Sunday, March 4, 2012

ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား၊ဘယ်သူတွေအတွက် ဖွင့်မှာလဲ (Watote)

0 comments

ပွင့်လင်းလူ့အဖွဲ့အစည်းတဲ့လား ... ဘယ်သူတွေအတွက် ဖွင့်မှာလဲ
Watote
(ယူတာက ဒီနေရာကပါ) http://www.facebook.com/notes/ko-watote/ပွင့်လင်း-လူ့အဖွဲ့အစည်းတဲ့လား-ဘယ်သူတွေအတွက်-ဖွင့်မှာလဲ/309036659155916
(မူရင်းရေးသားသူနဲ့ဘာသာပြန်သူတို့ရဲ့ တွေးဆချက်နဲ့အာဘော်တွေမှာ စိတ်ဝင်စားဖွယ်ဖြစ်မယ်ထင်ပါတယ်။ သဘောတူတာ/မတူတာကတော့ လွတ်လွတ်လပ်လပ်ပေါ့ခင်ဗျာ)
မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရက်စ လာရောက်သွားပြီး လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ ဖောင်ဒေးရှင်းတွေကို ပိုက်ဆံစိုက်ပြီးဖွင့်ပေးမယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်ကြားလိုက်ရတယ်။ သိပ်မကြာဘူး၊ မကြာခင်က ပြန်လွတ်လာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တချို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ အင်ဂျီအိုတခုထောင်မယ့်သတင်းကိုပါ နောက်ဆက်တွဲကြားရတယ်။ ဂျော့ဆိုးရက်စ ခရီးစဉ်နဲ့ ၈၈ ကျောင်းသားတချို့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအင်ဂျီအိုအသံတွေ မရှေးမနှောင်းထွက်လာတာ တိုက်ဆိုင်မှုသက်သက်တော့ ဖြစ်ဟန်မတူဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုဝင်ဖို့ပြင်နေတဲ့ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရက်စအကြောင်း ကိုယ့်တိုင်းပြည်အရေးကို စိတ်ဝင်စားသူတွေသိထားသင့်တယ်လို့ယူဆတဲ့အလျောက် ယူကေနိုင်ငံက အထင်ကရ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ New Statesman ၂၀၀၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် မဂ္ဂဇင်းမှာဖော်ပြထားတဲ့ ဂျော့ဆိုးရက်စ (George Soros) အကြောင်းကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။ New Statesman မဂ္ဂဇင်းဟာ ယူကေမှာ သိက္ခာရှိတဲ့မဂ္ဂဇင်းကြီးတစောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမဂ္ဂဇင်းရဲ့သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရသူဖြစ်တယ်။
