Thursday, March 29, 2012

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့်မံမီရုပ်တွေနေတဲ့အရပ် (၄) (မျိုးမြင့်ချို)

0 comments

ကျနော်တို့ဆီက ပဒေါင်လူမျိုးတွေအကြောင်းနှင့် သူတို့ဆီက ရက်ဒ်အင်ဒီယန်းတွေဘဝကို ကျနော့်အား မေးပြောပြောပြောနေသူကို နှုတ်ဆက်ကာ ထို Field Museum ပြတိုက်ကြီးမှ အတွေးတွေတသီတတန်းနှင့် ကျနော်ပြန်ထွက်ခဲ့၏။ ပြတိုက်အပြင်မှာတော့ မိုးကခတ်ဖွဲဖွဲ၊ လေက ဟူးဟူး ရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။ တက္ကစီတစင်းခေါ်ပြီး Willis Tower သွားမယ်ဆိုကာ မောင်းထွက်လာ၏။ ကားထွက်တော့ တက္ကစီဆရာက ဒီကနေ Willis Tower ကို ဘယ်လမ်းကအနီးဆုံးဖြစ်မလဲဟုမေး၏။  ကျနော့်စိတ်ထဲ ဒီလူ့နှယ် ဒီမြို့မှာတက္ကစီမောင်းနေပြီး ဒါလေးတောင်မသိရကောင်းလားဟု စိတ်တွင်မှတ်နေဆဲ။ ဇနီးသည်က မြို့မြေပုံကိုဖျတ်ကနဲဆွဲထုတ်ကြည့်လိုက်ပြီး ဘယ်ကနေ ဘယ်ကိုမောင်း ဘယ်ရောက်တော့ဘယ်ကိုကွေ့ စတာတွေ ဆက်တိုက်ပြောချလိုက်၏။ ငါ့မိန်းမ တောသူမကတောင် ဒီ မြို့ကြီးသားတက္ကစီဆရာထက်သိသေးဟုတွေးမိပြီးပြုံးတော့ ဇနီးက ကျနော့်ကို အသာနေဆိုသည့်သဘောမျက်ရိတ်ပြ၏။ ကျနော်လည်း အသာပဲနေရင်း ရန်ကုန်က အငှားကားဆရာတွေဆီ စိတ်ရောက်သွား၏။
ကျနော်တို့ငယ်ငယ်က ရန်ကုန်တွင် အငှားကားအဖြစ် ဂျပန်မှဝင်သည့် သုံးဘီးကားလေးတွေရှိ၏။ ဘီးက သုံးဘီး။ အသံက ဖွတ်ချက်ဖွတ်ချက်နှင့်။ လက်ကိုင်က တချို့ စတီယာရင်ပုံစံအဝိုင်း၊ တချို့က မော်တော်ဆိုင်ကယ်လ်လိုလက်ကိုင်နှင့်။ သူ့အရောင်ကထူးခြားသည်မို့  သုံးဘီးကားရောင်ဟုတွင်ခဲ့သည် အထိ တာစားခဲ့သည့်ကားလေးများ။ ထိုခေတ်က  မြို့ပြင်ဘက်တွေမှာ ဆိုက္ကားတွေမင်းမူသလို မြို့လည်ကောင်မှာတော့ သုံးဘီးတွေကြီးစိုး၏။ ထိုကားလေးတွေတွင် မောင်းနေသည့်ခရီးမိုင်ကိုပြသည့်မီတာ တပ်ထား၏။ ခရီးသည်တက်ပြီးစက်နှိုးထွက်သည်နှင့် ကားဆရာက မီတာကိုချိုးလိုက်ပြီး ခရီးဆုံးတော့ ဘယ်နှမီတာမို့ဘယ်လောက်ကျသည်ဟုတွက်ချက်ကာ ပိုက်ဆံချေရ၏။ မဆိုး။ မီတာနှုန်းအမှန်ဖြင့်စီးရလျှင် အတော်တွက်ချေကိုက်၏။ ထို့ကြောင့်လည်း လူအစီးများ၏။ အစီးများသဖြင့်လည်း မောင်းသူရော