Tuesday, March 20, 2012

Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေနေတဲ့အရပ်(၃) မျိုးမြင့်ချို

0 comments

ကျနော်တို့ မံမီရုပ်အလောင်းတွေပြခန်းထဲမဝင်ခင် တိဗက်ပြည်ပြခန်း၊ အာဖရိကပြခန်းများဆီ အရင်ဝင်ကြည့်ကြ၏။ တိဗက်ပြည်ပြခန်း၌ ကမ္ဘာကျော် လာဆာကကျောင်းတော်ကြီးပုံစံငယ်နှင့် အခင်းအကျင်းတွေပြထားသလို တိဗက်မှယူလာသည့် ဘာသာရေး၊ သာရေးနာရေး၊ ဓလေ့ထုံးတမ်းအခမ်းအနားတို့တွင်အသုံးပြုသည့် အဆောင်အယောင်များလည်းမြင်၏။ အိမ်အသုံးအဆောင်နှင့် အိုးခွက်ပန်းကန်တွေလည်းမြင်၏။ တနေရာမှာ ဘုန်းတော်ကြီး ဒလိုင်လားမား၏ပုံတော် ချိတ်ထားသည်ကိုမြင်တော့ ကျနော် အမေရိကားရောက်စ ရှစ်လေးလုံးအနှစ် ၂၀မြောက်အခမ်းအနား နူးယော့ခ်စီတီးမှာသွားတက်ခဲ့တာကို ပြန်အမှတ်ရမိ၏။ ထိုတကြိမ်သည် ကျနော် ဒီရောက်ချိန်မှစပြီးခုချိန်ထိ  ဒီကဆန္ဒပြပွဲများတွင် ပထမဆုံးနှင့်နောက်ဆုံးအကြိမ် ပါဝင်ခြင်းလည်းဖြစ်ပြန်၏။
         သည်တုန်းက နဂိုရည်ရွယ်ချက်နှင့်သွားခဲ့ခြင်း မဟုတ်တာတော့အမှန်ပင်ဖြစ်၏။ ကျနော့်မှတ်တမ်းကားဒါရိုက်တာက ထိုအခန်းပါစေ့ချင်သည်ဟုဆိုပြီး ကောက်ကာငင်ခါစီစဉ်ကာ ကတိုက်ကရိုက်သွားတက်ခဲ့ခြင်းဖြစ်၏။ တခါမှ မကြုံဖူးသူဆိုတော့ ကျနော်လည်းသွားချင်နေ၏။ မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့ခွင့်ရလိုက်ခြင်း၊ အတွေ့အကြုံသစ်ပေါ်က အသိအမြင်သစ်တချို့ ရခွင့်ကြုံလိုက်ခြင်းတို့အတွက်တော့ ဝမ်းသာရ၏။ အမှန်က ကျနော် ဒီကိုထွက်မလာခင်ကတည်းက ဒီရောက်ရင်ဆန္ဒပြပွဲတွေဝင်မနွှဲဟု ရည်ရွယ်ရင်းရှိခဲ့၏။ ဤသို့ရည်ရွယ်ရင်းရှိသဖြင့်လည်း ဝင်မပါခဲ့။ မပါသည်သော်လည်း အခြားသူတွေလုပ်နေကြတာကို မဆန့်ကျင်။ ကိုယ်တိုင်ဝင်မပါရသည်ကတော့ ၈၈ အရေးတော်ပုံကြီးတွင် ဘာလိုချင်၊ ဘာဖြစ်ချင်ဆိုသည့် ကျနော့်ဆန္ဒတွေအကုန်ပြခဲ့ပြီးပြီ။ ဆိုတော့ ကျနော့်တွင် ပြစရာဆန္ဒမရှိတော့သလို၊ ပြချင်သည့်ဆန္ဒလည်း ကျနော့်တွင်မရှိတော့။