ဆိုးရက်စကို ၁၉၉၇ အာရှငွေကြေး အကျပ်အတည်းဆိုက်ချိန်မှာ မလေးရှားရင်းဂစ်ကိုကစားပြီး အကြီးအကျယ်ပွပေါက်တိုးသွားသူအဖြစ် ကျနော်တို့ စသိကြတယ်။ ဒါပေမယ့် သူ့အရင် ဆယ်နှစ်လောက်ကတည်းက ဆိုးရက်စဟာ ပေါင်စတာလင်ကိုကစားရာကနေ ဒေါ်လာသန်းထောင်ချီပြီး အမြတ်ယူနိုင်ခဲ့သူအဖြစ် ကမ္ဘာ့ငွေကြေးဈေးကစားသူလောကမှာ တဟုန်ထိုးထင်ရှားလာသူဖြစ်တယ်။
ဆိုးရက်စက သူ့ကို ကမ္ဘာတ၀ှမ်း ဗဟိုကထိန်းချုပ်တဲ့စီးပွားရေးပုံစံကျင့်သုံးတဲ့ အရှေ့ဥရောပကနိုင်ငံတွေကို အရင်းရှင်စီးပွားရေးပုံစံကိုပြောင်းလဲကျင့်သုံးရာမှာ သူဟာ အဓိကအခန်းကဏ္ဍတွေကနေ ပါဝင် philanthropist အဖြစ် မြင်စေချင်တယ်။
သူ့ကိုယ်သူ ဘယ်အစိုးရနဲ့မှမပတ်သက်တဲ့ လွတ်လပ်တဲ့အတွေးအခေါ်ရှိသူ၊ အမေရိကန်အစိုးရရဲ့(military-industrial complex) စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်းရှိသူအဖြစ် ပုံဖော်လေ့ရှိတယ်။ ဒါပေမယ့် သူ ဖွဲ့ပေးထားပြီးပိုက်ဆံထောက်ပံ့နေတဲ့ အင်ဂျီအိုအဖွဲ့အစည်းတွေက ဘုတ်အဖွဲ့ဝင်တွေကို တချက်လောက်ကြည့်ကြည့်။ သူဟာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ရဲ့အဓိကအလှူရှင်ဖြစ်ပြီး မနှစ်က ၂၀၁၁ ခုနှစ်ကဆိုရင် လူ့အခွင့်အရေးအဖွဲ့ရဲ့ဘတ်ဂျက် ဒေါ်လာ ၁၂၈ သန်းမှာ ဆိုးရက်စရဲ့ထည့်ဝင်ငွေတခုတည်းက ဒေါ်လာသန်းတရာရှိတယ်။ ဒီလူ့အခွင့်အရေးအဖွဲ့ထဲမှာ အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးနဲ့သုတေသနဌာန လက်ထောက်ဝန်ကြီးဟောင်း Morton Abramowitz ဆိုသူ ပါတယ်။ သူဟာ ပြည်ပရေးရာတွေမှာစွက်ဖက်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားဆက် ဆံရေးကောင်စီ (Council of Foreign Relations) ရဲ့ အတိုင်ပင်ခံတယောက်ဖြစ်တယ်။ နောက်တခါ ယူဂိုစလားဗီးယားနိုင်ငံတစစီပြိုကွဲချိန်မှာ ဘဲလဂရိတ်က အမေရိကန်သံအမတ် ၀ါရင်ဇင်မာမန်း (Warren Zimmerman) နဲ့ စီအိုင်အေကထောင်ပေးပြီး ဆိုးရက်စကိုယ်တိုင်ငွေကြေးထောက်ပံ့နေတဲ့ လွတ်လပ်တဲ့ ဥရောပအသံ (Radio Free Europe/ Radio Liberty) စတဲ့ အဖွဲ့အစည်းတွေက ဒါရိုက်တာ ပေါဂိုးဘဲ (Paul Goble) စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ ဆိုးရက်စ ငွေကြေးအဓိကထောက်ပံ့နေတဲ့ နောက်အဖွဲ့တဖွဲ့ကတော့ အိုင်စီဂျီလို့သိကြတဲ့ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ ဖြစ်တယ်။ ဒီအဖွဲ့ရဲ့ ဂေါပကဘုတ်အဖွဲ့မှာ သူကိုယ်တိုင်ပါရုံမက အမေရိကန်အစိုးရရဲ့အမျိုးသားလုံခြုံရေးအကြံပေးတွေဖြစ်တဲ့ ဘရက်ဇင်းစကီ (Zbigniew Brzezinski) နဲ့ ရစ်ချက်အယ်လင် (Richard Allen) စတဲ့ ပုဂ္ဂိုလ်တွေအပြင် နေတိုးကွန်မင်ဒါ ၀က်စလီကလပ် (Wesley Clark) စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ နောက်ပြီး ၈၈ အရေးအခင်းစဖြစ်ချိန်မှာ မြန်မာနိုင်ငံကို ကသောကမျောရောက်လာတဲ့ ဒီမိုကရက်တစ်ပါတီကအောက်လွှတ်တော်အမတ် စတီဗင်ဂျေဆိုလတ်ဇ (Stephen J Solarz) ဟာ ၁၉၉၄ ကနေ ကနေ့ချိန်ထိ အိုင်စီဂျီရဲ့အုပ်ချုပ်ရေးကော်မတီမှာ ထိုင်နေသူဖြစ်တယ်။ ဆိုးရက်စရဲ့အိုင်စီဂျီမှာ နောက်ထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်ကတော့ အီရတ်ကို အမေရိကန်ကကျူးကျော်သိမ်းပိုက်ဖို့ အဓိကလှုံ့ဆော်ခဲ့သူတယောက်ဖြစ်တဲ့ ကွန်ဆားဗတစ်လက်သစ် နီယိုကွန်း (Neo-cons) လို့ သိကြတဲ့ ပေါဝိုဖိုဝစ်စ (Paul Wolfowtiz) ပဲ။
နောက်တခါ ဆိုးရက်စရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဘက်တွေကိုကြည့်ရင် ကမ္ဘာမှာအကြီးဆုံးပုဂ္ဂလိကအစုစပ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေထဲတခုအပါအ၀င်ဖြစ်တဲ့ ကာလိုင်းအစု (Carlyle Group) မှာ သူဟာ ဒေါ်လာသန်းရာချီ ရင်းနှီးမြှုပ်နှံထားသူဖြစ်ပြီး ဒီကုမ္ပဏီရဲ့ဝင်ငွေအများစုဟာ စစ်လက်နက်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ကန်ထရိုက်ယူလုပ်ရာကနေ လာတာဖြစ်တယ်။ ကာလိုင်းအစုရဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ အမေရိကန်သမ္မတဟောင်း ဘုရှ်အကြီး(George Bush Senior)၊ ယူကေ ၀န်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ (John Major) နဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရားမို့စ (Fidel Ramos) ... စတဲ့ ပုဂ္ဂိုလ်တွေပါတယ်။
ဆိုးရက်စဟာ စီအိုင်အေက လက်သပ်မွေးထားသူဟုတ်မဟုတ်မပြောနိုင်ပေမယ့် သူ့ရဲ့ကုမ္ပဏီတွေနဲ့ သူထောင်ပေး၊ ပိုက်ဆံထောက်ပံ့ပေးနေတဲ့အင်ဂျီအိုတွေဟာ အမေရိကန်အစိုးရရဲ့နယ်ချဲ့ဝါဒနဲ့ ဘယ်လိုမှခွဲခြားလို့မရဘူးဆိုတာကတော့ တစက်ကလေးတောင် သံသယဖြစ်စရာမရှိဘူး။
