Tuesday, March 20, 2012

လေဒီချက်တာလေ၏ချစ်သူ (မြသန်းတင့်)(၂)

0 comments

မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။ ယင်းအမှုသည် ကမ္ဘာ့စာပေလောကနှင့် တရားဥပဒေလောကအဖို့ စိတ်ဝင်စားဖွယ်ဖြစ် လာသည်။ တရားလိုရှေ့နေမှာ မစ္စတာဂရစ်ဖစ်ဂျုံးဖြစ်၍ တရားခံရှေ့နေ များမှာ မစ္စတာဂျီနယ်ဂါးဖီးဒါး၊ မစ္စတာဟတ်ချင်ဆန်နှင့် မစ္စတာဒူကန်းတို့ ဖြစ်ကြသည်။ အမှုကို ၁၉၆၀ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိစစ်ဆေးသည်။ တရားခံဘက်က သက်သေပေါင်း ၃၆ ယောက်ကိုတင်ပြခဲ့သည်။ ယင်းတို့အနက် တက္ကသိုလ်များမှ အင်္ဂလိပ်စာပါမောက္ခများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ သတင်းစာဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပုံနှိပ်ထုတ်ဝေသူများ စသည်တို့ပါဝင်သည်။ မစ္စတာဂရစ်ဖစ်ဂျုံးက“ညစ်ညမ်းသောစာပေ”ကို ရှည်လျားစွာအဓိပ္ဗါယ်ဖွင့်ပြပြီးနောက် စီရင်ထုံးများကိုလည်း ကိုးကားကာ စွဲချက်တင်သွားလေသည်။
         “ဂျူရီလူကြီးများခင်ဗျား...ခု စာအုပ်အကြောင်းကိုနည်းနည်းပြောချင်ပါတယ်။ အတိုချုပ်ပြီးပြောရမယ် ဆိုရင်တော့ စာအုပ်ဟာ လေဒီချက်တာလေဆိုတဲ့ ဂုဏ်သရေရှိအမျိုးသမီးတယောက်အကြောင်းကို ရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ လေဒီချက်တာလေဟာ ခတ်ရွယ်ရွယ်မိန်းမတယောက်ဖြစ်ပြီး ပထမကမ္ဘာစစ်ကြီးမဖြစ်ခင်လေးမှာ ဆာကလစ်ဖို့ဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။ စစ်ကြီးဖြစ်လာတော့ ဆာကလစ်ဖို့ဟာ စစ်ထဲမှာဒဏ်ရာရလာခဲ့ပါတယ်။ ခါးအောက်ပိုင်းတပိုင်းလုံးချိနဲ့ပြီး သူ့မိန်းမနဲ့ ကာမရာဂစပ်ယှက်ခြင်းမပြုနိုင်လောက်အောင် သွက်ချာပါဒလိုက်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ယောင်္ကျားရဲ့ဖျော်ဖြေမှုကိုမရတော့ပဲနဲ့ သူ့ယောင်္ကျားရဲ့ အမဲပစ်ကွင်းစောင့်သမားနဲ့ ကာမဆန္ဒကို ဖြေဖျောက်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ကာမရာဂငတ်မွတ်ခေါင်းပါးတဲ့အမျိုးသမီးနဲ့ ကွင်းစောင့်သမားတို့ ဖောက်ပြားကြပုံကို ရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ စာအုပ်တအုပ်လုံးမှာ ကာမရာဂစပ်ယှက်ကြပုံတွေကို ရေးပြထားပါ တယ်။ ကျနော့်အထင်မှာဖြင့် စာအုပ်တအုပ်လုံးမှာ ကာမရာရစပ်ယှက်ကြပုံကို (၁၃)ကြိမ်လောက် ရေးပြထားတယ်လို့ ထင်ပါတယ်။ ဒီလိုရေးပြတဲ့အခါမှာလည်း ပထမတကြိမ်ကလွဲလို့ ကျန်တဲ့(၁၂)ကြိမ်ဟာ အသေးစိတ်ရေးဖွဲ့ထားချက်များဖြစ်ပါတယ်။ ပထမအကြိမ်ကာမစပ်ယှက်ပုံကို ရေးထားတာလောက်ကိုဖတ်ရင်တော့ ဒီစာအုပ်ဟာပြောသလောက်မဆိုးပါဘူးလို့ လူကြီးမင်းများကိုယ်တိုင် ထင်ကောင်းထင်မိမှာပါပဲ။ ဒါပေမယ့် နောက်(၁၂)ကြိမ်ရေးထားပုံကတော့ တွေးလုံးတောင်ချန်မထားတော့ပဲ အသေးစိတ်ပယ်ပယ်နယ်နယ်ကြီး ဖော်ပြသွားပါတယ်။ ကန့်လန့်ကာဖုံးထားတဲ့ အခါရယ်လို့တောင် မရှိတော့ပါဘူး။ ဒီစာအုပ်ကိုဖတ်ရင်း စာဖတ်သူဟာ သူတို့နှစ်ယောက်နဲ့တွင်မကဘူး အိပ်ယာပေါ် အထိပါသွားတယ်လို့ ခံစားရလောက်အောင်ရေးထားပါတယ်။ အိပ်ယာပေါ်တွင်ဆို တော်ပါသေးရဲ့။ ခုတော့ အိပ်ယာပေါ်တွင်မကဘူး တွေ့တဲ့နေရာမှာဖောက်ပြန်ကြပုံတွေကိုပါ ရေးထားပါသေးတယ်။ တခါက မိန်းမဆောင်မှာဖြစ်ပါတယ်။ တခါက သူ့ယောင်္ကျားရဲ့အခန်းထဲမှာ ဖြစ်ပါတယ်။ တခါက တောထဲက တဲကပြင်ကလေးမှာ စောင်ခင်းလျှက်ဖြစ်ပါတယ်။ တခါက ချုံအောက်မြက်ခင်းပေါ်မှာဖြစ်ပါတယ်။ တခါဟာ မိုးရေထဲမှာဖြစ်ပါတယ်။ အဲဒီတုန်းက သူတို့ နှစ်ယောက်လုံး အဝတ်ဗလာဖြစ်ပြီး.......ရေတွေစိုရွှဲနေပါတယ်။ တခါဟာ ကွင်းစောင့်ရဲ့တဲကလေးထဲမှာဖြစ်ပါတယ်။ အဲဒီအခန်းမှာလည်း ပထမတကြိမ် ကာမရာဂစပ်ယှက်ကြတော့ အိမ်ရှေ့မှာဖြစ်ပြီး၊ နောက် တညလုံး အိမ်ခန်းထဲမှာ ဖောက်ပြန်ကြပြန်ပါတယ်။ တခါဟာ.....ဘလွန်းစ်ဘဲရီရပ်က တည်းခိုခန်းထဲမှာဖြစ်ပါတယ်။ လူကြီးမင်းများခင်ဗျား အဲဒီအခန်းတွေကို ဖတ်တဲ့အခါတိုင်းမှာ နေရာနဲ့အချိန်သာကွဲပြားပါတယ်၊ အလေးအနက်ပြုထားတဲ့အချက်ကတော့ ကာမဂုဏ်ခံစားမှု၊ ဖြေဖျော်မှုနဲ့ကာမရာဂနှိုးဆွမှုတို့ကို အလေးပေးထားတာချည်းပါပဲ....“
         “စာအုပ်ထဲမှာပါတဲ့စကားလုံးများဟာလည်း ညစ်ညမ်းလှပါတယ်။ သာမန်အားဖြင့်တော့ ဒီစကားလုံးများဟာ ရုံးတော်ရှေ့မှာ ပါးစပ်ကထွက်ဖို့အကြောင်းမရှိပါဘူး။ ဒါပေမယ့် ဒါတွေကြောင့် စွဲချက်တင်ရခြင်းဖြစ်တဲ့အတွက် မထွက်ပဲမနေလို့မရတော့လောက်အောင် ဖြစ်လာပါတယ။ Fuck ဆိုတဲ့စကားလုံးက အကြိမ်ပေါင်း(၃၀)ထက်မနည်း သုံးထားတာတွေ့ရပါတယ်။ Cunt ဆိုတဲ့စကားလုံးကို (၁၄)ကြိမ်သုံးထားပါတယ်။ Balls ဆိုတဲ့စကားလုံးကို (၁၃)ကြိမ်သုံးထားပါတယ်။ Shit ဆိုတဲ့စကားလုံးနဲ့ Arse ဆိုတဲ့စကားလုံးကို(၆)ကြိမ်၊ Piss ဆိုတဲ့စကားလုံကို(၃)ကြိမ်သုံးစွဲထားတာကို တွေ့ရပါတယ်”
         “ဒီစာအုပ်ကို ရုံးတော်မှာတင်ပြီးတရားစွဲဖို့ရှိလာပါတယ်။ ဒါကြောင့်မို့လို့ တရားလိုရှေ့နေအနေနဲ့ ဝတ္ထုသွားနဲ့စာပုဒ်တချို့ကို ရုံးတော်ကသိရှိအောင် ကောက်နှုတ်ပြရခြင်းဖြစ်ပါတယ်”
         တရားလိုရှေ့နေ မစ္စတာဂျုံးက ရုံးတော်သို့စွဲချက်တင်လိုက်သည်။ တရားခံ၏ရှေ့နေကြီး မစ္စတာဂါဒီနားက စွဲချက်မတင်သင့်ကြောင်း ပြန်၍လျှောက်လဲသည်။ သူ၏လျှောက်လဲချက်တွင် “ပင်ဂွင်း”စာအုပ်တိုက်၏ဂုဏ်ပုဒ်များကို ထုတ်ဖော်သွားပြီးနောက် ညစ်ညမ်းသောစာပေပုံနှိပ်ရေးဥပဒေ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြသွားသည်။ “ညစ်ညမ်းသော”ဆိုသည့် စကားလုံးများ၏အဓိပ္ဗါယ် ကိုလည်း တင်ပြသွား၏။ စာအုပ်အကြောင်းနှင့်ပတ်သက်၍မူ တရားခံရှေ့နေကြီးမစ္စတာဂါဒီနားက အောက်ပါအတိုင်းပြောဆိုသွားလေသည်။
