မြသန်းတင့်၏ (ကြာညိုနံ့သင်းသော ရေဝတီမ) စာအုပ်မှ။
နိုဝင်ဘာ ၁ ရက်နေ့တွင် တရားခံရှေ့နေကြီးက လျှောက်လဲချက်ပေးသည်။ သူ၏လျှောက်လဲချက်တွင် “ခံစစ်ကြောင်း”ကို အောက်ပါအချက်ကြီးများပေါ်တွင်အခြေပြုထားသည်ကိုတွေ့ရ၏။
(၁) စာရေးဆရာ၏အဆင့်အတန်း။ သက်သေများအားလုံးကဥရောပစာပေနှင့် လောရင့်၏နေရာသည် ထိပ်ဆုံးတန်းမှာရှိနေကြာင်းကို ထွက်ဆိုသွားကြသည်။ တရားခံ၏ရှေ့နေကြီးက သက်သေထွက်ချက်များကို ကောက်နှုတ်၍ကိုးကားသွားသည်။ သက်သေများမှာကျွမ်းကျင်သူများဖြစ်၍ သက်သေထွက်ချက်များသည် လည်း ကျွမ်းကျင်သူများ၏ထင်မြင်ချက်ဖြစ်သဖြင့် အရေးကြီးကြောင်းဖော်ပြသွားသည်။
(၂) စာအုပ်၏အဓိပ္ဗါယ်အနှစ်သာရ။ ဤစာအုပ်သည် လောရင့်၏နောက်ဆုံးဝတ္ထုဖြစ်သည်။ ယင်းစာအုပ်ကို အစမှအဆုံးတိုင် သုံးကြိမ်ပြန်ရေးရသည်။ ဤစာအုပ်သည် လောရင့်၏အကောင်းဆုံးစာအုပ် မဟုတ်သော်လည်း လောရင့်၏အတွေးအခေါ်ကိုသိလိုလျှင် ဤစာအုပ်ကိုမဖတ်၍မဖြစ်ဟု သက်သေများက ထွက်ဆိုသွားကြသည်။ ဤစာအုပ်သည် ကာမရာဂစပ်ယှက်ခြင်းကိုအဓိကထားခြင်းမဟုတ်ပဲ ဖောက်ပြားသောအိမ်ထောင်ရေးနှင့် ပုံမှန်သည့်သန့်ရှင်းသောအိမ်ထောင်ရေးကို နှိုင်းယှဉ်ပြသည့် ဝတ္ထုဖြစ်သည်။ လောရင့်သည် ဘဝကိုသရုပ်ဖော်ခြင်းဖြစ်သည်။ လူသတ္တဝါများအား ကြင်နာမှု၊ ကိုယ်ချင်းစာမှုကို သရုပ်ဆောင်ခြင်းဖြစ်သည်။
(၃) ညစ်ညမ်းသောစကားလုံးများကို သုံးစွဲခြင်းမဟုတ်။ ကျွမ်းကျင်သူသက်သေများအားလုံးက
ဤစာရေးဆရာရေးသားသော ဤစာအုပ်တွင် ဤအသုံးအနှုန်းများကိုသုံးစွဲခြင်းသည် တရားဥပဒေနှင့် ကိုက်ညီသည်ဟု ယူဆကြောင်းဖြင့်ထွက်ဆိုသွားကြသည့် ကောက်နှုတ်ချက်များကို ကိုးကားသည်။
(၄) ဖြတ်တောက်ပြီးသားစာအုပ်ဖြင့်မလုံလောက်။ ဤနေရာတွင်လာည်း တရားခံ၏ရှေ့နေကြီးက ကျွမ်းကျင် သူများ၏ထင်မြင်ချက်ကို ကိုးကားပြသည်။ ဖြတ်တောက်ပြီးထုတ်ဝေလျှင် စာရေးဆရာ၏အာဘော်မရောက်။ ဖြတ်တောက်၍ထုတ်ဝေခြင်းသာလျှင် ညစ်ညမ်းရာရောက်နေသည်။ စာရေးဆရာသည် တမင်ညစ်ညမ်းစွာ ရေးထားသလားဟုထင်ဖွယ်ရှိနေသည်။ ဖြတ်တောက်ခြင်းသည် စာရေးဆရာ၏အာဘော်ကို ပြောင်းပြန်ဖြစ် စေသည်။ အပြည့်အစုံထည့်မှ အရည်လည်ကာ လိုရင်းကိုရောက်နိုင်သည်။
(၅) အကျယ်အတည်းမရှိ ဖောက်ပြားခြင်းကို အားပေးခြင်းမရှိ။ စာရေးဆရာသည် ဖောက်ပြားခြင်းကို အားမပေးရုံမက ရှုတ်ချသည်။ ဝတ္ထုထဲတွင် တိတ်တဆိတ်ဖောက်ပြားသောအခန်းများပါသည်မှာ မှန်သည်။ သို့ရာတွင် ဤအခန်းမျိုးမှာ ယခု စာထဲပေထဲတွင်မှပါသည်မဟုတ်။ ဟိုးမား၏ အီးလိယက် ပျို့ကဗျာကြီးလို စာပေထဲမှာတောင်ပါသေးသည်။ ယင်းဝတ္ထုသည် ပျက်စီးနေသောဘဝကို သရုပ်ဖော်ခြင်းဖြစ်သည်။
