကြောင့် တိတ်ဆိတ်ငြိမ်သက်လှပေ၏။ ထိုအခိုက် မြောက်ဖက်မှ မျက်နှာတူရူ ဆော်သွင်းလာသောလေညင်းသည် ကျွန်ုပ်၏ရင်ခွင်တွင်တိုးဝှေ့ကစားပြီး ကျွန်ုပ်၏ပါးစပ်များကို နမ်းရှုတ်လိုက်လေသည်။ လတ်ဆတ်ထုံသင်းလှသော လေညင်းပေတည်း။ ထိုအချိန်တွင် ပုဂံလမ်းကို ကျွန်ုပ်တစ်ဦးတည်းပိုင်ဆိုင်နေသည်ဟု ကျွန်ုပ်ထင်မှတ်လိုက်ပေ၏။
ကျွန်ုပ်မှာပင်စင်ယူရခါနီး ဆရာအိုကြီးဖြစ်သဖြင့် တခါတခါ ဒူးဆစ်များကိုက်ခဲတတ်သည်။ သို့ရာတွင် ကျွန်ုပ်၏ခြေလှမ်းများမှာ ခပ်မှန်မှန်ပင်ဖြစ်၏။ ထိုင်နေသောအခါ ခါးမှာ အနည်းငယ်ပင်ကိုင်းနေပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ခပ်မတ်မတ်ပင်လမ်းလျှောက်ပေသည်။ ကျွန်ုပ်၏ ဆံပင်များမှာဖြူကုန်ပါပြီ။ သို့ရာတွင် သေသပ်စွာဖြီးထားပါ၏။ မျက်လုံးများမှာ အနီးကြည့်အတွက်ခပ်မွဲမွဲဖြစ်သဖြင့် မျက်မှန်ဆောင်ထားရ၏။ အဝေးကြည့်အတွက်ကား မျက်မှန်မလိုပါ။
ပုဂံလမ်းသည် လမ်းတိုကလေးဖြစ်ပြီး ဟိုဘက်ထိပ်မှသည်ဘက်ထိပ် တောက်လျှောက်မြင်နိုင်သည်။ ကျွန်ုပ်သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်းပတ္တမြားတို့တွင်ပျံဝဲကာ အလှဝတ်ရည်များသောက်သုံးနေသောမျက်လုံးများကို ရှေ့လှမ်းပြီး တည့်တည့်လွှတ်လိုက်လေသည်။ လမ်းတလျှောက်လုံး ငွေဖြူရောင်၊ ရွှေဝါရောင်၊ နီလာရောင်နှင့် ပတ္တမြားရောင်များ ကွန့်မြူးယှက်သန်းနေသည်။ ကျွန်ုပ်သည် ပုဂံလမ်းတခုလုံးကို ကျွန်ုပ်တစ်ဦးတည်းပိုင်သည်ဟု ထင်မှတ်ခဲ့၏။
ယခုတော့ ကျွန်ုပ်တစ်ဦးတည်းပိုင်သည်မဟုတ်ကြောင်းတွေ့ရသဖြင့် ၀န်တိုခြင်းဖြင့်စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။ ပုဂံလမ်းကို ကျွန်ုပ်နှင့်ပူးတွဲ၍ပိုင်သူမှာ မိန်းမပျိုလေးတဦးဖြစ်နေ၏။
ရုတ်တရက်သော် စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း ရှေ့ကသွားနေသူမိန်းမပျိုအား နောက်မှခြေ ၄-၅ လှမ်းလိုက်ရင်း စူးစိုက်ကြည့်မိသောအခါ စိတ်ဝင်စားသွားလေသည်။
သူမလမ်းလျှောက်သွားပုံမှာ ကြည့်၍ကောင်းလှသည်။ ဖျတ်ဖျတ်လတ်လတ် လျှောက်သွားသော်လည်း ကြော့ရှင်းယဉ်ကျေးမှုမပျက်ခြင်းမှာ ထူးခြား၏။
ဤမိန်းမပျိုသည် ဘယ်ကလာသနည်း။ ဆရာမကလေးလော။ ကျောင်းသူလော။ ကျွန်ုပ် သို့လောသို့လောတွေးတော နေသည်။ မိန်းမပျိုသည် အောက်သူလော၊ အညာသူလော၊ ရခိုင်လော၊ ရှမ်းလော၊ ထားဝယ်သူလော၊ ဘိတ်သူလော။
သို့ကလိုတွေးတောကြည့်နေရာမှ မနုဿဗေဒခေါ် အင်သရိုပိုလိုဂျီ အတိုင်းအထွာစံချိန်များနှင့် တိုင်းထွာကြည့်လိုစိတ်များ ပေါ်လာလေသည်။ အင်သရိုပိုလိုဂျီ အမျိုးအစားဇယားများတွင်သွင်းကြည့်လျှင် ဘယ်လိုနေပါလိမ့်မည်ဟုစဉ်းစားရန် စမိသည်။ သို့ရာတွင်ထိုသို့စဉ်းစား၍ မရပါ။ ငုရွှေဝါ၊ ငိုနီလာတို့အား ရုက္ခဗေဒအမြင်ဖြင့်ဆင်ခြင်မရခဲ့သည့်အတိုင်းပင် ဖြစ်ပါသတည်း။ ရှင်းနေသောလမ်းပေါ်တွင် ထိုမိန်းမပျိုအားမြင်လိုက်ရသည်မှာ ပွင့်ချပ် အာခါစ ကြာပန်းကြီး ထိုးစိုက်ထားသောပန်းအိုးကို ထီးထီးကြီးမြင်လိုက်ရသည်နှင့်တူနေ၏။
သူမ၏ အရပ်အမောင်းမှာ နွဲ့နွဲ့နောင်းနောင်း ဖြစ်၏။ သို့ရာတွင် ကိုယ်လုံးကိုယ်ထည်ကား တောင့်တင်းကျစ်လစ်သည်ပင်ဖြစ်၏။ ကျွန်ုပ်သည် ကျောင်းဆရာဖြစ်ရုံမက အသက်အရွယ်လည်းကြီးပေပြီ။ သို့ရာတွင် မိန်းမပျို၏ အိစက်ဖေါင်းကြွသောတင်သားနှင့် သေးသွယ်ဝိုင်းကျစ်သောခါးတို့အပေါ်တွင် မျက်စိမကစားပဲမနေနိုင်ပါ။ စိတ်လည်း မကွန့်မြူးပဲမနေနိုင်ပါ။ ကွေးကွေးကလေး ပြေပြစ်စွာကျဆင်းသောပခုံးများကိုလည်း သတိမပြုဘဲမနေနိုင်ပါ။ ရှေ့ကသာဆီးပြီးကြည့်ရလျှင် ထင်ရှားစွာဖေါင်းမို့နေသော သူမ၏ရင်သားများကိုမြင်ရလိမ့်မည်ဟုစိတ်ဆန္ဒ မဖြစ်ဘဲလည်းမနေနိုင်ပါ။ မယ်တက္ကသိုလ်၊ သို့မဟုတ် မယ်ဗမာတို့များဖြစ်လေသလော။
ခပ်မှန်မှန်လှမ်းနေသော ကျွန်ုပ်၏ခြေလှမ်းများသည် ခပ်မြန်မြန်ဖြစ်လာလေ၏။ နောက်ကနေပြီး အကဲခတ်ရခြင်းဖြင့် ထိုမိန်းမပျိုသည် အသက် ၂၀ ကျော်လောက်တွင်ရှိမည်ဟု ခန့်မှန်းရလေ၏။ ကျွန်ုပ်နှင့် အသက် ၃၀ ကျော်ကွာရပေမည်။ ကျွန်ုပ်သည် ထိုခဏ၌ သူမနှင့်ကျွန်ုပ် အသက်ကွာခြားခြင်းကို မေ့စပြုလေပြီ။
မိန်းမပျိုသည် ဘယ်သို့သောပန်းကိုပန်ပြီး ဘယ်သို့သောဆင်ယင်ထုံးဖွဲ့ည်းများကိုသုံးသည်၊ ဘယ်အရောင် ဘယ်ပုံရှိသောအင်္ကျီနှင့် ဘယ်အဆင်အသွေးရှိသောထမီတို့ကိုဝတ်ဆင်သည် စသည့်ဖြင့် ကျွန်ုပ်စာမဖွဲ့တတ်ပါ။ ခေတ်သိပ်မမီသောအဘိုးကြီးဖြစ်သဖြင့် ဆင်ယင်ထုံးဖွဲ့မှုအခေါ်အဝေါ်များကိုလည်း နားမလည်။ သူမ၏ဆင်ယင်ထုံးဖွဲ့မှု၌လည်း အသေးစိတ်စိတ်မ၀င်စားပါ။