         “၁၉၅၉ ခုနှစ် ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေးအက်ဥပဒေကို မပြဋ္ဌာန်းမီတုန်းကဆိုရင် ညစ်ညမ်းတဲ့စာပေတွေနဲ့ပတ်သက်ပြီး ဗြိတိသျှကွန်မွန်းလောမှာ ချို့ယွင်းချက်သုံးခုရှိခဲ့ပါတယ်။ ဒါကို ပါလီမန်ကလည်း ဝန်ခံအသိအမှတ်ပြုခဲ့ပြီးလည်းဖြစ်ပါတယ်။ ပထမ- တရားလိုဟာ စာအုပ်တအုပ်လုံးကို မဖတ်ပဲ၊ ကိုယ်လိုချင်တဲ့အပိုဒ်လောက်ကိုသာရွေးထုတ်ပြီး သက်သေပြခွင့်ရခြင်းဖြစ်ပါတယ်။ ဒုတိယ- စာအုပ်တအုပ်ကို ညစ်ညမ်းတယ် မညစ်ညမ်းဘူးလို့ဆုံးဖြတ်တဲ့စံထားမှုဟာ လူငယ်တွေရဲ့စိတ်ဓါတ်ကိုပဲ စံထားပါတယ်။ တခြား အသက်အရွယ်ရောက်ပြီး စဉ်းစားညာဏ်ကို စံမထားတော့ဘူး။ လူငယ်တွေဖတ်လို့ မသင့်ဘူးထင်ရင် ညစ်ညမ်းတဲ့စာပေစာရင်းထဲသွင်းလိုက်တော့တာပါပဲ....။ စာအုပ်တအုပ်ဟာ လူငယ်ဖတ်ရင်လည်း ညစ်ညမ်းရမယ်၊ လူကြီးဖတ်ရင်လည်း ညစ်ညမ်းရမယ်။ ဒါမှ ညစ်ညမ်းတယ်လို့ ခေါ်နိုင်ပါလိမ့်မယ်။ လူကြီးဖတ်လို့မညစ်ညမ်းပဲ လူငယ်ဖတ်မှညစ်ညမ်းမယ်ဆိုလို့ရှိရင် ညစ်ညမ်းတယ်လို့ မခေါ်နိုင်သေးပါဘူး။ တတိယ- ဒီဥပဒေမပြဋ္ဌာန်းခင်အထိ ဥပဒေထဲမှာ စာပေနဲ့ ညစ်ညမ်းတဲ့စာကို ခွဲခြားခြင်းမပြုခဲ့ပါဘူး။ ပေါ်နိုဂရပ်ဖီလို့ခေါ်တဲ့ ညစ်ညမ်းတဲ့စာဆိုတာကို တိုက်ရိုက်အဓိပ္ဗါယ်ပြန်ရင် ပြည့်တန်ဆာများကရေးတဲ့စာလို့ အဓိပ္ဗါယ်ထွက်ပါတယ်......။ ညစ်ညမ်းတဲ့စာနဲ့ပတ်သက်လို့ တရားဝန်ကြီးမစ္စတာတေးဘဲလ်က အောက်ပါအတိုင်း ဖွင့်ဆိုသွားခဲ့ဖူးပါတယ်......။ (ညစ်ညမ်းသောစာပေများကို မနှိပ်ကွပ်အပ်ကြောင်းဖြင့် ရုံးတော်မှဂျူရီလူကြီးများက ယူဆကြသည်ဟု ကျွန်ုပ်မထင်ပေ။ ညစ်ညမ်းသောစာအုပ်များသည် စာပေမဟုတ်ပေ။ ၎င်းတို့တွင် ရည်ရွယ်ချက်မရှိ။ ၎င်းတို့၌ စေတနာမရှိ။ ၎င်းတို့၌အတွေးအခေါ်မရှိ။ ၎င်းတို့၌ ဘာမှမရှိပေ။ ၎င်းတို့သည် အညစ်အကြေးမျှသာဖြစ်၍ နှိပ်ကွပ်ပစ်အပ်ပေသည်)လို့ ဆိုဖူးပါတယ်။ ယခု ၁၉၅၉ ခု ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေး အက်ဥပဒေကို အတည်ပြုပြီးပါပြီ။ ဒီဥပဒေမှာ ရည်ရွယ်ချက် နှစ်ချက်ရှိပါတယ်။ တချက်က ညစ်ညမ်းတဲ့ စာပေများပုံနှိပ်ခြင်းနှင့်ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ဖြည့်စွက်ရန်၊ စာပေကိုအကာအကွယ်ပေးရန်နှင့် ညစ်ညမ်းတဲ့စာပေနဲ့ပတ်သက်တဲ့ဥပဒေကို ခိုင်မာသည်ထက်ခိုင်မာအောင် ပြုလုပ်ရန်ဖြစ်ပါတယ်။ နောက်တချက်ကတော့ ညစ်ညမ်းသောစာတွေကိုတရားစွဲဆိုရာမှာ လွယ်ကူစေရန်နှင့် စာပေကိုကာကွယ်ရာမှာ အထောက်အကုပြုစေရန်တို့ ဖြစ်ပါတယ်....”
