စိန့်မာတင်၊ ရှင်မဖြူနဲ့အင်္ဂလိပ်-မြန်မာပထမစစ်
ခု ဘင်္ဂလားဒေ့ရှ်ကိုပေးလိုက်ရတယ်လို့ပြောနေကြတဲ့ စိန့်မာတင်ကျွန်းအကြောင်း နည်းနည်းပြောချင်ပါတယ်။
St. Martin's Island (စိန့်မာတင်ကျွန်း)က ဒေသခံအခေါ် ဘင်္ဂလီလို "Nirical Gingira"၊ မြန်မာလို "အုန်းကျွန်း"လို့ အဓိပ္ပာယ်ရတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကိုခြားထားတဲ့နယ်ခြားမြစ် နတ်မြစ်ဝ (Naf River)ပေါ်မှာရှိပြီး မြန်မာနိုင်ငံအနောက်မြောက်ကမ်းရိုးတန်းမှ အနောက်ဘက် (၈) ကီလိုမီတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ-တက်ခ်နတ်ကျွန်းဆွယ်မှ (Cox's Bazar-Teknaf Peninsular) တောင်ဘက် (၉) ကီလိုမီတာ အကွာအဝေးမှာရှိတယ်။ အရင် ဗြိတိသျှ-အန္ဒိယ၊ အန္ဒိယ၊ အရှေ့ပါကစ္စတန်၊ ခု ဘင်္ဂလားဒေ့ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့ပါ။ ဗြိတိသျှ-အန္ဒိယခေတ်မတိုင်မီ၊ မြန်မာက ရခိုင်ကိုမသိမ်းခင် ရခိုင်ဘုရင်တွေ ပိုင်ခဲ့တဲ့အချိန်တွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် အဓိကထားဆိုလိုချင်တာက ခုလတ်တလော ကုလခုံရုံး ရဲ့ဆုံးဖြတ်ချက်ကြောင့် စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ်ကိုပေးလိုက်ရတာ မဟုတ်ဘူးဆိုတာကိုပါ။
မိတ်ဆွေများပြောနေတဲ့ စိန့်မာတင်ကျွန်းနဲ့ရှင်မဖြူကျွန်း အတူတူပဲဆိုတာ (ကျနော့်တစ်ဦးတည်း သဘောထားအမြင်အရ) လက်မခံပါ။
ရှင်မဖြူကျွန်း
ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်တယ်။ နတ်မြစ်ဝပေါ်မှာပဲရှိတယ်။ (ကျနော့်တစ်ဦးတည်း အယူအဆအရ) စိန့်မာတင်ကျွန်းထက်သေးရမယ်၊ မြန်မာပြည်နဲ့ပိုနီးပြီး ခုအချိန်မှာ မြန်မာပိုင်တယ်။ ဒါက ကျနော့်ကိုယ်ပိုင်ဗဟုသုတအပေါ်အခြေခံတဲ့ တစ်ဦးတည်းအမြင်နဲ့ ကောက်ချက်ဆွဲတာပါ။
ကောင်းပြီ..။ အဲ့ကောက်ချက်မှားရင်ကော..။ ကောက်ချက်မှားလို့ ရှင်မဖြူကျွန်းနဲ့စိန့်မာတင်ကျွန်း အတူတူပဲဆိုလည်း ပြောစရာရှိပါတယ်။
ဘာလို့လဲဆိုတော့ ရှင်မဖြူကျွန်းက (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘားမားခေတ်မတိုင်မီခေတ်တွေမပါ) မြန်မာပိုင်ခဲ့တယ်လို့ ယူဆလို့မရပါ။ ဒီအကြောင်းရှင်းရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘားမား ) ပထမစစ်ဖြစ်ရတဲ့နောက်ခံကို ရှင်းရပါ့မယ်။
အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)
(စစ်အစိုးရ အဆက်ဆက်) ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ ရှင်မဖြူကျွန်းနဲ့ပတ်သက်ပြီးအငြင်းပွားရာမှ စစ်စတင်ဖြစ်တယ်လို့ဆိုလေ့ရှိပေမယ့် အဲ့အကြောင်းက စစ်ကိုဖြစ်စေတဲ့ မီးစတစ်စလို့ပဲပြောနိုင်ပြီး နောက်ကွယ်မှာ စစ်ဖြစ်စေတဲ့အကြောင်းအချက်တွေအများကြီးရှိတယ်။
အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်းက အရှေ့အန္ဒိယကုမ္မဏီအနေနဲ့ဝင်တယ်။ (၁၈)ရာစု အလယ်လောက်ရောက်တော့ အန္ဒိယတစ်တိုက်လုံးနီးပါး ကုမ္မဏီကတဆင့်အုပ်ချုပ်နေပြီလို့ဆိုလို့ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယနာမည်နဲ့အုပ်ချုပ်တာကတော့ (၁၉)ရာစုအလယ်လောက်မှာ ဖြစ်တယ်။
အဲ့သလိုနောက်ခံအခြေအနေမှာ ကုန်းဘောင်မင်းဆက်ရဲ့သတ္တမမြောက်မင်း ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့မဏိပူရ (Assam & Manipur) ကို သိမ်းလိုက်တယ်။ သိမ်းရတဲ့အကြောင်းကတော့ ဘကြီးတော်ရဲ့ဘိသိက်မင်္ဂလာပွဲကို မဏိပူစော်ဘွား မတက်တာကိုအကြောင်းပြုပြီး မထီမဲ့မြင်ပြုတယ်လို့ယူဆကာ နောင်မှာ နောင်ကျဉ်သွားစေဖို့အတွက် ရည်ရွယ်တယ်။ အဲ့သလို သိမ်းလိုက်တဲ့အတွက် (အင်အားကြီးတဲ့) အင်္ဂလိပ်အုပ်ချုပ်နေတဲ့ဗြိတိသျှ-အန္ဒိယနဲ့ နယ်နိမိတ်ထိစပ်မှုက ပိုများလာတယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့အကျိုးစီးပွားဖြစ်နေတဲ့ဗြိတိသျှ-အန္ဒိယ နယ်ပယ်တွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ယူဆပြီး မြန်မာတပ်တွေကို ပြန်လည်တော်လှန်နေတဲ့ အာသံနဲ့မဏိပူရ၊ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်းက ကုန်းဘောင်မင်းဆက်အောက် ရောက်ပြီးဖြစ်) တော်လှန်ရေးတပ်သား(မြန်မာတွေအခေါ် သူပုန်)တွေကို လက်နက်၊ ရိက္ခာထောက်ပံ့ပေးတယ်။
မဏိပူကို မြန်မာဝင်လာတော့ နယ်ချင်းဆက်နေတဲ့ကချာစော်ဘွားကပါ သူ့နယ်ကိုဆက်သိမ်းမှာကြောက်ပြီး အင်္ဂလိပ်အုပ်ချုပ်နေတဲ့ဗြိတိသျှ-အန္ဒိယဘက်ကို ဝင်ပြီးခိုလှုံတယ်။ အင်္ဂလိပ်ကလည်း ကချာနယ် (Cachar) အပြင် အခြားနယ်ချင်းဆက်နေတဲ့ ဂျိန်းတိယ (Jaintia)နယ်တွေကို သူ့ရဲ့ကိုလိုနီအဖြစ်ကြေညာပြီး ဗြိတိသျှ-အန္ဒိယထဲကိုထည့်တယ်။ အဲ့နယ်တွေကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်လွှတ်တယ်။
အင်းဝနေပြည်တော် (ဘကြီးတော်က အမရပူရကနေ အင်းဝကို ၁၈၂၃ မှာ ပြန်ပြောင်းပြီးနန်းစိုက်ပြီ) ဘက်က အဓိကကျတဲ့ (သြဇာရှိတဲ့)ပုဂ္ဂိုလ်များဖြစ်တဲ့ ဘကြီးတော်၊ မဟာဗန္ဓုလ၊ နန်းမတော်မယ်နုနဲ့ သူ့မောင် စလင်းမြို့စားမောင်အို စသူတို့ရဲ့ (အထူးသဖြင့် စစ်သူကြီးဖြစ်တဲ့မဟာဗန္ဓုလ) မျှော်မှန်းယူဆချက်ကလည်း အင်းဝအာဏာစက်ကို အာသံနဲ့မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်နေတဲ့ အရှေ့ဘင်ဂေါလ်ထိပါသက်ရောက်စေနိုင်တဲ့အင်အား မိမိတို့မှာရှိတယ်လို့ယူဆတယ်။