အုံနာ (ပိုင်ရှင်)ပါ စီးပွားဖြစ်၏။ ထိုခေတ်က သုံးဘီးကားထောင်စားသူတွေမနည်းလှ။ သုံးစီးလောက်ထောင်ထားနိုင်ရင် မိသားစုဘဝ မပူရ။ ထို့ထက် ပိုလျှင် စီးပွားဖြစ်။ သုံးဘီးကားတင်သွင်းခွင့်လိုင်စင်က စစ်ဗိုလ်နှင့်စစ်ဗိုလ်လူထွက်တွေလက်ထဲမှာ။ ထို့ကြောင့် ကားသွင်းခွင့်ပါမစ်ရဖို့အရေး သူတို့ဆီအပြေးအလွှား ခယဝ တွေလုပ်ရ၏။ သည်တွင် ထိုသူတို့ အိမ်နောက်ဖေးပေါက်ကအစ အိမ်ရှေ့ပေါက်ကအလယ် စားပွဲအောက်အဆုံး လက်ဆောင်ပဏ္ဏာတွေနှင့် သပိတ်ဝင်အိတ်ဝင်စည်ပင်တော့၏။ အစပိုင်းကတော့ သုံးဘီးဆရာတွေလည်း အမှန်အကန်မီတာချိုးကာ မောင်းသေး၏။ နောက်ပိုင်းကျတော့ ကားပိုင်ရှင်တွေက ဟိုပေးသည်ပေး ပေးရသည့် ဟိုကြေးဒီကြေးတွေ လက်ညှိုးထိုးကာ အုံနာခပိုယူ၏။ ကားဆရာကလည်း အုံနာခတိုးတာအပါအဝင် ဓါတ်ဆီဈေးနှင့် လမ်းပြပုလိပ်ကြေး ဘာညာတွေအကြောင်းပြုကာ ပိုက်ဆံပိုတောင်းလာ၏။ သည်တော့ မီတာမချိုးချင်တော့။ မချိုးကြတော့။ မီတာပျက်သလိုဘာလိုနှင့် မီတာချိုးကျသင့်ငွေထက် ပိုပိုတောင်း၏။ ခရီးသည်တို့ ဘာမှမတတ်နိုင်။ တောင်းသလောက်ပေးကြရတော့၏။ ကိုယ်က စီးမိသွားပြီး။ ထိုအကြောင်းလေးကို ကျနော်တို့ခေတ်ပြိုင် စတီရီယိုခေတ်ဦး အဆိုတော်တယောက်က သီချင်းလုပ်ဆိုကာ ခေတ်ကိုပုံဖော်ခဲ့၏။ (ဟိုတခါက..အရေးကြီးတဲ့ကိစ္စတွေရှိလို့..စောင့်မိတဲ့စိတ်မှာမောပြီး..သုံးဘီးကားလေးကိုတားလို့စီးမိတယ်..မီတာကိုမချိုးပဲမောင်းပို့တဲ့ ခရီးလေး.. သုံးဘီးကားဆရာကြီးက…ဟိုနားဒီနား ငွေတစ်ဆယ်တောင်းတယ်..။ တော်ပါပြီ..နေပါတော့သုံးဘီး..ဒီတခါ..ဆိုက္ကားပဲစီးတော့မယ်... မကြာခင်..နေပူထဲမှာကွယ်..သူနင်းကာ.. လိုရာခရီးအရောက်ပို့တယ်..။ ထိုစဉ်ခဏ..မေးမြန်းကြည့်မိတဲ့သူ့ဘဝ.. ကလေးငါးယောက်ကိုကျွေးမွေး.. ကြီးမားတဲ့မေတ္တာအကြောင်း..သူပြောပြတယ်.. လူလူချင်း..ခြားနားတဲ့စိတ်နေသဘောထား.. သုံးဘီးချင်းအတူတူပါပဲ.. တဦးနဲ့တဦးစာနာဖို့ ကောင်းတယ်..)။