သို့ရာတွင် ကျွန်ုပ်တခုတော့ပြောချင်သည်။ သူမ၏ အဆင်းရူပကာနှင့် သူမ၏ဆင်ယင်ထုံးဖွဲ့မှုတို့သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာ၊ စိန်ပန်းပတ္တမြားတို့နှင့်ကား အပြန်အလှန်အရောင်ဟပ်၍ များစွာပနံရနေပေသည်။
မြောက်ဖက်မှ ဆော်သွင်းလာသောလေညင်းသည် ကျွန်ုပ်၏ရင်ခွင်မှာဝှေ့ကစားသလို မိန်းမပျို၏ရင်ခွင်မှာလည်း ဝှေ့ကစားခဲ့ပေလိမ့်မည်။ လေညင်းသည် ကျွန်ုပ်၏ပါးကိုနမ်းရှုတ်သလို သူမ၏ပါးကိုလည်းနမ်းရှုတ်ခဲ့ပေလိမ့်မည်။ ယင်းသို့ ဆင်ခြင်မိသည်နှင့်တပြိုင်နက် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ပါးသည် လေကဲ့သို့ပေါ့ပါးသွားလေသည်။ ထိုင်နေလျှင် ခပ်ကိုင်းကိုင်းဖြစ်တတ်သောခါး၊ လျှောက်လျှင် မတ်မတ်ထားပြီးလျှောက်ရသောခါး။
ကျွန်ုပ်၏ထိုခါးသည် စစ်ရေးပြသောခါးကဲ့သို့ မတ်သွားသည်။ ကျွန်ုပ်၏ ဆံပင်ဖြူတို့သည် မည်းနက်လာကုန်၏။ ကျွန်ုပ်၏ မွဲမွဲခြောက်ခြောက်မျက်လုံးတို့သည် ကြည်လင်ထွန်းတောက်လာကုန်၏။ ကျွန်ုပ် ဆရာအိုကြီးမဟုတ်တော့ဘဲ ကျောင်းသားကလေး ဖြစ်သွားတော့၏။
ကျွန်ုပ်က မြန်မြန်လျှောက်ပြီးလိုက်သော်လည်း သူမသည် မှန်မှန်သာလျှောက်၏။ တဖက်တချက် နိမ့်တုံမြင့်တုံဖြစ်နေသော သူမ၏တင်သားများမှာ ဆန်ကောဝိုင်းသလိုလည်နေပေရာ ကြည့်မငြီးအောင်ဖြစ်၏။ ကျွန်ုပ်မှာ အထွေအထူးလုပ်ရန် စိတ်ကူးသည့်ပြင်မပေါက်သော်လည်း သူမ၏တင်သားများကို လက်ဝါးဖြင့်အသာအယာပွတ်ပွတ်စမ်းလိုက်ချင်စိတ်ကား ပေါက်လာပါသည်။ ပါးလွှာသောအကျီင်္နှင့် သေးငယ်သောဇာဘော်လီကြိုးများကြားမှထွင်းဖောက်ပေါ် လာသော ၀ါဝင်းသည့်ကျောပြင်မှာ ရွှေတလင်းပြင်နှင့်တူလေ၏။ ကျွန်ုပ်သည် သူမအားမီလာပြီး ဘေးတိုက်လျှောက် နေလေပြီ။
ကျွန်ုပ်က သူမဘက်သို့ငဲ့ကြည့်လိုက်လာသောအခါ သူမသည် တချက်လောက်သာ ကျွန်ုပ်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရုတ်ခြည်းပင်မျက်လွှာချသွားလေသည်။ သူမ၏ ခြေလှမ်းများသည်ကားမတုံ့ပါ။ နောက်တကြိမ်လည်း ထပ်မကြည့်ပါ။
ကျွန်ုပ်ကသာ သူမအား ထပ်ထပ်ကြည့်နေသည်။ သူမသည် မျက်တောင်ကော့ကော့၊ နှာတံပေါ်ပေါ်နှင့်ဖြစ်သည်။ ဘေးတိုက်မြင်လိုက်ရသောရင်သားမှာ တင့်ထွားထင်ရှားလှပေသည်။ ကျွန်ုပ်သည် သူမအား ဘေးတိုက်ကြည့်ရရုံဖြင့်အားမရ။ ရှေ့ကနေပြီး ကြည့်ချင်မြင်ချင်ပြန်လေသည်။
ကျွန်ုပ်သည် ခပ်သွက်သွက်ကျော်တက်လျှောက်သွား၏။ ပေတရာလောက်ရှေ့က လျှောက်သွားမိသောအခါ လမ်းဘေးသို့ကပ်လိုက်၏။ ခြံစည်းရိုးမှထိုးထွက်နေသော ကြက်သွေးရောင်ပန်းစက္ကူကိုင်းများကို ဆွဲချိုးမည်ကဲ့သို့ ဟန်ဆောင်နေလေသည်။ ကျွန်ုပ်သည် ပန်းမှာစိတ်ဝင်စားနေသည် မဟုတ်ပါ။ မိန်းမပျိုအပေါ်မှာသာ စိတ်ဝင်စားနေပါသည်။
သူမမှာ လှပပြုံးချိုသောမျက်နှာရှိ၏။ နီရဲသောနှုတ်ခမ်းကလေးများမှာ ပန်းချီဆရာဆေးဖြင့်ရေးပြီးတွင် ကျွန်ုပ်၏ မျက်လုံးများသည် သူမ၏နှုတ်ခမ်းများပေါ်တွင် ကြာရှည်မနေပါ။ ဖောင်းကြွပြည့်ဖြိုးသောရင်သားများနှင့် သွယ်တန်းအိစက်သောပေါင်လုံးများဆီသို့သာ ဆင်းသွားကြကုန်၏။
ကျွန်ုပ် အိနြေ္ဒမဲ့စွာကြည့်နေသော်လည်း မိန်းမပျိုသည် ရှိုးတိုးရှန့်တံ့ လုံးဝမဖြစ်ပါ။ ကျွန်ုပ်က တပ်မက်ခြင်းဖြင့်စူးစိုက်၍ကြည့်နေသည်ကိုပင် သတိမူမိရှာပုံမပေါ်ပါ။ မျက်လွှာချ၍ ရှေ့သို့လျှောက်နေသည်။ ရွှေပေးလို့မရသော အိနြေ္ဒမျိုးပင်တည်း။
မိန်းမပျိုက ကျွန်ုပ်ရှေ့သို့ရောက်သွားပြန်လေပြီ။ ကျွန်ုပ်သည် ဆွဲထားသောပန်းစက္ကူကိုင်းကြီးကို လွှတ်လိုက်သည်။ ပန်းပွင့်အချို့ကြွေကျသွားလေသည်။ ကြွေကျသောပန်းပွင့်အနည်းငယ်ကိုကောက်ယူကာ သူမနောက်သို့ ကောက်ကောက်ပါအောင်လိုက်ပြန်လေသည်။
တဖက်တချက်တွင် မြင့်တုံနိမ့်တုံဖြစ်သော ဆန်ကောဝိုင်းနေသောတင်သားများကို လက်ဝါးဖြင့်အသာအယာ ပွတ်ပွတ်စမ်းလိုသောစိတ် ပိုလာပြန်ပါပြီ။ ရွှေသလင်းပြင်နှင့်တူသော သူမ၏ကျောပြင်ပေါ်တွင် ကျွန်ုပ်၏ပါးကိုကပ်ထားလိုသည်။ သည်မျှမကသေး။ သည့်ထက်ပိုကဲ၍ သူမ၏ သေးသွယ်လုံးကျစ်သောခါးကို ဖက်၍ ညှစ်လိုက် ဖျစ်လိုက်ချင်တော့သည်။ သူမသည် ကျောင်းသူဖြစ်၏။ ကျွန်ုပ်ကား ကျောင်းသားဖြစ်၏။
ကျွန်ုပ်က သူမ၏သေးသွယ်လုံးကျစ်သောခါးကိုဖက်လျှက် သူမကမူ ကျွန်ုပ်၏ သေးသွယ်လုံးကျစ်သောခါးကို ဖက်လျက်၊ သူမကမူ ကျွန်ုပ်၏ ဘယ်ဘက်လက်မောင်းအုံကြီးပေါ်တွင်ခေါင်းမီလျှက် နှစ်ယောက်သား ညုကာ တာကာ ယုယကာပိုက်ထွေးကာဖြင့် လျှောက်သွားနေကြသည်။
သူမမှာ အသက် ၂၀ ကျော်ကျော် ရင့်ကျက်သောမိန်းမပျိုကလေး။ ကျွန်ုပ်မှာမူကား အသက်အစိတ်ကျော်ကျော် ရင့်ကျက်သောလူပျိုကလေး။ ရွှေချောင်းထဲက မြရေယဉ်မှာ ပတ္တမြားလှေကိုစီးပြီး ငွေရွက်လွှင့်နေကြလေသည်။