နယ်စပ်မှ ပြဿနာများ
အထက်ကတင်ပြသလို ရခိုင်၊ အာသံနဲ့မဏိပူရတို့က မြန်မာအုပ်ချုပ်မှုအောက်ရောက်နေတော့ အင်္ဂလိပ်အုပ် ချုပ်နေတဲ့ဗြိတိသျှ-အန္ဒိယနဲ့ နယ်စပ်ထိစပ်နေပြီဖြစ်တဲ့အတွက် မဖြစ်မနေရင်ဆိုင်လာရတာက နယ်မြေချင်း ထိစပ်တဲ့နေရာတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ခြားမျဉ်းကိစ္စ၊ ဟိုဘက်ဒီဘက်ကျူးကျော်ဝင်ရောက်မှုစတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့သလို ဖြစ်စဉ်တစ်ခုမှာ အရှေ့အန္ဒိယကုမ္မဏီက ဆင်ဖမ်းသမားတွေ မြန်မာ့ပိုင် နက်ထဲဝင်လာလို့ မြန်မာဘက်ကဖမ်းထားလိုက်တယ်။ အဲ့ဒါကို အကြောင်းပြုပြီး နှစ်ဘက်တင်းမာနေတဲ့ အချိန် ၁၈၂၃ စက်တင်ဘာမှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခုတပ်စွဲထားတဲ့ ရှင်မဖြူကျွန်းကို တက်သိမ်းတယ်။ အဲ့သလိုတက်သိမ်းတော့ အင်္ဂလိပ်က ရှင်မဖြူကျွန်းကနေ မြန်မာတပ်တွေဆုတ်ခွာပေး ဖို့တောင်းဆိုတယ်။ ပြီးတော့ နောင်နယ်စပ်ပဋိပက္ခမဖြစ်အောင် နယ်စပ်မျဉ်းအတိအကျဆွဲဖို့ဆိုပြီး ကိုယ်စားလှယ်နှစ်ယောက်လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ကိုယ်စားလှယ်နှစ်ယောက်ကိုပါ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲသလိုနဲ့ ၂ဘက်နယ်စပ်ပဋိပက္ခတွေက ပိုကြီးထွားလာတယ်။
၁၈၂၄ နှစ်ဆန်းမှာပဲ အင်းဝနေပြည်တော်က စစ်သူကြီး သတိုးသီရိမဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို အင်္ဂလိပ်အုပ်ချုပ်နေပြီဖြစ်တဲ့ ကချာနယ်၊ ဂျိန်းတိယနယ်ထဲအထိလိုက်ပြီး ရခိုင်၊ အာသံနဲ့မဏိပူ တော်လှန်ရေးတပ်(သူပုန်တပ်)တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့တပ်တွေကို မြန်မာတပ်နဲ့ရင်ဆိုင်ဖို့လွှတ်တော့ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲတွေစ ဖြစ်တယ်။ အဲ့သလိုနဲ့ နယ်စပ်ပြဿနာကိုအကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာပထမစစ်ကို ၁၈၂၄ မတ်လ၊ ၅ ရက်နေ့မှာ တရားဝင် စဖြစ်တယ်။
အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့အကြောင်းများ
(ဒီနေရာမှာ သတိပြုစေချင်တာက မြန်မာဘုရင်က အထက်မှာတင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့ဒေသတွေနဲ့ နယ်စပ်ချင်းထိတဲ့အထိ နယ်မချဲ့ဘဲနေလည်း အင်အားကြီးမားနေပြီဖြစ်တဲ့ အင်္ဂလိပ်က(အဲ့အချိန်မှာ အင်္ဂလိပ်ကကမ္ဘာမှာ နပိုလီယံရဲ့ပြင်သစ်အင်ပါယာကိုလည်းနိုင်ပြီးဖြစ်) တဖြည်းဖြည်းနဲ့နယ်စပ်က နိုင်ငံငယ်လေးတွေကိုသိမ်းပြီး တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း သိမ်းမှာဖြစ်တယ်။)
အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့ အဓိကအကြောင်းတွေကတော့
၁) ကုန်ကြမ်းရှာလို့ရတဲ့၊ ကုန်ချောပြန်ရောင်းလို့ရတဲ့ဈေးကွက် လိုချင်မှု၊
၂) ပထဝီနိုင်ငံရေး၊
၃) မိမိရဲ့အကျိုးစီးပွားနဲ့အကျိုးစီးပွားဖြစ်နေတဲ့နယ်ပယ်ကို ကာကွယ်လိုမှု၊
၎) အင်ဂလို-ဖရန်းစစ် အားပြိုင်မှု၊
(အဲ့အချိန်မှာ ပြင်သစ်ကလည်း မြန်မာမင်းတွေနဲ့အဆက်အဆံရှိနေပြီဖြစ်တယ်။ အထူးသဖြင့် ပြင်သစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဆိပ်ကမ်းတွေမှာ အသုံးချခွင့်ရသွားမှာစိုးရိမ်တယ်။)
၅) လတ်တလောဖြစ်နေတဲ့ နယ်စပ်ပဋိပက္ခများ
မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်စေတဲ့အကြောင်းများ
၁) အင်းဝနေပြည်တော်အင်ပါယာကို အနောက်ဘက်မှာဆက်လက်ချဲ့ထွင်လိုမှု၊
၂) နိုင်ငံငယ်လေးတွေကို အစဉ်အဆက်နိုင်နေကျဖြစ်တဲ့အတွက် အခြားမည့်သည့်နိုင်ငံနှင့်မဆို မိမိအလိုကျဆက်ဆံနိုင်ဟု ယူဆမှု၊
၃) ဘကြီးတော်လက်ထက် အာဏာထက်နေတဲ့ပုဂ္ဂိုလ်များရဲ့ မိမိအင်အားကိုအထင်ကြီးမှု၊
၎) နိုင်ငံတကာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုမသိတော့ အင်္ဂလိပ်ရဲ့အင်အားကို မှန်မှန်ကန်ကန် မသုံးသပ်တတ်မှု၊
၅) ပထီဝီနိုင်ငံရေးကို မသိမှု၊
၆) လတ်တလောဖြစ်နေတဲ့ နယ်စပ်ပဋိပက္ခများ၊
စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်အရှုံးအခြေအနေ
ရခိုင်၊ အာသံနဲ့မဏိပူနယ်စပ်တွေမှာ စစ်စတင်ဖြစ်တော့ မြန်မာက အဲ့ဒေသတွေမှာစစ်တိုက်နေတာ ဆယ်စုနှစ်တွေနဲ့ချီကြာနေပြီဆိုတော့(လက်နက်မယှဉ်နိုင်ပေမယ့်) ရေမြေကျွမ်းကျင်မှုကြောင့် တပန်းသာတယ်။ မဟာဗန္ဓုလက အင်္ဂလိပ်ကိုတိုက်ရာမှာ စစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့တိုက်ဖို့ ဆုံးဖြတ်တယ်။ ရခိုင်မှတဆင့် ဘင်္ဂလားရဲ့အရှေ့တောင်ပိုင်းဖြစ်တဲ့ စစ်တကောင်းကိုသိမ်းမယ့် ထိုးစစ်ရယ်၊ ကချာ၊ ဂျိန်းတိယနယ်တွေမှတဆင့် ဘင်္ဂလားရဲ့မြောက်ပိုင်းဖြစ်တဲ့ Sylhet ကိုသိမ်းမယ့်ထိုးစစ်ရယ် ဖြစ်တယ်။ မဟာဗန္ဓုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင်ဦးစီးပြီးတော့ ကချာ၊ ဂျိန်းတိယ စစ်မျက်နှာကိုတော့ သတိုးသီရိမဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကိုဦးစီးစေတယ်။ သတိုးသီရိမဟာဥဇနရဲ့တပ်က စစ်တရားဝင်မဖြစ်ခင်ကတည်းက ကချာ၊ ဂျိန်းတိယနယ်မှာ အင်္ဂလိပ်တပ်ကိုနိုင်ပြီး ဖြစ်တယ်။ အဲ့တော့ သူ့ကို Sylhet ထိ ဆက်သိမ်းစေတယ်။