         ရှစ်လေးလုံး နှစ် ၂၀ ပွဲက ကျနော့်အတွက်တော့ အမြင်ဆန်းနှင့်အတွေ့အကြုံသစ်။ နူးယော့ခ်က မြန်မာသံရုံးရှေ့တွင်လူစုကြပြီးနောက် ဦးဆောင်စီစဉ်သူတွေက မြန်မာသံရုံးတာဝန်ခံအား ကြေညာချက်စာကို ပေးအပ်မည်ဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူကထွက်မယူ။ မယူသည့်အပြင် အဆောက်အဦးတံခါးကိုပါ ပိတ်လိုက်သေး၏။ ထို့ကြောင့် စာကို သံရုံးစာတိုက်ပုံးထဲထဲ့ပြီးနောက် ကြွေးကြော်သံများတိုင်ကြ၊ ပြောကြဟောကြပြီးနောက် တရုတ်သံရုံးဘက်သို့ ထွက်လာကြ၏။ တရုတ်သံရုံးနှင့်မလှမ်းမကမ်းနေရာတွင်  ဆန္ဒပြကြပြီးနောက် ကုလသမဂ္ဂအဆောက်အဦးရှေ့က ဆန္ဒပြမည့်နေရာသို့ ဆက်ထွက်ကြ၏။ သတ်မှတ်နေရာမရောက်ခင်ကလေးတွင် လမ်းရှင်းရဲများက
ရပ်ခိုင်းသဖြင့် လူတန်းရပ်သွား၏။ လှမ်းကြည့်လိုက်တော့ Free Tibet, Free Tibet, ဆိုသည့်တောင်းဆိုသံများ ဟိန်းဟိန်းထနေသည့် လူတန်းကြီးတတန်း။ ထောင့်ငါးရာခန့်ရှိမည်ထင်၏။ ဒလိုင်လားမားပုံတော်ကို ကိုင်ထားသူတွေလည်းပါ၏။  အလံတွေတလူလူ၊ လက်ကိုင်စပီကာတွေတစာစာ၊ ကြွေးကြော်သံတွေ တိုင်ကာဖေါက်ကာနှင့်ဆန္ဒပြနေသည့် အမေရိကန်ရောက်တိဗက်များကို မြင်လိုက်ရ၏။ တိဗက်ဝတ်စုံနှင့်တိဗက်လူမျိုးကို အပြင်မှာတခါမှ မမြင်ဖူးသေး။ ဤသူတွေကို တိဗက်ပြည်တွင်မြင်လျှင် ဘယ်လိုနေမည်မဆိုနိုင်သော်လည်း ဒီနေရာမှာ တွေ့လိုက်ရခြင်း၌အမြင်ဆန်းနေ၏။ စာနာစိတ်လည်း ဖြစ်မိပြန်၏။ လူတန်းခြင်းဆုံမိပြီး ဖြတ်ကြတော့ ကျနော့်နှုတ်မှ Free Tibet ဟု အလိုလိုထွက်သွား၏။ သူတို့ ဘက်ကလည်း Free Burma, Free Burma, တွေပြန်အော်ပြီး အပြန်အလှန်အားပေးကြွေးကြော်ကြ၏။  လွတ်မြောက်ပါစေဟု အပြန်အလှန်ဟစ်ကြွေးတောင်းဆိုခဲ့ကြသည့် ကျနော်တို့နိုင်ငံရော၊ သူတို့တိုင်းပြည်ပါ ခုထက်တိုင် ခါးတောင်ကျိုက်မဖြုတ်နိုင်ကြသေး။ လှုပ်ရှားမှုများကတော့ ပြည်တွင်းပြည်ပ၌ တရံမလပ် ရှိနေဆဲ။ ကြွေးကြော်ဆဲ။ တောင်းဆိုဆဲ။ တိုက်ပွဲဝင်ဆဲ။ နူးယော့ခ်ရှစ်လေးလုံး နှစ်နှဆယ်အကြောင်းတွေးကောင်းဆဲ ဇနီးဖြစ်သူ၏  “မံမီပြခန်းဘက် သွားရအောင်” ဟုဆိုသည့်အသံကြောင့် စိတ်သည်ပစ္စုပ္ဗန်သို့ ပြန်ရောက်လာ၏။