သို့သော် ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်သို့ရောက်ခါနီးသောအခါ ရွှေချောင်းမှာဆုံးသွားပြီး မြရေယဉ်မှာရပ်စဲသွားလေသည်။ ပတ္တမြားလှေသည်ပေါက်ကွဲပြီး ငွေရွက်သည်လဲကျသွားလေသည်။
ပုဂံလမ်းထိပ်၊ စစ်ကိုင်းလမ်းပေါ်တွင် လူငယ်တဦးသည် အရှေ့မှအနောက်သို့လျှောက်သွားလေသည်။ မိန်းမပျိုသည် ထိုလူငယ်အားမြင်လိုက်သောအခါ“ဟလို”ဟု အော်ကာ နှုတ်ဆက်လိုက်လေသည်။ လူငယ်သည် သူမအား ပြုံးရွှင်စွာဖြင့် “ဟလို”ဟု တုံ့ပြန်လိုက်လေသည်။ လှောင်အိမ်တခုစီမှာလှောင်ထားရာမှလွှတ်လိုက်သောဟင်္သာမောင်နှံလို မြူးသွားကြပြီး တဦးထံတဦးချည်းကပ်သွားကြလေသည်။
ကျွန်ုပ်၏ ရှေ့မှာလျှောက်သွားနေသောမိန်းမပျိုတွင် ရွှေပေးလို့မရသောအိနြေ္ဒသည်မရှိတော့ပါ။ ကျွန်ုပ်နှင့် စိတ်ကူးယဉ်အိမ်မက်ထဲတွင် ဖက်ကာမှီကာ ယုကာယကာလျှောက်သွားနေသောမိန်းမပျိုသည် တကယ့်အဖြစ်မှာတော့ ထိုလူငယ်နှင့် ဖက်ကာ၊ မီကာ၊ ယုကာလျှောက်သွားကြတော့မည်ဟု ထင်ရပါလေသည်။
ကျွန်ုပ်ကား ပထမသော် နှမြောဝမ်းနည်းသလို ဖြစ်မိ၏။ နောက်တခဏ၌ကား မိန်းမပျိုနှင့်လူငယ်တို့သည် ရွယ်တူတန်းတူ၊ ကျောင်းသူ ကျောင်းသားကလေးများဖြစ်ကြောင်း သတိရလာလေသည်။ ကျွန်ုပ်၏ မတ်မတ်ထားအပ်သော ခါးသည်ကိုင်းသွားပါသည်။ သန်သန်နှင့်မြန်မြန်လျှောက်နေသော ခြေထောက်များသည် ချည်နဲ့ပြီးလေးကွေးသွားသည်။ ပိနေအောင် ဖီးထားသောဆံပင်များသည် ပွထလာကာ ဖြူစွတ်ခြင်းကို တံခွန်လွှင့်ပြနေကြသည်နှင့်တူ၏။
သူငယ်နှင့်မိန်းမပျိုတို့သည် တဦးဆီတဦး မြူးတူးခုန်ပေါက် ခပ်မြန်မြန်လျှောက်သွားပြီးနောက် နီးကပ်နေမှ အရှိန်သတ်လိုက်ကြသည်။ တဦးနှင့်တဦး ကိုယ်ထိလက်ရောက် ဖက်ယမ်းခြင်း၊ ကိုင်တွယ်ခြင်းမရှိ။ သို့ရာတွင် သူတို့၏အပြုံးနှင့်မျက်လုံးများကား ဖက်ယမ်းနမ်းရှုတ်နေကြပေသည်။
လူငယ်သည် ကျွန်ုပ်ထံသို့လှမ်း၍ “ဂွတ်မောနင်း ဆရာ”ဟု ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ပြီးတော့“ဆရာ ဒီနေ့ နည်းနည်းနောက်ကျတယ် ဆရာ”ဟု ပြောသေး၏။
ကျွန်ုပ်၏ မျက်စိများသည် မွဲခြောက်သွားကြဟန်တူ၏။ လူငယ်၏မျက်နှာကို ကြည့်သည်။ သူကား ကျွန်ုပ်၏တပည့်ဖြစ်ကြောင်းကို သိပါ၏။ သို့ရာတွင် ဘယ်သူဘယ်ဝါဖြစ်သည်ဟု နာမည်နာမနှင့်တကွ တပ်အပ်သတိမရတော့ချေ။ ကျွန်ုပ်သည် တပည့်အား ရှက်ပြုံးဖြင့်ကြည့်ပြီး“အေး၊ နည်းနည်း နောက်ကျသွားတယ်။ ပန်းကလေးတွေ ကောက်နေရလို့” ဟု ပြောစရာမရှိ ပြောလိုက်လေသည်။ မဖူလုံသော အကြောင်းပြချက်ဖြစ်၏။