မဟာဗန္ဓုလဦးစီးတဲ့ရခိုင်စစ်မျက်နှာမှာ မြဝတီမင်းကြီးဦးစက စစ်တရားဝင်စဖြစ်ပြီးလပိုင်းအတွင်းမှာပဲ သူ့တပ်ကို ကော့ဘဇား (Cox's Bazzar) အရှေ့ဘက် (၁၀)မိုင်အကွာအထိ သိမ်းနိုင်တယ်။ နောက်ပိုင်း မဟာဗန္ဓုလတပ်ကိုစောင့်ပြီး တပ်နှစ်တပ်ပေါင်းကာ ကော့ဘဇားကိုဆက်သိမ်းတယ်။ စစ်တကောင်း (Chittagong) နဲ့ ကုမ္မဏီဌာနချုပ်ရှိတဲ့ကာလကတ္တား(Calcutta) မှာ အင်္ဂလိပ်တွေက ကော့ဘဇား ကျသွားတဲ့သတင်းကြောင့် တော်တော်ထိတ်လန့်တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း အဲ့အချိန်မှာ ဗန္ဓုလတပ်ကဆက်ချီတက်မယ်ဆိုရင် စစ်တကောင်းတင်မက ကာလကတ္တားကိုပါသိမ်းနိုင်တဲ့ စစ်ရေးအသာရမှုမျိုး မြန်မာဘက်မှာရှိတယ်။ ဒါပေမယ့် ဗန္ဓုလက ရန်သူ့နယ်ထဲတအားဝင်သွားမှာကို မလိုလားတော့ မြဝတီမင်းကြီးတပ်ကို စစ်တကောင်းထိဆက်မချီတော့ဖို့ အမိန့်ပေးလိုက်တယ်။
စစ်ပွဲအလယ်နှင့် အဆုံးသတ်
ဗန္ဓုလရဲ့စစ်တကောင်းထိတက်မသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကိုဝင်တော့ ကိုယ့်တပ်ကို အမြန်ပြန်ဆုတ်နိုင်ခဲ့တဲ့အကျိုးရလဒ်ရခဲ့ပေမယ့် အခြားတစ်ဘက်အနေနဲ့ နောက်ဆုံး စစ်ရှုံးလို့အင်္ဂလိပ်နဲ့စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဖို့ ဆွေးနွေးတော့ အရင်က စစ်တကောင်းကိုပါသိမ်းပြီး ကာလကတ္တားကိုပါ ထိထိရောက်ရောက်တကယ်ခြိမ်းခြောက်နိုင်ခဲ့ရင် စာချုပ်အရ(စစ်ရှုံးလို့) အင်္ဂလိပ် ကိုပေးရမယ့်ဒေသ(ပေးရမယ့်နယ်မြေ)စကားပြောရာမှာ မြန်မာဘက်ကအသာစီးရနိုင်မယ်လို့လည်း တချို့ သမိုင်းပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။
စစ်ပွဲအစ ရခိုင်စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာပေမယ့်လည်း) ဒေသမကျွမ်းကျင်မှု၊ ရာသီဥတုအခက်အခဲ စတဲ့ သဘာဝအတားအဆီးတွေကြောင့် ဘယ်လိုမှမယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာပြည်မကိုဝင်ခဲ့တယ်။ မြန်မာမှာ ခေတ်မှီတဲ့စစ်ရေးအမြင်မရှိတော့ အင်္ဂလိပ်တွေ ရေလမ်းကနေဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့ဘူး။ နောက်ဆုံး အင်္ဂလိပ်ရေတပ်က စစ်သင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကိုဝင်လာတော့မှ အံ့သြတကြီးနဲ့ ပြန်ခုခံခဲ့ရတယ်။ ဘကြီးတော်က ဗန္ဓုလကို ရခိုင်စစ်မျက်နှာကပြန်ခေါ်ပြီး ရန်ကုန်ကိုခုခံစေတယ်။ ရခိုင်မှာ ဦးစ ကျန်ခဲ့ပြီး ရခိုင်စစ်မျက်နှာကို ထိန်းထားတယ်။
