Thursday, March 15, 2012

ချင်ဒီယာရာစုသစ်မှာ ချန်ပီယံသစ်ဘယ်သူလဲ (မင်းရွှေမောင်)

0 comments
ချင်ဒီယာရာစုသစ်မှာ ချန်ပီယံသစ်ဘယ်သူလဲ 
ဒီကနေ့ခေတ်ကမ္ဘာဂြိုဟ်ပေါ်မှာ လူဦးရေအားဖြင့် တစ်ဘီလီယံကျော်စီ ရှိပြီး အရှိန်အဟုန်နဲ့တိုးတက်ခဲ့ကြတဲ့ တရုတ် China နဲ့ အိန္ဒိယ India နှစ်နိုင်ငံကိုယှဉ်ကြည့်ချင်ကြသူတွေက အမည်ချင်းစပ်ဟပ်ပေါင်းစည်းပြီး ချင်ဒီယာ-Chindia လို့ ခေါ် ကြတယ်။
         အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံတိုးတက်လာမှုက ကမ္ဘာကြီးတစ်ခုလုံးရဲ့ စီးပွားရေးနဲ့နိုင်ငံရေးမြင်ကွင်းကို ကျွန်မတို့ရဲ့မျက်စိအောက်မှာပဲ  အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ Robyn Meredith က သူမရဲ့The Elephant and the Dragon စာအုပ်မှာရေးသားဖော်ပြခဲ့တယ်။ Chindia  ဝေါဟာရသစ် Neologism ကိုတော့  အိန္ဒိယနိုင်ငံရေးသမား Jairam Ramesh က ဖန်တီးတီထွင်ခဲ့တာပါ။
တရုတ်နဲ့အိန္ဒိယမှာ လက္ခဏာနှစ်ရပ်ကဒွန်တွဲလျက်ရှိတယ်။ ဒါမှမဟုတ် မျက်နှာနှစ်ဘက်ရှိတယ်။ တစ်ဘက်က အမှန်တရား။ အခြားတစ်ဘက်က ဒဏ္ဍာရီ ပုံပြင်။ စူပါပါဝါအဆင့်ရောက်လုနီးပါးဖြစ်နေကြတဲ့ဒီနှစ်နိုင်ငံဟာ မိတ်ဖက်လို့ဆိုရ မှာထက် ပြိုင်ဖက်လို့ဆိုနိုင်တယ်။ နှစ်နိုင်ငံရဲ့စွမ်းဆောင်မှုတွေဟာ အံ့သြစရာ ကောင်းလောက်အောင်ကြီးမားကြပေမယ့် အလားတူကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ လည်းရင်ဆိုင်နေကြရတယ်။ ကမ္ဘာ့လူဦးရေခုနစ်ဘီလီယံထဲမှာဒီနှစ်နိုင်ငံပေါင်း လူဦးရေက ၄ဝ ရာခိုင်နှုန်းရှိတယ်။
“တရုတ်နိုင်ငံဟာ ကမ္ဘာ့အလုပ်ရုံကြီးဖြစ်တယ်။ အိန္ဒိယကတော့ပညာရဲ့ဗဟို ချက်မဖြစ်နိုင်တယ်။ အာရှတိုက်သားတွေဖြစ်ကြတဲ့နှစ်နိုင်ငံပေါင်းစည်း အလုပ် လုပ်နိုင်ကြမယ်ဆိုရင် ဧရာမအင်အားကြီးတစ်ရပ်ဖြစ်လာနိုင်တယ်''လို့ အိန္ဒိယစက် မှုလုပ်ငန်းရှင် Ratan Tata ကဆိုတယ်။ ဒါပေမယ့် နှစ်နိုင်ငံလက်တွဲပြီး အလုပ်လုပ်နိုင်ကြပါ့မလား။
  ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့အိန္ဒိယယဉ်ကျေးမှုချင်း သဟဇာတမဖြစ်လောက်အောင်ကွာဟမှုရှိတယ် လို့ အချို့ကမြင်ကြတယ်။ တရုတ်က အိန္ဒိယနိုင်ငံသားတွေကို ဆင်းရဲတယ်။ အယူသီးတယ်လို့ မြင်တယ်။ အိန္ဒိ ယကလည်း တရုတ်ပြည်သူတွေကို အင်မတန်ဆိုးရွားသူတွေ၊ ဘုရားမဲ့ဝါဒီတွေလို့မြင်တယ်။ ဒီလိုအမြင်နှစ် ရပ်ကိုပေါင်းစပ်နိုင်ပါ့မလား။