ကျွန်ုပ်၏ အတွင်းဖောက်ပြန်မှုကို တပည့်များမိသွားသဖြင့် ကျွန်ုပ်မှာ အခြေပျက်နေပါပြီ။ ရှက်စိတ်ဖြင့် ပူထူနေသည်။ မိန်းမပျိုနှင့်ကျွန်ုပ်၏တပည့်တို့သည် တယောက်တယောက်ပြုံးကြည့်ရင်း ရှေ့မတိုး၊ နောက်မဆုတ် ရပ်နေကြ၏။ သူတို့သည် ကျွန်ုပ်၏စိတ်ဖောက်ပြန်ပုံကိုသိပြီး ကျွန်ုပ်အား လှောင်ပြောင်သောအားဖြင့် ၀မ်းသာလုံးဆို့ကာ ပြုံးရုံသာပြုံးပြီး ကြည့်နေကြဟန်တူပါသည်။
ကျွန်ုပ်သည် သူတို့အားကျော်ပြီး ခပ်မြန်မြန်လျှောက်လာခဲ့၏။ “ပန်းပွင့်တွေ ဘာလုပ်ဖို့ကောက်လာသလဲ ဆရာ”ဟု တပည့်ကျော်က ထပ်ဆင့်မေးပြန်လျှင် ကြံဖန်ပြောနေရဦးမည်။ ရူပဗေဒနည်းအရ ပန်းပွင့်ပေါ်အလင်းရိုက်ပုံကိုကြည့်၍ မျိုးဆက်ပြန့်ပွားနေပုံကို လေ့လာရန်ဖြစ်သည်ဟု ပြောမည်လော။ တခုခုကြံဖန်ပြောနေရပေလိမ့်မည်။ မိန်းမပျိုကို ရှေ့ကဆီးကြည့်ချင်၍ ပန်းခူးချင်ယောင်ဆောင်ခဲ့ရသည့် အဖြစ်ကို ကျွန်ုပ်ကြံဖန်ဖုံးဖိမနေချင်တော့ပါ။ ကျွန်ုပ်သည် ရှေ့သို့သာတွင်တွင်လျှောက်သွား၏။
တပည့်ကျော်ကတော့ ကျွန်ုပ် ကျောင်းနောက်ကျသဖြင့် မြန်မြန်လျှောက်သွားသည်ဟု ထင်ကောင်းထင်ပေမည်။ ကျွန်ုပ် မြန်မြန်လျှောက်ခဲ့သည့် အကြောင်းရင်းမှာကား မိန်းမပျိုနှင့်ကျွန်ုပ် နှစ်ယောက်ထဲပူးတွဲကာ ပုဂံလမ်းကိုပိုင်လိုက်ရသည့်တခဏ၌ စိတ်ဖောက်ပြန်မိခြင်းအတွက်သာ ဖြစ်ပါသည်။
ကျွန်ုပ်၏အခန်းထဲရောက်ပြီး ကုလားထိုင်ပေါ်မှာထိုင်မိသောအခါ ဒူးတွေကိုက်နေသည်ကို သတိရမိလေသည်။ ၅၀ ကျော်ကတည်းက ဒူးဒုက္ခပေးလာခဲ့သည်။ သည်တော့ အိုခြင်းတရားကို ပိုပြီးစဉ်းစားမိသည်။ သို့ကလို အိုပါလျှက် ပုဂံလမ်းပေါ်မှာ မိန်းမပျိုကလေးတွေ့သောအခါ နုပျိုစိတ်တွေဝင်ပြီးတက်ကြွလာတာ ဘာကြောင့်လဲဟု စဉ်းစားနေမိပြန်သည်။
ကျွန်ုပ်၏ သီးသန့်ချွတ်ယွင်းချက် ဖြစ်သလော။ ပုထုဇနောဥမ္မတကောတွေမို့ လူ့သဘာဝဖြစ်လေသလော။ သို့တည်းမဟုတ် ပုဂံလမ်း၏ စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် ပတ္တမြားရောင်စုံရှက်သန်းသောနွေဦးအလှနှင့် မိန်းမပျို၏ နုပျိုလန်းဆတ်သောအလှတို့ကပင် ကျွန်ုပ်အား သွေးသစ်သားသစ်လောင်းပေးပြီး နုပျိုသောစိတ်ကူးတွင် ယစ်မူးပျော်မြူးစေသလော။ ကျွန်ုပ်ကား မဖြေတတ်အောင် ရှိပါသည်။
