မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
အင်္ဂလိပ်စာတတ် မြန်မာပရိသတ်အချို့သည် စာရေးဆရာကြီး ဒီအိပ်ခ်ျလော့ရင့်ရေးသည့် “လေဒီချက်တာလေ၏ချစ်သူ” ဝတ္ထုကို ကြားဖူးကြ၏။ အချို့လည်း ဖတ်ဖူးကြ၏။ ဖတ်ဖူးကြသည်ဆိုသော်လည်း လောရင့် အပြည့်အစုံရေးထားသောဝတ္ထုကားမဟုတ်။ ထုတ်ဝေသူတို့ဖြတ်တောက်ထားသော “လေဒီချက်တာလေ၏ ချစ်သူ” ကိုသာ ဖတ်ဖူးကြခြင်းဖြစ်၏။
ထို လေဒီချက်တာလေ၏ချစ်သူဝတ္ထု အပြည့်အစုံကို ညစ်ညမ်းသည်ဟူ၍အရေးယူခံရမည်စိုးသောကြောင့် အင်္ဂလိပ်လူမျိုးစာရေးဆရာကြီးသည် မိမိတိုင်းပြည်အင်္ဂလန်၌မထုတ်ဝေဝံ့ပဲ အီတလီ၊ ပြင်သစ်စသောနိုင်ငံများမှ ထုတ်ဝေခဲ့ရသည်။ အင်္ဂလန်၌ထုတ်ဝေသောစာအုပ်မှာ ဖြတ်တောက်ထားသောဝတ္ထုမျှသာဖြစ်၏။
ထို လေဒီချက်တာလေ၏ချစ်သူဝတ္ထုကို ဒီအိပ်ခ်ျလောရင့်သည် သုံးကြိမ်ရေးလေသည်။ ၁၉၂၆ ခုနှစ် အောက်တိုဘာလတွင် သူသည် အင်္ဂလန်ပြည်သို့ နောက်ဆုံးအခေါက်အဖြစ်ရောက်ပြီးအပြန်တွင် အီတလီပြည် ဖလောရင့်နယ်၊ စကင်ဒီချီမြို့၊ ဗီလားမီရင်ဒါးအမည်ရှိသောအိမ်တွင် စ၍ရေးသည်။ ၁၉၂၇ ဇန်နဝါရီလတွင် ပထမစာမူပြီးစီးလေသည်။ ထိုနှစ် ဧပြီလတွင် ဒုတိယစာမူကိုရေးပြန်သည်။ ၁၉၂၇ ခုနှစ် ကုန်ဆုံးခါနီးတွင် လောရင့်သည် အတော်ပင်မကျန်းမမာဖြစ်နေသည့်ကြားမှ တတိယစာမူကိုရေးလေရာ ၁၉၂၈ ဇန်နဝါရီလတွင် ပြီးစီးလေသည်။
နောက်ဆုံးစာမူကို အင်္ဂလိပ်စာရေးဆရာကြီး အောက်လ်ဒတ်စ်ဟတ်စလေးဇနီး၏အကူအညီနှင့် လက်နှိပ်စက်ဖြင့်ကူးပြီးလျှင် လောရင့်မြို့ရှိ စာအုပ်ရောင်းသမား အော်ရိယိုလီအား မိတ်ဆွေများတဝိုက်တွင် ပုံနှိပ်ရန်ထုတ်ဝေစေသည်။ ယင်းသို့ပုံနှိပ်ရာ၌ ပုံနှိပ်သူစာစီတို့မှာ အင်္ဂလိပ်စာလုံးဝမတတ်ကြချေ။ အင်္ဂလိပ်စာလုံးများကို လက်နှိပ်စက်မူမှာပါသည့်အတိုင်းကြည့်၍ စီကြရိုက်ကြသည်။
