Thursday, March 1, 2012

အသံအက်သွားတဲ့ခေါင်းလောင်းလေး (မအိ)

0 comments

ရောင်စုံပန်းခြင်း တစ်ခု...
စတုတ္ထတန်း ကျောင်းသား/သူများကောင်းမှု။
အဖူး အငုံ
ပွင့်ရုံ ပွင့်ချပ်၊ ပွင့်ဖတ်ညှိုးရော်
သော်က ဇီဇဝါ၊ စကြာ ပုဏ္ဏရိတ်
သွယ်ချိတ် ကုံးယှက်၊ မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ... ။
ဖိနပ်မဲ့ ခြေဖဝါး၊ မေးခိုင်ပိုးစားခြင်း
ထင်ရှုးသားသေတ္တာ၊ လဲလျောင်းစရာ ... ။
သွားပေဦးတော့ကွယ် ...
ဘုန်းကြီးအိုတစ်ပါးထံ၊ ဝတ္ထုငွေငါးကျပ် နှံအပ်
သရဏဂုံ ဆည်းကပ်လေ ... ။
ကောင်းရာဘုံဘဝ ရောက်ပါစေ ...။
အမိကို ကူ ...
အဖကို ကူ ...
အပူမျှ ယူ ...
ခဲတံမဲ့ သူ ...
စာအုပ်မဲ့ သူ ...
မုန့်ဖိုးမဲ့ သူ ...
အလှူငွေ မထည့်နိုင်သူ ...
အပူအားလုံး ငြိမ်းပေါ့။
သေတ္တာဖုံးရိုက်ပိတ်၊ လျှာအဆိပ်သင့်
ရင်နင့်နေခိုက်၊ ရှိုက်သံ တစ်ချက် တစ်ချက်
‘သံစူးသတဲ့ . . . တော်တို့ရေ ...’
အကြော်သည်အမေ မြေလူးလေရဲ့။
စာသင်ခန်းမ
နောက်ဆုံးတစ်နေရာ
လစ်ဟာနေမှာ ... ။
ကျောင်းခေါ်ကြိမ် စာရင်း
မင်းနာမည် ကျော်ဖတ်ရတော့မှာ ... ။
လေ့ကျင့်ခန်းစာအုပ်
တစ်အုပ် လျော့သွားမှာ ... ။
ခုံပေါ် မတ်မတ်
ရပ်ရမယ့် ပြစ်ဒဏ်
မင်းဝိဉာဉ် မခံစားစေတော့ ... ။
‘သင် သွားလိုရာ . . . သွားနိုင်သည် . . .’
မကြားဝံ့ဝံ့၊ နှုတ်ဆွံ့ရှိုက်ငင် ...
တစပြင် အထွက်
နှောင့်ယှက်ဆဲ အသံတွေ၊ မနက်ဖြန် နံနက်
ကျောင်းအတက်မှာ၊ ဆရာမလက်
ခေါင်းလောင်းအထိုး ခက်ပေလိမ့်။
မအိ             
(ရှုမဝ၊ ဇူလိုင်၊ ၁၉၈၂ ခု)
(ဒီနေရာကယူပါတယ်)http://www.maukkha.org/index.php/book-store/poem-maukkha/1904-broken-bell-song

0 comments:

Post a Comment