အိမ်မှ တလနီးပါးထွက်ခွာကာ ဥပုသ်စောင့်နေသော အိမ်ကဟာမကြီးပြန်လာလျှင် သည်အကြောင်း မေးကြည့်ရကောင်းမလား။ အိမ်ကဟာမကြီးကတော့ ကလေးကလားစကားတွေမပြောစမ်းပါနှင့်ဟုပြောကာ ဆီးပိတ်လိမ့်မည်လားမဆိုနိုင်ပါ။ ကျွန်ုပ်မှာတော့ ပြဿနာဖြစ်နေပါသတည်း။    ။
သိန်းဖေမြင့် (၁၉၅၉)

နောက်ဆက်တွဲ
တပေါင်း၏သြဇာနှင့်ဆရာအို၏ပြဿနာ
ကျွန်တော်သည် လွန်ခဲ့သောနှစ်အနည်းက ရှုမ၀မဂ္ဂဇင်းတွင်“ဆရာအို၏ ပြဿနာ”ဟူသော ၀တ္တုတိုကလေးတပုဒ်ကို ရေးလိုက်လေသည်။
လူတော်တော်များများသည် ထိုဝတ္တုကလေးကိုမဖတ်မီ ခေါင်းစဉ်ကိုမြင်လိုက်ရရုံဖြင့် မြင်းအို၊ နွားအိုကြီးများကဲ့သို့ သက်ကြီးရွယ်ကြီးဆရာအိုကြီးများမှာ စားဝတ်နေရေးနှင့်ပတ်သတ်ပြီး ဘယ်ပုံဘယ်နည်းအခက်အခဲတွေ့ပုံကို ပြဿနာလုပ်ပြီးရေးထားဟန်ရှိသည်ဟု ထင်မှတ်လိုက်ကြကြောင်း သိရလေသည်။
သို့သော် ဖတ်ကြည့်လိုက်သောအခါပြဿနာတမျိုးဖြစ်နေသည်ကို အံ့သြစွာတွေ့ရှိကြရလေသည်။ အချို့က သဘောကျပြီး ကျွန်တော့်အားချီးကျူးကြ၏။ တချို့ကမူ ကျွန်တော်သည် ဤလိုကိစ္စကို ပြဿနာလုပ်ကာ စာပေတပုဒ်မရေးသင့်ဟုဆိုကြသည်။ ဤလို မရေးသင့်ဟုထင်မြင်ချက်ပေးသူများထဲတွင် ဆရာဇော်ဂျီလည်း ပါဝင်လေသည်။
ကျွန်တော့်လိုစာရေးဆရာသည် စိတ်ဖောက်ပြန်တာတွေကိုရေးနေရန်မဟုတ်။ စိတ်ဖောက်ပြန်မှုဆိုသည်မှာ သည့်ထက်ဆိုးရွားစွာပင် ဖောက်ပြန်တတ်သေးသည်။
ကျွန်တော်တို့ရေးရန်မှာ စိတ်ကိုထိန်းချုပ်ပုံ၊ ဖောက်ပြန်တတ်သောစိတ်ကို နိုင်နင်းစွာပဲ့ပြင်နိုင်ပုံစသည်တို့သာ ဖြစ်သင့်သည်ဟုဆိုလေသည်။
ကျွန်တော်ကား ဆရာအို၏ပြဿနာဝတ္တုတိုကိုရေးရာ၌ ရည်ရွယ်ချက်ကြီးတွေတမင်လက်ကိုင်ပြု၍ စိတ်ဖောက်ပြန်တတ်ပုံကိုဖော်ပြရန်သော်၎င်း၊ ဖောက်ပြန်တတ်သောစိတ်ကို နှိင်နင်းစွာပဲ့ပြင်ပုံကိုသော်လည်းကောင်း သရုပ်ဆောင်ရန်ရေးခြင်းမဟုတ်ပါ။
တပေါင်းလပတ်ဝန်းကျင်၏သြဇာသည် ကျွန်တော့်အပေါ်မှာ သက်ရောက်လာ၏။ ကျွန်တော့်တွင် တပေါင်းလ စိတ်ကူးနှင့်ခံစားမှုများပေါ်လာ၏။ သို့ကလို သဘာဝအလျောက်ပေါ်လာသောစိတ်ကူးနှင့်ခံစားမှုများကိုမူ တည်ကာ ဆရာအို၏ပြဿနာဝတ္တုတိုကလေးကို ဖန်ဆင်းလိုက်ခြင်းဖြစ်လေသည်။