         အီဂျစ်ပြည် မံမီတွေပြခန်းအဝင်တွင် “ဤပြခန်းတွင် မံမီရုပ်အလောင်းများပြသ ထားခြင်းနှင့်အီဂျစ်လူမျိုးတို့၏သေသည်၏ အခြားမဲ့၌ယုံကြည်မှုဆိုင်ရာကိစ္စများကိုသာမြင် ရမည်ဖြစ်သဖြင့် ဤအရာများကိုကြည့်ပြီး ထိုလူမျိုး၏ယဉ်ကျေးမှုနှင့်သမိုင်းကြောင်းတခုလုံးကို ဆုံးဖြတ်၍မရနိုင်ဆိုသည်ကို သတိပြုပါရန်” ဆိုသည့်သဘောစာတမ်းတခု ကပ်ထား၏။ အီဂျစ်ပြည်ဟုတွေးလိုက်သည်နှင့်စိတ်တွင် ခေတ်ဟောင်းနှင့်ခေတ်သစ်အီဂျစ်ပြည်၏ ပထဝီနိုင်ငံရေးတွင်အရေးပါမှု၊ နိုင်းလ်မြစ်ဝှမ်း မှတော်လှန်ရေး၊ အန်ဝါဆဒတ်၊ စူးအက်တူးမြောင်း၊ အာရပ်အစ္စရေးလ်စစ်ပွဲများ၊ ရေနံလက်နက်နှင့် အရှေ့အလယ်ပိုင်းပြဿနာ စသည်တို့နှင့်ယက်ရှယ်ဆက်နွယ်နေသည့်ပဋိပက္ခများစွာတို့ထက် ပိရမစ်ကြီးများ၊ စဖင့်ရုပ်တုကြီးများ၊ ပိုင်းပရပ်စ်ပေရွက်များပေါ်က သင်္ကေတအရုပ်စာ၊ ကလီရိုပါထရာ၊ ကျွန်စနစ်အောက်ကလွတ်မြောက်ရေးတိုက်ပွဲများနှင့် စပါတားကပ်စ်တို့ကိုသာ စိတ်ထဲတန်းကနဲပြေးမြင် တတ်ကြသည်မဟုတ်လား။ ထို့ကြောင့် ဤစာတမ်းလေးကပ်ထားခြင်းဖြစ်မည်ဟု အတွေးပေါ်မိ၏။ ပြခန်းထဲ၌ အီဂျစ်ပြည်မှယူလာပြီးပြထားသည့် မံမီရုပ်များ။ တချို့က အလောင်းကိုမံထားသည့်နဂိုနေအတိုင်း လက်ရာခြေရာမပျက်၊ အချို့မှာ မျက်နှာပိုင်းအပြင်ကာကို လှီးဖြတ်ဖွင့်ထုတ်ပြီး မျက်နှာနေရာကလေးသာ ကွက်ကွက်ဖော်လျှက်၊ အချို့က ကျောခင်းသာချန်ပြီး ရှေ့ပိုင်းတခြမ်းလုံးဖွင့်လျှက် ပြထား၏။ လေးနှစ်သားအရွယ် မံမီရုပ်အလောင်းတခုကိုတော့ အပြင်သားအကာတွေအကုန်ခွာထားပြီး ဒီအတိုင်းချပြထား၏။ ကိုင်ကြည့်လို့တော့မရ။ သူ့အသက်ရှင်စဉ်ကတော့ ဘယ်လိုပုံပန်းသဏ္ဍန်ရှိမည် မဆိုတတ် ယခုကြည့်ရသည်ကတော့ အသားအရေရှိအစိုဓါတ်တို့ တစ်စမကျန်ခြောက်ခမ်း ပုပ်ပွဆွေးမြေ့သွားပြီးနောက် ကျန်နေခဲ့သည့်အရိုးစုသက်သက်ကြီးလိုလည်းမဟုတ်။ လတ်လတ်ဆတ်ဆတ် အလောင်းကောင်လိုလည်းမဟုတ်။ မဲတူးတူးမွဲခြောက်ခြောက်နှင့်မို့ ကျနော့်စိတ်ထဲ ငါကျည်းကျပ်တိုက်ခြောက်တွေကို မြင်နေ၏။ မဖွင့်ပဲထားသည့်မံမီရုပ်များ၏ အတွင်းပိုင်းကိုဖြတ်ရိုက် ထားသည့်ဓါတ်မှန်ချပ်တွေကိုမီးထိုးပြီး ပြထားသည်လည်းရှိ၏။ ရုပ်အလောင်းများထည့်သည့် ကျောက်သားဂူများလည်းမြင်၏။ ပိရမစ်ကြီးများ၏ အတွင်းခန်းဖွဲ့စည်းမှုတွေအတိုင်းတထေရာတည်း လုပ်ထားသည့်နေရာသို့ ဝင်ကြည့်မိ၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဂူသဂိင်္ျုင်းကြီးတခုထဲ ရောက်သွားတာလိုလိုဖြစ်ကာ လှောင်အိုက်မွန်းကျပ်သွား၏။  
       တနေရာမှာတော့ တချိန်တုန်းက ပင်လယ်နီ သို့မဟုတ် နိုင်းလ်မြစ်ကြီးအတွင်း စုံချည်ဆန်ချီဖြင့် တက်စုံရွက်စုံဖွင့်ခဲ့မည်ဖြစ်သည့် သစ်သားလှေကြီးတစီးချပြထား၏။ လှေကြီးကား အတော်ပင်ဆွေးမြေ့နေလေပြီ။ ပိုင်းပရပ်ပေစာထုတ်များ၊ ကျောက်ထွင်းတဖက်ဖေါင်းရုပ်ကြွများ၊ အရုပ်စာများ၊ လေးမြားလက်နက်များ၊ ကြာပွတ်ကြီးများ၊ သံလုံးတန်းလန်းကြီးတွေနှင့်သံချေကျဉ်းများလည်း မြင်ရ၏။ တနေရာတွင် သစ်သားဒလိမ့်တုံးနှင့်သစ်သားဘီးများတပ်ထားသည့်ပျဉ်ချပ်ကြီးပေါ်တွင် တင်ထားသော လေးထောင့်စပ်စပ်ကျောက်တုံးကြီးတစ်တုံး။ လူ့ခါးစောင်းခန့်မြင့်၏။ ကျောက်တုံးကြီးပတ်လည်တွင် ဧရာမကြိုးလုံးကြီးတွေဆိုင်းကာ ရှေ့နှင့်ဘက်တွင်ဆွဲရန် ကြိုးစရှည်ကြီးကတန်းလန်း။ အလေးချိန်ဘယ်လောက်မှန်း မမှတ်မိတော့။ ကျေးကျွန်တွေက မိုင်ရာချီအကွာကျောက်တောင်ကြီးတွေဆီမှ ဤအရွယ်ကျောက်တုံးကြီးတွေကို ဖြတ်ထုတ်ဖဲ့ယူ၊ ဒလိမ့်တုံးတွေပေါ်တင်ပြီး ရှေ့ကဆွဲနောက်ကတွန်းပြီး သယ်ယူပေးခဲ့ကြရ၏။ ကျွန်ခေါင်းတို့၏ ကြာပွတ်သံတရွှမ်းရွှမ်း၊ သွေးစိမ်းလွှမ်းဟက်တက်ကွဲကျောပြင်များ၊ သေကောင်ပေါင်းလဲ အရိုးပေါ်အရေတင်ခန္ဓာများနှင့် သူတို့၏ဝိဥာဏ်တွေက ထို ကျောက်တုံးကြီးတွေမှာ ခုထက်တိုင် ပူးကပ်နေဆဲ။ နားထဲတွင်လည်း “တွန်းထား..ဆွဲထား” ဆိုပြီးညာသံပေးအချီအချအော်ဟစ်သံများ