ဒီနေရာမှာ တချို့မျက်မှောင်ကြုတ်မိကောင်း ကြုတ်မိမယ်။ ဘာလို့ဆို ဆိုးရက်စဟာ တချိန်မှာ စစ်သွေးဆာနေတဲ့ တက္ကဆက်ကကောင်းဘွိုင်သမ္မတ George W Bush ကိုဖယ်ရှားရေးဟာ သူ့အတွက် သေရေးရှင်ရေးတမျှအရေးကြီးတယ်။ GWB ပြုတ်ကျဖို့ စည်းစိမ်ပြုတ်ချင်ပြုတ်ပါစေဆိုပြီး ကြွေးကြော်ခဲ့လို့ပဲ။ တကယ်တော့ ဒါက နားလည်ဖို့မခက်ပါဘူး။ သူဟာ GWB ရဲ့ ရည်ရွယ်ချက်တွေကို မကြိုက်လို့မဟုတ်ဖူး။ သူတို့နှစ်ယောက်စလုံးဟာ Pax Americana လို့သိကြတဲ့ ဆိုးရက်စတို့လို ကမ္ဘာ့အရင်းရှင်ကြီးတွေ တကမ္ဘာလုံးကို စိတ်တိုင်းကျဖလှယ်နိုင်မယ့် ကမ္ဘာ့အခင်းအကျင်းမျိုးဖန်တီးရေးကို လိုလားသူတွေဖြစ်ပြီး တကယ်က GWB ရဲ့ လုပ်နည်းလုပ်ဟန်ကိုမကြိုက်တာသာ ဖြစ်တယ်။ ဘုရှ်အစိုးရက အမေရိကန်တွေအနေနဲ့ ကိုယ့်ရည်ရွယ်ချက်ဘာဆိုတာကို ဘာမှဖုံးကွယ်ထားစရာမလိုဘူး။ မင်းတို့ ဈေးကွက်တွေဖွင့်ပေး၊ မဖွင့်ပေးရင် ဆက်ဒမ်ဟူစိန်ကိုကြည့် ဆိုတဲ့ မောက်မောက်မာမာဆက်ဆံပုံမျိုးနဲ့ဆိုရင် ကိုယ့်ရည်ရွယ်ချက်ပြည့်မြောက်မှာမဟုတ်တာကို ဆိုးရက်စ ကောင်းကောင်းသိတယ်။ တဘက်မှာ လူသိခံစရာမလိုဘဲ သူ့ရဲ့အင်ဂျီအိုတွေကတဆင့် ပွင့်လင်းတဲ့ကမ္ဘာရဲ့နယ်နမိတ်တွေကို တဖြည်းဖြည်းနဲ့ချဲ့ချဲ့လာနေတဲ့နည်းဟာ ဘယ်လောက်ထိရောက်သလဲဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ ဒီတော့ တကမ္ဘာလုံးကိုကြီးစိုးရေးရည်မှန်းချက်ကို ဂျော့ဘုရှ်လို ကောင်းဘွိုင်စတိုင်နဲ့ ဖော်ဆောင်ဖို့မဖြစ်နိုင်ဘူးဆိုတာ သူ ကောင်းကောင်းသိတာပေါ့။ အမေရိကန်ရဲ့ရည်မှန်းချက် သိပ်သိသာထင်ရှားလာတဲ့အခါ သူ့ရန်ကိုဟန့်တားဖို့ တန်ပြန်မဟာမိတ်အဖွဲ့တွေ ဖွဲ့လာတဲ့အထိဖြစ်လာရင် ဘယ်အင်ပိုင်ယာမဆိုကျဆုံးရမှာမုချဆိုတာ LSE လန်ဒန် ဘောဂဗေဒပညာသင်ကျောင်းထွက် ဆိုးရက်စ တယောက် ကောင်းကောင်းသိတယ်။ ဒီတော့ ကလင်တန်လက်ထက်တုန်းကလို ခြိမ်းခြောက်တဲ့ပုံစံမပြဘဲ လာဘ်ထိုးတဲ့နည်း၊ ချော့တဲ့နည်း၊ multilateralism နည်းနဲ့သွားတာက အင်ပိုင်ယာတွေ ပိုပြီးတည်တံ့နိုင်မယ်ဆိုတာ သူ ကောင်းကောင်းသိတယ်။ ဘုရှ်အစိုးရရဲ့ပေါ်လစီတွေကြောင့် ဥရောပမှာ သဘောထားတွေကွဲတယ်။ နေတိုးအဖွဲ့လည်း ပုံပျက်ပန်းပျက်ဖြစ်လာတယ်။ နောက် ရုရှ၊ ဂျာမနီနဲ့ ပြင်သစ်တို့ဟာ သီးသန့်မဟာမိတ်အဖွဲ့ဖွဲ့တဲ့ထိဖြစ်လာသလို အာရပ်နိုင်ငံတွေထဲမှာလည်း နာဆာ (Nasser) နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ညီညွတ်မှုတည်ဆောက်ဖို့ အဓိပ္ပာယ်ရှိရှိစလုပ်လာတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဆိုတော့ ဂျော့ဘုရှ်နဲ့အပေါင်းပါ ကွန်ဆားဗေးတစ်လက်သစ်တွေရဲ့ unilateralism နဲ့ဆို အမေရိကန်ရဲ့ရည်မှန်းချက် ပျက်ကိန်းဆိုက်မှာကို ဆိုးရက်စ မြင်တာပေါ့။ အဲဒီအတွက် သူဟာ ဂျော့ဘုရှ်ပြုတ် ကျရေးကို အသည်းအသန်ကြိုးပမ်းခဲ့တာဖြစ်တယ်။
ဒီတော့ ဆိုးရက်စရဲ့နည်းက ဘာလဲ။ ပိုက်ဆံ ဒေါ်လာ သုံးလေး ဘီလီယံလောက်ရယ်၊ လက်တဆုပ်စာ အင်ဂျီအိုတွေရယ်ကိုအားပြုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မျက်စိမှိတ်ပြ၊ ခေါင်းညိတ်ပြတာ ကိုစောင့်ပြီး ဟန်ချက်ညီကြိုးစားသွားမယ်ဆိုရင် ပြည်ပစီးပွားရေးလုပ်ငန်းတွေကိုအ၀င်မခံချင်တဲ့အစိုးရတွေကိုဖြိုချပြီး အဲဒီ့နိုင်ငံထဲက အတွင်းပစ္စည်းတွေကို အချောင်ဝင်နှိုက်၊ ပြီးရင် ကိုယ့်လုပ်ရပ်အတွက် စေတနာရှင်အဖြစ် ကိုယ့်ကိုကျေးဇူးတောင်တင်ကြဦးမယ်။ ဆိုးရက်စရဲ့နည်းဟာ ဒီနည်းပဲ။
စစ်အေးတိုက်ပွဲကာလမှာ အရှေ့ဥရောပနိုင်ငံတွေမှာ ဆိုရှယ်လစ်စနစ်ကျဆုံးရတာဟာ စနစ်မှာကို အားနည်းချက်တွေရှိနေလို့အပြင် အုပ်ချုပ်သူတွေက အောက်ခြေလူတန်းစားဆီကထောက်ခံမှုကို ရေရှည်ထိန်းနိုင်အောင်မလုပ်ခဲ့ကြလို့ လို့ သုံးသပ်ကြတာတွေဟာ မှန်သင့်သလောက်မှန်တယ်။ ဒါပေမယ့် ဒီနိုင်ငံတွေမှာ ဆိုရှယ်လစ်ဝါဒပြိုကျရာမှာ ဆိုးရက်စရဲ့အခန်းကဏ္ဍဟာလည်း အင်မတန်အရေးပါတယ်။ ၁၉၇၉ ခုနှစ်မှာ သူဟာ ပိုလန်က ပိုလန်သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုလို အစိုးရဆန့်ကျင်ရေးအုပ်စုတွေ၊ ချက်ကိုစလိုဗက်ကီးယားက ဗားစလပ်စဟာဗယ်လ (Vaclav Havel) တို့လူသိုက် စတည်ထောင်တဲ့ ၇၇ လှုပ်ရှားမှုနဲ့ ဆိုဗီယက်ယူနီယံက အွန်ဒရေဆားခရော့ဗ (Andrei Sakrov) တို့ကို အဲဒီ့အချိန်က ပိုက်ဆံ ဒေါ်လာ သုံးသန်းထိ ထောက်ပံ့ခဲ့တယ်။ (ဟိုတနေ့က ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ပိုလန်ကိုလည်းအတုယူစရာအဖြစ် ပြောသွားတာကြားလိုက်ရတော့ ကြက်သီး ထမိသေးတယ်။) ၁၉၈၄ မှာ သူဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ဟန်ဂေရီမှာ ပထမဆုံး ပွင့်လင်းလူ့အဖွဲ့အစည်း အင်စတီကျု (Open Society Institute) ကို စတည်ထောင်တယ်။ ဒီအဖွဲ့အစည်းကနေ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေကို ဒေါ်လာသန်းချီပုံပြီးထောက်ပံ့ခဲ့သလို ရေဒီယိုအသံလွှင့်ရုံတခုလည်း ထောင်ပေးခဲ့တယ်။ အပြင်ပန်းမှာတော့ Civil Society အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်ရည်ရွယ်တယ် လို့ပြောပေမယ့် တကယ်တမ်းမှာတော့ ဒီလုပ်ရပ်တွေ၊ လှုပ်ရှားမှုတွေဟာ လက်ရှိ ရှိပြီးသား ဟန်ဂေရီနိုင်ငံရေးအဆောက်အဦကို နှဲ့ပစ်ပြီး နောက်ဆုံးမှာကမ္ဘာ့အရင်းအနှီးတွေနဲ့ ဒီနိုင်ငံတွေကို စီးပွားရေးကိုလိုနီပြုကျင့်တဲ့ထိ လုပ်တော့တာဖြစ်တယ်။ Americanisation of Europe ဥရောပကို အမေရိကန်မှုပြုတဲ့ဖြစ်ရပ်မှာ သူဟာ အဓိကဇာတ်ကောင်ပဲဆိုပြီး ဆိုးရက်စကိုယ်တိုင် သူ့ထုံးစံအတိုင်း ခပ်ကြွားကြွားလေးပြောဖူးတယ်။
အရှေ့ဥရောပက နိုင်ငံတွေရဲ့ဈေးကွက်တွေ တခုပြီးတခုပွင့်လာခဲ့ပေမယ့် ယူဂိုစလားဗီးယားတနိုင်ငံကတော့ တင်းခံပြီး ကျန်နေခဲ့တယ်။ အဲဒီ့မှာ ပြည်သူလူထုက ဆလိုဗိုဒမ် မီလိုဆိုဗစ်ချကိုပဲ အကြိမ်ကြိမ် ရွေးကောက်တင်မြှောက်တယ်။ ဆိုးရက်စကလည်း ဂီယာထပ်တင်တယ်။ ၁၉၉၁ ကစပြီး ဆိုးရက်စရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအင်စတီကျုဟာ မီလိုဆိုဗစ်ချ ဆန့်ကျင်ရေးအဖွဲ့အစည်းတွေ၊ အတိုက်အခံပါတီတွေကို ဒေါ်လာသန်းတရာကျော်ထောက်ပံ့ခဲ့သလို ဒီပိုက်ဆံတွေနဲ့ပဲပုံနှိပ်တိုက်တွေ၊ နောက် B92 လို့ သိကြတဲ့ အနောက်ဝါဒဖြန့်ရေဒီယိုအသံလွှင့်ရုံတခုကို ထောင်ပေးခဲ့တယ်။ ပုံမှန်အားဖြင့်ကြည့်ရင် တက္ကသိုလ်ရေဒီယိုအသံလွှင့်ရုံသက်သက်လို့ ထင်စရာရှိပေမယ့် ဒီလှုပ်ရှားမှုတွေအားလုံးကို ကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံကြီးကိုကိုယ်စားပြုပြီး ကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲ
တယောက်အပါအ၀င်ဖြစ်တဲ့ ဆိုးရက်စကိုယ်တိုင် ပိုက်ဆံတွေထောက်ပံ့ခဲ့တာဖြစ်တယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို ဆိုးရက်စက ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတော့ ပြီးပြည့်စုံခြင်းမရှိဘဲ တိုးတက်မှုတွေကိုဖွင့်ထားတဲ့အဖွဲ့အစည်းလို့ အဓိပ္ပာယ်ဖွင့်တယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကနေ သူ့အဖွဲ့အစည်းရဲ့တကယ့်သရုပ်မှန်ကို ဖမ်းမိမှာမဟုတ်ဖူး။