         “ဂျူရီလူကြီးမင်းများခင်ဗျား..... ဒီစာအုပ်ကို လူကြီးမင်းများ ဖတ်ရှူကြည့်တဲ့အခါမှာ စာရေးဆရာဆိုလိုချင်တဲ့ အဓိပ္ဗါယ်ကိုတွေ့လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ စာရေးဆရာဟာ ဃရာဝါသဆိုတဲ့ အိမ်ထောင်ပြုခြင်းကိစ္စကို လေးလေးနက်နက်ထောက်ခံသူဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တိတ်တဆိတ်ဖောက်ပြားခြင်းဟာ စိတ်ကျေနပ်မှုကို မပေးနိုင်ဘူး......။ မိန်းမနဲ့ယောင်္ကျားဟာ မှန်ကန်တဲ့ အချစ်ပေါ်မှာအခြေခံပြီး မှန်ကန်တဲ့ဆက်ဆံရေးကိုသာ ထူထောင်သင့်တယ်လို့ စာရေးဆရာက ညွှန်ပြထားပါတယ်......။
         “နောက်ပြီးတော့လည်း စာရေးဆရာဟာ ကျနော်တို့ခေတ် လူ့အဖွဲ့အစည်းကြီးနဲ့ပတ်သက်လို့ သူ့ရဲ့ထင်ပုံမြင်ပုံများကို ဖော်ပြထားပါသေးတယ်။ သူဟာ စက်မှုတော်လှန်ရေးကြီးကို မနှစ်သက်ပါဘူး။ ကျနော်တို့ခေတ်လူငယ်တွေဟာ ကိုယ်ခန္ဓာကိုအသားမပေးကြပဲ၊ စိတ်အလိုဆန္ဒတွေကိုအသားပေးလွန်းကြ တယ်လို့ စာရေးဆရာကယူဆပါတယ်။ ကျနော်တို့ခေတ်ကြီးမှာ ကြုံတွေ့နေရတဲ့အနိဋ္ဌာရုံတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ကုစားမရဘူးလို့ သူက ယူဆပါတယ်။ အနိဋ္ဌာရုံတွေကိုကုစားဖို့ရာ လူအချင်းချင်း အထူးသဖြင့် မိန်းမနဲ့ယောင်္ကျားတို့အချင်းချင်းကြားမှာ မှန်ကန်တဲ့ဆက်ဆံရေးကို ပြန်ရောက်အောင်လုပ်ဖို့ နည်းလမ်းတလမ်းပဲရှိတယ်လို့ စာရေးဆရာကယူဆပါတယ်။ သူ့အဆိုအရ လူ့ဘဝမှာ အရေးအကြီးဆုံး အရာတခုကတော့ ချစ်မေတ္တာသက်ဝင်နေတဲ့ မိန်းမနဲ့ယောင်္ကျားရဲ့ဆက်ဆံရေးပဲဖြစ်ပါတယ်။ မိန်းမနဲ့ယောင်္ကျားရဲ့ကိုယ်ခန္ဓာချင်းဖွဲ့စည်းပေါင်းစပ်မှုဟာ ဆက်ဆံရေးမှာအဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ ဒီကိစ္စဟာ မှန်ကန်ပြီး အဓိကကျပါတယ်။ ရှက်စရာကြောက်စရာကိစ္စ မဟုတ်ပဲ..... ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်း ကျွေးမွေးသင့်တဲ့(ဖြည့်ဆည်းပေးသင့်ယူသင့်)ကိစ္စဖြစ်တယ်လို့ဆိုပါတယ်....”
(အခန်းလိုက် ဆက်တင်ပြပေးပါမယ်)
မျိုးမြင့်ချို မတ် ၂၀ရက် ၂၀၁၂။

0 comments:

Post a Comment