၁၉၂၈ ခုနှစ် မတ်လ ၁၅ရက်နေ့တွင် လောရင့်သည် အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ရှိ မိတ်ဆွေများထံသို့ သူ့ဝတ္ထုစာအုပ်ဝယ်ရန် စာရင်းသွင်းပုံစံများကို စ၍ပို့သည်။ ဧပြီလတွင် သူသည် ပရုများကို စ၍ဖတ်သည်။ မေလ ၂၄ ရက်နေ့တွင် နောက်ဆုံးပရုကိုဖတ်၍ပြီးသည်။ စာအုပ်ရိုက်နှိပ်ပြီးသည်နှင့်တပြိုင်နက် ဇူလိုင်လပထမပတ်တွင် စာရင်းသွင်းထားသူများထံသို့ စာတိုက်မှပို့လေသည်။ ထိုနှစ်မကုန်ခင်မှာပင် ပုံနှိပ်သူ အောရိလိယိုက ဒုတိယအကြိမ် အုပ် ၂၀၀ ထပ်၍ရိုက်ပြီးလျှင် စက္ကူအကြမ်းစားဖြစ်သောကြောင့် တစ်ဂီနိနှင့်ရောင်းလေသည်။ (ပထမအကြိမ်တွင် အုပ်ရေ ၁၀၀၀ ရိုက်သည်။ တအုပ်လျှင် နှစ်ပေါင်နှင့်ရောင်းသည်)
ဝတ္ထုမှာလူကြိုက်များသဖြင့် အမေရိကန်ပြည် ပြင်သစ်ပြည်တို့တွင် ခိုး၍ရိုက်ကြသည်။ ထိုသို့ ခိုးရိုက်ခြင်းကို ရပ်တန့်စေရန် လောရင့်ကိုယ်တိုင်ပင် ပဲရစ်မြို့တွင် ၁၉၂၉ ခုနှစ် မေလ၌ (စာရေးဆရာများ၏ အများသုံးစာအုပ်ထုတ်ဝေခြင်း) ဟုခေါ်ဆိုကာ ထုတ်ဝေသည်။ ထိုအကြိမ်ထုတ်ဝေရာတွင် လောရင့်က လေဒီချက်တာလေ၏ချစ်သူဝတ္ထု၌ ညစ်ညမ်းသောစကားလုံးများပါသည်ဟူသောစွပ်စွဲချက်ကိုချေပသည့် နိဒန်းဆောင်းပါးကိုထည့်သွင်းပေးသည်။
ထို့နောက် ၁၉၃၀ ခုနှစ် လောရင့်ကွယ်လွန်ပြီးနောက် နှစ်နှစ်ခန့်တွင် နူးယော့ခ်မြို့ရှိ အဲလ်ဖရက်ကနော့ဖ်နှင့် လန်ဒန်မြို့က မာတင်ဆက်ကားတို့သည် ဝတ္ထုကိုအကျဉ်းချုပ်ပြီးလျှင် ထုတ်ဝေကြသည်။ ညစ်ညမ်းသည်ဆိုသောအပိုင်းများကို ဖြတ်တောက်၍ထုတ်ဝေသဖြင့် လေရင့်၏မူရင်းဝတ္ထုဟုမဆိုသာပေ။ မူရင်းအပြည့်အစုံကို ဥရောကတိုက်၌သာ ထုတ်ဝေရဲလေသည်။ အင်္ဂလန်ပြည်နှင့်အမေရိကန်ပြည်တို့၌ ဥပဒေကိုကြောက်နေကြရ သောကြောင့် မဝံ့ရဲကြချေ။
အမေရိကန်ပြည်၌ လောရင့်၏ပထမစာမူကိုယူ၍ ဒိုင်ယလ်ပုံနှိပ်တိုက်က ပထမလေဒီချက်တလေဟူသော အမည်ဖြင့်ထုတ်ဝေခဲ့သည်။ ဒုတိယစာမူကိုမူ မည်သူကမျှ မူလအတိုင်းမထုတ်ကြပါ။ သို့ရာတွင် အီတလီပြည်၌ အီတာလျံဘာသာပြန်၍ ထုတ်ဝေခဲ့လေသည်။