(လင်းလက်ခဲ့တဲ့ အတိတ်ကာလ) ဒါပေမယ့် တစ်ချိန်က တရုတ်နဲ့အိန္ဒိယနှစ်ပြည်ထောင်ဟာ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ဖူးကြတယ်။ ဖျောက်ဖျက်လို့မရနိုင်တဲ့ သမိုင်းအထောက်အထားတွေ အထင်အရှားရှိခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝဝဝ လောက်က ဗုဒ္ဓဘာသာဟာ အိန္ဒိယမှတရုတ်ပြည်သို့ပျံ့နှံ့ခဲ့တယ်။ အိန္ဒိယဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Bodhidharma ဟာ အေဒီ ၅၂ဝမှာ တရုတ်ပြည်သို့ကြွရောက်လာခဲ့ပြီး လျာန် မင်းဆက် Liang Dynastyရဲ့ ဘုရင်ဧကရာဇ် ဝူ WU နဲ့တွေ့ဆုံခဲ့တယ်။ ဘုရင်နဲ့ဘုန်းတော်ကြီး အမေးအဖြေဟာ မဟာယာနဗုဒ္ဓဘာသာလောကမှာ အင်မတန်ထင်ရှားတယ်။ အဲဒီနောက်ပိုင်း Bodhidharma ဟာ ကျူပင်လေး တစ်ပင်စီးပြီး ယန်စီမြစ် Yangtseကိုဖြတ်ကျော်ကာ တရုတ်ပြည်မြောက်ပိုင်းသို့ကြွချီပြီး နောက်ဆုံးမှာ စောင် လင်(ရှောင်လင်) Shaolin ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူခဲ့တယ်လို့ ယုံကြည်ကြတယ်။ Bodhidharma ဟာ ပထမဆုံးတရုတ်ဗုဒ္ဓဘာသာ Zen Buddhismကို ထူထောင်တော်မူခဲ့တဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ Budhidharma ကို တရုတ်တို့က Tamo  လို့ခေါ်ပြီး ဂျပန်တို့က Daruma လို့ ခေါ်ကြပါတယ်။
         ဒါပေမယ့် Bodhidharma လောက် မကျော်ကြားသော်လည်း အိန္ဒိယမှတရုတ်ပြည်သို့ အစောဆုံး အေဒီ ၆၇ မှာ ဗုဒ္ဓဘာသာသာသနာပြုဖို့ရောက်လာခဲ့ကြတဲ့ဘုန်းတော်ကြီးနှစ်ပါးက Kasyapa Matango နဲ့ Dharmaraksha ဖြစ်တယ်လို့အဆိုရှိတယ်။ ဒီဘုန်းတော်ကြီးနှစ်ပါး သီတင်းသုံးနေထိုင်တော်မူခဲ့ကြတဲ့ ကျောင်းတော် White Horse Monastery ဟာ ဒီကနေ့အထိ တရုတ်ပြည်မှာရှိတယ်။ အဲဒီနောက်ပိုင်း တရုတ်ပြည်မှာ ဗုဒ္ဓဘာသာဂိုဏ်းကြီး ဆယ်ဂိုဏ်းပေါ်ထွက်လာခဲ့တယ်။ ဂိုဏ်းနှစ်ဂိုဏ်းက အဓိက ဇင်(ဂျပန်က Zen လို့ခေါ်ပြီး၊ တရုတ်က Ch'an လို့ခေါ်သည်) ဗုဒ္ဓဘာသာကျင့်သုံးပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းက ထေရဝါဒ ဗုဒ္ဓဘာသာဂိုဏ်းတွေဖြစ်တယ်။ ထေရဝါဒဂိုဏ်းဟာ နောက်ပိုင်းမှာပျောက်ကွယ်သွားခဲ့တယ်။ ကျန်ဂိုဏ်းတွေ ကတော့ မဟာယာနဗုဒ္ဓဘာသာဖြစ်ကြတယ်။
       တရုတ်ပြည်ကနေပြီး အိန္ဒိယကိုဘုရားဖူးသွားခဲ့သူတစ်ဦးရှိတယ်။ သူကတော့ ဘုန်းတော်ကြီး Hsuan-Tsang ဖြစ်ပါတယ်။ အိန္ဒိယမှာ အေဒီ ၆၂၉ မှ ၆၄၅ အထိ သီတင်းသုံးနေထိုင်ခဲ့တယ်။ အိန္ဒိယမှ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကိုပင့်ဆောင်လာခဲ့ပြီး တရုတ်ဘာသာပြန်ဆိုခဲ့တယ်။ တရုတ်ယောဂစာရဂိုဏ်းချုပ်အဖြစ်ထင် ရှားတယ်။
