Saturday, March 3, 2012

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေနေတဲ့အရပ်(၂)မျိုးမြင့်ချို

0 comments

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့်မံမီရုပ်တွေနေတဲ့အရပ် (၂)
"ပြည်တွင်းမှာလတ်တလောဖြစ်ပေါ်တိုးတက်မှုတွေနှင့်စပ်၍ ကျနော့် အမြင်သဘောထား"ဆိုတော့ ကျနော်က လတ်တလောဖြစ်ပေါ် တိုးတက်မှုတွေဟာ ပီပြင်ခိုင်မာပြီးစိတ်ချရတဲ့အခြေအနေ မဟုတ်သေးကြောင်း၊ စစ်အာဏာသိမ်းဖို့လိုတယ်လို့ယူဆလိုက်တာနဲ့ ရှိနေတဲ့အစိုးရက တိုင်းပြည်ကိုချက်ခြင်း တပ်လက်အပ်လိုက်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တပ်ကနံမည်ပျက်ခံပြီး အာဏာသိမ်းနေစရာပင်မလိုတော့ကြောင်း၊ ဒါဟာလည်း 
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်တာကြောင့် တရားဝင်မှုရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ကတိုက်ရိုက်ခန့်အပ်သည့် လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းသော ယူနီဖေါင်းဝတ်စစ်ဗိုလ်အမတ်တွေနဲ့တင် လွှတ်တော်ကိုလည်း စိတ်ကြိုက်ပုံဖော်ထိန်းညှိထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့တွင်းမှာလည်း အရေးပါသည့်ဝန်ကြီးနေရာတွေကို ယူနီဖေါင်းဝတ်စစ်ဗိုလ်တွေလက်ထဲမှာသာ ထားကြောင်း၊ ကာ/ချုပ်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)မှတပါး သမ္မတကိုဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးကိုဖြစ်စေ မနာခံပဲနေလို့ရနေကြောင်း၊ ဘတ်ဂျက်ခွဲဝေရာတွင်လည်း စစ်အသုံးရိတ်ကို ကာ/ချုပ်တင်ပြသမျှခွင့်ပြုရမည်ဖြစ်ပြီး နိုင်ငံတော်စာရင်းစစ်ချုပ်က ဘာမှ ဝင်စစ်ဆေးရန် အခွင့်မရှိကြောင်း၊ ကာ/လုံတွင်လည်း ကာ/ချုပ်၏ အခန်းကဏ္ဍက ကြီးကြီးမားမားရှိနေကြောင်း၊ သမ္မတ၊ အစိုးရနှင့်လွှတ်တော်က ဘာတွေပဲဆုံးဖြတ်ဆုံးဖြတ် အချုပ်မှာတော့ ကာ/လုံ က သဘောတူခွင့်မပြုလျှင် မည်သည့်ဥပဒေမှအတည်ဖြစ်မလာနိုင်ကြောင်း၊ ကာ/လုံမှာလည်း စစ်ဗိုလ်၆ ဦး၊ အရပ်သားဟုဆိုနိုင်မည့် အရပ်ဝတ်စစ်ဗိုလ်ဟောင်း ၅ ဦးနှင့် အရပ်သားစစ်စစ် တဦးထဲသာပါကြောင်း၊ မဲခွဲဆုံးဖြတ်ရမည့် အခြေအနေရောက်တိုင်း တပ်က အသာစီးယူထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံဥပဒေဖြင့်ပြဋ္ဌာန်းထားပြီးသား စစ်အာဏာနှင့်စစ်အုပ်စုအကျိုးစီးပွားကိုကာကွယ်သည့်ဥပဒေများအား ပြင်ရန်မဆိုနှင့်ထိပါးလို့ပင် မရနိုင်သေးကြောင်း၊ ပြောရမည်ဆိုလျှင် အရပ်သားအစိုးရဟုဆိုမည့်အစား "စစ်အာဏာကာကွယ်ရေးဖွဲ့စည်းပုံနှင့်၊ အရပ်ဝတ်-စစ်အထိန်းချုပ်ခံအစိုးရ"ဟုသာ ဆိုရဦးမည်ဖြစ်ကြောင်း သဘောထားပေးပြောဖြစ်၏။