တပေါင်းတန်ခူးသည် နွေဦးရာသီဖြစ်၏။ ဆောင်းကိုနေရစ်ခဲ့တော့ဟုနှုတ်ဆက်ပြီး နွေကို ကြိုဆိုနေလေသည်။ ပိတောက်ပင်နှင့်သပြေပင်တို့မှာ ရွက်ဟောင်းတွေအကုန်ကြွေပြီး ရွက်သစ်တွေဝေနေသည်။ မဒမပင်ကား ရွက်ဟောင်းတွေအကုန်ကြွေကျပြီး အရိုးပြိုင်းပြိုင်းထနေတုန်းဖြစ်၏။ ကုက္ကိုပင်ကြီးနှင့်သင်္ကန်းပင်ကြီးတို့မှာ ရွက်သစ်တွေခက်ဖြာတင့်နေရုံမျှမက အပွင့်တွေရှက်ဖြာဆင့်နေသည်။
လက်ပံပင်ကြီးကမူ အရွက်ဗလာဖြစ်နေသောရိုးတံများမှ နီရဲသောအပွင့်ကြီးများဖြင့် စည်ကားလှိုင်ဝေနေပေသည်။ ဥသြတွန်သံကသာပြီး ဂျိုးကူသံက အေးမြလှ၏။ သစ်ပင်တောတောင်နှင့်ငှက်အပေါင်းသည် နှစ်သစ်ကိုကြိုဆိုနေသည်။ တပေါင်း တန်ခူးနွေဦးရာသီသည် နှစ်ဟောင်းကုန်၊ နှစ်သစ်ကူးသောရာသီဖြစ်ရုံမက တောတောင်၊ သစ်ပင်၊ ကျေးငှက်စသည့် ပတ်ဝန်းကျင်တို့သည် အဟောင်းမှအသစ်သို့ ကူးပြောင်းချိန်လည်းဖြစ်သည်။
ထိုအချိန်တွင် သဘာဝပတ်ဝန်းကျင်၏ အဟောင်းမှအသစ်သို့ကူးပြောင်းမှုသည် လူကိုလည်း အဟောင်းအသစ်ကူးပြောင်းစေထိုက်ပေသည်။ ရာသီမှာတပေါင်းရှိသလို လူ့ဘ၀မှာလည်း တပေါင်းရာသီ ရှိထိုက်သည်။ ဟောင်းမြင်းသည့်ဘ၀၊ အိုမင်းရင့်ရော်ရာမှ ပြန်လည်ဆန်းသစ်နုပျိုသင့်လေသည်။ ရုပ်ဝတ္တုကို ဆန်းသစ်၍မရသေးသည့်တိုင်အောင် စိတ်ကတော့ပြန်လည်ဆန်းသစ်ပျိုမြစ်ခြင်းသို့ ရောက်ရန်တမ်းတမိသည်။ လွမ်းဆွတ်မိသည်။ သူငယ်ပြန်ချင်သည်ဆိုပါက ဆိုစေတော့။
ဆရာအိုသည် ပြန်ပျိုချင်သည်။ ညိုးနွမ်းပျော့ခွေနေသော ဆရာအို၏ဖိုဓာတ်သည် ပြန်လည်သန်မာလာချင်သည်။ “သောတပန် မဟာထေရ်တို့တောင် မဆည်နိုင်မျက်ရည်စို့ရတယ်၊ လွမ်းဖို့ အိုကောင်း လတပေါင်း”တွင် ဖူးပွင့်စပန်းကလေးလိုသစ်လွင်လှပသော ကျောင်းသူကလေးကိုမြင်မိသော ဆရာအိုသည် ကျောင်းသားဘ၀ကို ပြန်လိုချင်သည်။
တကယ့်တကယ် ကျောင်းသားဘ၀ကို ပြန်မရလျှင်ကား ဆရာအိုဘာတတ်နိုင်ရှာမည်နည်း။ လက်မှိုင်ချရမည်သာပင်။ သို့သော်ဆရာအို၏ လွမ်းဆွတ်တသခွင့်၊ စိတ်ကူးခွင့်နှင့်စိတ်ဖောက်ပြန်ခွင့်တို့ကား ကျွန်တော်တို့စာရေးဆရာများက မချုပ်ချယ်သင့်သောအခြေခံလူ့သဘာဝအခွင့်အရေးပေတည်း။
(၁၉၆၄)ဆရာသိန်းဖေမြင့် ၀တ္ထုတိုပေါင်းချုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
(ယူတာကဒီနေရာကပါ) http://www.maukkha.org/index.php/book-store/short-stories/1981-maukkha-thein-phay-myint   

0 comments:

Post a Comment