လောရင့်၏စာစုတွင် ဤ လေဒီချက်တာလေ၏ချစ်သူဝတ္ထုမှာ နောက်ဆုံးဝတ္ထုကြီးဖြစ်သည်။ လောရင့်သည် ဤဝတ္ထုကို သုံးကြိမ်ရေးသည်။ ပထမရေးပြီးစာမူကို ထပ်၍ပြင်ခြင်းမဟုတ်။ စာမူသုံးခု ပေါ်ပေါက်လာလေအောင် သုံးကြိမ်ပြန်၍ရေးခြင်းဖြစ်သည်။ ထိုစာမူသုံးခုလုံးသာ် ယခုအခါ၌ လောရင့်၏ဇနီး ကွန်လွန်သူဖရီဒါး၏ဒုတိယခင်ပွန်း အိန်ဂျယ်လ်လိုရဝက်ဂလီ၏ လက်ဝယ်တွင်ရှိသည်ဟုဆိုသည်။
၁၉ ၅၉ ခုနှစ်တွင် ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေကို ဗြိတိသျှပါလီမန်ကပြဋ္ဌာန်း လိုက်သောအခါ ယင်းဥပဒေ၌ချွင်းချက်များပါရှိလာသည်။ ညစ်ညမ်းသောစာအုပ်နှင့်စာပေကို ခွဲခြားသတ်မှတ်ထားချက်များပါလာလေသည်။
ပင်ဂွင်းစာအုပ်တိုက်သည် ထိုဥပဒေ၏အကာအကွယ်ဖြင့် စာရေးဆရာကြီးလောရင့်အပြည့်အစုံရေး သားထားသော လေဒီချက်တာလေ၏ချစ်သူဝတ္ထုကို ၁၉၆၀ ခုနှစ် ထုတ်ဝေလိုက်၏။
ဤတွင် အင်္ဂန်အစိုးရပင် ပင်ဂွင်းစာအုပ်တိုက်ကို ညစ်ညမ်းသောစာအုပ်ထုတ်ဝေမှုဖြင့် တရားစွဲဆိုခဲ့လေရာ၊ အမှုစစ်ဆေးသောအခါ ပင်ဂွင်းစာအုပ်တိုက်က အစိုးရရှေ့နေချူပ်ကြီး၏စွဲချက်တင်ပုံ၊ သက်သေများထွက်ဆိုပုံတို့ကို အသေးစိတ်မှတ်တမ်းတင်ကာ “လေဒီချက်တာလေ၏အမှု”ဟူသောစာအုပ်ကို ပြုစုထုတ်ဝေပြန်လေသည်။ အောက်ပါဆောင်းပါးမှာ အဆိုပါစာအုပ်မှ အချက်အလက်များကို ရွေးနှုတ်ချူပ်ယူ၍တင်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ရှူမဝ၏သက်တမ်းတလျှောက်တွင် ရှူမဝသည်ရာဇဝတ်မှုအားပေးသောအောက်လမ်းစာအုပ်များ၊ ကာမရာဂလှုံ့ဆော်သောစာအုပ်များကို အမြဲတမ်းဆန့်ကျင်ခဲ့သည်။ ဤဆောင်းပါးကို ထည့်သွင်းရာ၌ ရှူမဝ၏ရည်ရွယ်ချက်မှာ (၁) စာပေနှင့် ညစ်ညမ်းသောစာအုပ်ကို စာဖတ်သူတို့ခွဲခြားသိမြင်နိုင်စေရန် (၂) ပွက်လောရိုက်သွားစေသည့် “လေဒီချက်တာလေ၏ချစ်သူ”နှင့်စပ်လျဉ်း၍ ပါမောက္ခများ၊ စာပေဝေဘန်ရေးဆရာများ၊ စာာရေးဆရာများ၊ ဥပဒေပညာရှင်များ စသူတို့၏ထင်မြင်ချက်တို့ကို ရှူမဝပရိသတ်များကြားနာနိုင်စေရန် (၃) နိုင်ငံတွင် အောက်လမ်းစာပေများမပေါ်ပေါက်ရေးအတွက် ပြည်သူတို့ကပါ အသိညာဏ်ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြစေရန် (၄) ၁၉၅၉ ခုနှစ် ညစ်ညမ်းသောစာပေပုံနှိပ်ရေးအက်ဥပဒေအရ ပထမဆုံးတရားစွဲခံရသောဝတ္ထုဖြစ်ပြီး Test case ဥပဒေကို မှတ်ကျောက်တင်ကြည့်သောအမှုဖြစ်နေ သဖြင့်လည်း စာပေလိုက်စားသူများ လေ့လာလိုက်စားစေရန်ရည်သန်၍ ထည့်သွင်းလိုက်ခြင်းဖြစ်ပေသည်။ (စာတည်း)
၁၉၆၀ ခုနှစ်သည် ကမ္ဘာကျော်“လေဒီချက်တာလေ၏ချစ်သူ” အမည်ရှိဝတ္ထုကိုရေးသူ ဒီအိပ်ခ်ျလောရင့်၏ ၇၅ ကြိမ်မြောက်နှစ်ပတ်လည်ဖြစ်သည်။ သူ ကွယ်လွန်သည့် အနှစ် ၃၀ မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ထိုနှစ်တွင် ကမ္ဘာကျော် “ပင်ဂွင်း”စာအုပ်တိုက်က “လေဒီချက်တာလေ၏ချစ်သူ” မူရင်းဝတ္ထုကို အင်္ဂလန်ပြည်တွင် ပထမဆုံးအကြိမ်ထုတ်ဝေလိုက်သည်။ ယခင်က ညစ်ညမ်းသည်ဟုဆိုကာ ထုတ်ခွင့်မရပဲနေခဲ့ရာမှ ပထမဆုံးအကြိမ်ထုတ်ဝေခြင်းပေတည်း။
ဤတွင် အစိုးရရှေ့နေချူပ်ကြီးက “ပင်ဂွင်း”စာအုပ်တိုက်အား ၁၉ ၅၉ ခုနှစ် ညစ်ညမ်းသောစာပေ ပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေအရ စွဲချက်တင်လိုက်သည်။
“ယေဘုယျ ခြုံ၍ကြည့်ပါက စာအုပ်၏အကျိုးသက်ရောက်မှုသည် စာအုပ်ထဲတွင်မရှိသည့်အကြောင်းအရာများကို ဖတ်စရာအကြောင်းရှိသူများအား ဟီရိသြတ္တပ္ဗတရားကင်းမဲ့ကြောင်းနှင့် အကျင့်စာရိတ္တပျက်ပြားစေကြောင်းရည်ရွယ်ရန်ကဲ့သို့ဖြစ်လျှင် ထိုစာအုပ်ကို ညစ်ညမ်းသည်ဟုမှတ်ယူရမည်.......” လို့ဖော်ပြထားပါတယ်။ ဒါဟာ “ညစ်ညမ်း”သော ဆိုတဲ့စကားကို အဓိပ္ဗါယ်ဖွင့်ဆိုချက်ပင်ဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၂)ကတော့ အဲဒီလိုညစ်ညမ်းတဲ့စာကို ပုံနှိပ်သူကိုပေးရမယ့်ပြစ်ဒဏ်နဲ့ပတ်သက်ပါတယ်။ ခု ကျနော်ဖော်ပြတဲ့ ပုဒ်မ(၄)ကတော့ အဆိုပါပြစ်မှုက ကင်းလွတ်ချက်ပုဒ်မဖြစ်ပါတယ်။ အကယ်၍ ဥပဒေပုဒ်မ (၁)အရ ညစ်ညမ်းတယ်လို့ဆိုနိုင်တဲ့စာအုပ်ကို ပုံနှိပ်ထုတ်ဝေမိသည့်တိုင် ခု ဖော်ပြမယ့် ပုဒ်မ(၄)အရ အခြေအနေများနဲ့ကိုက်ညီရင် ကင်းလွတ်ချက် ရနိုင်ပါသေးတယ်။ ပုဒ်မ (၄)မှာ အောက်ပါအတိုင်းဆိုထားပါတယ်။ “အငြင်းထွက်နေသောစာအုပ်ကို ပုံနှိပ်ထုတ်ဝေခြင်းသည် သိပ္ဗံပညာ၊ စာပေ၊ အနုပညာ သို့မဟုတ် ပညာဗဟုသုတရှာမှီးခြင်း သို့မဟုတ် အခြားအများပြည်သူနှင့်စပ်လျဉ်းသောပြဿနာများ၏ အကျိုးစီးပွားအတွက်ဟူသောရည်ရွယ်ချက်ဖြင့် အများပြည်သူကောင်းကျိုးအတွက်ထုတ်ဝေခြင်းဖြစ်သည်ဟု မှန်ကန်စွာပြောဆိုနိုင်ပြီးဖြစ်လျှင် မည်သူတစ်ဦးတယောက်ကိုမျှ ပုဒ်မ(၂)သို့ ကျူးလွန်သည်ဟု ပြစ်ဒဏ်စီရင်ခြင်းမပြုရ” လို့ဆိုထားပြန်ပါတယ်။ ဒါ့ကြောင့်မို့ ............ဂျူရီလူကြီးမင်းများရှေ့မှောက်မှာ စဉ်းစားဆုံးဖြတ်ဖို့ပြဿနာ ၂ ရပ်ပေါ်ထွက် လာပါတယ်။ ပထမပြဿနာကတော့ ဖော်ပြစာအုပ်ထုတ်ဝေခြင်းသည် ဥပဒေပုဒ်မ (၁)နှင့် ငြိစွန်းခြင်း ရှိသလား။ ဒီစာအုပ်ကို ဖတ်သူအများအဖို့ အကျင့်စာရိတ္ထပျက်ပြားစေရန်နှင့်ဟီရိသြတ္တပ္ဗတရား ပျက်ပြားစေရန်ရည်ရွယ်သောသဘောရှိသလား......ဆိုတဲ့ပြဿနာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မညစ်ညမ်းဘူးဆိုရင် ပြဿနာဟာဆုံးခန်းတိုင်ရောက်သွားပါပြီ။ လူကြီးမင်းများက တရားခံဟာအပြစ်မရှိဆိုပြီး လွှတ်လိုက်ဖို့ပဲရှိပါတယ်။ ဒီလိုမဟုတ်ပဲ ဒီစာအုပ်ဟာ ပုဒ်မ(၁)နဲ့ ငြိစွန်းပြီး ညစ်ညမ်းတယ်ဆိုလို့ရှိရင် လူကြီးမင်းများဟာ ပုဒ်မ(၄)ပါ ကင်းလွတ်ချက်နဲ့အကျုံးဝင်နေတဲ့ ဒုတိယပြဿနာကို ဆက်လက်စဉ်းစားဖို့လိုပါလိမ့်မယ်။ ဒီစာအုပ်ကို ပုံနှိပ်ခြင်းဟာ သိပ္ဗံပညာ၊ စာပေ၊ အနုပညာ သို့မဟုတ် ပညာဗဟုသုတရှာမှီးခြင်း သို့မဟုတ် အများပြည်သူနှင့်စပ်လျဉ်းသောပြဿနာများ၏ အကျိုးစီးပွားဟူသောရည်ရွယ်ချက်ဖြင့် အများပြည်သူတို့ကောင်းကျိုးအတွက်ထုတ်ဝေခြင်းဖြစ်တယ်လို့ မှန်ကန်စွာ ပြဆိုပြီးဖြစ်ပါသလား”
ယင်းအမှုသည် ကမ္ဘာ့စာပေလောကနှင့် တရားဥပဒေလောကအဖို့ စိတ်ဝင်စားဖွယ်ဖြစ်လာသည်။
(အခန်းလိုက် ဆက်လက်တင်ပြပေးပါမယ်)
မျိုးမြင့်ချို
မတ် ၂၀ ရက် ၂၀၁၂
0 comments:
Post a Comment