ကြားလာသလိုလို မျက်စေ့ရှေ့မှ ကျောက်တုံးကြီးပင်နည်းနည်းရွေ့သွားသလိုလိုခံစားမိ၏။ ရှင်စဉ်ကလည်း အာဏစက်နှင့်ဓါးအထက်ပြိုင်ဖို့ ဤကျွန်တွေကိုပဲစတေးခဲ့ကြ၏။ သေလွန်ပြန်တော့လည်း ဤကျွန်တွေ၏ အသွေးအသားနှင့်လုပ်အားကို နိုင်လိုမင်းထက်လုယက်ကာ ဂူသင်္ဂျိုင်းအကြီးပြိုင်ခဲ့ကြ၏။ သင်္ဂျိုင်းကြီးလေ ဂုဏ်ကြီးလေခေတ်က  အဖိနှိပ်ခံပြည်သူတို့၏ သနားစဖွယ်ငိုကြွေးသံများ၊ မချိတင်ကဲမျက်ရည်စများ၊ နာကျည်းအံကြိတ်တက်ခေါက်သံများ၊ တော်လှန်ပုန်ကန်မှုများနှင့် တန်ပြန်ရက်စက်ဖြိုခွဲနှိပ်ကွပ်မှုများကို စိတ်မျက်စေ့တွင်မြင်ပြန်၏။ တရုတ်ပြည်မှ မဟာတံတိုင်းကြီး၏ အုတ်အချပ်တိုင်း အုပ်အချပ်တိုင်းတွင်လည်း ဤနှယ် အနိဋ္ဌာရုံများ ပြွမ်းနေမည်ဖြစ်၏။ ကမ္ဘာ့အံ့ဘွယ်တွေဆိုပြီး ကြည့်ရှူရင်သပ်နေကြသည့် ဤအရာတို့သည် ရှေးက အဖိနှိပ်ခံလူတို့၏ အသက်သွေးချွေးနှင့်အသားဆိုင်အသားစ အစုအပုံကြီးတွေမှန်း ခံစားနားလည်ပေးနိုင်ကြရင်ကောင်းမှာပဲဟု တွေးမိပြန်သေး၏။
         မံမီတွေပြခန်းကထွက်ပြီး အပေါ်ထပ်တက်ကြည့်ရင်း တနေရာ၌ လည်ပင်းတွင် ကြေးဝါကွင်းတွေစွပ်လျှက် ကြေးသွန်း ပဒေါင်အမျိုးသမီးကိုယ်တပိုင်းပုံ ရုပ်တုတခုကိုလည်းမြင်၏။ အနားတိုးပြီး ရုပ်တုအောက်ခြေကစာတွေဖတ်နေတုန်း နောက်မှ “မင်းက ဗမာလား”ဟု အင်္ဂလိပ်လိုမေးသံကြားသဖြင့် လှည့်ပြီး“ဟုတ်တယ်”ဟုဆိုတော့ “ငါ မင်းတို့တိုင်းပြည်ကို ရောက်ဖူးတယ်၊ ဒီ လူမျိုးစုတွေရှိတဲ့ဒေသကိုတော့ မရောက်ခဲ့ဖူး၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ သူတို့နေတဲ့ရွာတွေမှာ သူတို့ကိုပြပြီး ကမ္ဘာလှည့်ခရီးသည်တွေဆီကပိုက်ဆံရှာတဲ့လုပ်ငန်းကတော့ တော်တော် အလုပ်ဖြစ်နေတာပဲကွ၊ ငါတောင်သွားကြည့်ပြီး ဓါတ်ပုံတွေရိုက်ယူလာခဲ့သေးတယ်၊ ဒို့ဆီက ရက်အင်ဒီယန်းတွေနဲ့ သူတို့ရွာတွေလိုပေါ့ကွာ”ဟုဆိုတော့ ကျနော့်စိတ်ထဲ ထောင်းကနဲတချက်ဖြစ်လိုက်မိပြန်၏။ ဘာကို ဖြစ်လာလဲ၊ ဘာကြောင့်လဲ၊ ဘယ်သူ့ကိုလဲ။ ကျနော် သူ့ကိုတော့ ဘာမှပြန်မပြောဖြစ်။ စိတ်ထဲ အတွေးတို့သီတန်းစုဖွဲ့လာပြန်၏။
(ဆက်ပါဦးမယ်) မျိုးမြင့်ချို မတ်လ ၂၀ ရက် ၂၀၁၂။

0 comments:

Post a Comment