   ၁၇ ရာစုမှာ တရုတ်နဲ့အိန္ဒိယဟာကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တယ်။ အဲဒီနောက်ပိုင်းကာလမှာ တရုတ်ဟာ ကံကျွေးစနစ် Feudalismထဲမှာစုံးစုံးမြှုပ်သွားပြီး၊ အိန္ဒိယက ကိုလိုနီစနစ်အောက်ကျဆင်းသွားခဲ့တယ်။ စစ်ပြီး ခေတ်ရောက်ပြန်တော့ တရုတ်ပြည်မှာတော်လှန်ရေးတွေနဲ့ရှုပ်ထွေးနေခဲ့ပြီး အိန္ဒိယကတော့ ဆိုရှယ်လစ်စနစ် နဲ့နှစ်ပါးသွားခဲ့တယ်။ ဒီကနေ့ခေတ်ကျတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ သံသယတွေနဲ့ပြည့်နှက်နေတယ်။
      လောလောဆယ်မှာ တရုတ်နဲ့အိန္ဒိယခေါင်းဆောင်ကြီးတွေဟာ ငြိမ်းချမ်းရေးနှင့်စီးပွားတိုးတက်ရေးကို ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြပေမယ့် တခြားတစ်ဘက်မှာလည်း နယ်ပယ်အသီးသီးမှာ ပြိုင်ဆိုင် မှုတွေရှိနေတယ်။
(မိတ်ဖက်လား၊ ပြိုင်ဖက်လား) တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာမှာ အိန္ဒိယကိုဝိုင်းပတ်ပြီးတည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဆောင်လျက်ရှိတယ်။ ဒါကို အိန္ဒိယကစိုးရိမ်တယ်။ အိန္ဒိယကလည်း တရုတ်ပိုင်တယ်လို့ ပြောနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အရှေ့တောင်အာရှနိုင်ငံအချို့နဲ့ပူးပေါင်းပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ဖို့ကြိုးပမ်းလျက်ရှိတယ်။ တရုတ်တို့က ဒေါကြီးမောကြီးနဲ့ကန့်ကွက်တယ်။
         တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံအကြား ပဋိပက္ခမဖြစ်ပွားရအောင် ဟန့်တားကာကွယ်နိုင်တဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမရှိဘူး။ အိန္ဒိယနိုင်ငံမှာတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ သူ့ရဲ့ကမ္ဘာတစ်လွှားရင်းနှီး မြှုပ်နှံ မှုရဲ့ ဝ.ဝ၅ ရာခိုင်နှုန်းပဲရှိတယ်။ တရုတ်နိုင်ငံမှာအိန္ဒိယရဲ့ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်အထိနည်းပါးသလဲဆိုရင် ဘယ်စာရင်းဇယားမှာမှ ဖော်ပြမခံရဘူး။
     နှစ်ဦးနှစ်ဖက် အပြန်အလှန်ကုန်သွယ်မှုကတော့တိုးတက်လာပါရဲ့၊ ဒါပေမယ့် ဒီလိုကုန်သွယ်မှုကလည်း  ၄င်းတို့ရဲ့ကမ္ဘာ့ကုန်သွယ်မှုစုစုပေါင်းနဲ့နှိုင်းယှဉ်ရင် အချိုးအစားကအင်မတန်နည်းလွန်းတယ်။ တရုတ်က အိန္ဒိယကိုတင်ပို့ရောင်းချမှုကသာများတယ်။ ၄င်းတို့ရဲ့ပမာဏနဲ့ခြေရာတွေကိုကြည့်ပြီးပြောရရင် နှစ်နိုင်ငံဟာ ဘယ်နေရာမှာမှ ရှိသင့်သလောက်အဆက်အသွယ်မရှိကြဘူး။ အံ့သြစရာကောင်းတာက နှစ်နိုင်ငံရဲ့မြို့ကြီး တွေအကြားမှာ တိုက်ရိုက်လေယာဉ်ပျံသန်းမှုခရီးစဉ်မရှိသလောက်ပါပဲ။