         "စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေလုပ်ပေးစရာလိုဦးမလဲ" ဆိုတော့ တစ်တချက်က ထောင်ထဲမှာကျန်နေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံး လွှတ်ပေးရန်လိုကြောင်း၊ နောက်ထပ်ဖမ်းလိုက်လွှတ်လိုက် သံသရာတွင်လည်မနေစေရန် 
အာမခံချက်တိတိကျကျပေးရန်လိုကြောင်း၊ လွတ်ပြီး နိုင်/ကျဉ်းတွေကိုလည်း ဗမာ့နိုင်ငံရေးဖြစ်စဉ်၏ အဆင့်တိုင်းတွင် အကန့်အသတ်မထားပဲ လွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်ရရန်လိုကြောင်း။ နှစ်တချက်က 
လူမျိုးစုများနှင့်လုပ်နေသည့် အပစ်အခတ်ရပ်စဲရေးများကိုလည်း မှန်မှန်ကန်ကန်လုပ်ရန်လိုကြောင်း၊ ခွဲပြီး၊ ကြိတ်ပြီး၊ ဖိအားပေးဆွေးနွေးတာတွေမလုပ်ဖို့လိုကြောင်း၊ ပွင့်လင်းမြင်သာပြီး အဓိပ္ဗါယ်ရှိသည့် အနေအထားဖြစ်ရန်လိုကြောင်း၊ စစ်တမျက်နှာကိုအားပြည့်တိုက်နိုင်ရေးအတွက် အခြားတမျက်နှာမှာ ယာယီကြေအေးထားသည့် အနေအထားမဖြစ်ရန်လိုကြောင်း၊ မူမှန်ပြီး နှစ်ဘက်လက်ခံနိုင်မည့် 
အပစ်အခတ်ရပ်စဲရေးမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးသို့သွားရန်လိုကြောင်း၊ သုံးတချက်က သတင်းစာလွတ်လပ်ခွင့်နှင့်နိုင်ငံသားအခွင့်အရေး၊ လူထု၏စီးပွားရေး၊ ကျန်းမာရေးနှင့်ပညာရေးဘဝများ တိုးတက်ကောင်းမွန်အောင် ပြည်တွင်းပြည်ပ၊ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့်လက်တွဲကာ အပြည့်အဝပူးပေါင်းလုပ်ဆောင်ရန်လိုကြောင်းများကို ပြောဖြစ်ခဲ့၏။
         နောက်တော့ အခြားသူများနှင့် ဆိုင်ရာဆိုင်ရာမေးခွန်းတွေမေးကြ ဖြေကြ၏။ အွန်လိုင်း (Skype) မှနေ၍ (Professor David Williams) နှင့်လည်း မေးကြဖြေကြ၏။ သူ့အဖြေတွေက အချက်အလက်စုံပြီး ထောင့်စေ့ကာ၊ ပညာရှင်ဆန်သည်ထင်ရ၏။ တချို့ဝေါဟာရတွေ ကျနော်နားမလည်သဖြင့် မီသလောက်ကောက်မှတ်ပြီး နောက်မှ အဘိဓါန်လှန်ရှာဖြစ်သေး၏။ နောက်တော့ ကျနော့်ဆီတပတ်ပြန် လည်လာပြန်၏။ ဒီတကြိမ်တော့ အမေရိကန်အစိုးရ၏ "ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှု" (Targeted Economic Sanction) အပေါ်သဘောထားနှင့် "ဗမာပြည်ကိုသွားလည်သင့် မလည်သင့်" ဖြစ်၏။ ကျနော်က ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှုသည် လက်ရှိအစိုးရအား ပြုပြင်ပြောင်းလဲရေးလုပ်ရန်ဖိအားအဖြစ် ဆက်ရှိနေသေးရန်သင့်ကြောင်း၊ အပြောင်းအလဲလုပ်သည့်အတိုင်းအတာအလျှောက် ပိတ်ဆို့မှုကိုလည်း တဆင့်ချင်းလျှော့ချသွားရေးဆိုသည့် အမေရိကန်အစိုးရ၏ပေါ်လစီကိုလက်ခံကြောင်း ပြန်ဖြေ၏။ "ဗမာပြည်သွားလည်သင့်မလည်သင့်"ကိုတော့ လက်ရှိအစိုးရအနေဖြင့် သူတို့လက်ခံနိုင်သည့် သတင်းဋ္ဌာနများနှင့်သတင်းသမားများသာ ဝင်ခွင့်ပေးသေးကြောင်း၊ သတင်းသမားခြင်းအတူတူမှာတောင် အချို့ကိုကန့်ပြီး အချို့ကိုဟပေးထားကြောင်း၊ သတင်းသမားတွေအနေဖြင့် နေရာတကာသွားဖို့