ရန်ကုန်တိုက်ပွဲ ၁၈၂၄ မေမှာ စဖြစ်ပြီး နှစ်ကုန်မှာ မြန်မာရှုံးလို့ရန်ကုန်ကနေ ဆုတ်ပေးလိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်းမှာပဲ နာမည်ကျော် ဓနုဖြူတိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦးစီးတိုက်တဲ့ ဗန္ဓုလကျတယ်။ ဗန္ဓုလက သတ္တိပြောင်မြောက်တဲ့စစ်ဗိုလ်ချုပ်ဖြစ်တော့ စစ်ပွဲရဲ့အရှိန်အမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာ သူ့ရဲဘော်တွေအားမငယ်အောင် သူကိုယ်တိုင်စစ်မြေပြင်တလျောက် လမ်းလျှေက်ပြီးအားပေးတယ်။ ဒါပေမယ့် ထုံးတမ်းစဉ်လာအဆောင်အယောင်ဖြစ်တဲ့ သွားလေရာရွှေထီးမိုးတာကို စစ်မြေပြင်မှာပါ ဆက်ကျင့်သုံးတော့ အင်္ဂလိပ်ဘက်က အလွယ်တကူပဲ ဗန္ဓုလရှိတဲ့နေရာကိုခန့်မှန်းနိုင်ပြီး စက်အမြှောက်နဲ့ပစ်တော့ ကျခဲ့ရရှာတယ်။
အင်္ဂလိပ်က ရန်ကုန်ကိုရပြီးတဲ့နောက် ရခိုင်စစ်မျက်နှာကိုပြန်ဖွင့်တယ်။ ဓနုဖြူမှာ ဗန္ဓုလကျတဲ့ရက် တစ်ရက်တည်းမှာပဲ ရခိုင်မြို့တော်မြောက်ဦးကနေ မြဝတီမင်းကြီးဦးစ ဦးစီးတဲ့ မြန်မာတပ် ဆုတ်ပေးလိုက် ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်က ပြည်မှာ အပြင်းအထန် (၁၈၂၅ နှစ်ကုန်ပိုင်း) ခုခံခဲ့တယ်။ ပြည်က ဆုတ်ပေးလိုက်ရပြီးတဲ့နောက်တော့ ၁၈၂၆ နှစ်စမှာ ဘကြီးတော်က အင်္ဂလိပ်တပ် နေပြည်တော်အနီးကိုရောက်လာပြီဖြစ်တဲ့အတွက် စစ်ပြေငြိမ်းဖို့သဘောတူလိုက်ရတယ်။ ၁၈၂၆ ဖေဖော်ဝါရီ ၂၄ အင်းဝနေပြည်တော်နဲ့(၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရ အင်္ဂလိပ်ကိုပေးမယ်၊ ကချာနဲ့ဂျိန်းတိယကိုလည်း နောင်မှာ မနှောင့်ယှက်တော့ဘူး၊ စစ်လျော်ကြေးငွေ စတာလင်ပေါင်တစ်သန်းလည်းပေးမယ်၊ သံအဖွဲ့ အပြန်အလှန်ထားရှိမယ်၊ အင်္ဂလိပ်နဲ့စီးပွားရေးစာချုပ်တွေ လည်းချုပ်မယ် စတဲ့ သဘောတူညီချက်တွေပါရှိတဲ့ ရန္တပိုစာချုပ်နဲ့ အင်္ဂလိပ်-မြန်မာပထမစစ် အဆုံးသတ်ခဲ့တယ်။
နိဂုံး
အင်္ဂလိပ်-မြန်မာပထမစစ်သမိုင်းနောက်ခံကို အတိုချုပ်တင်ပြပြီးသွားတော့ ကျနော် အဓိကပြောချင်တဲ့ စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက ခုမှပေးရတာမဟုတ်ဘူးဆိုတဲ့အကြောင်းကို နိဂုံးချုပ်အနေနဲ့ဆက်လက် ဆွေးနွေးပါမယ်။
ကျနော် ပထမဦးဆုံးတင်ပြတဲ့ စိန့်မာတင်နဲ့ရှင်မဖြူက သပ်သပ်တစ်ကျွန်းစီဆိုတဲ့အယူအဆအရဆို စိန့်မာတင်ဟာ အစကတည်းက မြန်မာမပိုင်ခဲ့ဘူး၊ တလျောက်လုံးလည်း မြန်မာပိုင်မလာခဲ့ဘူး၊ ခုလည်း မပိုင်ဘူးဆိုတာ ထင်ရှားစေတယ်။ ရခိုင်ဘုရင်လက်ထက်ကပိုင်ခဲ့တာဆိုတာကို ကျနော်အနေနဲ့မငြင်းပါ။ ပဒေသရာဇ်ခေတ်တစ်လျောက်လုံး နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အင်အားကြီးတဲ့အချိန်တွေမှာ အပြန်အလှန် သိမ်းပိုက်ခဲ့ဖူး၊ သြာဇာခံခိုင်းခဲ့ဖူးကြတာ အစဉ်အလာပါ။