 အချို့ရဲ့အမြင်မှာတော့ အချင်းချင်းယှဉ်ပြိုင်မနေကြဘဲ ကိုယ့်နိုင်ငံကိုယ့်စီးပွားရေးနဲ့လူမှုရေးပြုပြင် ပြောင်းလဲ မှုတွေကို စူးစိုက်လုပ်ကိုင်သင့်ကြတယ်လို့မြင်ကြတယ်။ နှစ်နိုင်ငံစလုံးမှာ စီးပွားရေးတိုးတက်မှုနှေးကွေးလာ တယ်။ တရုတ်အတွက်တော့ စီးပွားရေးနှေးကွေးလာမှုဟာ ကောင်းတယ်လို့ဆိုနိုင်တယ်။ ပူချစ်နေအောင် အရှိန်ပြင်းပြင်းနဲ့စီးပွားရေးတိုးတက်နေမှုကို အေးဆေးသွားစေနိုင်တယ်။ အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံစလုံးမှာ နိုင်ငံခြားတင်ပို့မှုလျော့နည်းကျဆင်းလာတယ်။ ငွေဖောင်းပွမှုမြင့်တက်လာတယ်။ ဝင်ငွေမညီမျှမှု တိုးတက် လာတယ်။ အစိုးရနဲ့စီးပွားရေးသမားတွေက မြေယာသိမ်းပိုက်မှုတိုးမြှင့်လုပ်ကိုင်လာကြတဲ့အတွက် ကျယ် ကျယ်ပြန့်ပြန့်ဆန့်ကျင်ဆန္ဒပြကန့်ကွက်နေကြတယ်။ အာဏာပိုင်တွေရဲ့ လက်သင့်ရာစားတော်ခေါ် မှုတွေက လည်း ဒုနဲ့ဒေး။
 နှစ်နိုင်ငံစလုံးဟာ လူပေါင်းမြောက်မြားစွာကိုဆင်းရဲတွင်းနက်နေမှုမှကယ်တင်နိုင်ခဲ့ကြပေမယ့် ကျန် လူပေါင်းမြောက်မြားစွာဟာ မဝရေစာစားသောက်ပြီး ဘဝခရီးလျှောက်လှမ်းနေကြရဆဲဖြစ်တယ်။ တရုတ် နိုင်ငံအတွက် လိုက်နာစရာစည်းကမ်းဥပဒေတွေမရှိပေမယ့် အိန္ဒိယနိုင်ငံအဖို့ လိုက်နာစရာဥပဒေစည်း ကမ်းတွေ အများအပြားရှိတယ်။
    တရုတ်နိုင်ငံဟာ အက်ဆက်ပူဖောင်းတွေ၊ ပြန်မဆပ်နိုင်တဲ့ဘဏ်ကြွေးတွနဲ့ စီးပွားရေးကိုချိန်ညှိတည့်မတ်ဖို့ ရုန်းကန်လှုပ်ရှားနေရပြီး နိုင်ငံတော်ကညွှန်ကြားကြပ်မတ်တဲ့ရင်းနှီးမြှုပ်နှံမှုကနေပြီး စားသုံးသူဦးဆောင်တဲ့ စီးပွားရေးတိုးတက်မှုဆီရွှေ့ပြောင်းနိုင်ဖို့ လုပ်ဆောင်နေကြရတယ်။ အိန္ဒိယနိုင်ငံမှာတော့ခြစားမှုတွေနဲ့ ဘတစ်ပြန်ကျားတစ်ပြန် နပန်းလုံးနေကြရတယ်။

(သဘောတရားအမြင်နဲ့လက်တွေ့ဘဝ) ကမ္ဘာကအိန္ဒိယရဲ့ပုံရိပ်ကို တရုတ်ထက်ပိုပြီးလက်ခံနိုင်တယ်။  အိန္ဒိယ ကိုလှမ်းကြည့်လိုက်တာနဲ့  မဟတ္တမဂန္ဒီ၊ ယောဂနဲ့ဘာသာရေးတွေကို မြင်ကြတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ ဆင်ကြီးတစ်ကောင်လို့ယူဆကြတယ်။ ပြီးတော့ ကုန်ပစ္စည်းတွေကိုမတရားဈေးနှုန်းလျှော့ချပြီး နိုင်ငံခြား မတင်ပို့ဘူး။ တရုတ်ကိုလှမ်းကြည့်လိုက်ရင် ဧရာမနဂါးကြီးလို့ထင်မြင်ကြရတယ်။ တစ်ချိန်ချိန်မှာ နဂါးမှန်း သိအောင်အမောက်ထောင် ပြနိုင်တယ်။ ပွေ့ဖက်ထားစရာကောင်းတဲ့ပန်ဒါဝက်ဝံလေးတစ်ကောင်မဟုတ်တာ သေချာတယ်။ စီးပွားရေးမှာ ကုန်သည်ဝါဒကျင့်သုံးတယ်။ ပိုင်ဆိုင်မှုတွေအပေါ် ငမ်းငမ်းတက်လိုချင်မက်မော မှုရှိတယ်။ လိုအပ်ရင် ခြိမ်းခြောက်မှုလုပ်နိုင်တယ်။