ထိုခေတ်လွန်သော် လေးဘီးကားတွေ ခေတ်ဆန်းလာပြန်၏။ လေးဘီးကားတွေမှာ မီတာချိုးတံတွေအစား ဒစ်ဂျစ်တယ်လ် မီးရောင်နှင့်ဂဏန်းတွေဖြစ်လာ၏။ ကားတွေသာပြောင်းသွား၏။  ကျန်တာ ဘာမှမပြောင်း။ လုပ်ပိုင်ခွင့်ရှိသူတွေလည်း အရင်အတိုင်း။ ကားပါမစ်ကလည်း စစ်ဗိုလ်တွေလက်ထဲမှာ။ ကားဆရာတွေလည်း အရင်အတိုင်း။ ကားဆရာတွေမှာ ဖြောင့်သူတွေရှိသလို ကောက်သူတွေလည်းရှိ၏။ ကားတားစီးသူတို့၏ အဝတ်အစားနှင့်ပုံပန်းသဏ္ဍန်ကိုအကဲခတ်၊ သွားမည့်နေရာကိုမေးကာ ရန်ကုန်ကလား၊ နယ်ကလားကို အလွယ်တကူခွဲ၍ရ၏။ နယ်ကမှန်းသေချာလျှင်၊ လမ်းမသိသူမှန်းသေချာလျှင် ခရီးနီးနီးကို မဝေးဝေးအောင်မောင်းကာ ကားခပိုရရန်လုပ်တတ်ကြ၏။  ယခု ရှီဂါးကိုးက တက္ကစီဆရာလည်း ထိုနည်းနှင်နှင်။ ကားစထွက်ကထဲက မီတာခလုပ်ကလေးနှိပ်လိုက်၏။ ခရီးမိုင်နှင့်ကျသင့်ငွေဖော်ပြသည့် ဒစ်ဂျစ်တယ်လ်ကိန်းဂဏန်းလေးတွေက တရိတ်ရိတ်။ စီးသူက ခရီးဆုံးသာပြောပြီး အတိုဆုံးလမ်းမပြောနိုင်လို့ကတော့ သေပြီဆရာဟုသာ တရတော့မည်။ မီးပွိုင့်မများ များသည့်လမ်းကိုရွေးကာ၊ မဝေးဝေးအောင်မောင်းရင်း ထိုဂဏန်းတရိတ်ရိတ်လေးတွေနှင့်ရိပ်တော့မည်။ ထိုကိစ္စသည် နိုင်ငံကြီးသား၊ နိုင်ငံသေးသားနှင့်မဆိုင်။ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ နယ်ပယ်ဒေသနှင့် မဆိုင်။ လူ၏ လူ၏ဖြောင့်စင်းသောစိတ်အနေနှင့် ဖြူစင်သည့်စိတ်အထားတို့အပေါ်သာအရင်းခံသည်ထင်၏။
သည်လိုနှင့် ကျနော်တို့ Willis Tower သို့ရောက် လာကြ၏။ အဆောက်အဦးကြီးက ဇက်လန်အောင်မော့ကြည့်ရသည်။ သူ့ဘေးတဝိုက် ကျန်အဆောက်အဦးတွေက သူနှင့်ယှဉ်တော့ ဂျပုလေးတွေလိုလိုဖြစ်နေ၏။ မြို့လည်ကောင်ဆိုပေမယ့် ကားအလွန်အမင်းရှုပ်လွန်းသည့်အနေအထား မဟုတ်။ သည်မိုးထိုးတိုက်ကြီးကြားလျှောက်သွားရင်း အဆောက်အဦးတွေကြားညပ်ကာ၊ လူက သေးသေးလေးဖြစ်သွားသလိုလည်းခံစားရ၏။ ခုနေ ငလျင်များလှုပ်လိုက်လို့ကတော့.. တို့၊ အိုစမာဘင်လာဒင့်လူတွေများ လေယဉ်နဲ့ဝင်တိုက်လိုက်လို့ကတော့..လို့ ဆိုပြီး မဆီမဆိုင်တွေးမိကာ မအီမသာသာလည်း ဖြစ်မိပြန်သေး၏။
အဝင်ပေါက်တွင် အခြားသူများနည်းတူတန်းစီရင်း၊ ဟိုလူသည်လူနှင့်မိတ်ဖွဲ့ကြရင်း နောက်ဆုံး မှတ်ပုံတင်ဓါတ်ပုံရိုက်၊ ဝင်ကြေးသွင်းတာတွေပြီးသွား၏။ နောက်တော့ သည်ဟာကြီးနှင့်စပ်သည့် သမိုင်းနောက်ခံမှတ်တမ်း ဆလိုက်ရှိုးနှင့်ကားတိုလေးတကားကို ရုပ်ရှင်ပြခန်းတွင် ပြပေးရင်းရှင်းပြ၏။  