သိတ်မလွယ်ကြောင်း၊ အကယ်၍ သာမန်လူများ ကမ္ဘာလှည့်ခရီးသည်အနေဖြင့်သွားမည်ဆိုလျှင် အနည်းဆုံး ကင်မရာတလုံးတော့ယူသွားနိုင်သဖြင့် သာမန်ပြည်သူတွေနှင့် တိုက်ရိုက်ထိတွေ့မေးမြန်းကြည့်ပြီး လူထုဘဝနှင့်ခံစားချက်တွေ မှတ်တမ်းတင်ယူလာပြီး အခြားသူများကို တဆင့်ပြန်ပြောပြလို့ရနိုင်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအများစုမှာ အစိုးရနှင့်နီးစပ်သူများလက်တွင်ရှိသည်မှန်သော်လည်း ထိုလုပ်ငန်းများတွင်လုပ်ကိုင်နေကြသည့် ဝန်ထမ်းများ၊ အလုပ်သမားလည်းရှိသေးသဖြင့် ထိုသူများအတွက် အလုပ်အကိုင်နှင့်ဝင်ငွေကို တဘက်တလမ်းမှဖြည့်ရာရောက်ကြောင်း၊ ကျနော့်အနေဖြင့် ကမ္ဘာလှည့် ခရီးသည်တွေကို ပြည်သူ့သတင်းသမား (Citizen Journalists) တွေအဖြစ်မြင်ကြောင်းပြောပြီး သွားလည် ကြရန်တိုက်တွန်းလိုကြောင်းလည်းပြောခဲ့၏။ ဤသို့ဖြင့်တယောက်တလှည့် မေးကြမြန်းကြ၊ 
ဖြေကြကြားကြနှင့် အခမ်းအနားလည်းပြီးသွား၏။ ပြီးတော့ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြ၊ တယောက်ချင်းစီသီးသန့် စကားပြောကြ၊ ကျေးဇူးတင်ကြောင်း ဝမ်းသာကြောင်းတွေပြောကြ၏။ အားလုံး လေးလေးနက်နက် ပြုံးပြုံးရွှင်ရွှင်ဖြင့်။
         ထို့နောက် Field Museum တွင်လုပ်နေသည့် Christian Holst ၏ ဓါတ်ပုံပြပွဲနှင့်ပြတိုက်သွားရန် အစီအစဉ်ဆွဲ၏။ သည်ပြတိုက်ကြီးမှာ အီဂျစ်ပြည်ကသယ်လာပြီးပြထားသည့် မံမီဆေးရည်စိမ်ရုပ်အလောင်း အစစ်တွေရှိ၏။ ရှီကားဂိုးရောက်လို့ ပြတိုက်တွေသွားကြမည်ဆိုလျှင် Field Museum သည် 
ထိပ်ဆုံးမှအမည်ပေါက်သည့်ပြတိုက်ဖြစ်၏။ လာသူတိုင်းကလည်း အခြားအရာတွေထက် ဤမံမီရုပ်တွေကိုမှ ပိုစိတ်ဝင်စားလေသလားထင်ရအောင်ပင် ထိုပြခန်းတွင်လူစည်၏။ ကျနော်တို့အား ပြတိုက်လမ်းညွှန်လုပ်ပေးမည့် ရှီကားဂိုးရှေ့နေတယောက်ကို ခဏစောင့်ရ၏။ သူ ရောက်လာတော့ လိုက်ပို့ပေးသူက "သူက ရှီကားဂိုးကရှေ့နေကျော်တယောက်ပေါ့ဗျာ၊ ခုတော့ ခင်ဗျားတို့အတွက်  ပြတိုက်လမ်းညွှန်ကောင်း လုပ်ပေးပါလိမ့်မယ်"ဟုပြောကာ မိတ်ဆက်ပေး၏။ ထိုသူက "ဓါတ်ပုံဆရာ (Christian Holst) ၏ (Blood/Red Stone-Burma Rubies) ဓါတ်ပုံပြပွဲကိုအရင်သွားမည်ဆိုကာ ပြတိုက်ကြီး၏နောက်ခံသမိုင်း၊ ပြတိုက်ရှိနိုင်ငံတကာပြခန်းများ၊ လောလောဆယ်ကျင်းပနေသည့်ပြပွဲများ၊ ပြတိုက်တွင်ကြည့်စရာ အမယ်ပေါင်းသန်းချီရှိသော်လည်း အပေါ်တင်ပြီးပြခွင့်မရသေးသည့်အရာများ မြေအောက်ခန်းတွင်ထားကြောင်း"တွေ စုံတကာစေ့အောင် ကရားရေလွှတ်ပြောတော့၏။ သည်တော့မှ ဟိုလူပြောသည့် "ရှေ့နေကျော်နဲ့လမ်းညွှန်ကောင်း"ဆိုတာ ဒါများလားဟုတွေးမိ၏။ သူ့နောက်ကလိုက်ရင်း ဓါတ်ပုံပြပွဲသို့ရောက်လာကြ၏။ 
ဓါတ်ပုံဆရာက ကျနော်တို့ကိုကြိုရင်း တနေရာကိုလက်ညှိုးထိုးကာ "မျိုး..ဒီစာသားတွေကမှန်ရဲ့လား" ဆိုသဖြင့် ဘာများပါလိမ့်ဆိုကာ ကြည့်လိုက်တော့ ပိုစတာငယ်တခုတွင် "ဗမာ့ပတ္တမြား"ဆိုပြီး မြန်မာလို အပီရေးထားတာတွေ့ရ၏။ ရှီကားဂိုးက အမေရိကန်ပြတိုက်ကြီးတွင် မြန်မာစာကိုမြင်တော့ စိတ်ထဲကြည်နူးဝမ်းသာဖြစ်ရ၏။ ပိုစတာအပေါ်ကစင်ကလေးတွင် မှန်သေတ္တာလေးတခု။ ထိုအထဲတွင် ရဲရဲနီကာကြည်တောက်နေသည့် ကျောက်တုံးကလေးတွေပြန့်ပြန့်ကျဲကျဲ။ ကျနော်က အစစ်တွေလားဟုမေးတော့ "မဟုတ်ပါဘူး၊ ဓါတုဗေဒကျောက်တွေပါ၊ အစစ်တွေ ဒီလောက်များများဆို ငါဘယ်လိုလုပ်တတ်နိုင်မှာတုန်းကွာ၊ မင်းတို့နိုင်ငံက ပြည်တန်ပတ္တမြားတောင် ထွက်တဲ့တိုင်းပြည်မဟုတ်လား၊ အဲသလိုတိုင်းပြည်မျိုးမှာ လူဖြစ်ရတာဂုဏ်ယူစရာပါ။၊ ဒါပေမယ့် ခက်နေတာက အဲဒီ အဖိုးတန်သယံဇာတတွေကရတဲ့ဝင်ငွေကို မင်းတို့ပြည်သူတွေမခံစားရတာကိုတော့ 
ငါ စိတ်မကောင်းဖြစ်မိတယ်၊ လူတွေ သွေးနဲ့ချွေးနဲ့ရင်းပြီးမှရတဲ့ ဒီကျောက်မျက်တွေကို လူတစုကခံစား ချယ်လှယ်နေတာဆိုတော့ ဒီ ကျောက်မျက်ကအရောင်ဟာ ငါ့အတွက်တော့ ပတ္တမြားရောင်မဟုတ်ပဲ သွေးရောင်တွေလို့မြင်နေတယ်၊ ဒါဟာ ပတ္တမြားရောင်ဆိုရင်လည်း အနီရောင်သက်သက်ကြီးလိုပဲငါခံစားရလို့ ငါ့ဒီပြပွဲကို "သွေး/အနီရောင်ကျောက် (ဗမာ့ပတ္တမြား)" လို့အမည်ပေးခဲ့တာပဲ"ဟုရှင်းပြ၏။ ဓါတ်ပုံကြီးအချို့ကို နံရံတွင်ချိတ်ထားပြီး ပုံသေးတွေကိုတော့ ဖန်သားပြင် ၃ခုပေါ်တွင် အောက်ခြေစာတမ်းထိုးများဖြင့် Slideshow ပြထား၏။ ကျနော်တို့လည်း ဓါတ်ပုံတွေကြည့်လိုက် သိချင်တာတွေမေးလိုက်နှင့်တနာရီနီးပါး ကြာသွား၏။ သည်တော့မှ လမ်းညွှန်ဆရာရှေ့နေကျော်က "မံမီနဲ့အခြားပြခန်းတွေကို မင်းတို့စိတ်ကြိုက်
အချိန်ယူပြီးကြည့်ကြပါဦး၊ လိုက်တော့မပို့တော့ဘူးနော်၊ ပြန်ခါနီးကျရင်ပြောပါ၊ တည်းတဲ့နေရာပြန်ပို့ပေးမယ်" ဆိုပြီး ကျနော်တို့ကိုထား၍တနေရာထွက်သွား၏။ ကျနော်တို့လည်း မံမီဆေးရည်စိမ်ရုပ်အလောင်းတွေရှိရာသို့ ချီတက်ကြ၏။
(ဆက်ပါဦးမယ်) မျိုးမြင့်ချို မတ်ခ်ျ ၃ ရက် ၂၀၁၂

0 comments:

Post a Comment