မိတ်ဆွေတွေ ခုပြောနေတဲ့ စိန့်မာတင်နဲ့ရှင်မဖြူအတူတူပဲဆိုတာ မှန်တယ်ဆိုရင်လည်း အဲ့ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့တာမဟုတ်ဘူး၊ ကုန်းဘောင်မင်းဆက် အင်ပါယာချဲ့ထွင်ရင်းနဲ့သိမ်းခဲ့တဲ့နေရာများမှ တစ်ခုသောနေရာသာ ဖြစ်တယ်။ အဲ့သလို ပဒေသရာဇ်လက်နက်နိုင်ငံတော်ဘဝက သိမ်းပိုက်ခဲ့တဲ့နေရာတွေ တိုင်းသာ ခုမပိုင်တော့လို့အငြင်းပွားကန့်ကွက်နေရမယ်ဆိုရင် ကော့ဘဇာ၊ အာသံ၊ မဏိပူ၊ ဇင်းမယ်၊ အယုဒယစတဲ့ အဆက်ဆက်နယ်ချဲ့သိမ်းပိုက်ခဲ့ဖူးတဲ့နေရာတွေအားလုံးအတွက်ပါ ကန့်ကွက်ရမလို၊ မပိုင်တော့လို ဒေါသဖြစ်ရတော့မလို ဖြစ်နေတယ်။ တရုတ်က ပုဂံကို သူတို့လက်လွှတ်လိုက်ရပါတယ်ပြောရင် အဓိပ္ပာယ်မဲ့သလို ခု စိန့်မာတင်ကျွန်းကို ဘင်္ဂလားကိုပေးလိုက်ရလေခြင်းလို့ ကြိတ်မနိုင်ခဲမရဖြစ်နေရတာ အဓိပ္ပာယ်ရှိရဲ့လားဆိုတာ ဝေဖန်၊ သုံးသပ်၊ စဉ်းစားစေချင်တယ်။
တိုင်းပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ။
ငြိမ်းချမ်းအေး
၁၇၊ မတ်၊ ၂၀၁၂
မှတ်ချက်။ ။ ကျနော်ရဲ့ပထမဆောင်းပါး "မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်အကြားအငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ်ပိုင်ဆိုင်မှုတရားရုံး ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်" အပေါ် ပေးတဲ့မှတ်ချက်များကို ပြန်လည်ရှင်းလင်းစေလိုတဲ့ရည်ရွယ်ချက်နဲ့(ခရီးတိုတစ်ခုထွက်ရင်းနဲ့တမ်းလန်း) လက်တမ်း အမြန်ရေးလိုက်ရလို့ အကိုးအကားစာအုပ်နာမည်တွေ ရေးမပေးနိုင်ပါ။ Online Link တွေ ရှာပေးရလောက်အောင်လည်း အင်တာနက်သုံးဖို့အချိန်မရတဲ့အတွက် အညွှန်းမပေးနိုင်တော့ပါ။ စိန့်မာတင်ကျွန်းအချက်အလက်ကို ဘင်္ဂလားစွယ်စုံကျမ်းမှယူတယ်။ ရှင်မဖြူကျွန်းနဲ့ပတ်သက်လို့တော့ wikipedia က ယူတယ်။
အဓိကတော့ ဖတ်ခဲ့ဖူးတဲ့ အင်္ဂလိပ်-မြန်မာပထမစစ် သမိုင်းစာအုပ်တွေကို အခြေခံပါတယ်။ မှားတဲ့အချက်အလက်(အထူးသဖြင့် ခုနှစ်၊ ရက်စွဲ) တွေ့လို့ပြင်ပေးရင် ကျေးဇူးကြီးပါတယ်။ ဆက်လက်လေ့လာချင်လို့ သမိုင်းစာအုပ်တွေဖတ်ချင်တယ်ဆိုရင်တော့ ကိုယ့်လူမျိုးရေး၊ နိုင်ငံခြားသားရေးနှစ်ခုစလုံးကို ဖတ်ဖို့အကြံပေးချင်ပါတယ်။ "There's always two sides to every story." ဆိုတာကို မမေ့စေချင်ပါ။
ဝေဖန်၊ အကြံပြု၊ အမှားပြင် အားလုံးကို ကြိုဆိုပါတယ်။
(ရေးတာက) ငြိမ်းချမ်းအေး(ယူတာကဒီနေရာက) http://www.facebook.com/notes/nyein-chan-aye/စိန့်မာတင်-ရှင်မဖြူ-နဲ့-အင်္ဂလိပ်-မြန်မာ-ပထမစစ်/10150672671563704
0 comments:
Post a Comment