စိတ်ဝင်စားစရာကောင်း၏။ နောင်အလျဉ်းသင့်လျှင် ပြန်ပြောမည်စိတ်ကူးမိ၏။ ထို့နောက် အစိတ်ခန့်ဆန့်မည့် ဓါတ်လှေကားကြီးဖြင့် ၉၉ ထပ်အထိတက်ပြီး ကျန်လေးထပ်ဆက်တက်ဖို့ ဓါတ်လှေကားပြောင်းရ၏။ ဓါတ်လှေကားက ကြီးတာမှန်သော်လည်း တက်နှုန်းအလွန်မြန်သဖြင့် တက်နေရင်းတန်းလန်း လှေကားအတွင်းလေဖိအားပြောင်းသည်မို့ နားထဲတွင်တစီစီဖြစ်ရသေး၏။ ဓါတ်လှေကား က ၁ဝ၃ ထပ်တွင်ဆုံးကာ တံခါးပွင့်၏။ အပေါ်ဆုံးထပ်ရောက်ရောက်ခြင်း ဟိုသည်မကြည့်အား။ မျက်စေ့က Willis Tower အမှတ်တရပစ္စည်း အရောင်းဆိုင်လေးဘက်ရောက်သွား၏။ အမှတ်တရပစ္စည်းလေးတွေကစုံလှသည်။ ဘယ်ဟာကြည့်ကြည့် လိုချင်စရာ၊ သိမ်းချင်စရာ၊ စုချင် စရာလေးတွေချည်းဖြစ်နေ၏။ ဘာဝယ်ရမှန်းမသိသေးသဖြင့် စုံတကာစေ့အောင် လိုက်ကြည့်မိ၏။ ကြည့်မိလိုက်တိုင်းလည်း ဘယ်ကလုပ်တာပါလိမ့်ဟူကာ စူးစမ်းမိ၏။ အားလုံး တရုတ်ပြည်မှာလုပ်သည် (Made in China) များသာ။ ကျနော်ကသာ ဒါတွေကြည့်ရင်း တအင်းအင်း.. ဖြစ်နေသော်လည်း ဇနီးသည်က ဘာဆန်းတာလိုက်လို့ဟူသည့် မျက်နှာပေးနှင့်။ ကျနော့်လိုပင် ပစ္စည်းရှာနေရွေးနေသည့် ဘေးကလူငယ် တယောက်က ”တော်သေးတာပေါ့ ဒါကြီးတောင် တရုတ်ကဆောက်တာ မဟုတ်သေးလို့”ဆိုတော့ နောက်တယောက်က ”တရုတ်ကဆောက်တာဆိုရင် တက်ကြည့်ခ ဒီ့ထက် ဈေးသက်သာမှာတော့ သေချာတယ်”ဟု ဝင်အရွှန်းဖေါက်သဖြင့် အနားကလူတွေအကုန် ပြုံးစေ့စေ့။ ကျနော့်အဖို့ ဆန်းသလိုရှိသော်လည်း သူတို့အတွက်တော့ မထူး။ နောက်ဆုံး အိတ်ဆောင်နာရီလေးတလုံးဝယ်လိုက်၏။ ၂၂ ဒေါ်လာ။ သူလည်း တရုတ်ပြည်မှ လုပ်သည်ပဲ။ အမေရိကန်၏အမြင့်ဆုံးမျှော်စင်ကြီးနှင့်ပတ်သက်ရာ အမှတ်တရပစ္စည်းတွေအားလုံးလည်း တရုတ်လုပ်တွေချည်းပါလား။ ကျနော်တယောက်ထဲသာ အမေရိကန်အမှတ်တရပစ္စည်းကို အမေရိကန်လုပ်ဖြစ်စေ့ချင်နေတာလား မပြောတတ်။ ခုတော့ သူတို့က ထိုသို့မတွေး ဈေးကိုပဲကြည့်၏။ သူတို့စီးပွားရေးစန်းပွင့်နေချိန်တုန်းကရော ဘယ်လိုနေမလဲဟုတွေးမိပြန်၏။