     အိန္ဒိယက ဒီမိုကရေစီစနစ်ကျင့်သုံးတယ်။ တရုတ်က အာဏာရှင်စနစ်ကိုပွေ့ပိုက်ထားတယ်။ အိန္ဒိယမှာ ဆန္ဒပြသူတွေနဲ့ပြည့်နှက်နေတယ်။ တရုတ်မှာက နိုင်ငံရေးသဘောထားကွဲလွဲသူတွေအပေါ် နှိပ်ကွပ်တယ်။ ဒါပေမယ့် ရေရှည်မှာ ဘယ်စီးပွားရေးလမ်းစဉ်က ပိုပြီးအောင်မြင်မှုရရှိနိုင်မလဲ။ နိုင်ငံတော်အရင်းရှင်ဝါဒ လား။ ဒါမှမဟုတ် ပုဂ္ဂလိကလွတ်လပ်မှုလား။ တနည်းပြောရရင် ချုပ်ကိုင်ထားတဲ့စီးပွားရေးနဲ့လွတ်လပ်တဲ့ စီးပွားရေးအကြားယှဉ်ပြိုင်ပွဲမှာ ဘယ်နိုင်ငံက ဗိုလ်စွဲနိုင်မလဲ။
(အိန္ဒိယရဲ့လွတ်လပ်မှုမဏ္ဍိုင်) ဘောဂဗေဒပညာရှင်တွေနဲ့စီးပွားရေးသမားတွေက အိန္ဒိယနဲ့တရုတ်ကိုနှိုင်း ယှဉ်ပြောဆိုကြတဲ့နေရာမှာ အလွဲလွဲအမှားမှားဖြစ်နေတယ်လို့ အချို့ကမြင်တယ်။  တရုတ်ဗျူရိုကရက်တွေ ဟာ လမ်းဖောက်တံတားဆောက်တာမှာ ပိုပြီးကောင်းအောင်လုပ်ဆောင်နိုင်ကြပေမယ့်  အစိုးရကအမိန့်ပေး ခိုင်းစေပြီး လူ့အခွင့်အရေးကိုနှိပ်ကွပ်ပိတ်ပင်တဲ့ နိုင်ငံရဲ့စီးပွားရေးဟာ ဘယ်လိုလုပ်ရေရှည်တိုးတက်နိုင် မလဲလို့ အချို့က သုံးသပ်ကြတယ်။
      နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံဖြိုးတိုးတက်ရေးဆိုတာက စီးပွားရေးစွမ်းဆောင်ရှင်တွေရဲ့စွမ်းပကား၊ တောင့် တင်းခိုင်မာတဲ့ပုဂ္ဂလိကအခန်းကဏ္ဍ၊ ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရေးပွင့်လင်းမြင်သာမှုအပေါ်မူတည်တယ်။  အိန္ဒိယမှာ စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့အခြေခံအုတ်ချပ်တွေ Building Blocks ရှိတယ်။  ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ပထမတန်းစားထွန်းသစ်စစီးပွားရေးအဖြစ် တရုတ်ကိုကျော်တက်သွားနိုင် တယ်။
     ဟုတ်ပါတယ်။ အိန္ဒိယစီးပွားရေးဟာ  တရုတ်တို့လောက်တိုးတက်မှုမမြန်ဘူး။ ဆင်းရဲသားအရေအတွက် ကလည်း တရုတ်ထက် နှစ်ဆပိုများတယ်။ ဒီမိုကရေစီရဲ့မူဝါဒရေးဆွဲရေးအစီအမံတွေကလည်း အချေအတင် ဆွေးနွေးငြင်းခုံမှုဝဲသြဃထဲကရုန်းမထွက်နိုင်ဘူး။ ဘေဂျင်းနဲ့ရှန်ဟိုင်းကို မြန်နှုန်းမြင့်ရထားတွေနဲ့ ဆက်သွယ် ထားတယ်။ ဒါပေမယ့် နယူးဒေလီနဲ့မွမ်ဘိုင်းကိုဆက်သွယ်ထားတဲ့ကားလမ်းတွေက ဖုန်တထောင်းထောင်းနဲ့။ တရုတ်လမ်းမကြီးတွေရဲ့ ဝဲယာတစ်ဘက်တစ်ချက်မှာ ခေတ်မီတိုက်တာအိုးအိမ်တွေက အစီအရီ။ အိန္ဒိယ လမ်းမကြီးတွေရဲ့ ဘေးမှာတော့ တဲပုတ်၊ တဲစုတ်တွေ။
  ဒါပေမယ့် ဘယ်အရာမဆိုအပေါ်ယံကြည့်ပြီးတော့ အဆုံးအဖြတ်ပေးလို့မရဘူးပေါ့။ အပြင်ပန်းကကြည့်ရင် တရုတ်စီးပွားရေးဟာ ပြောင်လက်ဝင်းထိန်ပေမယ့်  အတွင်းမှာတော့ဒီလောက်မဟုတ်ဘူး။ အိန္ဒိယစီးပွားရေး ကိုအတွင်းနှိုက်ကြည့်ရင် တရုတ်ထက်ပိုပြီး အင်အားကောင်းတာတွေ့မြင်နိုင်တယ်။  တရုတ်စီးပွားရေးဟာ အိန္ဒိယထက်သုံးဆကြီးမားတယ်။ ဒါပေမယ့် တရုတ်စီးပွားရေးတိုးတက်မှုနှုန်းက  နှေးကွေးလာတယ်။ တစ် ချိန်မှာ အိန္ဒိယကအမီလိုက်လာနိုင်တယ်။