ဆိုးရက်စက Open Society ဆိုတဲ့ နာမည်ကို LSE မှာ သူတွေ့ခဲ့တဲ့ ဖီလော်ဆော်ဖာ ကားပေါ်ပါ (Karl Popper) ဆီက ယူတယ်လို့ဆိုတယ်။ စိတ်မကောင်းစရာကောင်းတာက ပေါ်ပါရဲ့ လစ်ဘရယ်အရေးအသားတွေကို သူ့အဖွဲ့အစည်းမှာယူသာသုံးတယ်၊ တကယ်တမ်းမှာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့် တွေကိုလေးစားတဲ့လူ့အဖွဲ့အစည်းကိုခေါ်တာမဟုတ်ဘဲ သူနဲ့ သူ့စီးပွားဖက်တွေ ပိုက်ဆံရှာနိုင်အောင်ဖွင့်ပေးထားတဲ့အဖွဲ့အစည်းကသာ သူ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်တယ်။ ဆိုးရက်စဟာ သူ ကူညီပြီး ‘ဖွင့်’ ပေးခဲ့တဲ့ နိုင်ငံတိုင်းကနေ ပိုက်ဆံရှာနိုင်တာတွေ့ရတယ်။ ဥပမာ - ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုကိုဖဲ့ထုတ်ပြီးနောက်မှာ ကိုဆိုဗိုက သတ္ထုတူးဖော်တဲ့ Trepca ကုမ္ပဏီမှာ ဒေါ်လာသန်းငါးဆယ် စရင်းနှီးမြှုပ်နှံတယ်။ အဲဒီ့ကုမ္ပဏီပိုင်တဲ့ ငွေ၊ ရွှေ နဲ့ တခြားတွင်းထွက်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဒေါ်လာသန်းငါးထောင်အထက်မှာရှိတယ်လို့ ခန့်မှန်းရတယ်။ ပြည်ပအရင်းအနှီးတွေ အ၀င်မခံချင်တဲ့နိုင်ငံတွေကို ပထမ ဆေးပြင်းတိုက်၊ ပြီးရင် ‘စီးပွားရေးပြုပြင်ပြောင်းလဲမှု’ တွေကို အကြံပေး၊ နောက်ဆုံးမှာ အစိုးရပိုင်တွေကို အောက်ဈေးနဲ့ဝင်နှိုက်တဲ့နည်းနဲ့ ဆိုးရက်စဟာ ဘာလင်တံတိုင်း ပြိုပြီးတဲ့နောက် အရှေ့ဥရောပနိုင်ငံတွေမှာ သရဖူမဆောင်းတဲ့မင်း ဖြစ်လာခဲ့တယ်။
သူ ထောင်ပေးခဲ့တဲ့ Central European University ဟာ ဟန်ဂေရီ၊ ပိုလန်နဲ့ချက်သမ္မတနိုင်ငံတွေမှာ လက်ခွဲတွေရှိပြီး ထုံးစံအတိုင်း ဒီကောလိပ်တွေမှာ လစ်ဘရယ်လက်သစ်အရင်းရှင်စနစ်ရဲ့အကျင့် စရိုက်တွေကို ဗြောင်ပဲ ဖြန့်တယ်။ ဒေသတွင်းမှာ အမေရိကန်လိုလားတဲ့ မျိုးဆက်သစ်နိုင်ငံရေးခေါင်းဆောင်တွေကို စနစ်တကျမွေးထုတ်တဲ့အလုပ် လုပ်တယ်။ အကျိုးဆက်အဖြစ် ကနေ့ဆိုရင် အရှေ့ဥရောပနိုင်ငံတွေမှာ ဆင်းရဲချမ်းသာကွာဟမှုဟာ ပိုပို ကြီးသထက် ကြီးလာနေတာကို တွေ့လာရတယ်။
ဆိုးရက်စဟာ ကျနော်တို့နိုင်ငံကို ဝင်ဖို့ ပြင်နေပြီ။ ကျနော်တို့အားလုံး သတိရှိကြရလိမ့်မယ်။
[1] OSI ရဲ့ ၂၀၁၁ ထည့်ဝင်ငွေစာရင်းကို ကိုးကားပြီး Wikipedia အင်တာနက်ဆိုက်မှာ ဖော်ပြထား။
Watote
အင်္ဂလိပ်လို ဖတ်ချင်သူတွေအတွက် လင့်က ဒီမှာပါ။
http://www.mindfully.org/WTO/2003/George-Soros-Statesman2jun03.htm

0 comments:

Post a Comment