အပေါ်ဆုံးထပ်မှ အပြင်ရှုခင်းတွေကြည့်သည့်ဝရန်တာတွင် သိတ်မကြာသေးခင်ကမှ မှန်အခင်းမှန်အကာနှင့် လသာဆောင်လို အခန်းသေးလေးတွေ အပြင်ထုတ်ကာနံရံကပ်ပြီး တပ်ဆင်လိုက်သေး၏။ အမြင့်က ၁ဝ ပေ၊ အလျား ၁ဝ ပေနှင့် အနံ ၈ ပေခန့်ရှိမည်။ ထိုအခန်းလေးတွေထဲဝင်လိုက်တော့ လူကလေထဲရောက်သွားတာ လိုလိုဖြစ်ကာ အောက်ကိုငုံ့ကြည့်လိုက်တော့လည်း မှန်သားထဲကဖေါက်မြင်နေရသည့် မြို့ကြီးက ကိုယ့်ခြေထောက်အောက်မှာ။ အသည်းယားစရာ အတော်ကောင်း၏။ ထိုအခန်းလေးတွေထဲဝင်ကာ မှန်ပြင်ပေါ်မှာဓါတ်ပုံရိုက်သူတွေမနည်းလှ။ ကျနော်က ဂျိုင်းထောက်နှင့်ဆိုတော့ ငါ ထောက်လိုက်မှ အောက်ကမှန်ပြင်ပေါက်ပြီး ကျွံကျသွားလို့ကတော့ ဒုက္ခဟုတွေးကာ ရုတ်တရက်မဝင်ရဲသေး။ နောက်တော့ အထဲဝင်ကာ အောက်ကမြို့ကြီးကို မှန်သားပြင်ပေါ်ကနင်းပြီး ဓါတ်ပုံတွေဘာတွေရိုက်လိုက်သေး၏။ ပြီးတော့ မျှော်စင်ကြီးပတ်လည်မှ မြင်နိုင်သမျှမြင်ကွင်းတွေကြည့်ရင်းဓါတ်ပုံရိုက်ရင်း၊ ပြန်ဆင်းဖို့ပြင်ကြ၏။ အောက်ဆုံးထပ်ရောက်အပြီး အြပြင်ပန်အထွက်မှာတော့ ရာသီဥတုက လာတုန်းကထက်တောင် ပိုဆိုးနေသလားမှတ်ရ၏။ လေက အတိုက်ကြမ်းသလောက် အေးလိုက်သည်မှာလည်း သွေးတွေခဲကုန်ပလားဟုပင်ထင်ချင်စရာ။ မျက်နှာစာရှေ့ကနံရံကြီးပေါ်တွင် Chigaco: Windy City ဟု စာလုံးအကြီးကြီးနှင့်ရေးထားတာမြင်တော့ ဇနီးသည်အား မေးငေါ့ပြပြီး မြို့ကနံမည်နဲ့လိုက်တယ်နော်..ဟုပြောမိ၏။ ဇနီးက လေတိုက်ကြမ်းလွန်းတာ တခုထဲကြောင့် ဒီမြို့ကို Windy City လို့ခေါ်တာမဟုတ်ကြောင်းနှင့် နောက်ခံသမိုင်းကြောင်းလေးကို ခတ်တိုတိုရှင်းပြပေး၏။ ကျနော် စိတ်ဝင်စားမှန်းသိသဖြင့်  နောက်မှရှာကြည့်ပြီး တိတိကျကျပြောကြ တာပေါ့ဟုဆိုကာ ပြန်ခဲ့ကြ၏။
ရှီဂါးကိုးသည် ပင်လယ်တမျှကြီးသည့် မစ်ရှီဂန် ရေကန်ကြီးပေါ်မေးတင်ပြီး တည်ထားသည့်မြို့။ ဆောင်းရာသီတွင် ကန်ကြီးတွေပေါ်မှ ဖြတ်တိုက်လာသည့်လေသည် သွေးခဲမတတ်အေးကာ အဟုန် အလွန်ပြင်းပြန်၏။ သည်ကန်ကြီးတွေကနံမည်ကျော်မို့ နွေနှင့်နွေဦးပေါက်များဆို လေတဟူးဟူးကမ်းခြေတွေမှာ လူတွေကြိတ်ကြိတ်တိုး။  မြို့ကလည်း နူးယော့ခ်စီတီးပြီးလျှင် စီးပွားရေးအရ အကြီးဆုံးမြို့။ အမေရိကန်လူငယ်တွေ၏ အနာဂတ်အိပ်မက်ထဲတွင်  Chigaco လည်းပါ၏။ တကယ်တော့ ယခု သူတို့အိပ်မက်ရှီဂါးကိုးသည် မီးလျှံထဲကဖီးနစ်ငှက်လို ပြန်ထလာရခြင်းပင်ဖြစ်၏။ Great