 လူဦးရေတိုးပွားဆုတ်ယုတ်မှုစာရင်းဇယားတွေကိုကြည့်ရင် တရုတ်ကသက်ကြီးရွယ်အိုတွေ တိုးပွားလာ တယ်။ အိန္ဒိယမှာက ပျိုမျစ်တဲ့လူငယ်လူရွယ်တွေတိုးမြင့်လာတယ်။ နောင်တစ်ချိန်မှာ တရုတ်ရဲ့ကုန်ထုတ်စွမ်း အားကျဆင်းပြီး  အိန္ဒိယကမြင့်တက်လာနိုင်တယ်။  အိန္ဒိယစီးပွားရေးမှာတိုးတက်မှုအတွက် ဘက်ညီတဲ့ရင်း မြစ်တွေရှိတယ်။ ပြည်တွင်းဝယ်လိုအားမြင့်မားမှုကြောင့် ပြည်ပရှော့ခ်ကိုခံနိုင်ရည်ရှိတယ်။
    တရုတ်စီးပွားရေးက တစ်ဘက်စောင်းနင်းကြီးဖြစ်နေတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားတင်ပို့ရောင်းချရေး  အပေါ်အားထားမှု အလွန်အကျွံကြီးဖြစ်နေတယ်။ ဘောဂဗေဒပညာရှင်တွေရဲ့အမြင်မှာ တရုတ်အနေနဲ့ ပြည် တွင်းပုဂ္ဂလိကစားသုံးမှုကို အခုထက်ပိုပြီးတိုးမြှင့်ဖို့လိုတယ်လို့ရှုမြင်ကြတယ်။ ဒါမှပဲ ရေရှည်စီးပွားရေးတိုး တက်နိုင်မယ်ဆိုပြီး ထောက်ပြကြတယ်။ ၂ဝဝ၈ ခုနှစ် မဟာစီးပွားရေးကျဆင်းမှုကြီး Great Recession ကာလတုန်းက တရုတ်စီးပွားရေးဖရိုဖရဲမဖြစ်ရအောင် ကြီးမားတဲ့နိုးထရှင်သန်ရေးအစီအမံတွေ Stimulus Plans နဲ့ ကျားကန်ပေးခဲ့ကြရတယ်။ အိန္ဒိယမှာတော့ ဒီလောက်ထိလုပ်ဆောင်ပေးစရာ မလိုခဲ့ဘူး။
  တရုတ်ရဲ့နိုးထရှင်သန်ရေးစီမံချက်တွေက တရုတ်ဘဏ္ဍာရေးစနစ် ပီပီပြင်ပြင်မရှိသေးကြောင်း ဖော် ညွှန်းပြသခဲ့တယ်။ တရုတ်မှာရောအိန္ဒိယမှာပါ နိုင်ငံပိုင်ဘဏ်လုပ်ငန်းတွေ ကြီးမားတဲ့အတိုင်းအတာတစ်ခု အထိပါဝင်ပေမယ့် တရုတ်ဘဏ်လုပ်ငန်းမှာ ဗျူရိုကရက်တွေဝင်ရောက်စွက်ဖက်မှု သိပ်များတယ်။  ဒါကြောင့် တရုတ်ဘဏ်တွေဟာ ရင်းမြစ်တွေခွဲဝေသုံးစွဲရာမှာ စွမ်းဆောင်နိုင်အားပျော့ညံ့တယ်။ အိန္ဒိယဘဏ်တွေ ကတော့ ကူးသန်းရောင်းဝယ်ရေးအပေါ်အခြေခံပြီး လုပ်ငန်းဆောင်ရွက်ကြတယ်။
   အိန္ဒိယရဲ့ကော်ပိုရိတ်ကဏ္ဍဟာ တရုတ်ထက်တက်ကြွကတယ်။ စီမံခန့်ခွဲမှုပိုကောင်းတယ်။ ဘဏ္ဍာရေးအရ ပိုပြီးတောင့်တင်းတယ်။ အမြတ်မာဂျင်ပိုများတယ်။ ရင်းနှီးမှုအပေါ်ပြန်ပေါ်နှုန်း Returns မြင့်မားတယ်။ ဒါပေမယ့် ကော်ပိုရေးရှင်းတွေဟာကြွေးပိနေကြတယ်။ ၂ဝ၁ဝ စာရင်းအရ ဘဏ်ကြွေးမြီတွေဟာ တရုတ် GDP ရဲ့ ၁၃၉ ရာခိုင်နှုန်းလောက်မြင့်မားတယ်။ အိန္ဒိယဘဏ်ကြွေးမြီဟာ အိန္ဒိယဂျီဒီပီရဲ့ ၄၉ ရာ ခိုင်နှုန်း လောက်ပဲရှိတယ်။