တိတ်တဆိတ်ဖောက်ပြားခန်းကို အမွှမ်းတင်ခြင်းမရှိ။ လောရင့်သည် တိတ်ဆိတ်ဖောက်ပြားမှုများကိုမြင်တွေ့ ရသဖြင့် ကမ္ဘာပေါ်တွင်အရေးအကြီးဆုံးသောအရာသည် မှန်ကန်ကောင်းမွန်သော
အိမ်ထောင်ရေးဖြစ်သည်ဟုယူဆကာ ဤအယူအဆကိုတင်ပြခြင်းဖြစ်သည်။
(၆) ဤဝတ္ထုသည် လင်ရှိမယားမျောက်မွေးခန်းမဟုတ်။ ဤဝတ္ထုသည် စာရိတ္တပြုပြင်ရေးအတွက်
ရှေ့နေလိုက်သော ဝတ္ထုထဲတွင် မစ္စက်ဘော်လတန်ဆိုသူ၏အိမ်ထောင်ရေးကို စံပြအဖြစ်ထားသည်။ လူအချင်းချင်း မှန်ကန်သောဆက်ဆံရေးရအောင် ရှေ့ဆောင်လမ်းပြပြုသောဝတ္ထုဖြစ်သည်။
(၇) ဤဝတ္ထုသည် လူတွေအကြောင်းကိုရေးထားသောဝတ္ထုဖြစ်သည်။ (လူသည် ဒုစရိုက်ကောင်ဖြစ်သည်၊ ဒုစရိုက်မကင်းသောလူ့အကြောင်းရေးထားသည့်စာအုပ်သည် အဓိပ္ဗါယ်မရှိ) ဟု ရှင်သြဂတ်စတင်န်းက
ဆိုဖူးသည်။ (မူလစာအုပ်မှာ စာရိုက်မှားတယ်လို့တွေးပါတယ်။ ပြောချင်တာက (လူသည် ဒုစရိုက်ကောင်ဖြစ်သည်။ (ဒုစရိုက်ကင်းသောလူ့အကြောင်း) ရေးထားသည့်စာအုပ်သည် အဓိပ္ဗါယ်မရှိ-လို့ဆိုမှ Saint Augustine ရဲ့ စကားဖြစ်သလို တရားခံရှေ့နေကြီးရဲ့ ကိုးကားချက်ကိုလည်း ထင်ဟပ်မှာပါ)
(၈) သာမန်လူထုလက်ထဲသို့ ဤစာအုပ်ရောက်ခြင်းသည် အန္တရာယ်မရှိ။ ပင်ဂွင်း၏ရည်ရွယ်ချက်သည် အကောင်းဆုံးစာပေများကို အသက်သာဆုံးဈေးနှုန်းဖြင့် လူထုထံအရောက်ဖြန့်ချိရန်ဖြစ်သည်။ ယခုထိ စာအုပ်သန်းပေါင်း ၂၅၀ ကိုထုတ်ဝေပြီးဖြစ်သည်။ ပင်ဂွင်း၏စာပေကြိုးပမ်းမှုကြောင့် ပင်ဂွင်းတည်ထောင်သူ မစ္စတာအာလိန်းအား အစိုးရက ၁၉၅၂ ခုနှစ်က ဆြာဘွဲ့ချီးမြှင့်ခဲ့ပါသည်။ ပင်ဂွင်းသည် စာပေအရည်အသွေးရှိ သောစာအုပ်များ၊ ပညာပေးစာအုပ်များနှင့် လူမှုသိပ္ဗံဆိုင်ရာစာအုပ်များကို ထုတ်ဝေခဲ့သည်။ ဤစာအုပ်သည် အထက်ပါအချက် သုံးချက်စလုံးနှင့်ပြည့်စုံသည်။ တရားခံပြသက်သေတဦးဖြစ်သည့် ဘာသာရေးဆိုင်ရာ ပညာရေးဋ္ဌာနမင်းကြီးမစ္စတာ တက်တလားကိုယ်တိုင်က(ဤဝတ္ထုသည် ဖိုမဆက်ဆံရေးကိစ္စတွင်တာဝန်မဲ့မှု များကို ဆန့်ကျင်တိုက်ခိုက်ထားသောဝတ္ထုဖြစ်သည်။ လူငယ်များကိုသာမက၊ ဖိုမဆက်ဆံရေးကိစ္စတွင်