Fire of Chicago ဟုတွင်သည်  ဧရာမမီးကြီးကြောင့် မြိုလုံးကျွတ်နီးပါး ပြာကျသွားခဲ့ဖူး၏။ ၁၈၇၁ ခုနှစ် အောက်တိုဘာလ ၈ ရက်(စနေနေ့ ညမှ) စလောင်လိုက်သည့်ထိုမီးကြီးသည် အောက်တိုဘာ ၁ဝ ရက် အင်္ဂါနေ့ရောက်မှငြိမ်းတော့၏။ လောင်ချိန် နာရီ ၃ဝ ကျော်ခန့်အတွင်း လူ ၃ဝဝ ကျော်မီးသင့်သေခဲ့ရသလို မြို့ကြီး၏စီးပွားရေးအချက်အခြာနေရာတွေ၊ ဟိုတယ်လ်တွေ၊ သတင်းစာတိုက်တွေတင်မက အစိုးရုံးတွေ အဆောက်အဦးတွေပါ မီးထဲအကုန်ပါသွားခဲ့၏။ ဘယ်ကစလောင်နှင့်ပတ်သက်၍လည်း ယခုတိုင်ငြင်းခုန် ကောင်းနေကြဆဲ။ လူပြောများသည့်ဇာတ်လမ်းတခုအရတော့ အိုင်ယာလန်မှ အမေရိကားလာနေသည့် O’Leary ဆိုသည့် မိသားစုကြောင့်။ သူတို့မှာ ကိုယ်ပိုင်နွားခြံလေးနှင့်အသေးစား နို့ချက်လုပ်ငန်းလေးရှိ၏။ ထိုနေ့က  Mrs. Chaterine O’Leary တယောက် ညကြီးမင်းကြီးထကာ အိမ်နောက်ဘက်က စပါးကျီနားတွင် ရေနံဆီမီးခွက်လေးထွန်းပြီး နွားနို့ညှစ်သည်ဆို၏။ ထိုစဉ် နွားမကလန့်ပြီးကန်ထဲ့လိုက်ရာက မီးခွက်မှောက်သွား၏။ မီးခွက်မီးမှ စပါးကျီသို့ကူးကာ  တမြို့လုံးလောင်မီးကျတော့၏။ ဒီ့နောက် မြို့ကြီး ပြန်လည်စည်ပင်ရေးအတွက် တည်ဆောက်ရေးတွေ အကြီးအကျယ်လုပ်တော့၏။ မီးလောင်လို့မှ မြို့မျက်နှာပြန်သစ်ရတာဆိုပြီး အကောင်းဘက်ကတွေးသူတွေလည်းမနည်းလှ။ မြို့သစ်ကြီးပြန်တည်ပြီးတော့ အားလုံးသစ်သစ်လွင်လွင်၊ စီးပွားရေးလုပ်ငန်းတွေလည်း ပြန်စန်းထကာ နူးယော့ခ်တို့၊ စင်စင်နာတီတို့နှင့် အပြိုင်ဖြစ်လာ၏။ သည်တွင် မြို့တော်ဝန်ကအစ နိုင်ငံရေးသမားအလယ် သတင်းစာဆရာအဆုံး လေလုံးတွေ ထွားလာကြ၏။ တွေ့လား ငါတို့ဘယ်လိုပြန်လုပ်လိုက်တာ ဘယ်နှနှစ်အတွင်း ဘာတွေဖြစ်လာတာ၊ ဒါ ဘာဟုတ်သေးလဲ၊  ဒီ့ထက်ကောင်းတဲ့မြို့တောင် ဒီလောက်မကောင်းနိုင်ဘူး၊  တခြားမြို့တွေနားထား၊ နူးယော့ခ်တောင် နောက်ကောက်ချပြလိုက်ဦးမယ်၊ စီးပွားရေးလုပ်ချင်ရင် ဒီလာခဲ့၊ အခွင့်အလမ်းတွေ သာသလို မြိုးမြိုးမြက်မြက်လေးလည်းဖြစ်စေရမယ် ဘာညာစတာတွေနှင့်မက်လုံးတွေပေးကာ ကမ္ဘာအနှံ့က စီးပွားရေးသမားကို လာပါလာပါတစာစာလုပ်ကြ၏။ နူးယော့ခ်စီတီးမှမဟုတ် ငါတို့မြို့လည်း ကမ္ဘာ့ကုန်စည်ပြပွဲကြီးတွေ လက်ခံလုပ်လောက်အောင် ကြီးကျယ်နေပြီဆိုကာ ဝါစာကမာတွေများလာ၏။ မြို့က နတ်ရေကန်ထဲပစ်ချလိုက်သလို တကယ်လည်း နေ့ချင်းညချင်းဖွံ့တက်လာ၏။ မြို့စည်ပင်ပြီးကြွယ်ဝ လာတော့ နိုင်ငံရေးသမားက ခြေဖျားတထောက်ထောက်နှင့် နားထင်သွေးရောက်လာကြ၏။ သည်အထဲမှာ  မြို့တော်ဝန်က အကဲဆုံးဆို၏။ နိုင်ငံရေးသမားတွေကလည်း အကြိမ်ကြိမ်ပြန်အရွေး ခံရရေးအတွက် မြို့လူထုအား မစားရဝခမန်းမက်လုံးတွေပေးကာ မဲဆွယ်ကြ၏။ လက်ခုတ်သံနှင့်ထောက်ခံမဲကို အရချူကြ သည်ဆို၏။ အရွေးခံရပြီးလျှင်တော့ ပေးခဲ့သည့်ကတိကဝတ်တွေက ကြက်ပျောက်ငှက်ပျောက်။ သည်တော့ မြို့သားတွေက နိုင်ငံရေးသမားတွေကို အာဖျံကွီးတွေ၊ လေထိုးထားတဲ့အိပ်သာသယ်လာသူတွေဆိုပြီး ခနိုးခနဲ့ဆိုကြ၏။ ဒီတော့မှ နားကြားပြင်းကပ်လာသည့် မြို့ခံသတင်းစာနှင့် တခြားမြို့ကသတင်းစာတွေက သည်နိုင်ငံရေးကို Windbags Politics ၊ သည်နိုင်ငံရေးသမားတွေနေတဲ့မြို့ကို Windy City ဟု နံမည်ပြောင် ပေးလိုက်ကြတော့၏။ လေတကယ်ကြမ်း၍လည်း သည်မြို့ကို Windy City ၊ လေလုံးခတ်ထွားထွားနိုင်ငံရေး သမားတွေ တမိုးလုံးဖျောက်ဆိပ်ဖြစ်ခဲ့ဖူးသောကြောင့်လည်း သည်မြို့ကို Windy City ။ ဤသို့ဖြင့် အနက် ၂ မျိုးကောက်ကာ အဓိပ္ဗါယ် ၂ မျိုးပေါက်သည့် မြို့အဖြစ်တွင်ခဲ့တော့၏။
ကျနော် သည်မြို့ကို အကြိမ်ကြိမ်ရောက်၏။ Windbags Politicians တွေ အာဖျံကွီးသေးလား မကွီးတော့ဘူးလားတော့ ကျနော်လည်း သေချာမပြောတတ်။ အမြင်ဆန်းသည့်ဗိသုကာလက်ရာမြောက် မိုးထိတိုက်သစ်ကြီးတွေက မစ်ရှီဂန်ရေကန်ကြီးဆီက ဖြတ်တိုက်သည့်လေသရမ်းတွေ မြို့ကိုတည့်တည့်ဝင်မတိုက်အောင် ကန်နဖူးကတောင့်ခံပေးနေ၏။ သူတို့ဘယ်လောက် ကြံ့ကြံ့ခံကာကွယ် နေစေဦး အမေရိကန်မှစလိုက်သည့် စီးပွားပျက်ဈေးကွက်ဖြို လေသရမ်းဒဏ်ကိုတော့ သူတို့လည်း သိတ်တော့မခံနိုင်ရှာကြ။ ယိုင်တိုင်တိုင်ဖြစ်နေကြပုံပေါ်၏။ ကျနော် သည်တခေါက်ရောက်ချိန်မှာတော့ Chigaco မြို့လည်ကောင်မှာရော၊  Michigan Lake ကြီး၏ ကမ်းခြေမှာရော ထုံးစံအတိုင်း လေကတော့ ဟူးဟူးရားရား။ လူတွေလည်း ပြေးပြေးလွှားလွှား။
မျိုးမြင့်ချို
မတ်လ ၂၉  ရက် ၂၀၁၂

0 comments:

Post a Comment