၂၀၀၈ဘောင်ထဲက ထာဝရငြိမ်းချမ်းရေးဆိုရင်တော့…
မောင်ခင်အေးတင့်(မဒေါက်)
၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ အဖွဲ့ဝင်၁၇-ဦးပါ တော်လှန်ရေးကောင်စီက
စစ်အာဏာသိမ်းလိုက်ပါတယ်။ မတ်လ(၉)ရက်နေ့မှာတော့ အချုပ်အခြာအာဏာသုံးရပ်စလုံး ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထဲရောက်သွားပြီး အဲဒီ မတ်လ ၂-ရက်နေ့ကိုလည်း တောင်သူလယ်သမားနေ့အဖြစ် ဖုံးကွယ်ခေါင်းစဉ်ပြောင်းတပ်လိုက်ပါတယ်။ တောင်သူလယ်သမားအစည်းအရုံးဆိုတာတွေပေါ်ပေါက်လာပေမယ့်တောင်သူလယ်သမားတွေအတွက် ဘာတခုမှ အကာအကွယ်အာမခံပေးတာမျိုးမဟုတ်ပါဘူး။ ပြည်သူပိုင်သိမ်းဖို့အတွက် ဒီလိုမျိုးလုပ်ပြ အစပျိုးထားလိုက်တာက အဓိကအကြောင်းပါပဲ။
နောက်သုံးလအကြာ ဇူလိုင်(၇)ရက်နေ့မှာတော့ အစဉ်အလာကြီးမားလှတဲ့ ဗကသ ကျောင်းသား သမဂ္ဂအဆောက်အဦးကြီးကို ကွန်မြူနစ်တွေခိုအောင်းနေတယ်၊ ကြိုးကိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်တင်ပြီး မိုင်းခွဲဖြိုချပစ်လိုက်ပါတယ်။ အဲဒီအချိန် ဒီအဆောက်အဦးကြီးထဲမှာ ကျောင်းသားကျောင်းသူတွေ တရာကျော်နှစ်ရာနီးပါးလောက်ရှိနေပါတယ်။ (ကျနော်သိထားသလောက်တော့ ကျောင်းသူကျောင်းသား ၁၇၁ ယောက်ရှိပါတယ်။) အရှင်လတ်လတ် မိုင်းခွဲသတ်ဖြတ်ခံလိုက်ရတာပါပဲ။ ဒါဟာ ဗိုလ်နေ၀င်းကာလကတည်းက ဗမာပြည်နိုင်ငံရေးမှာ တပ်မတော်ရဲ့သမိုင်းအမှားကို စတင်မျိုးစေ့ချပေးလိုက်တဲ့ အဖြစ်သနစ်ပါပဲ။ အဲဒီကစ အမှောင်ထုဖုံးလွှမ်းတဲ့ဗမာနိုင်ငံကြီး ဖြစ်သွားတော့ တာပါပဲ။
၁၉၆၃ခုနှစ် ဧပြီလ(၁)ရက်နေ့မှာ တော်လှန်ရေးကောင်စီက နိုင်ငံရေးအကျဉ်းသားမှန်သမျှကို လွှတ်ပေးလိုက်ကြောင်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကိုထုတ်ပြန်ခဲ့ပြီး ၁၉၆၃-ဇူလိုင်လ(၁)ရက်နေ့အထိ ၃-လ အချိန်သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သဘောထားတရပ်ကြေညာမယ်လို့ ကြိုတင် ရေဒီယိုကကြေညာထားတဲ့အတိုင်း ၁၉၆၃ခုနှစ် ဇွန်လ(၁၁)ရက် ည(၇း၄၅)မှာ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်တရပ်ကို တော်လှန်ရေးကောင်စီက ကြေညာခဲ့ပါတယ်။ လူတိုင်းလိုလို အကြားများလွဲသွားသလားလို့တောင် ထင်မိကြပါတယ်၊
နောက်တနေ့ နောက်တနေ့တွေမှာလည်း တွေ့ဆုံဆွေးနွေးရေးကိုမျက်နှာစုံညီလုပ်မယ်လို့ အကြိမ်ကြိမ်ကြေညာတဲ့အတွက် ပြည်သူ့အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးက ၀မ်းသာအယ်လဲ ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒီအချက်က အာဏာရအစိုးရအဆက်ဆက်ဟာ တိုင်းပြည်ရဲ့နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းတဲ့တွေ့ဆုံဆွေးနွေးနည်းနဲ့ ဘယ်တုန်းကမှဖြေရှင်းခဲ့တာမရှိဘူး၊ ဖြေရှင်းချင်တဲ့စိတ်ဆန္ဒလည်း မရှိခဲ့ဘူးဆိုတဲ့အပေါ် လူထုက ကောင်းကောင်းနောကျေထားပြီးသားဆိုတာ မီးမောင်းထိုးပြလိုက်သလိုပါပဲ။
ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျက်နှာစုံညီဆွေးနွေးမယ်ဆိုတဲ့အတွက် အဲဒီကာလက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)ကလည်း အချက်ငါးချက်ကို ၁၂-၆-၆၃နေ့က ထုတ်ပြန်ခဲ့ပါတယ်။
(၁) မျက်နှာစုံညီဆွေးနွေးနေစဉ် အတိုက်အခိုက်များ နှစ်ဘက်စလုံးမှရပ်ဆိုင်းထားရန်
(၂) တွေ့ဆုံဆွေးနွေးရေးကို ရန်ကုန်တွင်ကျင်းပရန်
(၃) ဗဟိုနှင့်ဗဟိုချင်း ဆွေးနွေးရန်
(၄) တွေ့ဆုံဆွေးနွေးချက်များကို ပြည်သူလူထုကိုအသိပေးရန်
(၅) ကိုယ်စားလှယ်များရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို အာမခံရန်တို့ဖြစ်ပါတယ်။
တောတွင်းလက်နက်ကိုင်အင်အားစုတွေကို အာဏာရအစိုးရအဆက်ဆက်က အပြုတ်တိုက်ရေးလမ်းကြောင်း အတိုင်းလုပ်ဆောင်ခဲ့ပြီး တဘက်ကလည်းလက်နက်ချအညံ့ခံရေးကိုဇောင်းတင်းထားပြီး တောတွင်းပါတီအဖွဲ့အစည်းအားလုံးကိုချေမှုန်း၊ ခေါင်းဆောင်ဟူသမျှကို တသိန်း၊ ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း၊ တသောင်းဆိုတဲ့ဆုငွေထုတ်ပြီး အထူးလုပ်ငန်းတရပ်အနေနဲ့သတ်ဖြတ်ခိုင်းခဲ့ပြီး ၁၉၆၃ခုနှစ် ဇူလိုင်(၄)ရက်နေ့မှာတော့ မဆလလို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီအာဏာရှင်စနစ် စတင်ပေါ်ထွက်လာပါတယ်။
၁၉၆၄ခုမတ်လ(၂၈)ရက်မှာတော့ ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ “အမျိုးသားညီညွတ်ရေး ထိန်းသိမ်းကာကွယ်ရေးဥပဒေ” ပေါ်ပေါက်လာပြီး တောတွင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တဖွဲ့ပြီးတဖွဲ့ပျက်ပြားကုန်ပြီး ၁၉၆၇-၆၈ခုနှစ်မှာတော့ ပြည်တွင်းမှာရောနယ်စပ်ဒေသတွေမှာပါ ပြည်တွင်းစစ်မီးကြီးတဟုန်းဟုန်း တောက်လောင်ခဲ့တာ ဒီကနေ့ မျက်မှောက်ကာလ ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန် ကြံ့ဖွတ်အစိုးရအထိပါပဲ။
ချုပ်ရရင်တော့ ဗမာပြည်ရဲ့အုပ်ချုပ်သူအစိုးရတွေဟာ သူတို့တွင်း အာဏာအပြောင်းအရွှေ့တခုခု လုပ်ပြီးရင်ဖြစ်စေ၊ အကြမ်းနည်းသုံးအာဏာသိမ်းလိုက်ပြီးရင်ဖြစ်စေ အခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်တို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ဆိုတာကို ခရားရေလွှတ်(ပြောပြီး)ဟန်ပြလုပ်လေ့ရှိတယ်ဆိုတာကို အမှတ်ရသတိပြုစေချင်တာပါ။ ဒီလိုလုပ်ပြတဲ့အခါမှာလည်း တိုင်းပြည်နဲ့လူထုကို အလုပ်အကျွေးပြုစောင့်ရှောက်ကာကွယ်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးတဲ့တပ်မတော်ဟာ အာဏာရအစိုးရတွေရဲ့အသုံးတော်ခံကိရိယာတခုလို အသုံးချခံရမြဲဖြစ်ပြီး ပြည်တွင်းစစ်ကိုမီးမွှေးတဲ့ ဓါးစာခံဘ၀ရောက်ခံရပါတယ်။ ပြည်သူတွေကိုဆန့်ကျင်ဖိနှိပ်ရတဲ့ စနစ်ရဲ့သားကောင်ဘ၀ သက်ဆင်းခဲ့ရပါတယ်။
အဲဒါကြောင့် အာဏာဆုပ်ကိုင်အစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အပေါ်ယံဘန်းပြ အမယ်စုံအရွယ်စုံ ပုံစံမျိုးစုံနဲ့လုပ်ဆောင်နေပေမဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တကယ် စစ်စစ်မှန်မှန်လိုလားလေ့ မရှိကြပါဘူး။
ပြည်တွင်းစစ်သက်တမ်း (၆၄)နှစ်ကိုကြည့်ရင် ဖဆပလအစိုးရကစလို့ အခု ကြံ့ဖွတ်အစိုးရအထိ အာဏာရအစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကို ဟုတ်တိပတ်တိမယ်မယ်ရရ ဘာတခုမှ အလေးအနက်ထား ဖော်ဆောင်ခဲ့ကြတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ရှိခဲ့ပါတယ်လို့ပြောရင်လည်း အပေါ်ယံ ဟန်ပြလောက်သာဖြစ်တယ်ဆိုတာ သမိုင်းကသက်သေပြခဲ့ပြီးပါပြီ။
ပစ္စက္ခ လက်ငင်းနိုင်ငံရေးဖြစ်ပေါ်မှုကို သုံးသပ်ကြည့်ရင်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်ခဲ့သော အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲက အရင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အရပ်ဝတ်အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်အဖြစ် ကင်ပွန်းတပ်ပေးလိုက်ပြီး ၂၀၁၁ခုနှစ် မတ်လ(၃၀) ရက် နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဆီ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့တာ အခုဆိုရင် အစိုးရသစ်သက်တမ်း (၁)နှစ်တောင် ကျော်ခဲ့ပြီဖြစ်ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇) တပ်မတော်၊ ပုဒ်မ ၃၄၂အရ ကာ/လုံရဲ့ အဆိုပြုထောက်ခံချက်နဲ့ ကာချုပ်ကို သမ္မတဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးရမယ်လို့ပြဋ္ဌာန်းထားပေမယ့် တကယ်ကတော့ အရင် နအဖစစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာ/လုံတခုလုံးရဲ့အပေါ်မှာရှိနေတယ်ဆိုတာ ဒီလုပ်ရပ်က အတိအလင်း သက်သေပြလိုက်တာပါပဲ။
စစ်ဗိုလ်လူထွက်တွေရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ ဆိုတာလည်းရှိလာပြီဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေမှာ သေနတ်သံတွေရပ်စဲသွားအောင် မလုပ်သေးတဲ့အပြင် ပိုမိုပြင်းထန်တဲ့ပြည်တွင်းစစ်မီးကို ဆက်လက်လောင်စာထိုးပေးနေဆဲဖြစ်တာမို့ လက်နက်ကိုင်တော်လှန်တိုက်ပွဲမ၀င်တဲ့လူမျိုးစုရယ်လို့ မရှိသလောက်ပါပဲ။
စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲဖို့ကိုအရင်ဆုံးလုပ်ရမှာပါ။ အခု လတ်တလော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ သဘောတူလက်မှတ်ထိုးရေးကြိုးပမ်းစဉ်ကာလမှာကို တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကိုကြေညာမှသာ တိုင်းရင်းသားအင်အားစုအားလုံးကို ယုံကြည်စိတ်ချမှုဖြစ်စေမှာပါ၊
ဒါ့ပြင် နောက် အရေးကြီးတဲ့အချက်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမှာဖြစ်ပြီး တင်းမာမှုကိုပေါ်ပေါက်စေမယ့် စစ်ဘက်ပြုမှုလှုပ်ရှားမှုတွေကိုလည်း တဖြည်းဖြည်းလျှော့ချသွားရမှာဖြစ်သလို ပြည်သူ ပြည်သားအားလုံးအတွက် ကျေနပ်အားရအကျိုးရှိစေမယ့် ငြိမ်းချမ်းရေးအကြိုကာလတခုဖော်ဆောင်ပေးရင်တော့ ယုံကြည်မှုကို ပိုအားဖြစ်လာစေမှာပါ။
ဒါ့ပြင် ဒီလုပ်ဆောင်မှုတိုင်းမှာ တိုင်းရင်းသားတွေအပေါ် တပြေးညီတသဘောတည်းဆက်ဆံဖို့လည်း လိုနေပါသေးတယ်။ အဲဒါကတော့ ကေအိုင်အိုဘက်ကနိုင်ငံတကာအဖွဲ့အစည်း တခုခုရဲ့စောင့်ကြပ်တဲ့အောက်မှာ နှစ်ဘက်သဘောတူလက်မှတ်ထိုးဖို့တောင်းဆိုချက်ကို အစိုးရဘက်ကလက်မခံခဲ့ပေမယ့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ လွိုင်ကော်မှာတွေ့ဆုံဆွေးနွေးကြတုန်းကတော့ အမေရိကန်နဲ့ အင်္ဂလိပ်သံအရာရှိတွေအပါအ၀င် UNHCR ကိုယ်စားလှယ်တို့ပါ တက်ရောက်ခွင့်ရှိခဲ့တယ်ဆိုတာကိုကြည့်ရင် အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ တဖွဲ့နဲ့တဖွဲ့အပေါ် ခွဲခြားသတ်မှတ်ထားသလားဆိုတဲ့ သံသယအတွေးတွေ ၀င်စေပါတယ်။
ဒါ့ပြင် ကေအိုင်အိုကပြောတာ ရိုးရှင်းလှပါတယ်။ အပစ်အခတ်ရပ်ချင်ရင် နဂိုတိုက်ပွဲမဖြစ်ခင် အခြေအနေတုန်းကအတိုင်း တပ်တွေပြန်ရွှေ့ပါ၊ ထိုးစစ်အတွက် ကချင်ပြည်နယ်ကိုတက်လာတဲ့တပ်တွေကို ပြန်ရုတ်သိမ်းသွားပါ၊ တပ်တွေ ပြန်မရုတ်သိမ်းရင်တော့ တိုက်ပွဲတွေဆက်ဖြစ်နေမှာပဲဆိုတာ ပြောဆိုခဲ့ပြီးဖြစ်ပေမယ့် အစိုးရတပ်တွေက မရုပ်သိမ်းပါဘူး။
အလားတူပြဿနာမျိုး ကရင်ပြည်နယ်မှာလည်း ရင်ဆိုင်ရဖို့ရှိနေပါတယ်။ အစိုးရနဲ့ကေအဲန်ယူ အပစ်အခတ်ရပ်လက်မှတ်ရေးထိုးထားပေမယ့် တပ်တွေ ဘယ်လိုနေရာချထားမယ်ဆိုတာနဲ့ပတ်သက်လို့ ဘာမှဆွေးနွေးညှိနှိုင်းတာ မလုပ်ရသေးပါဘူး၊ ဒါကြောင့်ပဲ ကေအဲန်ယူဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပြန်လည်ပျက်ပြားသွားနိုင်တယ်လို့ ပြောထားပြီးသားပါ။