စည်းမဲ့ကမ်းမဲ့လူသရမ်းများကိုပင် အသိညာဏ်ပေးနိုင်သောဝတ္ထုဖြစ်သည်)ဟု ထွက်ဆိုသွားခဲ့သည်။ စာရေးဆရာသည် အဆင့်အတန်းရှိသောစာရေးဆရာဖြစ်သည်။ စာဖတ်သူတို့အား အသိညာဏ်ရစေရန် ရည်ရွယ်ချက်ဖြင့်ရေးခြင်းဖြစ်သည်။ ဖော်ပြပုံများနှင့်သုံးနှုန်းပုံများမှာ သူ့ရည်ရွယ်ချက်နှင့်ဆီလျော်သည်။ စာအရေးအသားသည် လှပသိမ်မွေ့၍ သူ၏အရေးအသားများထဲတွင် ထိပ်ဆုံးမှပါဝင်သည်။ စာအုပ် တအုပ်လုံးကိုခြုံကြည့်လျှင် အများပြည်သူ၏အကျိုးအတွက်ဖြစ်သဖြင့် ယခုကဲ့သို့ အများပြည်သူလက်ထဲ ရောက်အောင်ပုံနှိပ်ဖြန့်ချိသင့်သည်။
အမှုကို စစ်ဆေးစွဲဆိုရာတွင်လည်း အောက်ပါရှူထောင့်များမှကြည့်သင့်ကြောင်းဖြင့် တရားခံရှေ့နေကြီးက ထုတ်ဖော်ညွှန်ပြသွားလေသည်။
(၁) ပါလီမန်က ပြဋ္ဌာန်းအတည်ပြုခဲ့သော ၁၉၅၉ ခုနှစ် ညစ်ညမ်းသောစာပေပုံနှိပ်ထုတ်ဝေရေး အက်ဥပဒအရ၊ စာအုပ်တအုပ်ကို ညစ်ညမ်းသည်ဟုဆုံးဖြတ်ရာတွင် စာပိုဒ်အချို့ကိုကြည့်၍မဆုံးဖြတ်ပဲ စာတအုပ်လုံးကိုခြုံကြည့်၍သာဆုံးဖြတ်ရမည်ဟု ဆိုထားသည်။
(၂) စာအုပ်ကို ဈေးသက်သာစွာနှင့်ထုတ်ဝေခြင်းမှာ လူထုလက်သို့ များများရောက်ရေးကိုရည်ရွယ်သည်။
(၃) လူပျိုနှင့်အပျို သို့မဟုတ် လူအိုနှင့်အအိုတို့အကြောင်းကိုရေးထားရုံမျှဖြင့် စာအုပ်တအုပ်အား
ညစ်ညမ်းသည်ဟုမခေါ်နိုင်။ ဤအတိုင်းသာဆိုပါက ၉ ၀ ရာခိုင်နှုန်းသောအင်္ဂလိပ်စာပေကို ညစ်ညမ်းသည်ဟုဆိုရတော့မည်။
(၄) ဤစာအုပ်သည် အကျင့်စာရိတ္တပျက်ပြားစေနိုင်သော သို့မဟုတ် ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေနိုင်သော ဆိုသည့် နှစ်ပြဿနာကိုဆုံးဖြတ်ရမည်ဟု ဥပဒေတွင်ဆိုမထား။ ဥပဒေတွင်ဆိုထားသည်မှာ “ဖတ်ကောင်း ဖတ်မည့်သူများအား အကျင့်စာရိတ္တပျက်ပြားရန် သို့မဟုတ် ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေရန်ရည်ရွယ်သော” ဟု ဆိုထားခြင်းဖြစ်သည်။
(၅) မသန့်ရှင်းသောအတွေးအခေါ်များကို ဖြစ်ပေါ်စေနိုင်သောသဘောရှိသော စာအုပ်တအုပ်ဟုဆိုခြင်းသည် စာရိတ္တပျက်ပြားစေသော၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေသောသဘောဆိုသည့်အဓိပ္ဗါယ်နှင့်ခြားနားသည်။ ခြားနားကြောင်းကို ရုံးတော်မှအဆုံးအဖြတ်ပေးပြီးဖြစ်သည်။
ထို့ကြောင့် ဤစာအုပ်သည် လူငယ်များအပါအဝင် စာဖတ်သူအားလုံးအား အကျင့်စာရိတ္တပျက်ပြား စေမည်မဟုတ်ကြောင်း၊ ဟီရိသြတ္တပ္ဗတရားကင်းမဲ့စေမည်မဟုတ်ကြောင်းဖြင့် တရားခံရှေ့နေကြီးက ထုချေသွားလေသည်။
(အခန်းလိုက် ဆက်တင်ပြပေးပါမယ်)
မတ်ချ ၂၂ ရက် ၂၀၁၂။
0 comments:
Post a Comment