(တရုတ်ရဲ့စီမံကိန်းအားမာန်) ဘာပဲပြောပြော အခုနေအခါမှာ တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု ပြီးရင် ကမ္ဘာ့ဒုတိယအကြီးမားဆုံးစီးပွားရေးဖြစ်တယ်။ ဒီရာစုနှစ်ရဲ့ ပထမဆယ်စုနှစ်အတွင်းမှာ တစ်နှစ် ၁ဝ ရာခိုင်နှုန်းနီးပါးနဲ့တိုးတက်ခဲ့တယ်။ တစ်ဦးချင်းဝင်ငွေတိုးတက်မှုနှုန်းက ၂ဝ၁ဝ ပြည့်နှစ်မှာ ကိုးရာခိုင်နှုန်းမြင့် တက်ခဲ့တယ်။ ကုန်ချောထုတ်လုပ်မှုက တစ်နှစ် ၁ဝ ရာခိုင်နှုန်းနဲ့တိုးပွားလျက်ရှိတယ်။ အိန္ဒိယနဲ့မတူတဲ့ အချက်က ပြည်ပငွေပေးငွေယူရှင်းတမ်းလက်ကျန်ရဲ့သာမန်စာရင်း Current Account မှာ ပိုငွေပြနေတယ်။ ပြီးတော့နိုင်ငံခြားအရန်ငွေ Foreign Exchange Reserves က တရုတ်လက်ထဲမှာ အမေရိကန်ဒေါ်လာ သုံးထရီလီယံကျော် ကိုင်ထားတယ်။ တရုတ်ရဲ့ယွမ်ငွေတန်ဖိုးက တစ်စတစ်စမြင့်တက်လာနေတယ်။
 တရုတ်နိုင်ငံတိုးတက်ရေးအတွက် လုပ်ဆောင်ရမယ့်စီမံကိန်းတွေကို တရုတ်အစိုးရက အာဏာသုံး အမိန့်ပေးစနစ်နဲ့ ညွှန်ကြားစေခိုင်းတယ်။ နိုင်ငံပိုင်ဘဏ်တွေကိုအမိန့်သြဇာသုံးပြီး မြန်နှုန်းမြင့်ရထားတွေ၊ ဒစ်ဂျစ်တယ်ကွန်ရက်တွေ၊ လေဆိပ်တွေ၊ တံတားတွေ၊ မြေအောက်ရထားလမ်းတွေနဲ့ အားကစားအဆောက် အအုံတွေတည်ဆောက်ဖို့အတွက် ငွေကြေးစိုက်ထုတ်ချေးငှားဖို့အမိန့်ပေးတယ်။ ဒီလိုနဲ့ တရုတ်ပြည်ရဲ့ အခြေ ခံအဆောက်အအုံတွေ Infrastructure  ငွားငွားစွင့်စွင့် ထွက်ပေါ်လာခဲ့တယ်။
    ချင်တူး-Chengdu မြို့ကလေး တိုးတက်ဖြစ်ပေါ်လာပုံကို သာဓကထုတ်ပြနိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက တရုတ်အာဏာပိုင်တွေဟာ ဆီချွမ်  Sichuan  ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ချင်တူးမြို့စက်မှု လုပ်ငန်းအခြေခံတွေကို အဆင့်မြှင့်တင်ပေးလိုတဲ့အတွက် လမ်းတွေနဲ့ရထားလိုင်းတွေကို တည်ဆောက်ပြု ပြင်ခဲ့ပြီး ဧရာမစက်မှုဇုန်တစ်ခု ထူထောင်ပေးခဲ့တယ်။ နောက်ဆုံးပေါ်ဆက်သွယ်ရေးစနစ်တွေတပ်ဆင်ပေး တယ်။ ဒေသဆိုင်ရာတက္ကသိုလ်ကြီးတွေ၊ နည်းပညာအင်စတိကျုတွေ တည်ဆောက်ပေးတယ်။ အီလက်ထ ရွန်းနစ်နဲ့ အင်ဂျင်နီယာသက်မွေးဝမ်းကျောင်း အလုပ်သင်ကျောင်းတွေဖြည့်ဆည်းပေးတယ်။ ဒီကနေ့ ချင်တူး မြို့ဟာ ပျားပန်းခတ်မျှတိုးတက်စည်ကားနေပါပြီ။ တကယ်တော့ တရုတ်နိုင်ငံဟာ  အခြားမြို့တွကိုလည်း ဒီလို စီမံကိန်းတွေနဲ့တည်ဆောက်ပေးခဲ့တယ်။ အစိုးရရဲ့စီမံကိန်းတွေမပါဘဲနဲ့ တရုတ်ပြည်ဟာ အခုလောက် မတိုး တက်နိုင်ဘူး။ အခြေခံအဆောက်အအုံတွေပြည့်စုံလို့ နိုင်ငံခြားကကုမ္ပဏီတွေ လာရောက်အလုပ်လုပ်ကိုင် နေကြတာဖြစ်တယ်။ အိန္ဒိယအစိုးရအနေနဲ့ တရုတ်လိုအခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့လိုတယ်။ ဒါမှ နိုင်ငံခြားကုမ္ပဏီတွေ  အိန္ဒိယလာရောက်ပြီးရင်းနှီးမြှုပ်နှံကြမှာဖြစ်တယ်။ ဒါပေမယ့် အခြား  တစ်ဘက်မှာ လည်း အိန္ဒိယနိုင်ငံဟာ  အခြေခံအဆောက်အအုံ ကောင်းမွန်လုံလောက်မှုမရှိဘဲနဲ့ တိုးတက်လာခဲ့တယ်။ တကယ်လို့ တရုတ်လိုသာအိန္ဒိယမှာ အခြေခံအဆောက်အအုံကောင်းမွန်ပြည့်စုံမယ်ဆိုရင် ဒိထက်မကတိုးပြီး စီးပွားရေးတိုးတက်နိုင်တယ်လို့ ထောက်ပြကြတယ်။