ရှမ်းပြည်တောင်ပိုင်းအဖွဲ့နဲ့လည်း အပစ်အခတ်ရပ်လက်မှတ်ထိုးထားပေမယ့် လောလောလတ်လတ်ကြီးမှာကို တိုက်ပွဲတွေက ပိုစိပ်လာနေတာဆိုတော့ အစိုးရရဲ့ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာ အသံကျယ်ပြီးအဆံမပါတဲ့ သင်္ကြန်အမြောက်မျိုးလားလို့ အမေးပုစ္ဆာထုတ်ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။
ကချင်ဘက်ကတောင်းဆိုသလို အစိုးရတပ်တွေမရုပ်သိမ်းပေးသရွေ့ နှစ်ဘက်တွေ့ဆုံမှုဟာလည်း ခိုင်မာရေရာဖို့ဆိုတာ ခက်ခဲလွန်းနေပါတယ်။ ကြံ့ဖွတ်အစိုးရတပ်တွေက မရုတ်သိမ်းပေးတဲ့အပြင် စစ်ရေးအရှိန်တိုးမြင့်မယ့် အရိပ်အယောင်တွေနဲ့ ခြိမ်းခြောက်ပြနေတာကလည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်ညစ်ညမ်းစေတဲ့အပြင် ဒါဟာ တပ်မတော်ရဲ့သဘောထားများလို့တောင် တွေးထင်မိစေပါတယ်။
တကယ်ဖြစ်ခဲ့ရင်တော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်ရဲ့ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍဟာ အင်မတန်မှကိုအရေးပါတယ်ဆိုတဲ့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်မှုကိုလည်းငြင်းပယ်ရာကျပြီး ဗိုလ်ချုပ်ကြီးတွေရဲ့အတွင်းစိတ်မရိုးဖြောင့်မှုဟာ ဘွားကနဲအထင်းသားပေါ်နေတော့မှာပေါ့။
ဒီလိုသာဆိုရင် ပြည်တွင်းစစ်ရပ်စဲရေးအလားအလာဟာ ဘာမှမရေရာသလို ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာကလည်းပဲ ကြံ့ဖွတ်အစိုးရသစ် အရှည်ရပ်တည်သွားနိုင်ဖို့ စကားအဖြစ် ပျားရည်နဲ့ဝမ်းချနေတာမျိုးသာ ဖြစ်နေပါတယ်။
အချုပ်ကတော့ ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာဟာ ဒီမိုကရေစီရေးဆိတ်သုဉ်းမှု၊ တန်းတူညီမျှမှုနဲ့ကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးခွင့် အစရှိတဲ့အခြေခံအကြောင်းတရားတွေက အရင်းခံပြဿနာဖြစ်တာကြောင့် အခု ကြံ့ဖွတ်အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်ရဲ့ လမ်းပြမြေပုံသုံးဆင့်နဲ့တော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်မယ်ဆိုတာဟာ အရင်အစိုးရအဆက်ဆက်ရဲ့ပြောနေကျ ဆီသည်မလက်သုတ်လို အဖန်တရာထေပြီး ဖွတ်ဖွတ်ကြေနေတဲ့စကားမျိုးသာဖြစ်ကြောင်းနဲ့ အခု ကြံ့ဖွတ်အစိုးရအထိ ဗမာပြည်အာဏာရအစိုးရအဆက်ဆက်ဟာ ငြိမ်းချမ်းရေးဆိုတာကို စိတ်ကူးထဲတောင်ထည့်မထားဘူးဆိုတာ သမိုင်းအတွေ့အကြုံအရ သင်ခန်းစာရယူ တွေးကြည့်မြင်နိုင်ကြောင်းပါ။
(ရေးတာက) မောင်ခင်အေးတင့် (မဒေါက်) မတ်၊ ၁၇၊ ၂၀၁၂
(ယူတာကဒီနေရာကပါ) http://moemaka.com/2012/03/maung-khin-aye-tint-ma-dauk/
0 comments:
Post a Comment