       အချို့က အိန္ဒိယနိုင်ငံလိုပဲ  တရုတ်မှာလည်း ပုဂ္ဂလိကကဏ္ဍရှင်သန်နေပါတယ်လို့ဆိုကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက်ကစပြီး ပုဂ္ဂလိကကဏ္ဍဟာ ပြည်သူ့ကဏ္ဍထက် မြန်မြန်ဆန်ဆန်တိုးတက် လာခဲ့တယ်လို့ ထောက်ပြကြတယ်။ ဘဏ်တွေက အသေးစားလုပ်ငန်းတွေကို ငွေထုတ်ချေးခြင်းမရှိပေမယ့် သူတို့ဘာသာသူတို့ ရင်းနှီးမြှုပ်နှံပြီးတိုးတက်လာခဲ့ကြခြင်းဖြစ်တယ်လို့ ဆိုကြတယ်။
  တရုတ်ရဲ့အားသာချက်တစ်ခုက အစိုးရအနေနဲ့ပညာရေးကိုဇောက်ချပြီး အားပေးမြှင့်တင်နေခြင်းဖြစ်တယ်။ တရုတ်ဟာသူ့ရဲ့လုပ်သားထု ဒါမှမဟုတ် တစ်ချိန်မှာ လုပ်သားထုထဲရောက်လာမယ့်လူငယ်တွေကို ပညာ တတ်တွေဖြစ်အောင် အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိတယ်။ အနာဂတ်တိုင်းပြည် တိုးတက်ရေးအတွက် အဓိကအရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်စေချင်တယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ပညာရေးနဲ့ကျန်းမာရေးကို သေရေးရှင်ရေးတမျှအရေးကြီးတဲ့ကိစ္စအဖြစ် အလေးထားရှေ့တန်းတင်ပြီး ဆောင် ရွက်ဖို့လိုတယ်။
       တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိန္ဒိယနိုင်ငံက တရုတ်ပြည်ကိုစီးပွားရေးအရ ကျော်လွှားသွားနိုင်တယ်လို့ တွေးကြတဲ့အထဲမှာ ဒီအချက်က အဓိကအခန်းကဏ္ဍမှပါဝင်တယ်။ လာမယ့်နှစ် ၂ဝ ကာလမှာ တရုတ်ဟာ  သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်းဖြစ်သွားနိုင်တယ်။ အဲဒီအချိန် အိန္ဒိယမှာ လူငယ်လူရွယ်တွေနဲ့ပြည့်နှက်  နေနိုင်တယ်။ ဂျီဒီပီအရပြောမယ်ဆိုရင် တိုးတက်ပြီးအလုပ်လုပ်နိုင်တဲ့အရွယ်လူဦးရေတိုးပွားမှုဟာ စီးပွားရေး ကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်တယ်။ ဒါပေမယ့် အိန္ဒိယအနေနဲ့  ဒီလူငယ်တွေအတွက် ပညာတတ် အောင်သင်ကြားပေးနိုင်မယ့်အစီအစဉ်တစ်ရပ် အဆင်သင့်ဖြစ်နေဖို့လိုအပ်တယ်။
      တကယ်တော့ တရုတ်နဲ့အိန္ဒိယတို့ရဲ့ ချင်ဒီယာပြိုင်ပွဲဟာ  စီးပွားရေးတိုးတက်မှုပြိုင်ပွဲသာမဟုတ်ဘဲ နောက်ကွယ်ကပါဝင်တဲ့ ပညာအရည်အသွေးစွမ်းရည်ပြိုင်ပွဲလို့လည်း ဆိုနိုင်မယ်ထင်ပါရဲ့။
မင်းရွှေမောင်
(ယူတာကဒီနေရာကပါ) http://www.zaygwet.com/eco_opinion.php?id=165
Ref: 1. Michael Schuman: " The case for India: Free to Succeed .
2. Bill Powell:" The case for China: The Power of Planning" Time , Nov 11 2011.
3. The Seeker's Glossary of Buddhism (1998)

0 comments:

Post a Comment